Monday, September 1, 2008

20.1 အဘိုးကြီးအုပ်စု

ကဲ.. မြွေသားကျွေးတဲ့ အဘိုးကြီးအကြောင်း နည်းနည်းဆက်လိုက်ဦးမယ်..။

အဲဒီအဘိုးကြီးမှာ မိတ်ဆွေအပေါင်းအသင်းအတော်ပေါတယ်..။ များသောအားဖြင့်တော့ သူ့လိုအဘိုးကြီးတွေချည်းပါပဲ..။ သူ့မိတ်ဆွေတွေထဲမှာ ဘုရားလူကြီးဦးရှိန်ဆိုတာလည်းပါတယ်..။ မျက်စိလုံးဝမမြင်တဲ့ ဘိုးထွားဆိုတဲ့ အဘိုးကြီးလည်းပါတယ်..။ သူနဲ့အတူတူ ပန်းတိမ်လုပ်ဖော်ကိုင်ဖက် ဦးချစ်မောင် ဆိုတာလည်း ပါတယ်..။

နေ့လည်နေ့ခင်းဆိုရင် သူအိမ်မှာ အဲဒီအဘိုးကြီးတွေနဲ့ ပွဲသိပ်စည်တယ်..။ ကျွန်တော်တို့လို ဟိုမရောက် ဒီမရောက် ကောင်လေးတွေကလည်း သူတို့စကားပြောတာကို နတ်ကရာကျီးမော ၀င်လုပ်ကြတယ်..။

ကျွန်တော်တို့အမြင်သာ သူတို့က အဘိုးကြီးတွေ.. သူတို့အချင်းချင်းကတော့ သက်တူရွယ်တူ သူငယ်ချင်းတွေ ပေါ့..။ တစ်ယောက်နဲ့တစ်ယောက်လည်း ပြောမနာဆိုမနာ နောက်ကြပြောင်ကြနဲ့.. အတော့်ကို ပျော်ဖို့ကောင်းပါတယ်..။

အမြဲတမ်းအစခံရလေ့ ရှိတာက မျက်စိမမြင်တဲ့ ဘိုးထွား ဆိုတဲ့ အဘိုးကြီးပဲ..။ သူ့ဆိုရင် ကျန်လူတွေက .. ချိုးချိုးနှိမ်နှိမ်ဟာသလုပ် စလေ့ရှိတယ်..။ ဘိုးထွားခမျာလည်း အဲဒီလိုမျိုး အစ ခံရဖို့အရေး တုတ်ကောက်တစ်ချောင်း စမ်းတန်းစမ်းတန်းနဲ့ .. နေ့လည်ဆိုရင် အရောက်လာရှာတယ်..။

တစ်ရက် ဦးချစ်မောင်က ဘိုးထွားကိုပြောတယ်..။ ဘိုးထွား ဘိုးထွား ခင်ဗျား အသက်ရှည်ချင်လား တဲ့..။ ဟ.. အသက်ဆိုတာ မရှည်ချင်တဲ့ကောင် ရှိသေးလို့လား မောင်ချစ်မောင်ရ.. လို့ ဘိုးထွားကပြန်ပြောတော့.. ဦးချစ်မောင်က အဲဒါဆိုရင်.. အသက်ရှည်စေတဲ့ ဗမာဆေးနည်း ရှိသဗျား လို့.. ပြောတယ်..။

ဆေးနည်းကလည်း လွယ်.. ကုန်ကျစားရိတ်ကလည်း ဘာမှမပြောပလောက်.. ဘိုးထွားအနေနဲ့ အသက် ရှည်ချင်သပ ဆိုရင်.. စမ်းသုံးကြည့်ပေါ့..လို့ ဦးချစ်မောင်က ဆက်လှော်တယ်..။

ဘိုးထွားကလည်း .. ကဲလုပ်စမ်းပါဦး မောင်ရင့်ဆေးနည်း လို့ အားတက်သရော ပြန်မေးတယ်..။

ကဲ.. ဒါဆို သေချာမှတ်.. ဆိုပြီး ဦးချစ်မောင်က ..

''မန်ကျဉ်း တစ်ပိတ်.. ဆားအစိတ်..'' လို့ ဆေးနည်းသံပေါက်ရွတ်တယ်..။ တဆက်တည်း.. မန်ကျဉ်းတစ်ပိတ်ဆိုတာ.. မန်ကျဉ်းသီးတပိဿာ .. ဆားအစိတ်ဆိုတာ .. ဆားအစိတ်သားကို ပြောတာလို့ ဦးချစ်မောင်က ရွတ်လက်စ သံပေါက်ကို ရပ်ပြီး ဘိုးထွားကို ရှင်းပြတယ်..။

ဘိုးထွားကတော့.. ခေါင်းတငြိမ့်ငြိမ့်နဲ့ပေါ့..။ နောက် ဦးချစ်မောင်က..

'' မန်ကျဉ်းတစ်ပိတ်.. ဆားအစိတ် ကနခိုရောလို့ကြိတ်.. တစ်နေ့တစ်လုံး မှန်မှန်သုံး.. သွားရော့ ဘိုးထွား သင်္ချိုင်းကုန်း.. '' လို့ ပြောတော့မှ.. အားလုံးကလည်း ၀ိုင်းရယ်ကြ.. ဘိုးထွားကလည်း သူ့နောက်နေမှန်း သိတော့တယ်..။

အဲဒီလိုမျိုး အစခံရတိုင်း ဘိုးထွားက '' အေးပါဗျာ.. သင်္ချိုင်းကုန်းကို ကျုပ်ထက်အရင် မောင်ရင်တို့ ရောက်နေ ပါအုံးမယ် '' လို့ ပြန်ပြောလေ့ရှိတယ်..။ တကယ်လည်း ဘိုးထွားပြောသလို.. သူ့ကိုဝိုင်းစတဲ့ အဘိုးကြီးတွေက အရင်သေသွားကြရှာတယ်..။ တိုက်ဆိုင်တယ်လို့ပဲ ပြောရမယ်ထင်ပါရဲ့..။

နောက်ရှိသေးတယ်..။ ဘိုးထွားအိမ်မှာ မွေးထားတဲ့ ကြက်ကို ခိုးချက်စားကြတယ်..။ ဘိုးထွားကတို့ လင်ကိုမယား အဘိုးကြီးအဘွားကြီးနှစ်ယောက်ထဲ နေကြတယ်..။

ညနေအိပ်တန်းတက်ချိန် ကြက်သံမကြားတော့ မဒမ်ထွားက ဘိုးထွားကို ကြက်ပျောက်ရှာ အကူအညီတောင်းခိုင်းလိုက်တယ်..။ ဘိုးထွားလည်း သူ့ဘော်ဒါကြီးများဆီ အကူအညီလာတောင်းရှာတယ်..။

ခိုးချက်စားထားတဲ့ ဘော်ဒါကြီးများကလည်း .. မင်နဲ့မောင်းနဲ့ ကျုပ်တို့ ကူရှာမယ် ဆိုပြီး ဘိုးထွားအိမ်လိုက်သွားကြတာပေါ့..။ အိမ်ရောက်တော့ဟိုနားကြည့် ဒီနားကြည့် နဲ့ ဟန်ဆောင်ပန်ဆောင် ရှာကြတယ်..။

နောက်ဆုံးကျ.. တွေ့ပြီတွေ့ပြီလို့ ဦးချစ်မောင်က ၀မ်းသာအားရ ထအော်တယ်..။ ဘယ်မလဲ ဘယ်မလဲ နဲ့ ထွားမောင်နှံလည်း အားတက်သရော မေးတယ်..။ ဦးချစ်မောင်က အိမ်သာကို လက်ညှိုးထိုးပြပြီး.. ခင်ဗျားတို့ကြက်က အိမ်သာကျင်းထဲကျသွားတာကိုးလို့ .. အတည်ပေါက်နဲ့ ပြောတယ်..။

ကျန်တဲ့လူတွေကတော့ ပြုံးစိစိနဲ့ .. ဟုတ်သားပဲဘိုးထွား..ခင်ဗျားကြက်က အိမ်သာကျင်းထဲ ရောက်သွားတာကိုးဗျ.. လို့ပြောကြတယ်..။ ဒါတောင်မှ ဘိုးထွားက သေသွားပြီလားလို့ အူတူတူနဲ့ ပြန်မေးသေးတယ်..။

အိမ်သာကျင်းထဲကျမှာတော့ဗျာ.. ခင်ဗျားကြက် သေတဲ့ဟိုဖက် ချေးဖြစ်သွားပြီပေါ့.. လို့ ၀ိုင်းပြောကြတာ တောင်မှ.. ငါ့ကြက်ကလေး သနားပါတယ်လို့ မမြင်ရတဲ့မျက်စိကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ဘိုးထွားက ပြောနေသေးတယ်..။

သူတို့အုပ်စုထဲက ဦးရှိန်ဆိုတဲ့ အဘိုးကြီးကလည်း တမျိုးတဘာသာပဲ..။ ဆရာရှိန်လို့ ခေါ်ကြတယ်..။ ကျောင်းအုပ်ဆရာကြီး အငြိမ်းစားမို့ တစ်ရွာလုံးက ဆရာရှိန်လို့ ခေါ်တာပါပဲ..။ ရပ်ကွက်လူကြီးတပိုင်း ဘုရားလူကြီးတပိုင်းပေါ့..။ ဘိုးထွားကို ကျန်တဲ့ အဘိုးကြီးတွေက ၀ိုင်းပြောင်နောက်နေရင် မင်းတို့ကံကြီးထိုက်လိမ့်မယ် နဲ့ သူက၀င်ဝင်တားလေ့ရှိတယ်..။ ကံကြီးထိုက်ဆို သူတို့အုပ်စုထဲမှာ ဘိုးထွားက အသက်အကြီးဆုံးကိုး..။

ဆရာရှိန်ကတော့ ၀ိုင်းထဲမှာ ဘုရားကြောင်းတရားကြောင်းပဲ ပြောတယ်..။ တခါတလေ.. နိုင်ငံရေးကြောင်း နည်းနည်းပါးပါး ပြောတယ်..။ နိုင်ငံရေးကြောင်းဆိုလို့.. ကိုယ့်နိုင်ငံအကြောင်းတော့မဟုတ်ပါဘူး..။ ပြောလိုက်ရင် အမေရိကန်က ဘယ်လို ရုရှားကဘယ်လိုနဲ့ နိုင်ငံတကာက အကြောင်းတွေချည်းပါပဲ..။

အဲဒီအချိန်ကလည်း အမေရိကန်နဲ့ ရုရှား စစ်အေးတိုက်ပွဲပြင်းထန်နေတဲ့ ခေတ်ဆိုတော့ ဒါပဲ ပြောနေကြတာပေါ့..။ အမေရိကန်နဲ့ ရုရှား ပြိုင်ဆိုင်မှုက အဘိုးကြီးတွေ အထိ ကူးစက်တယ် ပြောရမယ်..။

ကျွန်တော့်အိမ်ဘေးက အဘိုးကြီးနဲ့ ဦးချစ်မောင် က.. ရုရှားပုရိတ်သတ်..။ ဆရာရှိန်နဲ့ ဘိုးထွားက အမေရိကန်ပုရိတ်သတ်..။ တစ်ခါတစ်ခါ ငြင်းရင် နေ့လည်လောက်ကနေ ညနေစောင်းရောပဲ..။ မပြီးတော့ဘူး..။

နောက်.. အမေရိကန်သမ္မတ ရေဂင်ကို ဆရာရှိန်တို့က မြန်မာနာမည်ပေးထားတယ်..။ ကိုရေခဲ တဲ့..။ ရုရှားသမ္မ ဂေါ်ဘာချော့ ကိုလည်း ဦးချစ်မောင်တို့က အားကျမခံ ကိုဘချော တဲ့..။ ငါတို့ ကိုရေခဲ က ဘယ်လိုတော်တာ.. မင်းတို့ ကိုဘချောက သောက်လကားကောင် နဲ့ .. သမ္မတကြီးတွေလည်း.. သူတို့ပါးစပ်ဖျားမှာ နတ်ပြည် ရောက်လိုက် အ၀ီစိရောက်လိုက်ပဲ..။

ကျွန်တော်တို့ကတော့ ရေဂင်ကိုရေခဲ.. ဂေါ်ဘာချော့ကို ကိုဘချော လုပ်ပြီး ငြင်းနေတာကိုပဲ သဘောတွေကျပြီး နားထောင်နေခဲ့ကြတယ်..။

No comments: