Tuesday, September 30, 2008

28.3 ကဲ မှတ်ပလား


အဲဒီနေ့က ခေါင်းခန်းအားတယ် ဆိုတာနဲ့ ကားမထွက်ခင်ကတည်းက ကျွန်တော် တက်ထိုင်နေလိုက်တယ်..။

ခဏနေတော့ ဒရိုင်ဘာ တက်လာတယ်..။ ကျွန်တော့်ကို တချက်ကြည့်ပြီး အောက်က လူနဲ့ ပြောလက်စ စကား သူဆက်ပြောနေတယ်..။

ဒီတစ်ပတ် ဘာထွက်သွားတယ်.. နောက်တစ်ပတ် ဘာကောင်းတယ်..။ ဘယ်ထိပ်စီးက ဘယ်တုံးက ..။ လာမယ့် အပတ် ဆယ့်တစ်ဘရိတ်..စသဖြင့် ပြောသံကြားတော့ ..ဒရိုင်ဘာက ချဲသမား ပဲ လို့ ကျွန်တော် သိလိုက်ပြီ..။

နောက် သိပ်မကြာဘူး..ကားစထွက်တယ်..။ လီဗာကို အသားကုန်နင်းပြီး သမိုင်းလမ်းဆုံ မီးပွိုင့်ကို အတင်းဆွဲကွေ့ပစ်လိုက်တယ်..။ ကျွန်တော်လည်း မျက်လုံးပြူး ..ကားပေါ်က ခရီးသည်တွေလည်း ဘုရားတွေ တပေါ့..။

ကျွန်တော်လည်း မသိချင်ယောင် ဆောင်ပြီး လာမယ့်အပတ် ဆယ့်တစ်ဘရိတ် လှတယ်နော်.. လို့ စကား စလိုက်တယ်..။ ကားက အရှိန်နည်းနည်း လျော့သလို ဖြစ်သွားပြီး .. '' ခင်ဗျားက ချဲ ၀ါသနာ ပါလို့လား '' တဲ့..။ ကားမောင်းရင်း ကျွန်တော့်ကို သူပြန်မေးတယ်..။

ကျွန်တော်ကိုယ်တိုင်တော့ မတွက်တတ်ပါဘူး.. ဒါပေမယ့် တကွက်ကောင်း ရရင်တော့ .. အိမ်တိုင်ချွတ်ပေါင်ပြီး ထိုးရမယ်ဆိုတောင် ကျွန်တော်ကတော့ ထိုးပစ်လိုက်တာပဲ.. လို့ ကျွန်တော်လည်း စကားစ အရှိန်ရအောင် ဆက်ဖောရတယ်..။

အဲဒါဆိုရင်တော့ ဒီတစ်ပတ် ၄၅၂ ထိုးပေတော့..။ ပတ်လည်တွေ ဘာတွေ လုပ်မနေနဲ့.. တည့်(ဒဲ့).. အဲဒီတစ်ကွက်ပဲ လို့ အားရပါးရ ထိုးခိုင်းတော့တာပဲ..။ ကျွန်တော်လည်း ၀မ်းသာအားရ ပုံစံမျိုးနဲ့ပေါ့..။

ဟာ.. လုပ်စမ်းပါအုံး.. အဲသလို သေချာတဲ့အကွက် လိုချင်နေတာ..။ ဘုန်းကြီးပေးတဲ့ အကွက်လား..။ အကိုကြီးတွက်တာလား..။ ဘယ်ဘိုးတော်ရဲ့ ချိုင်းလဲ.. စသဖြင့် ဆက်ရွှီးရတယ်..။

ကျွန်တော်ကိုယ်တိုင် တွက်ထားတာ..။ ခင်ဗျားမို့လို့ ပေးတာ..။ ဒီမှာကြည့် ဆိုပြီး သူ့အိပ်ကပ်က စာရွက် အပိုင်းအစ တွေ ထုတ်ပြတယ်..။ ကားပေါ်မှာလည်း ဖြစ်ပြန်.. လမ်းမီးကလည်း ဝေး ဆိုတော့ ဘယ်မြင်ရမလဲ..။

ဒါပေမယ့် သူ့ရဲ့ မဟာ့မဟာ ချဲကွက်ကို လမ်းမီးရှိမှ ကျွန်တော်မြင်ရမယ် ဆိုတာ သူသဘောပေါက်သွားတယ်..။

အဲဒီမှာ စပယ်ယာက ရှေ့မှတ်တိုင်ပါတယ် ဆရာရေ့ လို့ အော်ရင် သူက မှတ်တိုင်မှာ မရပ်တော့ဘူး..။

အနီးဆုံး လမ်းမီးတိုင်အောက်မှာ ထိုးရပ်ပစ်လိုက်တယ်..။ မှတ်တိုင်မှာ ဆင်းမယ့် ခရီးသည် ခမျာလည်း မှတ်တိုင်မရောက်မီ ရပ်တာ .. မှတ်တိုင်လွန် ရပ်တယ်ဆိုတာ ဖြစ်လေ့ ဖြစ်ထ ရှိတာမို့.. ဒရိုင်ဘာ ရပ်ပေးတဲ့ နေရာမှာပဲ မကျေမနပ်နဲ့ ပွစိပွစိ ပြောရင်း ဆင်းသွားကြတယ်..။

ဒရိုင်ဘာကတော့ အေးဆေးပဲ..။ ရသမျှ အချိန်လေးအတွင်းမှာ လမ်းမီးတိုင်ရဲ့ မှုန်ဝါးဝါးအလင်းရောင်အောက်မှာ သူတွက်ထားတဲ့ အကွက်တွေကို ကျွန်တော့်ကို တံတွေးစင်မတတ် ရှင်းပြတော့တယ်..။

ကျွန်တော့်မှာသာ ရယ်လည်း ရယ်ချင်..ရယ်လည်း မရယ်ရဲ..။ ကိုယ်ဖော်တဲ့ ဆေးမဟုတ်လား..။

ကားကတော့ အတော့်ကို ဖြေးဖြေးနှေးနှေး ဖြစ်သွားပြီ..။

အဲသလိုနဲ့ ကျွန်တော်ဆင်းမယ့် မှတ်တိုင်ရောက်လာခဲ့တော့တယ်..။ ၀ဋ်ကျွတ်ပြီပေါ့..။ ကားတံခါးဖွင့်ပြီး ကျေးဇူးပဲ.. ကျွန်တော်သေချာပေါက် အော ပစ်လိုက်မယ် လို့ ပြောပြီး ဆင်းဖို့ ပြင်နေတုံး.. ကောင်လေး.. ဒါက နောက်တမျိုး ခဏနေအုံး ဆိုပြီး နောက်တကွက် တွက်ပြ ပြန်တယ်..။

ဖွင့်ထားတဲ့ ကားတံခါးကို လက်တဖက်နဲ့ ပြန်ဆွဲထားရင်း စိတ်ဝင်စားချင်ယောင် ဆောင်ရပြန်တယ်..။ ခြေထောက်တစ်ဖက်ကတော့ တန်းလန်းကြီးပေါ့..။

စပယ်ယာက ရှေ့ကပြီးရင် မောင်း လို့ရပြီ ဆရာရေ လို့ နှစ်ခွန်းသုံးခွန်း ဆက်တိုက်အော်သည့်တိုင် သူ့အကွက်က တွက်လို့ မပြီးသေး..။ ကျွန်တော့်ကို ပြလို့ မပြီးသေး..။ ကြာတော့ ခရီးသည်တွေကပါ ဟေ့ ရှေ့က မပြီးသေးဘူးလားကွ လို့ ၀ိုင်း ကောင်းချီးပေးကြတော့တယ်..။

အဲဒီတော့မှ.. မထွက်ချင်ထွက်ချင်နဲ့ ကားဘီး စလှိမ့်တယ်..။ ဒါတောင်မှ '' ထိုးဖြစ်အောင် ထိုးနော် ကောင်လေး '' တဲ့..။ နောက်ဆုံးမှာတမ်း ချွေသွားသေးတယ်...။

4 comments:

M.Y. said...

ခင်ဗျားတော်တော်စာရေးကောင်းတာပဲဗျ။ဟာသဥာဏ်လဲ အပြည့်ပဲ။

Blogger Lay said...

အဲ့ဒီ့အပတ် ဘာထွက်သွားလဲဗျ။ ၄၅၂ ပဲ တကယ်ထွက်သွားလား

အေးချမ်း said...

အဲဒီ့ အပတ် က ဘာဂဏန်းထွက်သွားလဲ တော့မသိဘူး ... အဲဒီရက်တော့ ကားခသက်သား သွားတယ် ထင်တယ် ။ ။ ။ :)

sin dan lar said...

၄၅၂ ထိုးဖြစ်လား အစ်ကို..
ပေါက်ရောပေါက်လား