Friday, September 11, 2009

46.1 အဖေ့မွေးနေ့ အတွေးတစ

မကြာမတင်ကပဲ အဖေ့အသက် ၇၇ နှစ်ပြည့်လို့.. ကျွန်တော်တို့မိသားစု အဖေ့ကို ကန်တော့ဖြစ်ကြတယ်..။ တခမ်းတနား ကြီးကြီးကျယ်ကျယ် ကန်တော့တာမျိုးတော့ မဟုတ်ပါဘူး..။ အဖေ့အတွက် ပုဆိုးတစ်ထည် အင်္ကျီတစ်ထည် အပြေးအလွှားသွားဝယ်ပြီး သားမိသားဖတတွေ အဖေ့အိမ် ချီတက်ကန်တော့ကြတာပဲ..။

အကန်တော့ခံ မွေးနေ့ရှင်ကလည်း စွပ်ကျယ်ချိုင်းပြတ်နဲ့ အိမ်အောက်က ကွပ်ပျစ်မှာ တင်ပလ္လင်ခွေထိုင်ပြီး အကန်တော့ခံတာပါပဲ..။ တကယ်တော့ ၇၇ နှစ်ဆိုတဲ့ အသက်ဟာ.. အတော်အိုပြီပဲ..။ စားနိုင်သောက်နိုင် သွားနိုင်လာနိုင် တုံးလို့ ဘယ်လိုပဲပြောပြော.. ဇရာထင်တိုင်းကြဲထားတဲ့ ဒဏ်ရာဒဏ်ချက်တွေက အဖေ့ကိုယ်ပေါ်မှာ ပွရွ နေပါတော့တယ်..။

အဖေနဲ့ ဒီနှစ်ပိုင်းတွေမှာ မကြာခဏ တွေ့နေကြတယ်ဆိုပေမယ့်.. အဲသလောက် အိုစာသွားတာကို.. အမှုမဲ့အမှတ်မဲ့နဲ့ ကျွန်တော်သတိမထားမိခဲ့ဘူး..။ အဲဒီနေ့ကမှ.. အဖေ့အသက်နဲ့ဇရာကို ယှဉ်တွဲစပ်ဟပ် သတိထားမိတော့တယ်...။

တချိန်တုံးက အားတွေမာန်တွေနဲ့ တင်းတင်းရင်းရင်း ရှိခဲ့တဲ့ အဖေ့လက်မောင်းတွေဟာ အခုတော့ စွပ်ကျယ်ချိုင်းပြတ်အောက်မှာ ခြောက်ကပ်ပိန်လှီလို့..။ လက်ပြင်း တွဲကျဖို့ အသားရယ်လို့ တောင် လုံလုံလောက်လောက် မရှိတော့တာ တွေ့ရတယ်..။ တချိန်တုံးက ဘီးမတိုးခဲ့တဲ့ အဖေ့ခေါင်းဆိုလည်း.. အခုတော့ တောမီးလောင်ထားတဲ့ ကျက်တီးကုန်းမြေလို ဟိုတစ်ကွက် ဒီတစ်ကွက် ငုံးတိတိနဲ့..။

အဲဒါတွေဟာ.. အဖေ့အတွက်.. အချိန်များများစားစား မကျန်တော့ဘူးဆိုတဲ့.. နိမိတ်ပုံ သင်္ကေတတွေ ဖြစ်မယ်ထင်ပါရဲ့..။

တကယ်တော့ အဖေဟာ.. ဘ၀အနိမ့်အမြင့်အတက်အကျ လှိုင်းလုံးတွေအောက်မှာ ထွေးလုံးရစ်ပတ် ကူးခတ်ခဲ့ရဖူးတယ်..။ အလိုဆန္ဒတွေနောက် တကောက်ကောက်လိုက်ရင်း အချစ်နဲ့အမုန်းတွေကို အဖေ အလဲအလှယ်လုပ်ခဲ့ဖူးတယ်..။ မတူညီတဲ့ အိမ်ထောင်ဖက်တွေကနေ ပေါက်ဖွားလာခဲ့တဲ့ သူ့ရင်သွေး တွေရဲ့ ယုံကြည်ကိုးစားမှု၊ မုန်းတီးနာကျဉ်းမှုတွေ ကိုလည်း အဖေ လက်ခံရယူခဲ့ဖူးတယ်..။

အဲသလို အဖြစ်သနစ်တွေနဲ့ ဘ၀ကိုထုဆစ်ခဲ့တဲ့ ကျွန်တော့်အဖေ သိပ်မကြာလှတော့တဲ့ အနာဂါတ်ကာလတစ်ခုမှာ ဟောဒီကမ္ဘာကနေ.. ဝေသီမှုန်ဝါး လွင့်ပါးပျောက်ကွယ်သွားရတော့မယ်..။

ဂျပန်ဧကရာဇ် မီဂျီဘုရင် လက်ထက် .. ဆာမူရိုင်းတွေ အကြောင်း ရိုက်ထားတဲ့ The Last Samurai ဆိုတဲ့ ဇာတ်ကားထဲမှာ.. ဆာမူရိုင်းခေါင်းဆောင် (katsumoto) သေသွားပြီဆိုတာကြားတော့.. ဧကရာဇ် မီဂျီက

'' Tell me how he died '' လို့ စိတ်မကောင်းကြီးစွာနဲ့ မေးပါတယ်..။

katsumoto နဲ့ အတူ သွေးသောက်ဖွဲ့ပြီး အတူတိုက်ပွဲဝင်ခဲ့သူ အမေရိကန်စစ်ဗိုလ် ( Nathan Algren ) အဖြစ် သရုပ်ဆောင်သူ မင်းသားတွမ်ခရုဇ်က.. ဧကရာဇ်ရဲ့ အမေးကို..

'' I will tell you how he lived '' လို့ ပြန်ဖြေခဲ့ပါတယ်..။

အခုလည်း ကျွန်တော့်အဖေ ဘယ်လိုသေမလဲ ဆိုတာထက်.. သူ ဘယ်လိုရှင်သန်နေထိုင်သွားခဲ့တယ် ဆိုတာလေး.. ပြောမလားလို့ စိတ်ကူးမိတာနဲ့ နိဒါန်းချီလိုက်ရပါကြောင်း..

Thursday, September 10, 2009

46.2 လူလင်မယား စီးပွားတခြား

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ထဲမှာ.. “ ဖောင်ချင်း” ဆိုတဲ့ ရွာရှိပါတယ်..။ အဲဒီရွာနဲ့ တစ်မိုင်ခွဲလောက် အကွာ မှာ ဆူးဖြူးကုန်းဆိုတဲ့ ရွာရှိပါတယ်..။ အဲဒီရွာနှစ်ရွာ.. တစ်ရွာနဲ့တစ်ရွာ တစ်မိုင်သာသာ ဝေးပေမယ့်.. နွားထိုးကြီးနယ်တကျော ကတော့.. နှစ်ရွာ့တစ်ရွာပေါင်းပြီး “ ဖောင်ချင်း ဆူးဖြူကုန်း” လို့ပဲ အရပ်ခေါ် အလွယ် လုံးပေါင်းခေါ်ကြပါတယ်..။

အဲဒီရွာတွေဟာ.. ကိုလိုနီခေတ် အင်္ဂလိပ်လက်အောက်မှာ.. အတော်အသင့် တိုးတက်ဖွံ့ဖြိုးမှု ရှိခဲ့ကြတဲ့ ရွာတွေပေါ့..။

ဆူးဖြူးကုန်း ဆိုရင်.. မန္တလေး မြင်းခြံ ရထားလမ်းဘေးမှာ ရှိလို့.. လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန်ပါတယ်..။

ရွာသူရွာသားအများစုက .. တောင်သူလယ်သမား ထန်းသမားတွေ ဖြစ်ကြပြီးတော့..လက်ငါးချောင်း မပြည့်တဲ့လူနည်းစုကတော့ လယ်ပိုင်ရှင် မြေပိုင်ရှင် သူဌေးတွေ ဖြစ်ပါတယ်..။

အဲဒီ လူနည်းစု ဘူဇွာ လူတန်းစားထဲမှာ.. ထူးခြားတဲ့.. လင်မယား နှစ်ယောက် ရှိပါတယ်..။

မိန်းမဖြစ်သူက.. ဆူးဖြူးကုန်းရွာသူဖြစ်ပြီး ကသည်း(ကုလား) စစ်စစ် ဖခင်နဲ့ ဗမာမိခင်က ပေါက်ဖွားလာတဲ့ ကပြားဖြစ်ပါတယ်။်ယောက်ျားဖြစ်သူကတော့ ဖောင်ချင်းရွာသား ဖြစ်ပြီး အဖေဗမာ အမေဗမာက မွေးလာတဲ့ ဗမာစစ်စစ် ဖြစ်ပါတယ်..။

ကသည်းသွေးတစ်ဝက်ပါတဲ့.. အမျိုးသမီးက ဗမာရုပ်မပေါက်ဘဲ.. ကသည်းရုပ် ပေါက်နေပြီး.. ဗမာစစ်စစ် အမျိုးသားကတော့ ဖြူဖြူနွဲ့နွဲ့ ပိန်ပိန်ပါးပါးနဲ့ လူချောလူလှ တစ်ယောက်ဖြစ်ပါတယ်..။ သူတို့နှစ်ယောက်ဟာ လုံးဝ အသွင်မတူကြသလို တစ်ယောက် နဲ့တစ်ယောက်လည်း မေတ္တာသက်ဝင်ပြီး အိမ်ထောင်ဖက်တွေ ဖြစ်လာကြတာမဟုတ်ပါဘူး..။

နှစ်ဖက်မိဘတွေက မြေရှင်ယာရှင်တွေ ဖြစ်တာကြောင့်.. နှလုံးသားချင်း မနီးသော်ငြား.. လယ်ချင်းထပ်၊ယာချင်းထပ်ပြီး သူတို့ ဘ၀ တွေကို ပေါင်းစပ်ပေးခဲ့ရာကနေ အကြင်လင်မယားဘ၀ ရောက်ရှိလာကြတာ ဖြစ်ပါတယ်..။

သူတို့ရဲ့ မင်္ဂလာဦးခရီးဟာ နှစ်ဖက်မိဘ လက်ဖွဲ့တဲ့ မြေဧက နှစ်ထောင်နဲ့ သက်တောင့်သက်သာ၊ မပူမပင် မကြောင့်မကြဖြတ်သန်း ခွင့် ရခဲ့ကြပါတယ်..။ ကိုယ်တိုင် ထွန်ယက်စိုက်ပျိုး စရာမလိုဘဲ မြေထောက်၊မြေငှားချရာကနေ ရလာတဲ့အဖိုးအခနဲ့တင်ပြည့်ပြည့် စုံစုံ ကုံကုံလုံလုံ နေနိုင်ခဲ့ကြပါတယ်..။

သို့သော် သူတို့ဟာ လူချင်းသာ အကြင်လင်မယားအဖြစ် ပေါင်းဖက်နေထိုင်ခဲ့ကြပြီး စီးပွားရေးရာကတော့ လုံးဝကို ပေါင်းစည်းခြင်း မရှိခဲ့ကြပါဘူး..။

မိန်းမဖြစ်သူကလည်း သူ့ဖက်က လက်ဖွဲ့တဲ့ မြေဧက တစ်ထောင်ကို အရင်းပြုပြီး ကိုယ့်ဖာသာ လုပ်ကိုင်စားသောက်နေသလို ယောက်ျားဖြစ်သူကလည်း.. သူ့စီးပွားနဲ့သူ သူရတဲ့ ဧကတစ်ထောင်ကို မြေထောက်ချ၊ ငွေတိုးပေး ရွှေပေါင်ခံပြီး နေထိုင်ခဲ့ကြ ပါတယ်..။ ပိုဆိုးတာက.. ယောက်ျားဖြစ်သူက မိသားစုတာဝန်ကို လုံးဝမယူဘဲ.. တစ်ဦးတစ်ယောက်တည်းအိုးခွဲ ချက်စား တာပါပဲ..။

သူစားချင်တဲ့ ဟင်းကို သူ့ဖာသာချက်ပြီး စားပါတယ်..။ ကျန်နေတဲ့ ဟင်းကျန်ကို သူစားပြီးတာနဲ့ သေတ္တာထဲ သော့ခတ်ပြန်သိမ်း ပါတယ်..။

ဒီထက် အံ့သြစရာကောင်းတာက.. ယောက်ျားဖြစ်သူဟာ.. ဇနီးမယားနဲ့ သမီးသားတွေရှိရာ ဆူးဖြူးကုန်းရွာကိုညအိပ်ရုံလောက်ပဲ နေပြီး မနက်လင်းတာနဲ့ သူ့ဇာတိ ဖောင်ချင်းရွာကို ပြန်တာပါပဲ..။ အဲသလို ပြန်တာဟာ တစ်ပတ်တစ်ခါ၊ တစ်လတစ်ခါ မဟုတ် ပါဘူး..။ နေ့စဉ်နဲ့အမျှ ပြန်တာ.. သူမသေခင် သွားနိုင်လာနိုင်တဲ့အထိ ဖြစ်ပါတယ်..။

သူ့အမ အပျိုကြီးတွေကလည်း သူတို့မောင်ကို သဲသဲလှုပ်မျှ ချစ်ကြပြန်ပါတယ်..။ သူတို့မောင် နေ့တိုင်း ဆူဖြူးကုန်း ဖောင်ချင်း အသွားအပြန်လမ်းခရီးမှာ ပင်ပမ်းရင်နာဖို့ ဇရပ်တစ်ဆောင် ဆောက်လုပ်ပေးထားတဲ့အပြင် တခါတရံနေထိုင်မကောင်းလို့သူတို့မောင် ပြန်မလာဖြစ်ရင် ချက်ခြင်း လှည်းကောက်ပြီး ဆူးဖြူးကုန်း ပေါက်ချလာတော့တာပဲ..။

သူတို့လင်မယားဟာ အဲသလိုမျိုး စီးပွားရေးရာ လူမှုရေးရာတွေမှာ အစပ်အဟပ်မတည့်ကြပေမယ့် မျိုးဆက်ပြန့်ပွားရေး တာဝန်ယူမှု အပိုင်းမှာတော့ အတော့်ကို တက်ညီလက်ညီ ရှိတာ တွေ့ရပါတယ်..။ အောက်ပါ စာရင်းကို ကြည့်ရင် သူတို့ရဲ့ ညီညွှတ်မှုနဲ့ အားထုတ်မှုကို ပါးစပ်အဟောင်းသားနဲ့ အသိအမှတ်ပြုနိုင်ကြပါလိမ့်မယ်..။

၁) ဒေါ်မြစိန်
၂) ဦးခင်မောင်
၃) ဒေါ်သန်းနွဲ့
၎) ဦး ဟံစိန်
၅) ဦးအုံးဖေ
၆) ဦးကျော်သောင်း
၇) ဦးစောမောင်
၈) ဦးကံညွှန့်
၉) ဦးစိန်ထွန်း
၁၀) ဦးလှအောင်
၁၁) ဒေါ်ကြည်လှ
၁၂) ဦးတင့်ဆွေ
၁၃) ဦးကျော်မြင့်

အထက်ပါ သားသမီး တဆယ့်သုံးဦးဟာ ဖောင်ချင်းရွာသား (ဦး)ဘသိန်း နဲ့ ဆူးဖြူးကုန်းရွာသူ (ဒေါ်) အေးတင် တို့ကနေ ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ကြတာ ဖြစ်ပါတယ်..။ အဲဒီထဲက သမီးဦး ဒေါ်မြစိန်ဟာ ငယ်ရွယ်စဉ်မှာပဲ ဖိတ်စင်ခဲ့ပါတယ်..။ နံပါတ် (၆) ဦးကျော်သောင်းနဲ့ နံပါတ် (၁၀)၊ (၁၁)၊ (၁၂) တို့လည်း ကျောက်ပေါက်၊ ခွေးရူးကိုက်ခံရ၊ အသဲရောင်အသားဝါ ရောဂါတွေကြောင့် သူတို့မိသားစုထဲကနေ စောစီးစွာ ခွဲခွါသွားခဲ့ကြပါတယ်..။

နောက်ဆုံး.. မွေးချင်း တဆယ့်သုံးယောက်မှာ ရှစ်ယောက်သာ သိုက်သိုက်ဝန်းဝန်း စည်စည်ကားကားနဲ့ “ လူလင်မယား၊ စီးပွားတခြား ” မိဘများနဲ့အတူ ပျော်ရွှင်စွာ ရှင်သန်နေထိုင်ခဲ့ကြပါတယ်..။

သူတို့ထဲက နံပါတ်(၅) ဦးအုံးဖေ ဆိုတာ နောက်တချိန်မှာ ကျွန်တော့်အဖေ ဖြစ်လာပြီး ဦးဘသိန်းနဲ့ ဒေါ်အေးတင်ဆိုတာ ကျွန်တော့်ရဲ့ အဘိုးနဲ့ အဘွားရယ်လို့ ဖြစ်လာခဲ့ပါတော့တယ်..။

46.3 ဘွားတင်

အဘိုးဦးဘသိန်းနဲ့ အဘွားဒေါ်အေးတင်အကြောင်းကို ငယ်ငယ်တုံးက အိပ်ရာဝင်ပုံပြင်ဆန်ဆန်လို နားထောင်ရင်း ကျွန်တော်တို့ ကြီးပြင်းလာခဲ့ရပါတယ်..။ အဖေက စိတ်လိုလက်ရ ရှိရင် အဘိုးနဲ့ အဘွားအကြောင်း.. သူ့ညီအကို မောင်နှမ များ အကြောင်းကို စီကာပတ်ကုံး ပြောလေ့ ရှိပါတယ်..။ လက်ရှိဘ၀က ဆင်းရဲနေတဲ့အချိန် အဘိုးနဲ့အဘွားက တချိန်တုံးက မြေရှင်ယာရှင်ကြီးတွေလို့ သိရတော့ ဘာရယ်မဟုတ် ကလေးပီပီ အဲဒီအကြောင်းတွေ နားထောင်လို့ကို မ၀ခဲ့ပါဘူး..။

အဘိုး ဦးဘသိန်းက ကျွန်တော်မမွေးမီ ကတည်းက ဆုံပါးသွားတာမို့ သူ့ရုပ်ရည် ပုံပန်းသဏ္ဍာန်ကို အဖေ့အပြောလောက်နဲ့ပဲ မှန်းဆနိုင်ပါတော့တယ်...။ အဘွား ဒေါ်အေးတင်ကိုတော့ ကံအကြောင်းလှပြီး သူမဆုံးခင် တစ်နှစ်အလို ၁၉၈၉ ခုနှစ်မှာ.. ကျွန်တော် ဆုံတွေ့ခွင့် ရခဲ့ပါတယ်..။ ၁၉၈၈ ခုနှစ်မှာ ဆယ်တန်းအောင်ပြီး.. ကျောင်းတွေပိတ်တော့.. ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ ဖြစ်နေတဲ့ ကျွန်တော့်ကို အဖေက ရန်ကုန်က သူ့ညီအငယ်ဆုံး ဦးကျော်မြင့်အိမ် ပို့ပါတယ်..။

အဘွားဒေါ်အေးတင်က အဲဒီအိမ်မှာ နေပါတယ်..။

အဘွားရော ဘထွေးဦးကျော်မြင့်ရော အဲဒီကျမှ ကျွန်တော် စတွေ့ဖူးတာပါ..။ အဖေ့ဖက် ဆွေမျိုးများနဲ့ ကျွန်တော်တို့မိသားစုရဲ့ ဆက်ဆံရေးက နည်းနည်းစိမ်းတယ်လို့ ပြောနိုင်ပါတယ်..။ အနေဝေးတဲ့အပြင် အကူးအလူး အဆက်ဆံကလည်း မရှိသလောက်ပါပဲ..။ အဖေ ကိုယ်တိုင်က သူ့ညီအကိုမောင်နှမ တချို့နဲ့ အဆင်မပြေတာလေးတွေ ရှိတော့ .. သွေးကစကားပြောဖို့ အခွင့်အရေးကလည်း နည်းခဲ့ဟန် ရှိပါတယ်..။ ဒီကြားထဲ ကျွန်တော်တို့ ကိုယ်တိုင်က အဖေ့ရဲ့ သားကြီးသမီးကြီးတွေ မဟုတ်ပြန်တော့.. အလှမ်းက ပိုဝေးသွားခဲ့ရပါတယ်..။

အဘွားကတော့ ကျွန်တော့်ကို ချစ်ရှာပါတယ်..။ သူ့ခမျာလည်း အသက်ကကိုးဆယ်ကျော်.. အိပ်ရာထဲက ထဖို့တောင် အနိုင်နိုင်ဖြစ်နေချိန်မှာ အနီးကပ်ပြုစုမယ့် ကျွန်တော်ရောက်သွားတော့ အဆင်ပြေသွားခဲ့ပါတယ်..။

အဘွားနဲ့ နေခဲ့ရတဲ့ ရှစ်လလောက်မှာ ငယ်တုံးက အဖေ့တဆင့်ပြောနဲ့ သိခဲ့ရတဲ့ အဘိုးဦးဘသိန်းအကြောင်း၊ အဘွားအကြောင်း၊ သူတို့မိသားစုတွေအကြောင်း တော်တော်များများ ဃဂဏန သိခဲ့ရပါတယ်...။ အဘိုးက မိသားစု တာဝန်မယူတဲ့အပြင် သားသမီးတွေရဲ့ ပညာရေးအတွက် အဘွားက ကြွေးတင်ခံပြီး ကျောင်းထားတာကိုတောင် အတန်တန် တားခဲ့တယ်လို့ ဆိုပါတယ်..။

အဘွားနဲ့ အဘိုးပိုင်တဲ့ မြေတွေယာတွေက လွတ်လပ်ရေးရစပြီးစ ကွန်မြူနစ် ရဲဘော်ဖြူ ကြီးစိုးချိန်မှာ “မြေလုပ်သူ မြေရ ” လမ်းစဉ်နဲ့ ဆုံးရှုံးသွားတဲ့အပြင် တခြားစီးပွားရေးတော်တော်များများလည်း တော်လှန်ရေးကောင်စီ လက်ထက် ပြည်သူပိုင်လှိုင်းလုံးအောက် စုန်းစုန်းမြုပ်သွားခဲ့လေတော့ အဘွားဟာ သားသမီးတွေရဲ့ ပညာရေးအတွက် အတော်လေး ရုန်းကန်ခဲ့ရ ရှာပါတယ်..။ အဘိုးဦးသသိန်းကတော့ “ အေးတင်.. ကြွေးတင် ကျွန်ဖြစ်ခံပြီး နင့်သားတွေကို ကျောင်းမထားနဲ့ ” “နင့်သားတွေ ဆရာဝန်၊ အင်ဂျင်နီယာတွေဖြစ်တဲ့အခါ သူတို့မယားတွေပဲ ကောင်းစားမှာ ” လို့ အမြဲပြောရင်း သူ့ဖာသာ နေသာသလို နေသွားခဲ့ပါတယ်..။

ဒါပေမယ့် အဘွားကတော့ အဘိုးဘယ်လောက်ပဲ တားတား သူ့သားတွေရဲ့ ပညာရေးအတွက် နောက်ဆုံး မန္တလေးမြို့မှာ ဒေါနပန်းထိုင်ရောင်းတဲ့အထိ အပင်ပမ်းခံ ကြိုးကုတ်ခဲ့ပါတယ်..။ အဲဒီ အားထုတ်မှုတွေရဲ့ အသီးအပွင့်အဖြစ် အဖတ်တင်ကျန်ရစ်တဲ့ သားသမီးရှစ်ယောက်ထဲက နံပါတ်ခြောက် ဦးကံညွှန့်က ဒေါက်တာကံညွှန့်ရယ်လို့ ဖြစ်သွားပြီး သူ့အောက် ကပ်လျက် ဦးစိန်ထွန်းကတော့ ပုံနှိပ်ရေးနဲ့ စာအုပ်ထုတ်ဝေရေးမှာ ညွှန်ကြားရေးမှုးအဖြစ်နဲ့ ဘ၀ကို ရှင်သန်နေထိုင်နိုင်ခဲ့ပါတယ်..။ အငယ်ဆုံးသား ဦးကျော်မြင့်ဆိုလည်း ရန်ကုန်စက်မှုတက္ကသိုလ်ကနေ အင်ဂျင်နီယာတစ်ယောက်အဖြစ်ကို ရရှိစေခဲ့ပါတယ်..။

တကယ်တော့ သားသမီးဆယ့်သုံးယောက်ရဲ့ မွေးသမိခင်ဖြစ်ရတာ လွယ်မယ်မထင်ပါဘူး..။ ရိုးရိုးလေး စဉ်းစားကြည့်ရင်တောင် တစ်ယောက်နဲ့တစ်ယောက် တစ်နှစ်ခွဲကွာတယ် ထား..။ ဆယ့်သုံးယောက်ဆိုတော့ နှစ်ပေါင်း နှစ်ဆယ်လောက်က မီးဝင်မီးထွက်နဲ့ အဘွားခမျာ လုံးချာလည်လိုက်နေခဲ့မယ် ထင်ပါတယ်..။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆူးဖြူးကုန်းရွာမှာ ရာဇ၀င်တွင် ပြောစမှတ်တွင်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်..။

အဘွားကိုယ်တိုင် ရဟန်းခံပေးပြီး ကျောင်းဆောက်လှူဒါန်းထားတဲ့ ဆရာတော် ဦးပါဝရက သူ့ဒါယကာမကြီးကို တွေ့ချင်လို့ မေးတိုင်း “ မပေါ့မပါးဖြစ်နေလို့ပါဘုရား ” “ ကလေးငယ်သေးလို့ပါ ဘုရား ” “မပေါ့မပါးဖြစ်နေပြန်လို့ပါဘုရား ” “ ကလေးငယ်သေးလို့ပါ ဘုရား” နဲ့ချည်း တိုးနေလို့ နောက်ဆုံး သူကိုယ်တိုင် အိမ်ကြွပြီး အဘွားကိုသွားတွေ့တော့ အဘွားက ဗိုက်ကြီးကြီးနဲ့ ထိုင်ရှိခိုးသတဲ့..။

အဲသလိုမျိုး ဘ၀ကို ရှင်သန်နေထိုင်သွားခဲ့တဲ့၊ သားသမီးဆယ့်သုံးယောက် မွေးဖွားခဲ့သူ၊ လူလင်မယား စီးပွားတခြား အိမ်ထောင်ဖက်နဲ့ သစ္စာမပျက်ပေါင်းဖက်ခဲ့သူ၊ မြေးလေးဆယ့်သုံးယောက်ရဲ့ အဘွား ဖြစ်သူ (ဒေါ်) အေးတင် ခေါ် ကျွန်တော့်အဘွားဟာ ကျွန်တော့်လက်ပေါ်မှာပဲ.. ၁၉၈၉ ဒီဇင်ဘာလမှာ ဘ၀တပါးသို့ ထွက်ခွါသွားခဲ့ပါတော့တယ်..။

46.4 ဘွားတင်ဆီက ရတဲ့ အမွေ

တသက်လုံး တခါမှ မတွေ့ဖူးတဲ့ အဘွားကို မသေခင်မှာ အကြောင်းတိုက်ဆိုင်ပြီး ကျွန်တော်တွေ့ရတယ်..။ နောက် အနီးကပ် ချေးသေးကအစ ပြုစုရတော့ ဆွေမျိုးသားချင်းတချို့က “ မြေးတွေထဲမှာ ဒီကောင် ကံအကောင်းဆုံး၊ အဘွားကို ပြုစုခွင့်ရတာ နည်းတဲ့ ကံမဟုတ်ဘူး ” နဲ့ မြှောက်ပြော ပြောကြပါတယ်..။ အဖေတူ အမေတူ ညီအကိုမောင်နှမ ငါးယောက်မှာ ဘ၀အနေအထိုင်နဲ့ အလုပ်အကိုင် တခြားသူတွေထက် ကျွန်တော်က အဆင်ပြေနေပြန် တော့လည်း “ အဘွားပြုစုတဲ့ ကံကြောင့် အခုလို ကြီးပွားတာ ” လို့ ပြောသူတွေက ပြောကြပြန်ပါတယ်..။

သူတို့ဘယ်လိုပြောပြော အဲဒီတုံးက အဘွားကို ပျော်ပျော်ကြီး ပြုစုပေးခဲ့သလားလို့ မေးသူက မေးခဲ့ရင်.. မဟုတ်ပါဘူးလို့ပဲ ကျွန်တော် ရိုးသားစွာ ၀န်ခံပါ့မယ်။

ကျွန်တော်နဲ့ ဆုံတွေ့ချိန်မှာ အဘွားဟာ မီးစာကုန် ဆီခမ်းလုနေတဲ့ အရွယ်.။ အပေါ့သွားဖို့တောင် အိပ်ရာက မထနိုင်တော့လို့ အပေါ့သွားချင်တိုင်း သူ့ကို ကျွန်တော် ချိုင်းကြားကနေမပြီး အိုးပေါ် တင်ပေးရတဲ့ အခြေအနေ..။ အဘွားခုတင်နဲ့ ကျွန်တော့်ခုတင်ကြားမှာ ထိုင်လို့ရတဲ့ ဆီးအိုးတစ်လုံးက ever ready!..။ ဒီကြားထဲ ဆီးကလည်း မကြာခဏ သွားတာမို့ အိုးပေါ်တင် အိုးပေါ်ချ အလုပ်တင် တနေ့တနေ့ အကြိမ်သုံးလေးဆယ်ထက် မနည်း လုပ်ပေးရပါတယ်..။

ဆီးက နေ့ခင်းထက် ညပိုသွားတော့ အိပ်ရေးဝတဲ့ ညဆိုတာလည်း မရှိသလောက် ဆိုပါတော့..။

တခါတခါကျတော့လည်း အဘွားကိုယ်တိုင် ဆီးသွားချင်မှန်း မသွားချင်မှန်း မသေချာတတ်ပြန်ပါဘူး..။ “ ဟဲ့ လုပ်ပါအုံး ..ထွက်ကျတော့မယ် ထွက်ကျတော့မယ် ” ဆိုလို့ ကပျာကယာ ထပြီး အိုးပေါ်တင်ပေးလိုက်တယ်..။

ဆီးက တစ်စက်မှ မထွက်..။ တစ်မိနစ်စောင့်လည်း မထွက်.. နှစ်မိနစ်စောင့်လည်း မထွက်.. ငါးမိနစ်စောင့်လည်း မထွက်..။ နောက်ဆုံး “ ခုနက တကယ် ထွက်ကျတော့မယ့်ဟာ.. အိုးပေါ်ရောက်မှ မထွက်တာကွယ်.. ငါ့ကို ခုတင်ပေါ်သာ ပြန်တင်ပါတော့ ” ဆိုတော့ ပြန်တင်ပေးရပြန်ပါတယ်..။

ခုတင်ပေါ်ရောက်လို့ ခေါင်းအုံးနဲ့ခေါင်း ထိရုံရှိသေး.. “ သေးက ပေါက်ချင်လာပြန်ပြီ ငါ့မြေးရယ် ” တဲ့..။

“ အဘွား.. တော်တော့ဗျာ.. ဟုတ်တာလည်း မဟုတ်ဘူး.. ဒီလောက်ပေါက်ချင်နေရင်လည်း အိပ်ရာထဲသာ ပေါက်ချလိုက်တော့ ”

ဘယ်လိုမှ မရှည်နိုင်တော့တဲ့ စိတ်အလိုအတိုင်း အဘွားကို ငြိုငြိုငြင်ငြင် ကျွန်တော် ပြန်ပြောမိတတ်ပြန်ပါတယ်..။ ဒါပေမယ့် ပြောလို့မှ စကားက မဆုံးသေးဘူး “ဗျော..ဗျော.. ဗျော.. ဗျော ” နဲ့ ဆည်ကျိုးသလား အောက်မေ့ ရတယ်..။ အဟုတ် ထွက်ကျကုန်တာမျိုးလည်း ကြုံခဲ့ရပြန်ပါတယ်..။

အဲဒီတော့လည်း ထမိန်လဲပေး..၊ သုတ်သင်ပေး..၊ အိပ်ရာခင်း လဲပေး ပေါ့..။ ပျော်တယ်မဟုတ်ပေမယ့်.. ဒီအလုပ်က ငါလုပ်ရမှာ ဆိုတဲ့ အတွေးနဲ့ပဲ ကျော်ဖြတ်ခဲ့ရပါတယ်..။

တခါတခါလည်း.. အဘွားခေါ်နိုးတာကို နိုးရဲ့သားနဲ့ ပေအိပ်နေဖို့ ကြိုးစားမိတတ်ပြန်တယ်..။ ဒါပေမယ့် အဲသလို ပေအိပ်နေရင် အဘွားက ခုနှစ်သံချီဟစ်ပြီး အိမ်ရှိလူုကုန်ခေါ်နိုးလို့.. အိမ်ကလူတွေပါမက တရပ်ကွက်လုံး နိုးကုန်ပါတော့တယ်..။ “ အဘွားကလည်းဗျာ.. အဲသလောက်ကြီး အော်ရလား ” လို့ အိပ်မှုန်စုန်မွှားနဲ့ ကျွန်တော်ပြောတော့ ပြုံးစိစိနဲ့ “ မင်းမှ မထတာကွယ် ” တဲ့..။

အဲဒါအပြင် တခြားနိစ္စဓူဝအလုပ်တွေအနေနဲ့ကတော့ မနက်စော အဘွားအိပ်ရာထတာနဲ့ အိမ်ရှေ့ ရေကန်နားခေါ်သွား၊ မျက်နှာသစ်ပေး သွားတိုက်ပေး ရပါတယ်..။ နေ့လည် ဆယ့်တစ်နာရီလောက် ရောက်တာနဲ့ အဘွားရေချိုးဖို့ ပြင်ဆင် ရပါတယ်..။ အတူနေဘထွေး(ဦးလေး) ဦးကျော်မြင့်က မြန်မာဆေးဆရာ လုပ်တော့ (သူက အင်ဂျင်နီယာဆိုပေမယ့်.. မြန်မာဆေး ဗေဒင်လည်း အတော်တတ်ပါတယ်) ရေချိုးတာကအစ.. ဆေးရွက်ပြုတ်ရည်နဲ့ စပ်ချိုးစေပါတယ်..။

ဂန့်ဂလာရွက်ကို အရင်ပြုတ်..၊ ပွက်ပွက်ဆူပြီဆိုမှ.. အဘွားချိုးမယ့်ရေဇလုံထဲ တည့်..၊ နောက် ရေအေးနဲ့ ရော..၊ ကိုင်ကြည့် မပူမအေးဆိုမှ အဘွားကို သွားခေါ်..၊ တကိုယ်လုံး ရေသုံးသပ် ပေးတော်မူရပါတယ်..။

ရေမျိုးချိုးပြီး တာနဲ့ ခါးလယ်က ကျိုးနေတဲ့ သစ်သားဘီးကျိုးတစ်ချောင်းနဲ့ အဘွားခေါင်းကို ရှင်းလင်းပေးရပါတယ်..။ နောက်.. ကြက်ဥနှစ်လုံး၊ ဖီးကြမ်းငှက်ပျောသီး (ဇောင်းလွတ်) တစ်လုံး၊ ထန်းဖိုဦးထန်းလျက် နှစ်ခဲ ကို ရောသမမွှေလုပ်ပြီး အဘွားစားဖို့ ပူတင်းဖုတ်ရပြန်ပါတယ်..။

ပူတင်းကျက်တော့ အဘွားကိုခွံ့.. ပိုတာ ကိုယ်စားပေါ့..။

တစ်ပတ်တစ်ခါ သားဆရာဝန်နဲ့ ညွှန်မှုးလာတွေ့လို့ သူတို့အမေကို သာကြောင်းမာကြောင်း မေးရင်း “ အမေ ဘာလိုလဲ ” လို့ မေးတိုင်း “ ငါ့မြေးလေးအတွက် ပုဆိုးတစ်ထည်လောက် ၀ယ်ပေးလိုက်စမ်းပါ ” လို့ အဘွားပြောတတ်ပါတယ်..။ တခါတရံ သူ့သားတွေ ကန်တော့တဲ့ ပိုက်ဆံ ကျွန်တော်ရတတ်ပြန်ပါတယ်..။

တခါတလေကျတော့လည်း ဂျေညီညီရဲ့ “မျက်စိကို ဖွင့်ကြည့်လိုက်ရင် မင်းရှိနေမှ ” သီချင်းကို “ မျက်စိကိုဖွင့်ကြည့်လိုက်ရင် ဘွား ရှိနေမှ ” လို့ ကျွန်တော် စိတ်လိုလက်ရ ဆိုမိပြန်ပါတယ်..။

တခါတလေကျတော့လည်း.. “ အဘွားပဲ ပေါက်နိုင်မလား.. ကျွန်တော်ပဲ သေးအိုးပေါ်တင်ပေးနိုင်မလား.. ပြိုင်ကျတာပေါ့ ” ဆိုပြီး မြေးအဘွားနှစ်ယောက် ဆီးအိုးတင်ပြိုင်ပွဲ လုပ်တတ်ပါသေးတယ်..။

အဲသလိုနဲ့ပဲ အဘွားနဲ့ကျွန်တော်ရဲ့ တွေ့ဆုံမှုက ရှစ်လလောက်အကြာမှာ နိဂုံးချုပ်ခဲ့ရပါတယ်..။

အဘွားအခြေအနေ ပုံမှန်မဟုတ်ဘဲ.. ဆိုးလာတဲ့နေ့က.. အိမ်မှာ ကျွန်တော်နဲ့ ကလေးတွေပဲ ရှိနေခဲ့ပါတယ်..။ ဘထွေး(ဦးလေး)ကျော်မြင့်က အဲဒီတုံးက မရမ်းကုန်း အထည်စက်ရုံအမှတ်လေးရဲ့ စက်ရုံမှုးအဖြစ်နဲ့ တာဝန်ထမ်းဆောင်နေလို့ သူ့စက်ရုံကို ရုံးဆင်းချိန်အထိ မစောင့်ဘဲ လှမ်းဆက်ရပါတယ်..။ အိမ်က ကျိုက်ဝိုင်းဘုရားလမ်းမှာ ရှိလို့ ဆယ်မိနစ်လောက်အတွင်းပဲ ဦးလေး ရောက်လာပါတယ်..။

ဦးလေးရောက်ပြီး နာရီဝက်လောက်ကြာတော့.. အဘွား ဆုံးသွားခဲ့ပါတယ်..။ မျက်ရည်တွေစီးကျရင်း ဦးလေးက အဘွားရင်ဘတ်ပေါ် လက်နှစ်ဖက်မှောက်ခုံထပ်ပြီး နှလုံးပြန်ခုန်လိုပြန်ခေါ်ငြား ကြိုးစားပါတယ်..။

ကျွန်တော်ကတော့ ကြောင်စီစီနဲ့ ရပ်ကြည့်နေခဲ့မိပါတယ်..။ ဒါပေမယ့် ဘွားတင်ကတော့ သူ့ထုံးစံအတိုင်း ခေါင်းမာမာနဲ့ ပြန်မလာတော့ပါဘူး..။ နောက်တော့ ဆူဖြူးကုန်းရွာက ဒေါ်အေးတင်ရဲ့ သားသမီးမြေးမြစ်တွေ တဖွဲဖွဲနဲ့ ရောက်လာခဲ့ကြ ပါတော့ တယ်..။ ရပ်ကွက်ထဲက မိတ်ဆွေတချို့လည်း ရောက်လာကြပါတယ်..။

ဧည့်သည်တွေကို ဧည့်ခံရင်း ဦးလေး ဦးကျော်မြင့်က “ ဘွားတင်က သူပိုင်တာတွေ အားလုံးကို သူ့ပေးသွားတယ် ” လို့ ပြောတော့ အားလုံးက ကျွန်တော့်ကို ဘွားတင်ဘာတွေ ပေးသွားပါလိမ့်ဆိုတဲ့ အတွေးနဲ့ ၀ိုင်းကြည့် ကြပါတယ်..။

“ သေးအိုး နဲ့ ဘီးကျိုး ပေးသွားတာလေ ”.. လို့ ဦးလေးဆက်ပြောတော့မှ အားလုံး ပြုံးကြပါတယ်..။

နောက်နှစ်ရက်မြောက်မှာ အသံလွှင်ရုံနောက်ကျောက ကြံတောသုဿန်မှာ ဘွားတင်ကို သင်္ဂြိုလ်ပါတယ်..။ မီးမသင်္ဂြိုလ်ခင်.. ရေခဲတိုက်ကထုတ်ပြီး.. နောက်ဆုံးခရီးနှုတ်ဆက်ကြပါတယ်..။ ပင့်ထားတဲ့ ဘုန်းကြီးတွေက လိုအပ်တဲ့ ရွတ်ဖတ်မှုတွေ လုပ်ပြီး.. သားသမီးတွေ ကန်တော့ကြပါတယ်..။

သားသမီးတွေပြီးတော့ မြေးတွေ ကန်တော့ ကြပါတယ်..။ ကျွန်တော့်တ၀မ်းကွဲ အမတွေ တအစ်အစ်နဲ့ ကြိတ်ငိုနေတဲ့အချိန် ကျွန်တော် ကန်တော့တာက လိုအပ်တာထက် ပိုကြာနေခဲ့ပါတယ်..။ ဦးလေးဦးကျော်မြင့် ပုခုံးလာညှစ်မှ ကြမ်းနဲ့ကပ်နေတဲ့ ကျွန်တော့်ခေါင်း ပြန်မော့လာမိပါတယ်..။

ဒါပေမယ့် အဲဒီနေ့က ကျွန်တော် ၀မ်းနည်းနေခဲ့သလား ဆိုတာတော့ ကျွန်တော်ကိုယ်တိုင် မဝေခွဲနိုင်ခဲ့ပါကြောင်း...။

Wednesday, August 12, 2009

45.1 Guangzhou (ကွမ်ကျိုး) သို့

တရုတ်ပြည်ရဲ့ တော်လှန်ရေးခေါင်းဆောင်ကြီး ဆွန်ယက်ဆင် ( Sun Yat-Sen ) အကြောင်း ဖတ်တုံးက.. ကန်တုံပြည်နယ်၊ ကန်တုံမြို့ ဆိုတဲ့ စကားလုံးတွေနဲ့ ရင်းနှီးခဲ့ ရတယ်..။ ဆွန်ယက်ဆင်ရဲ့ တော်လှန်ရေး မွေးဖွားရာနေရာ၊ အချက်အချာ ဒေသအဖြစ်နဲ့ ဖတ်မှတ်ခဲ့ရတာပဲ..။ နောက်များမှ.. ကန်တုံ(Canton) ဆိုတာ အင်္ဂလိပ်အခေါ်အဝေါ် ဖြစ်ပြီး.. တရုတ်လိုကတော့ ကွမ်တုံးလို့ ခေါ်ကြောင်းနဲ့ ပြည်နယ်မြို့တော်ကိုလည်း ကန်တုံ အစား.. ကွမ်ကျိုးလို့ ခေါ်မှန်း သိရတော့တယ်..။

ကွမ်တုံးပြည်နယ်က ကမ္ဘာကျော် ဟောင်ကောင်၊ မကာအို တို့နဲ့ ဟိုဖက်ကမ်း ဒီဖက်ကမ်းဖြစ်တဲ့အပြင်.. တရုတ်ပြည်ရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ အတူ တဟုန်ထိုး အရှိန်ကောင်းကောင်းနဲ့ ဖွံ့ဖြိုးတိုးတက်လာခဲ့တဲ့ ပြည်နယ်တစ်ခုပဲ..။

တရုတ်ပြည်ကို ကျွန်တော်ရောက်ခဲ့တဲ့ သုံးခေါက်မှာ.. ပထမဆုံးအခေါက်က.. ကူမင်း၊၀င်းဇိုး၊ချန်ဇိုး၊နန်ကင်း ကနေ ပြည်တော်ပြန်ခဲ့ကြပြီး ဒုတိယအခေါက်မှ အဲဒီကွမ်တုံးပြည်နယ်ကို ရောက်ခဲ့ရတယ်..။ ခရီးစဉ်ကတော့ ထုံးစံအတိုင်း ရန်ကုန်ကနေ မန္တလေးဆင်း၊ ဆရာသမား ရေမြင်းကို ပင့်၊ ကူမင်းကို ချီတက်..၊ အဲဒီကမှ တဆင့် ကွမ်ကျိုးပေါ့..။ ဒါပေမယ့်.. ဒီတစ်ခေါက်တော့.. ကျွန်တော်ရယ်၊ ရေမြင်းရယ်၊ ကျော်သူရ ရယ် အပြင်.. နောက်တိုးမိတ်ဆွေတစ်ယောက်ပါ ပါလာခဲ့တယ်..။ နိုင်ငံခြားကိုတစ်ခါမှ မရောက်ဖူးလို့ အတွေ့အကြုံရအောင်ဆိုပြီး သူ လိုက်လာခဲ့တာပဲ..။

တကယ်လည်း သူမျှော်လင့်သလို.. အတွေ့အကြုံတွေ တပုံကြီး ရသွားခဲ့တယ်..။

အဲဒီအခေါက် ကူမင်း.. ကွမ်ကျိုးလေယာဉ်က နောက်ကျတယ်..။ ညဉ့်အတော်နက်မှ ကွမ်ကျိုးကို ရောက်တယ်..။ ရောက်ရောက်ခြင်းပဲ.. နီးစပ်ရာ ဟိုတယ်တစ်ခုမှာ အိပ်လိုက်ကြရတယ်..။ ထူးခြားတာဆိုလို့ ကျော်သူရက ဟိုတယ်အခန်းခကို ဈေးဆစ်တာပဲ..။ reception desk မှာ အခန်းအမျိုးအစားနဲ့ သက်ဆိုင်ရာဈေးနှုန်း ရေးထားတာကြည့်ပြီး ကျော်သူရက.. ဈေးကို သုံးချိုးနှစ်ချိုးလောက်နဲ့ ဆစ်တယ်..။ ဧည့်ပါးလို့လား တော့ မပြောတတ်ဘူး..။ ယွမ်လေးရာ ရေးထားတဲ့အခန်းကို နှစ်ရာ့ငါးဆယ်လောက်နဲ့ ဈေးတည့်သွားတယ်..။

ကျွန်တော့်အလိုသာဆိုရင်.. ရေးထားတဲ့ ဈေး.. ပေးလိုက်မိမှာပဲ..။ ကျော်သူရ ပြောမှပဲ ဟိုတယ်ခ ဆိုတာ.. အလျော့အတင်းရှိမှန်း သိတော့တယ်..။

နောက်တနေ့မနက်မှာ ရေမြင်းအမ မိတ်ဆွေတွေနဲ့ တွေ့တယ်..။ ရေမြင်းအမက ကွမ်ကျိုးမှာနေတယ်..။ သူ့အဆက်အသွယ်နဲ့ပဲ.. ကျွန်တော်တို့အဖွဲ့.. ကွမ်ကျိုးကနေ.. ကီလိုမီတာ လေးဆယ်လောက်ဝေးတဲ့.. တုံးကွမ် (Dongguan) လို့ ခေါ်တဲ့ မြို့ကို သွားခဲ့ကြတယ်..။ ကွမ်ကျိုး ကနေ တုံးကွမ် တောက်လျှောက် လမ်းတွေ သိပ်ကောင်းတယ်..။ ဘန်ကောက်က အဝေးပြေးလမ်းတွေလိုပဲ ကွန်ကရစ်မိုးပျံလမ်းတွေပဲ..။တုံးကွမ်မှာ.. ကျွန်တော်တို့ လိုချင်တဲ့ စက်ပစ္စည်းစက်ရုံက လူတွေနဲ့ တွေ့ပြီး လိုအပ်တာလေးတွေ ကြည့်ကြရှုကြ ဆွေးနွေးကြနဲ့ တနေကုန်သွားခဲ့တယ်..။

ကိစ္စပြီးလို့ ပြန်မယ်လုပ်တော့ စက်ဝယ်တာ၊ မ၀ယ်တာ အပထားလို့.. မိတ်ဖြစ်ဆွေဖြစ်.. ညစာ ကျွေးပါရစေ၊ စားပြီးမှ ပြန်ကြပါ..။ တုံးကွမ်နဲ့ ကွမ်ကျိုး လွန်ရောကျွံရော မောင်းရ တစ်နာရီပေါ့..။ သူတို့ ယာဉ်မောင်းနဲ့ လိုက်ပို့ပေးပါ့မယ် ဆိုပြီး.. ဒင်နာ စားဖို့ အတင်းပြောနေတာနဲ့ပဲ ကျွန်တော်တို့လည်း ညစာကို တုံးကွမ်မှာ လွေးလိုက်ကြတော့တယ်..။ ထုံးစံအတိုင်း.. “ ဟောင် ” ကြ ရပြန်တယ်..။ အားလုံး စားပြီး သောက်ပြီးတော့.. ကျွန်တော်တို့လဲ ဒေါင်ချာဆိုင်း လို့..။ သူတို့တတွေလည်း သိုင်းကွက်တွေ နင်းလို့ ပေါ့..။

စက်ရုံ သူဌေးက မူးနေတဲ့ကြားက သူ့ဒရိုင်ဘာကို ကျွန်တော်တို့ လိုက်ပို့ ဖို့ လျှာလေးအာလေးနဲ့ အမိန့်ပေးတယ်..။ မင်း ယာဉ်မောင်းက ငါတို့တည်းတဲ့နေရာ သိလို့လားလို့ မေးတော့.. “ သိဖို့ မလိုဘူး.. ငါ့ကားမှာ GPS ပါတယ်.. မင်းတို့ တည်းမယ့် ဟိုတယ်သာ ပြောလိုက် .. GPS အညွှန်းအတိုင်း ငါ့ ဒရိုင်ဘာ မောင်းလိမ့်မယ် ” တဲ့..။

တယ်ဟုတ် ပါ့လားလို့ မူးမူးနဲ့ အံ့သြမိရသေးတယ်..။

အဲသလိုနဲ့ ညဆယ့်တစ်နာရီလောက်မှာ တုံးကွမ်ကနေ ကျွန်တော်တို့အဖွဲ့ ကွမ်ကျိုးကို ပြန်ခဲ့ကြတယ်..။ ရေမြင်းက ဒရိုင်ဘာကို ကျွန်တော်တို့တည်းတဲ့ ဟိုတယ်လိပ်စာ ပေးလိုက်တယ်..။ ဒရိုင်ဘာက အဲဒီလိပ်စာကို GPS မှာ ထည့်သွင်းပြီး လမ်းကြောင်းအညွှန်းအတိုင်း မောင်းတော့တာပဲ..။ ကျွန်တော်တို့အားလုံးလည်း ခပ်ထွေထွေဖြစ်နေတဲ့ အရှိန်ရယ်၊ ခရီးပမ်းလာတာရယ်ကြောင့် ကားပေါ်မှာ ယူပြီး လိုက်လာခဲ့ကြတယ်..။

နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွားတာမျိုး မဟုတ်ပေမယ့် မှေးကနဲဖြစ်လိုက်.. နိုးတ၀က်ဖြစ်လိုက်.. ခေါင်းထောင်ထလိုက်နဲ့ ရောက်နိုးရောက်နိုး လိုက်လာခဲ့ကြတာ.. နောက်တစ်နေ့မနက် သုံးနာရီသာ ထိုးသွားတယ်..။ ကျွန်တော်တို့ ဟိုတယ်က GPS ကျေးဇူးနဲ့ ဘယ်ဆီ ဘယ်ဝယ်မှန်းတောင် မသိသေးဘူး ဖြစ်နေပါရော..။

ရေမြင်း.. ဒရိုင်ဘာကို သေချာမေးအုံး..၊ ဒီလမ်း ဒီခရီးက ဒီလောက် ကြာစရာ အကြောင်းမရှိဘူး..။ တစ်ခုခုတော့ လွဲနေပြီလို့ အားလုံးက စိုးရိမ်တကြီး ၀ိုင်းပြောတော့မှ.. ကိုယ်ရွှေဒရိုင်က သူလည်း လမ်းပျောက်နေတယ် လို့ ၀န်ခံတော့တယ်..။ ကောင်းလေစွ..။

ဖြစ်ပုံက.. ကွေ့ရမယ့်လမ်းကို မကွေ့မိဘဲ ကျော်သွားမိသည့်တိုင် GPS က ကျော်သွားပြီလို့ မပြောဘဲ.. နောက်ထပ် ဖြစ်နိုင်မယ့်လမ်းကြောင်းအသစ်တစ်ခုကို ပြန်ညွှန်းတာမို့.. ရွာလည် ကုန်တော့တာပဲ..။

ဥပမာ ပြောရရင်.. ဆူးလေ အသွားမှာ သမ္မတရုပ်ရှင်ရုံရှေ့ကနေ ဘူတာကြီးဖက်မှားချိုးမိတာကို.. လမ်းမှားချိုးမိတယ်လို့ မပြောဘဲ.. ဘူတာကြီးရှေ့ကနေ ပန်းဆိုးတန်းကို ညွှန်၊ အဲဒီကမှ ကန်ပတ်လမ်းအတိုင်း ဗဟန်းအ၀ိုင်းပြန်ပတ်၊ အဲဒီကမှ.. သမ္မတရုပ်ရှင်ရုံ စသဖြင့် လမ်းညွှန်တာမျိုးဆိုတော့..တစ်ခါပဲမှားရင် ကိစ္စမရှိပေမယ့် အမှားပေါ် အမှားထပ်တော့.. ဟိုကွေ့ဒီကွေ့နဲ့.. မရောက်နိုင် ဖြစ်နေတော့တာပဲ..။

GPS ဆိုတော့လည်း လူ့စိတ်ကို ဘယ်သိမလဲ..။ မှားကွေ့မိတာလား၊ ကွေ့ချင်လို့ ကွေ့တာလား ဆိုတာ သူမှ မဝေခွဲနိုင်တာဆိုတော့.. လမ်းမှားသွားပြီလို့လည်း ဘယ်ပြောတော့မလဲ..။

နောက်ဆုံးတော့.. ကိုယ်ရွှေဒရိုင်ဘာကို.. ပြောရတယ်..။ ငါတို့ကို ရှေ့နားမှာသာ ချထားခဲ့ပေတော့..၊ တို့ဖာသာ.. Taxi ငှားပြန်လိုက်တော့မယ် လို့..။

အဲသလိုနဲ့ GPS နဲ့မောင်းတဲ့ ကားကြီးပေါ်က ဆင်းပြီးသကာလ.. တွေ့ရာ Taxi ဖမ်းတားပြီး ပြန်လာခဲ့တာ.. ဆယ်မိနစ်လောက်ပဲ ကြာတယ်..။ ကျွန်တော်တို့ တည်းမယ့် ဟိုတယ်ရှေ့ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက် လာခဲ့ကြ ပါတော့တယ်..။

45.2 Dongguan ( တုံးကွမ် ) က ငပွေး

တရုတ်ပြည်မှာ ကျွန်တော်တို့နဲ့ ရင်းနှီးအဖွဲ့ကျတဲ့ တက်စီဒရိုင်ဘာ တစ်ယောက်ရှိတယ်..။ သူ့ပုံက မျက်စိမှေးမှေး၊ ပိတ်တိပ်တိပ် နဲ့မို့ ငပွေး လို့ ကျွန်တော်တို့က ခေါ်တယ်..။ သူက ကျွန်တော်တို့ကို GPS နဲ့ လိုက်ပို့တယ် ဆိုတဲ့ တုံးကွမ်စက်မှုဇုန်နယ်ထဲက ဟုတ်ကျယ် ဆိုတဲ့ မြို့ကပဲ..။ အဲဒီ ဟုတ်ကျယ်မှာ ကျွန်တော်တို့ တည်းနေကျ Sunshine Capital ဆိုတဲ့ ဟိုတယ် ရှိတယ်..။ တုံးကွမ်ကို ရောက်တိုင်း ကျွန်တော်တို့အဖွဲ့ အဲဒီမှာပဲ တည်းလေ့ ရှိတယ်။ စီးပွားရေးအချက်အချာကျတဲ့ နေရာမှာ ရှိတဲ့ ဟိုတယ်ဆိုတော့... ယောက်ျားသားတို့ပျော်စရာ အကုန်အစုံ ရှိတဲ့ ဟိုတယ်ပဲ..။ ဘား၊ နိုက်ကလပ်၊ ကာရာအိုကေ အားလုံး ရှိတယ်..။

ငပွေးက အဲဒီဟိုတယ်အောက်မှာ အမြဲဂိတ်ထိုးလေ့ရှိတဲ့ တက်စီဒရိုင်ဘာ ပေါ့..။ ငပွေးက လူနောက်..။ အင်္ဂလိပ်လို တစ်လုံးမှ မတတ်ပေမယ့်.. လက်ဟန်ခြေဟန်မျိုးစုံလုပ်ပြီး.. သူပြောချင်တာကို ရအောင် ပြောတတ်တယ်..။ အဲသလိုမျိုး လက်ဟန်ခြေဟန်အလုပ်ကောင်းလို့လည်း တခြားတက်စီဒရိုင်ဘာတွေထက် သူ့ကိုပိုပြီး မှတ်မှတ်ထင်ထင် ရင်းနှီးသွားခဲ့ကြတာပဲ..။ ငပွေးနဲ့ စတွေ့တာက. ကျွန်တော်တို့အဖွဲ့ ညနေခင်းလမ်းလျှောက်ဈေး ပတ်မယ်အတွေးနဲ့ ဟိုတယ်အောက် ဆင်းလာတဲ့အချိန်၊ သူက ဟိုတယ် Lobby မှာ ငုတ်တုတ်ထိုင်ပြီး ဧည့်မျှော်နေတဲ့ အချိန် တွေ့ကြတာပဲ..။

တွေ့တွေ့ချင်းပဲ ငပွေးက ဘာမပြောညာမပြောနဲ့ ကျွန်တော်တို့အဖွဲ့ကို လက်ဟန်ခြေဟန်နဲ့ သူလုပ်ပေးနိုင်တဲ့ services မျိုးစုံ သရုပ်ပြပါတယ်..။ သူဟာ တက်စီဒရိုင်ဘာ တစ်ယောက်ဖြစ်ကြောင်း လက်ဟန်ခြေဟန်နဲ့ သရုပ်ဖော်တာ.. ကိစ္စမရှိပေမယ့်.. မိန်းကလေးများနဲ့ ပျော်ပါးချင်ရင်လည်း သူကူညီနိုင်တဲ့အကြောင်း သရုပ်ပြတဲ့အခါမှာတော့ အကုန်လုံး ခွကျကုန်ပါတော့တယ်..။ တရုတ်မဟုတ်၊ အင်္ဂလိပ်မဟုတ် အသံ အူးအူးအဲအဲ နဲ့ ယောက်ျားမိန်းမ ကိစ္စတွေကို body language နဲ့ သူလုပ်ပြတာကိုကြည့်ပြီး ကျွန်တော်တို့မှာ.. ရှက်နိုးနိုးနဲ့ အိုးတို့အမ်းတန်း ဖြစ်ကြရပါတယ်..။

နောက်ဆုံး ရေမြင်းက တရုတ်လို တစ်ခွန်းစ နှစ်ခွန်းစ လှမ်းပြောမှ စပ်ဖြီးဖြီးနဲ့ ငပွေး တခန်းရပ်သွားတော့တယ်..။ အဲဒီကနေ စပြီး ငပွေးနဲ့ ကျွန်တော်တို့ အဖွဲ့ကျသွားခဲ့ကြတယ်..။ တရုတ်ပြည်မကြီးရဲ့ ညဉ့်ငှက်မလေး များအကြောင်းလည်း ငပွေးကနေတဆင့် .. ထဲထဲဝင်ဝင် သိခဲ့ကြရတယ်..။ သူတို့ဆီက ကြမ်းခင်းဈေး ယွမ်နှစ်ရာ့ငါးဆယ်ဆိုတာ.. မြန်မာငွေ ငါးသောင်းလောက် ရှိပါတယ်..။ ငပွေးအဆိုအရ.. အဲသလို ခန္ဓာကိုယ်ရောင်းစား ကြသူတွေထဲမှာ.. စက်မှုဇုန်ထဲက .. အလုပ်သမ လေးတွေလည်း အချိန်ပိုင်းဆန်ဆန် ၀င်လုပ်နေသူတွေ ရှိတာ သိရတော့.. ကိုယ့်နိုင်ငံက စက်မှုဇုန်တွေဆီ အတွေးက ရောက်သွားခဲ့သေးတယ်..။

ငပွေးကတော့ သူပြောတာမယုံရင် ကောင်မလေးတွေဆီက ၀န်ထမ်းကဒ် တောင်းကြည့်လို့ ရတယ် ပြောပေမယ့်.. သိပ်ကြီး ငြင်းလောက်တဲ့ ကိစ္စရယ်လို့ မထင်တာကြောင့် သူ့အဆိုကို ကန့်ကန့်ကွက်ကွက် တော့ မလုပ်ခဲ့ပါဘူး။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က.. မလေးရှားက မိတ်ဆွေတစ်ယောက် ရန်ကုန်လာလို့ သူ့ကို ညဖက် .. Park Royal ဟိုတယ်က နိုက်ကလပ် ကို လိုက်ပို့ဖူးတယ်..။ နိုက်ကလပ်မှာ သောက်စားပြီးလို့ အပြန်မှာ အဖော်အလှော်လေး လိုချင်တယ်ပြောလို့.. နီးစပ်ရာ ခေါ်ယူဈေးညှိကြည့်တော့.. ငါးသောင်း တဲ့..။ ဒါတောင်မှ.. နိုင်ငံခြားသား အလာများတဲ့ Park Royal လို နေရာကမို့ အဲသလောက် ဈေးဖြစ်နေတယ် ဆိုပေမယ့် ကျန်တဲ့နေရာတွေမှာလည်း သုံးလေးသောင်းအောက် မလျော့ပါဘူး..။

နောက်တနေ့မနက်.. အဲဒီမိတ်ဆွေနဲ့ ပြန်တွေ့တော့.. ညက သူခေါ်သွားတဲ့ မိန်းကလေးအကြောင်း စကားစပ်မိရာကနေ.. စက်မှုဇုန်တွေမှာ အလုပ်လုပ်နေကြတဲ့.. အလုပ်သမလေးများရဲ့ လစာ ကို သူမေးလို့ ပြောမိတယ်..။ တစ်လတစ်လ သုံးလေးသောင်းတော့ ရမှာပေါ့ လို့ ကျွန်တော်ဖြေတော့.. “ It is very attractive to be a prostitue, here ” လို့ သူက မှတ်ချက်ပြုတယ်..။ စိတ်ထဲမှာ.. သူ့မှတ်ချက်ကို မခံချင်သလို ဖြစ်မိပေမယ့်.. သူက အရမ်းကာရော မှတ်ချက်ချတာမဟုတ်ဘဲ.. ၀န်ထမ်းလစာနဲ့ prostitue ညကြေး ကို နှိုင်းယှဉ် ပြောတာမို့.. မခံချင်ပေမယ့် ခံခဲ့ရပါတယ်..။

သူရောက်ဖူးတဲ့ တခြားနိုင်ငံတော်တော်များများမှာ.. ကောင်းရောင်းကောင်းဝယ်လုပ်စားရင် ရမယ့် အနိမ့်ဆုံးလစာ ဟာ.. prostitue လုပ်စားလို့ ရမယ့် ညကြေးထက် အနည်းဆုံး ဆယ်ဆလောက် ရှိသတဲ့..။ အခု ဒီမှာက.. တစ်လလုံး ပင်ပင်ပမ်းပမ်း အလုပ်လုပ်လို့ ရမယ့်လစာနဲ့ ညကြေးက အချိုးတူလောက် ဖြစ်နေတော့.. အနည်းနဲ့အများ Impact ရှိကို ရှိတယ်လို့ သူကတော့ ထောက်ပြသွားခဲ့တယ်..။

ပြည်မကြီးမှာလည်း.. အနိမ့်ဆုံးလစာက.. ယွမ်ရှစ်ရာ၊ တစ်ထောင် ၀န်းကျင်လောက်ပဲ ရှိတာဆိုတော့ လစာ-ညကြေး အချိုးက သိပ်ကြီး မြင့်လှတယ်မှ မဟုတ်ဘဲလေ...။

45.3 တရုတ် နဲ့ အတု..

ဒီရက်ပိုင်း တရုတ်က လုပ်တဲ့ ကြက်ဥအတုတွေအကြောင်း.. ဟိုဟိုဒီဒီ သတင်းတွေမှာ.. တွေ့နေရတော့.. တုံးကွမ်က တရုတ်တစ်ယောက် ဖောက်သည်ချတဲ့ တရုတ်လုပ်ပစ္စည်းတွေ အတုအလွန်များတဲ့ အကြောင်းလေး ခေါင်းထဲ မှာ ပေါ်လာတယ်..။ ကျွန်တော်တို့ဝယ်မယ့် စက်ပစ္စည်းတွေရဲ့ Electrical Spare Parts တွေကို.. တရုတ်လုပ်ပစ္စည်းတွေ မလိုချင်ဘူးလို့ ပြောကြရာကနေ.. အဲဒီအကြောင်းကို သူက ရယ်စရာအနေနဲ့ ပြောပြ ခဲ့တာပဲ..။

တရုတ်ပြည်က လုပ်တဲ့ ပစ္စည်းတွေမှာ အတု ဘယ်လောက်များသလဲ ဆိုရင်.. တုံးကွမ်က စက်ရုံပိုင်ရှင်သူဌေးတစ်ယောက်.. အကြွေးမဆပ်နိုင်တော့လို့ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေတယ်..။ မိသားစုနဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကို.. သူတော့ အကြွေးမဆပ်နိုင်တော့လို့ အဆိပ်သောက်သတ်သေသွားပြီ ဆိုတဲ့အကြောင်း သတင်းစကားစာရေးထားခဲ့ပြီး အဆိပ်တကယ်သောက်ပစ်လိုက်တယ်..။ ဒါပေမယ့်.. အဆိပ်က အစစ်မဟုတ်ဘဲ အတုဖြစ်နေတော့ သူမသေဘူး..။

အဲသလို အဆိပ်အတုနဲ့ တိုးပြီး မသေတော့မှ.. သူလည်း တော်တော်ကြောက်သွားပြီး နောင်တလည်း ရသွားခဲ့တယ်..။ သူ့မိသားစုနဲ့ အပေါင်းအသင်းတွေကလည်း.. “ ကံကြီးပေလို့ သာပဲ ” “ အဆိပ်အတုဖြစ်နေတာ တော်သေးတာပေါ့ ” ဆိုပြီး .. အဲဒီသူုကို ၀မ်းသာအားရ ၀ိုင်းဝန်းနှစ်သိမ့်ရင်း.. သေရွာပြန်အထိမ်းအမှန်အနေနဲ့ ပွဲလုပ်ကြတယ်...။ ဒါပေမယ့် အဲဒီပွဲမှာ သူတို့သောက်တဲ့ အရက်ကျမှ အတုဖြစ်နေလေတော့.. သူတင်မက..သူ့ဘော်ဒါတွေပါ အကုန် သေကုန်ရောတဲ့..။

45.4 မွှေးလည်းမွှေးတယ် အေးလည်းအေးတယ်

လျှပ်စစ်မီးမရှိတဲ့ ဆီမီးခုံရွာသား ကျွန်တော့်ကို မြင်းခြံက အဘွားကြီးတစ်ယောက်က ပယ်ပယ်နှယ်နှယ် “ တောသား၊ လူအ ” လို့ ပြောတာ.. အခုထိ မှတ်မိနေသေးတယ်..။ အဲဒီတုံးက အဘွားကြီးက ကျွန်တော့်ကို လက်ခု (လက်နှီးစုတ်) ပေးပြီး အိမ်ရှေ့စားပွဲပေါ်က ထမင်းအိုး သွားယူလာခဲ့လို့ ခိုင်းတယ်..။ ရွာမှာက.. ထမင်းအိုးဆိုတာ.. မြေကျင်းတူး အုတ်ခဲဆင့်ပြီး ထင်းနဲ့ ချက်ကြတာပဲ..။ လျှပ်စစ်မီးနဲ့ ချက်တဲ့ ထမင်းပေါင်းအိုးဆိုတာ.. မြင်ဖူးဖို့ဆိုတာ ဝေးလို့ ကြားဖူးတယ်ဆိုရင်တောင် လွန်လှပြီ ဆိုတဲ့ အရပ်က လာတာဆိုတော့.. ကျွန်တော်လည်း ကြောင်စီစီ၊ဇဝေဇ၀ါ၊နဝေတိမ်တောင်နဲ့ .. သူပေးလိုက်တဲ့ လက်ခု ကို ယူပြီး မီးစင်ကြည့်ကမယ် စိတ်ကူးပြီး အိမ်ရှေ့ထွက်လာခဲ့တာပေါ့..။

အိမ်ရှေ့ရောက်တော့.. စားပွဲပေါ်မှာရှိတဲ့ ပုပုအိုင့်အိုင့် ပစ္စည်းဟာ.. ထမင်းအိုးပဲ ဖြစ်ရမယ်လို့တော့ တန်းသိပါတယ်..။ စားပွဲနောက်ကပ်ရက် နံရံက ပလပ်ပေါက်ရယ်.. ထမင်းပေါင်းအိုးကို ဆက်ထားတဲ့ ၀ါယာကြိုးတွေကို ကြည့်ပြီး အဲဒါဟာ လျှပ်စစ်နဲ့ချက်တဲ့ ထမင်းအိုးဆိုတာ ခန့်မှန်းမိတာပဲ..။ အဲဒါနဲ့.. ကျွန်တော် မရဲတရဲ လက်နဲ့ တို့ကြည့်တယ်..။ ပူလား ပေါ့..။ ဒါပေမယ့် ကျွန်တော် တို့ကြည့်မိတာက ထမင်းပေါင်းအိုး အပြင်အခွံ ( body ) ဆိုတော့ ဘယ်ပူမလဲ..။

အထဲမှာမှ တကယ့်ထမင်းအိုး ရှိနေတာ မသိတော့.. သေချာအောင်နောက်တစ်ကြိမ် အဲဒီ body ကြီးကိုပဲ ထပ်စမ်းကြည့်တယ်..။ လုံးဝမပူတာ သေချာသွားပြီဆိုမှ.. ပေးလိုက်တဲ့ လက်ခုကို ခါးကြားထိုးပြီး ပလပ်ပေါက်က ကြိုးတွေကို ဆွဲဖြုတ်၊ ပေါင်းအိုးကြီးတစ်ခုလုံးကို အခြေကနေ သိမ်းကြုံးမလာခဲ့တယ်..။ စိတ်ထဲမှာလဲ.. ဒီအဘွားကြီး အသက်ကြီးလို့ ယောင်တောင်ကန်းတမ်း နဲ့ မလိုအပ်ဘဲ လက်ခု ပေးလိုက်တယ်.. သူတို့ထမင်းအိုးက ပူမှမပူဘဲ လို့ တွေးရင်းပေါ့..။

အဲဒီမှာ.. အဘွားကြီးက ပစ်ပစ်နှစ်နှစ် “ တောသား၊ လူအ ” လို့ ထမင်းပေါင်းအိုးတစ်ခုလုံး မချလာတဲ့ ကျွန်တော့်မြင်တာနဲ့ ကောင်းချီးပေးတော့တာပဲ..။

အဲဒီတုံးကတော့ ရှက်တဲ့စိတ်နဲ့ ကျွန်တော့်မှာ ထူအမ်းအမ်းကြီး ဖြစ်လို့ပေါ့..။ ဒါပေမယ့်.. နောက်ပိုင်း အတွေ့အကြုံ၊ အတွေ့အမြင်လေးတွေ ရလာတော့.. “ငါ အဲဒီတုံးက တကယ် အ ခဲ့သလား ” လို့ ပြန်စမ်းစစ်ကြည့်မိတော့.. အဲဒါဟာ.. “ အ ” တာမဟုတ်ဘဲ.. lack of experience မျှသာ ဖြစ်တယ်ဆိုတာ.. သိလာရတယ်..။

အဲဒါလေးနဲ့ ဆက်စပ်ပြီး ဒီတစ်ခေါက် တရုတ်ပြည်ကို အတွေ့အကြုံရအောင်ဆိုပြီး ကျွန်တော်တို့အဖွဲ့နဲ့ လိုက်တာတဲ့ တစ်ယောက် အကြောင်းလေး ပြောချင်တာပါ..။ မရည်ရွယ်ဘဲ၊ မထင်မှတ်ဘဲ.. သူရသွားခဲ့တဲ့ တုံးကွမ်ဟိုတယ်က အိုးနင်းခွက်နင်း အဖြစ်သနစ်ပေါ့..။ ကျွန်တော်တို့အဖွဲ့က သူအပါ လေးယောက်ဆိုတော့.. ဟိုတယ်မှာ နှစ်ယောက်ခန်း နှစ်ခန်း ယူရတယ်..။ ရေမြင်းနဲ့ ကျော်သူရက တစ်ခန်း..။ ကျွန်တော်နဲ့ သူနဲ့က တစ်ခန်းနေတယ်..။

ဟိုတယ်က four stars အဆင့်ရှိတဲ့ ဟိုတယ်ဆိုတော့.. အခန်းအပြင်အဆင်.. facility က မဆိုးလှဘူး..။ ရေချိုးခန်းထဲမှာလည်း တကိုယ်ရေသုံး သွားတိုက်တံ၊သွားတိုက်ဆေး၊ ဆပ်ပြာ၊ bath gel ၊ body lotion က အစ.. condom.. sexual lubricant ပါမကျန် ထည့်ပေးထားတယ်..။ တစ်ခုပဲ ရှိတယ်.. ။ condom နဲ့ အဲဒီ lubricant က FOC မဟုတ်ဘဲ.. တစ်ထုပ်ကို ဆယ် ယွမ် ကျတယ်..။

condom ထုပ်က ပြူးတူးပြဲတဲ နဲ့ သိသာပေမယ့်.. lubricant ထုပ်က မြန်မာပြည်မှာ ခေတ်စားနေတဲ့ တစ်ခါသုံး ခေါင်းလျှော်ရည် ထုပ်နဲ့ အရွယ်အစား ထုပ်ပိုးပုံ တထေရာတည်းဆိုတော့ ကျွန်တော့်အခန်းဖော်ဆရာသမားက ခေါင်းလျှော်ရည်အထင်နဲ့ ရေချိုးတုံး စိန်ပြေနပြေ သမပစ်လိုက်တယ်..။ သူရေချိုးပြီးလို့ ကျွန်တော် ရေအိမ်ဝင် သွားတိုက်မျက်နှာသစ်တော့.. bath tap ပေါ်တင်ထားတဲ့ .. lubricant က တစ်ထုပ် လျော့ နေပြီ..။ lubricant က နှစ်ထုပ်ရှိတယ်..။ for woman နဲ့ for man ပေါ့..။

“ ဟာ.. သွားပြီ .. ဒီလူတော့ ခေါင်းလျှော်ရည် အထင်နဲ့ တီးထည့်ပစ်လိုက်ပြီ ထင်တယ် ” လို့ အလန့်တကြား တွေးရင်း .. အမှိုက်ပုံးထဲ ငုံ့ကြည့်မိတော့.. ထင်တဲ့အတိုင်း တစ်ထုပ်က ဖြဲသုံးထားလို့.. အခွံပဲ ကျန်တော့တယ်..။ အဲဒါနဲ့ ကျန်ခဲ့တဲ့တစ်ထုပ်ကို ကောက်ကိုင်ကြည့်တော့.. for man တဲ့..။ သွား ပြီ..။ လွဲတာမှ.. ခေါင်းလျှော်ရည်နဲ့ လွဲရုံမက.. ယောက်ျားမိန်းမပါ လွဲကုန်တော့တာပဲ..။ ကျွန်တော်လည်း သွားတိုက်ရင်း တန်းလန်းနဲ့ ရေချိုးခန်းထဲက ပြန်ထွက်ပြီး “ ဟေ့လူ.. ခင်ဗျား ခေါင်းလျှော်သေးလား ” ဆိုတော့.. “ အင်း လျှော်တယ်.. ဘာဖြစ်လို့လဲ ” တဲ့..။

“ဘာမှမဖြစ်ပါဘူး.. ခေါင်းလျှော်ရည် ဘယ့်နှယ့် နေလဲ ကောင်းလား ” လို့ ကျွန်တော်လည်း မထူးတော့တာမို့ မသိချင်ယောင်ဆောင် ဆက်မေးတော့

“ အတော်ကောင်းသဗျား.. တရုတ်ခေါင်းလျှော်ရည်က.. မွှေးလည်းမွှေးတယ်.. ဦးရေလည်း အေးတယ်.. အမြုပ်တွေလည်း အများကြီးထွက် တယ် ” တဲ့..။

ကျွန်တော့်မှာ.. ပါးစပ်ထဲက သွားတိုက်ဆေးတွေတောင် အပြင် စင်ထွက်ကုန်တယ်..။ ခွီးကနဲ.. ပဲ..။ ဆက်အောင့်မထားနိုင်တော့ဘူး..။ ရယ်လိုက်ရတာ..။ ၀အောင် ရယ်ပြီးမှ.. သူသုံးလိုက်တာ ခေါင်းလျှော်ရည် မဟုတ်ကြောင်း ပြောရတော့တယ်..။ အဲဒါတောင် စပ်ဖြဲဖြဲ နဲ့ မောင်မင်းကြီးသားက အမြုပ်တကယ်ထွက်တာဗျ လို့.. အရှက်ပြေ ပြောနေသေးတယ်..။ အဲဒီနေ့ညနေက.. ကျွန်တော်တို့အဖွဲ့ လမ်းလျှောက်ဈေး သွားကြတော့ တဖွဲ့လုံးက သူ့ကို “ ခင်ဗျားခေါင်းကို တရုတ်တွေ ကွက်ကြည့်ကွက်ကြည့် လုပ်နေတယ်.. ဘာဖြစ်လို့လဲ မသိဘူးနော် ” လို့.. ၀ိုင်းစကြတယ်..။

သူကလည်း လူနောက်ဆိုတော့.. “ ကျုပ်ခေါင်းက အနံ့ရလို့ နေမှာပေါ့ ” တဲ့..။ ပြန်ပြောတယ်..။ တဖွဲ့လုံး အဲဒီနေ့က တ၀ါးဝါး တဟားဟား နဲ့.. အူပေါက်အောင် ရယ်နေခဲ့ကြတယ်..။ ဇာတ်လမ်းက ပြန်ခါနီး ဟိုတယ် check out လုပ်တဲ့အထိ မပြီးချင်သေးဘူး..။ bill ရှင်းတော့.. ကျော်သူရက “ သူငယ်ချင်း မင်းတို့အခန်းမှာ ယောက်ျားနှစ်ယောက် တည်းပြီး.. lubricant တစ်ထုပ် သုံးထားတယ်တဲ့.. အဲဒါ receptionist တွေက.. မသင်္ကာ ဖြစ်နေတယ် ” လို့ နောက်နေသေးတယ်..။

45.5 တရုတ်ပြည်သွားတောလား နိဂုံး

တရုတ်ပြည်နဲ့ပါတ်သက်လို့.. ဟိုပြောဒီပြော.. ခပ်သောသောလေး ပြောခဲ့တာ.. ကုန်သလောက် စုံသလောက် ရှိသွားခဲ့ပြီ..။ ပြောစရာကျန်တာဆိုလို့.. တရုတ်ပြည်က (ကျွန်တော်တို့တွေ့ဆုံခဲ့ရတဲ့) ကုမ္ပဏီတွေ အကြောင်းရယ်.. သူတို့ရဲ့ စီးပွားရေးလုပ်ထုံးလုပ်နည်းတွေ အကြောင်းရယ်.. ရဲမြင့်ခေါ် ရေမြင်းရဲ့ တရုတ်ပစ္စည်းများ ခန့်မှန်းဈေးဖြတ်နည်းရယ် လောက်ပဲ ကျန်တော့တယ်..။

အဲဒါလေးတွေကို တရုတ်ပြည်သွားတောလားရဲ့ နိဂုံးအဖြစ်.. အကျဉ်းရုံးပြီး (အကျယ်လည်းရေးစရာမရှိပါ) နည်းနည်းရေးလိုက်ရပါတယ်..။

စီးပွားရေးပြုပြင်ပြောင်းလဲမှု အကျိုးဆက်အဖြစ်နဲ့ တရုတ်ပြည်မှာ.. နိုင်ငံတကာနဲ့ ဆက်သွယ်ဆက်ဆံတဲ့.. အကြီးစား၊အသေးစား၊ အလတ်စား၊ ပိစိကွေး လုပ်ငန်းတွေ ပေါ်ပေါက်လာခဲ့ရတယ်..။ တချို့လုပ်ငန်းတွေကျတော့လည်း ပြည်တွင်းလိုအပ်ချက် ပြည့်မီရေးတောင် မနည်းဖြည့်စွမ်းနေရလေတော့.. နိုင်ငံတကာကုန်သွယ်မှု အတွေ့အကြုံမရှိဘဲ.. လုပ်ငန်းကြီးကတော့ ဧရာမ လုပ်ငန်းကြီးတွေ ဖြစ်နေတာ တွေ့ရပါတယ်..။

တချို့ကျတော့လည်း ပြည်တွင်းပြည်ပ ဒေါင်ဒေါင်မြည် ဆက်ဆံနိုင်တဲ့အထိ.. International Organization တွေ ဖြစ်နေကြပါပြီ..။

များသောအားဖြင့်တော့.. ကွန်မြူနစ်လက်အောက်မှာ နှစ်ပေါင်းများစွာနေလာခဲ့တဲ့ ဒေသခံတရုတ်တွေထက်.. ဟောင်ကောင်၊မကာအို၊တိုင်ဝမ် အစရှိတဲ့ နိုင်ငံခြားတိုင်းပြည်က တရုတ်တွေက ပိုပြီး စီးပွားရေးအမြင် လည်ဝယ်တာ တွေ့ရပါတယ်..။

ကျွန်တော်တို့ စက်ပစ္စည်းဝယ်တဲ့ စက်ရုံတစ်ရုံဆိုရင်.. ဒေသခံတရုတ်တွေ ပိုင်တာဖြစ်တဲ့အပြင်.. သူတို့ရဲ့ ဖောက်သည်တွေကလဲ ပြင်ပကဆိုလို့ ကျွန်တော်တို့ပထမဦးဆုံးဖြစ်နေလေတော့.. အရောင်းအ၀ယ်စာချုပ် လုပ်မယ်ဆိုလည်း.. ကြိုက်သလိုသာလုပ်ဆို ပြီး လက်မှတ်ထိုးပေးတယ်..။

ငွေရေးကြေးရေးကိုလည်း.. ကြိုက်တဲ့ပုံစံနဲ့သာ ပေးဆိုပြီး သဘောတူတယ်..။ သင်္ဘောတင်ဖို့.. ပစ္စည်းတွေထုတ်ပိုးဖို့ ဆိုရင်လည်း.. သူတို့သိမနေဘူး..။ လိမ်မယ်ကောက်မယ်ဆိုတဲ့သဘောမျိုး ဝေးလို့.. ရှိသင့်ရှိထိုက်၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့.. အရောင်းအ၀ယ်စာချုပ်တစ်ခု ဖြစ်ရေးကိုတောင်.. ကျွန်တော်တို့ကပဲ ဦးဆောင်ခဲ့ရတယ်..။

တကယ့်ကို.. နိုင်ငံတကာစီးပွားရေးအဖွဲ့အစည်း အဆင့်မီနေတဲ့.. ကုမ္ပဏီကျတော့လည်း.. ကျွန်တော်တို့နဲ့ ဈေးစကားပြော၊ ဈေးဖြတ်.. လက်ခံတွေ့ဆုံ ဆွေးနွေးတာက.. မြန်မာ့မျက်စိနဲ့ကြည့်ရင် ငချွတ်ကလေးသာသာပဲ..။

အဲဒါကတော့.. တရုတ်ပြည်မကြီးက ကုမ္ပဏီလုပ်ငန်းစုတွေကို .. ကိုယ်စားပြုတဲ့အမြင်ဖြစ်ချင်မှ ဖြစ်ပေမယ့်..ကျွန်တော်တို့ ထိတွေ့သိမြင်ခဲ့ရတဲ့ တစိတ်တပိုင်းရုပ်လုံးပါပဲ..။

တခြားမှတ်မှတ်သားသား ပြောစရာဆိုလို့.. ရေမြင်း ရဲ့ တရုတ်လုပ်ပစ္စည်းများ ကြမ်းခင်းဈေးဖြတ်နည်း သီဝရီ အကြောင်း ပြောရမှာပဲ..။

စက်ရုံတစ်ရုံရောက်လို့.. ဘယ်ပစ္စည်းကဘယ်ဈေးလို့.. ဈေးဖွင့်တာနဲ့ ရေမြင်းက .. ဂဏန်းတွက်စက် ကောက်ကိုင်ပြီး.. ဈေးများတယ်.. ဈေးနည်းတယ်.. ဈေးချောင်တယ်.. တန်တယ်.. စသဖြင့်.. တန်းပြောလို့.. ဘယ်လိုတွက်လိုက်တာလဲ လို့ စပ်စုမိတယ်..။

ဒါများအလွယ်လေး.. သူတို့ပစ္စည်းရဲ့ အလေးချိန်ကို.. မြန်မာပြည်က သံဈေးနဲ့ မြှောက်.. ရလာတဲ့ရလာဒ်ကို သုံးဆပြု လိုက်တာလို့.. ရေမြင်းကပြောတယ်..။

ဥပမာ တရုတ်လုပ်.. Generator တစ်လုံးရဲ့ ဈေးဆိုရင်.. စက်အလေးချိန် တစ်တန်လေးရင်.. သံဈေးတစ်တန် သုံးသိန်းလောက်နဲ့ မြှောက်ပြီး.. သုံးဆထပ်ပြုတော့ ကိုးသိန်းပေါ့..။ စက်ပစ္စည်းမှာ ထည့်သွင်းတပ်ဆင်ထားတဲ့.. Technology မြင့်တာမမြင့်တာ.. သုံးထားတဲ့ပစ္စည်းတွေ Quality ကောင်းတာမကောင်းတာ စတာတွေကို ထည့်မတွက်တော့ဘူးလားလို့ ကျွန်တော်က စောဒကတက်တော့.. “ခင်ဗျားတို့အခုဝယ်တဲ့ စက်တွေမှာ.. အဲဒါတွေထည့်တွက်စရာ ဘာပါလို့လဲ ” တဲ့..။

ရေမြင်းက ပြန်ပြောတယ်..။

ဟုတ်တော့လည်း ဟုတ်ပါတယ်..။ တရုတ်လုပ် စက်ပစ္စည်းတွေ အထူးသဖြင့် သံထည်ကြီးတွေနဲ့ ခိုင်ခိုင်ခန့်ခန့် လုပ်ထားတဲ့ စက်တွေဆိုရင်.. မူလီ၊၀က်အူကနေ.. ရှိသမျှ ပစ္စည်းအားလုံး တရုတ်ပြည်တွင်းဖြစ်တွေချည်းပဲ ဆိုတော့.. ရေမြင်းရဲ့ တွက်နည်းက.. နည်းနည်းတော့ အကြမ်းဖျဉ်းမှန်းဆနိုင်တာ တွေ့ရပါတယ်..။

ကဲ.. အဲဒါလေးကို.. တရုတ်ပြည်သွားတောလားရဲ. နိဂုံးချုပ်အနေနဲ့.. မျှဝေလိုက်ရပါကြောင်း..။

Friday, June 12, 2009

44.1 သူတို့ရထား စီးကြမလား

Wenzhou မှာ နှစ်ရက်နေပြီး ရေမြင်းရဲ့ အလုပ်ကိစ္စအတွက်နဲ့ ကျွန်တော်တို့အဖွဲ့ Changzhou ဆိုတဲ့ မြို့ကို ထွက်ခဲ့ကြတယ်..။ Changzhou ဆိုတာ.. တရုတ်ပြည်ရဲ့ ရှေးဘုရင်နန်းစိုက်တဲ့ နန်ကင်း(Nanjing)နေပြည်တော်နားက စက်မှုလက်မှု ထွန်းကားတဲ့ မြို့ တစ်မြို့ပါပဲ..။ ပုံမှန်ဆိုရင်တော့ Wenzhou ကနေ Nanjing နိုင်ငံတကာလေဆိပ်ကို လေယာဉ်စီး၊ အဲဒီကမှ တဆင့် Changzhou ကို အမြန်ရထား ပြန်စီးရပါတယ်..။

ဒါပေမယ့် ထုံးစံအတိုင်း လေယာဉ်လက်မှတ်က စောင့်ရမယ် ဆိုတာနဲ့ .. Wenzhou ကနေ Nanjing ကို.. ရိုးရိုး ရထားစီး၊ အဲဒီကမှ တဆင့် Changzhou ကို အမြန်ရထားပြန်စီး ဖို့ ဆုံးဖြတ်လိုက်ကြတယ်..။ ပြည်မကြီးရဲ့ ရထား စီးဖူးသွားတာပေါ့..။ စီးတာမှ တန်အောင်ကို စီးခဲ့ရတယ် ပြောရမှာပဲ..။ Wenzhou ကနေ ညနေ ငါးနာရီလောက် ထွက်လာတာ.. နောက်တနေ့ မနက် ရှစ်နာရီလောက်မှ Nanjing ရောက်တယ်..။

ရထားက.. ကျွန်တော်တို့ ရွှေနိုင်ငံက.. ရန်ကုန်မန္တလေး အမြန်ရထား ဆန်ဆန်ပါပဲ..။ အဆင်အပြင်.. သွားတာလာတာ.. နှေးတာမြန်တာ ကအစ.. အတူတူလောက် ရှိတယ်..။ ထူးခြားတာက.. တွဲစောင့်က ကျွန်တော်တို့ဆီမှာလို့.. ယောက်ျားမဟုတ်ဘဲ မိန်းမ ဖြစ်နေတယ်..။ မိန်းမတောင်မှ ကျားကျားလျားလျား စစ်သားကြီးလုံးလုံး ဗိုလ်မှုးကြီးရှုံးလောက်ကဲ့ ဆိုတဲ့ မိန်းမမျိုး..။

ရင်အုပ်ကျယ်ကျယ်.. အရပ်မြင့်မြင့် .. စစ်စိမ်းရောင် ယူနီဖောင်း တင်းတင်းရင်းရင်းနဲ့ သူ့ပုံက ကိုယ့်ထက်တောင် ယောက်ျားပီသ နေသေးတယ်..။ အရယ်အပြုံးမရှိ၊ မျက်နှာ သေနဲ့.. ဒေါက်ထိမောက်ထိကြီး..။ သူ့ကြည့်ပြီး နည်းနည်းတော့ ဖြုံသွားခဲ့ရတယ်..။ သူကတော့.. ကျွန်တော်တို့ လက်မှတ်ကို တချက်တောင်းကြည့်ပြီး ကျွန်တော်တို့ စီးရမယ့် အခန်းကို မထုံတက်တေးရုပ်နဲ့ တရုတ်သရဲတွေ လက်ညှိုးထိုးသလို ထိုးပြတယ်..။

အခန်းက.. မြန်မာပြည်ကလို လေးယောက်ဆန့် အိပ်စင်ခန်း မဟုတ်ဘဲ တစ်ခန်းကို အိပ်စင်ခြောက်ခု ပါတယ်..။ တစ်ဖက်သုံးယောက်နဲ့ ခြောက်ယောက်အိပ် ဆိုတော့ အပေါ်ဆုံး အိပ်စင်က တွဲခေါင်နဲ့ အတော်ကပ်သွားတာ တွေ့ရတယ်..။ အခန်းအကျယ်အ၀န်းကတော့ ကျွန်တော်တို့ဆီကလိုပါပဲ..။ သိပ်ကြီး ကျယ်လွင့်လှတယ်တော့ မဟုတ်ပါဘုး..။

ဒါပေမယ့် ကျွန်တော်တို့အခန်းထဲမှာ တခြားခရီးသည်တွေ မပါဘဲ ကျွန်တော်တို့ချည်းဆိုတော့.. လွတ်လွတ်လပ်လပ်.. အေးအေးလူလူ တော့ စီးခဲ့ရပါတယ်..။ အဲသလို လွတ်လပ်အေးလူတော့လည်း.. သူငယ်ချင်းတသိုက် ..အိပ်တွေနေရာချပြီးတာနဲ့ အဖျော်ယမကာလေး မှီဝဲဖို့ လုပ်ငန်းစကြပါတယ်..။ လက်တွန်းလှည်းနဲ့ လာရောင်းတဲ့ အရက်နဲ့ အကြော်အလှော် တချို့ဝယ်ပြီး အခန်းထဲမှာပဲ ၀ိုင်းလိုက်ကြတယ်..။

ပါတ်ဝန်းကျင်ရှုခင်းကို ကြည့်လိုက်၊ ခွက်လေးလှည့်လိုက်၊ အမြည်းလေး စားလိုက်နဲ့ ဇိမ်ယူလို့မှ မဆုံးသေးဘူး.. ဗိုလ်မှုးကြီး ရှုံးလောက်ကဲ့ ဆိုတဲ့ တွဲစောင့် မိန်းမ အခန်းဝရောက်လာပြီး ည ဆယ်နာရီဆို မီးပိတ်မယ် လို့ လာပြောတယ်..။ သောက်လို့စားလို့မှ အရှိန်လေးရနေတုံး.. မီးပိတ်မယ်ဆိုတော့.. ကျွန်တော်တို့လည်း နည်းနည်းတော့ ဖီးငုတ်သွားခဲ့ရတယ်..။

သို့သော် သူ့အရပ်နဲ့ သူဇာတ်ဆိုတော့လည်း “ ပိတ်တော့လည်း ပိတ်ပေါ့ ”..။ ဘာတတ်နိုင်တာ မှတ်လို့..။ မကြာပါဘူး.. ရထားတစ်တွဲလုံး မဲမှောင်သွား တော့တယ်..။ ကဲ မီးတော့ ပိတ်သွားပြီဟေ့.. ခွက်လှည့်လက်စလေးတွေ မပြတ်အောင်.. ဟမ်းဖုံးလေးတွေ ဖွင့်ကြတာပေါ့ ဆိုပြီး ဟမ်းဖုံးအလင်းရောင်နဲ့ ကျွန်တော်တို့ ဆက်သောက် နေလိုက်တယ်..။

ဒါပေမယ့်.. ခွက်လှည့်လို့မှ မဆုံးခင်.. တွဲစောင့်ဟာကျုလီမက အခန်းပေါက် ရောက်လာပြန်တယ်..။

“အိပ်ကြတော့” တဲ့..။ “ သောက်တာစားတာတွေ ရပ်ပြီး အိပ်တော့ ” တဲ့..။

မကြုံဖူးပေါင်၊ ဂုဏ်ထူးဆောင် ဆိုတာမျိုးပဲ..။ ကျွန်တော်တို့ အဖွဲ့သောက်စားနေတာ တခြားအခန်းတွေ အနှောင့်အယှက်ဖြစ်တယ်ဆိုလဲ ထားတော့..။ သူများနိုင်ငံမို့ လို့.. သူငယ်ချင်းတသိုက် စကားပြောတာတောင်.. ဗိုင်းကောင်းကျောက်ဖိ လေသံနဲ့၊ အကြော်အလှော်ဝါးတာတောင်.. ညင်ညင်သာသာလေး၊ အံဆုံးနဲ့ကြိတ်ကြိတ် ၀ါးနေတဲ့ကြားက.. “ အိပ်ကြတော့ ” တဲ့..။

စိတ်ထဲမယ် နည်းနည်းတော့ ကျွဲမြီးတိုသလို ဖြစ်သွားခဲ့ရတယ်..။ ရေမြင်းကတော့ အိစိကွစိ နဲ့ အခြေအတင် ပြန်ပြောပါသေးတယ်..။ ဒါပေမယ့်.. ဟာကျုလီမက ဘူးဆို ဖရုံမသီးဆိုတဲ့ မျက်နှာပေးနဲ့မို့ ကျွန်တော်ကပဲ.. “ ကဲပါ ရေမြင်းရာ၊ အိပ်ဆိုတော့လည်း အိပ်ကြတာပေါ့.. အိပ်ရေးဝတာပေါ့ ” လို့ ၀င်ဖြတ်ရင်း bloody communist လို့ ပါးစပ်က အလိုလို ထွက်သွားတော့.. တခြား သူငယ်ချင်းက “ဟေ့ကောင်၊ ဟေ့ကောင်” ဆိုပြီး ပါးစပ်လှမ်းပိတ်တယ်..။

ဟာကျုလီမကတော့.. ကျွန်တော်ပြောတာ နားမလည်တာလား၊ မကြားတာလား မသိပါဘူး..။ ခပ်တည်တည်နဲ့ လှည့်ထွက်သွားတော့တယ်..။

ကျွန်တော်တို့သူငယ်ချင်း တသိုက်လည်း.. မူကြိုကလေးတွေလို.. မအိပ်ချင်လည်းအိပ်၊အိပ်ချင်လည်းအိပ်၊ မျက်စိကို ဇွတ်မှိတ်လို့ အိပ်လိုက်ကြရပါတော့တယ်..။

အတွေ့အကြုံက ဒီလောက်တင်ပဲလားဆိုတော့.. မကပြန်ဘူး..။ နောက်တနေ့မနက်.. နန်ကင်းဘူတာ မရောက်မီ တစ်နာရီခွဲလောက်အလိုမှာ.. ဟာကျုလီမ ပေါက်ချလာပြီး.. ကျွန်တော်တို့ကို အခန်းထဲက ခဏထွက်ပေးလို့ လာပြောပြန်တယ်..။ ဘာဖြစ်လို့လဲ ဆိုတော့.. အခန်းသန့်ရှင်းရေး ကြိုလုပ်ထားမလို့တဲ့..။ နောက်တစ်နာရီခွဲလောက်ဆို.. ရောက်တော့မယ် တဲ့..။

ဒီတစ်ခါတော့ ကျွန်တော်တို့လည်း ဘယ်ရမလဲ..။

“ ဟောင် .. ဟောင် ” ဆိုပြီး တက်ညီလက်ညီ အားလုံးထွက်ပေးလိုက်ကြပါတယ်...။



Wenzhou ကနေ စီးခဲ့ရတဲ့ .. ဟာကျုလီ ရထား

(ဂျင်းအင်္ကျီနဲ့ ပုဂ္ဂိုလ်က ရေမြင်း ပေါ့ )



ဘီယာကိုမြုံ့ စောင်ကိုချုံလျက်

(ကျော်သူရနဲ့ကျွန်တော်)

44.2 Changzhou သို့

အဲသလိုနဲ့ ကျွန်တော်တို့အဖွဲ့ Nanjing (နန်ကင်း) ရွှေမြို့တော်ကြီး ကို ဘေးမသီရန်မခ၊ အိပ်ရေးဝစွာ နဲ့ အောင်မြင်စွာ ဆိုက်ရောက်လာခဲ့ကြတော့တယ်..။ အညာသား အညာဆောင်းနဲ့ တသက်လုံး နပမ်းလုံးလာခဲ့တယ်ဆိုပေမယ့်.. တရုတ်ပြည်က အအေးဒဏ်က အညာထက် ပိုပြင်းတာကို သတိထားမိတယ်..။ ကျွန်တော်တို့ မပြောနဲ့။ သူတို့ ဌာနေတရုတ်တွေတောင်.. သိုးမွှေးအင်္ကျီ အထပ်ထပ်နဲ့ ချမ်းနေကြတာ တွေ့ရတယ်..။

တရုတ်မလေးကတော့ ခြေထောက်တွေပါ ချမ်းဟန်တူတယ်..။ အားလုံးလိုလို လည်ရှည်ဘွတ်ဖိနပ် တွေနဲ့ စတိုင်ကျကျ ကြွကြွရွရွလေးတွေမို့ ကျွန်တော်တို့မှာ သူတို့ကို မကြည့်မိဖို့ မတတ်နိုင်အောင် ဖြစ်ကြရပါတယ်..။ (ကိုယ့်ကိုယ်ကိုတောင် သနားလာပြီ )

သို့သော်.. အဲသလို အလှအပ တွေမှာ ယစ်မူးနေဖို့ အချိန်မရဘဲ ရေမြင်းရဲ့ အလုပ်ကိစ္စက လောနေတာနဲ့ .. ချက်ခြင်းပဲ.. Nanjing ဘူတာကနေ .. changzhou ကို ချီတက်ခဲ့ကြတော့တယ်..။ ဒီတစ်ခါ စီးရတဲ့ ရထားက Shanghai ~ Nanjing အမြန်ရထားဆိုတော့.. အရင်ရက်က စီးခဲ့ရတဲ့ ရထားနဲ့ မဆီလေးရယ်မှ အိုမဆိုင် ဆိုသလိုပါပဲ..။

ကြားဖူးနေကျ ကျဉ်ဆန်ရထားတွေလောက် မမြန်ပေမယ့်.. ကီလိုမီတာ နှစ်ရာလောက်တော့ သူလည်း အမြန်ဆုံးမောင်းတာ တွေ့ရပါတယ်..။ အဲဒီရထားတွေက ပုံမှန် Shanghai ကနေ စထွက်ပြီး Nanjing မှာ ဂိတ်ဆုံးတာပဲ..။ ကျွန်တော်တို့ သွားမယ့် Changzhou ဆိုတာကတော့ ကြားဘူတာ ပေါ့..။

Nanjing ကနေ ခရီးသည် အတက်အဆင်းလုပ်တာ တခြားဘူတာ ရပ်တာတွေပါ ထည့်တွက်ရင်.. Changzhou အရောက် တစ်နာရီခွဲလောက်တော့ ကြာပါတယ်..။ ဒါပေမယ့် ရထားက အတော့်ကို သက်တောင့်သက်သာ ငြိမ့်ငြိမ့်ညောင်းညောင်း ရှိတာမို့ Changzhou ကို ရောက်လို့ ရောက်မှန်းတောင် မသိလိုက်ပါဘူး..။ ရထားခကလည်း သူ့ခရီးနဲ့သူ အတော့်ကို သက်သာတယ်လို့ ပြောရမှာပဲ..။ တစ်ယောက်ကို တရုတ်ယွမ်လေးဆယ် ဆိုတော့ မြန်မာငွေ ခုနှစ်ထောင်လောက်ပဲ ကျတာမို့ ရွှေနိုင်ငံက ရထားခနဲ့ယှဉ်ရင်တောင် နည်းနေပါသေးတယ်..။

Changzhou ရောက်တော့ ရေမြင်းရဲ့ business partner က ဘူတာမှာ လာကြိုနှင့်နေတယ်..။ စက်ရုံက GM ကိုယ်တိုင် လာကြိုမှာ လို့ ရေမြင်းက လမ်းတစ်လျှောက် ပြောပြောနေတာမို့ .. တကယ်တမ်းတွေ့ရတော့ ဟုတ်မှ ဟုတ်ရဲ့လားလို့တောင် ထင်မိတယ်..။ လူက အသက်နှစ်ဆယ်အစိတ်လောက် ချာတိတ်လေး ဖြစ်နေတဲ့အပြင် သေးသေးညှက်ညှက်လေးဆိုတော့.. သူ့ကို တွေ့တွေ့ချင်း ကျွန်တော့်မှာ ဒီကောင် ဒရိုင်ဘာ ထင်ပါရဲ့ လို့တောင် တွေးမိသေးတယ်..။

နောက် ရေမြင်း မိတ်ဆက်ပေးတော့မှ.. GM ဖြစ်နေမှန်း သိရတော့တယ်..။

တရုတ်ပြည်မကြီးမှာ (ကျွန်တော်တို့ ထိတွေ့ခွင့်ရခဲ့သလောက် ) စီးပွားရေးလုပ်ငန်းတွေရဲ့ အရေးပါအရာရောက်တဲ့ သူတွေက.. အဲသလို လူငယ်လူရွယ်တွေ ဖြစ်နေတာ တွေ့ခဲ့ရတယ်..။ ကျွန်တော်တို့စက်ပစ္စည်းတွေဝယ်ဖို့ ဆွေးနွေးခဲ့တဲ့ Wenzhou စက်ရုံရဲ့ Executive Level ကလည်း လူငယ်တွေပဲ..။ ကုန်ကြမ်းကိစ္စနဲ့ ရောက်ခဲ့တဲ့ စက်ရုံမှာလည်း ဈေးနှုန်းဖြတ်တာ.. အရောင်းအ၀ယ်စကားပြောတာ.. စတာတွေကို ဒိုင်ခံပြီး ဆွေးနွေးတာ ချာတိတ်လေး တစ်ယောက်ပဲ..။

တရုတ်ပြည်ရဲ့ စီးပွားရေးက ဒီရေတက်သလို ဘက်ပေါင်းစုံက ပြိုင်တက်လာတော့.. အလုပ်အကိုင်အခွင့်အလမ်းတွေက.. လူငယ်လူရွယ်တွေလက်ထဲ အလိုလို ရောက်သွားခဲ့ဟန် တူပါတယ်..။ လုပ်ရင်းကိုင်ရင်းနဲ့ လူငယ် တွေရဲ့ အရည်အသွေးတွေကလည်း..မုဆိုးစိုင်သင် ပြည့်ဝလာဟန် ရှိပါတယ်..။ သူတို့ကြည့်ပြီး အခွင့်အလမ်းတွေသာ လုံလုံလောက်လောက် ရှိခဲ့ရင် .. ကိုယ့်နိုင်ငံက လူငယ်တွေလည်း..သူတို့လို မဖြစ်စရာ မရှိဘူးလို့ တွေးမိတယ်..။ စံနစ်ကောင်းဆိုတာ.. လူပျင်းလူဖျင်းတွေကိုတောင် ဒရွတ်တိုက်ဆွဲခေါ်နိုင်စွမ်း ရှိပါတယ်..။ စံနစ်မကောင်းလို့ကတော့ လူတော်လူမော်တွေတောင် လူရှော်ဖြစ်သွားရော..။

ရန်ကုန်စီးပွားရေး တက္ကသိုလ် မှာ နိုင်ငံခြားက ပုဂ္ဂိုလ်ကျော်တစ်ယောက် “ ကွန်ဖြူးရှပ်အတွေးအခေါ်နဲ့ တရုတ်ပြည်စီးပွားရေး ” ခေါင်းစဉ်နဲ့ ဟောပြောပွဲ လုပ်ပါတယ်..။ ကွန်ဖြူးရှပ်ရဲ့ အတွေးအမြင်တွေက မျက်မှောက် ခေတ် တရုတ်ပြည်စီးပွားရေးကို ဘယ်လိုလွှမ်းမိုး တိုးတက်စေတယ် လို့ သူပြောတော့.. အငြိမ်းစား ပါမောက္ခချုပ် ဆရာကြီး ဦးမြသိန်းက “ တရုတ်ပြည်စီးပွားရေး boom ဖြစ်လာတာ.. ကွန်ဖြူးရှပ်ကြောင့် မဟုတ်ပါဘူး ..ကွန်ဖြူးရှပ်ပေါ်တာ နှစ် နှစ်ထောင်ကျော်ပါပြီ.. တရုတ်ပြည်က အခုမှ တိုးတက်လာတာပါ ” လို့ ထပြောတယ်..။

သူတို့အဲသလို ဆွေးနွေးတာ နားထောင်ပြီး “ကွန်ဖြူးရှပ်တောင် နှစ်နှစ်ထောင်လောက် ငုတ်တုတ်မေ့နေခဲ့ရပါလား ” လို့ တွေးနေမိခဲ့ပါတယ်..။



Shanghai ~ Nanjing အမြန်ရထားပေါ်က ရွှေနှစ်ယောက်

44.3 Changzhou အမှတ်တရ ည

Changzhou ရောက်ရောက်ခြင်း ရေမြင်းရဲ့ အလုပ်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေခဲ့ကြတယ်..။ စက်ရုံသွားကြည့်.. ဈေးစကားပြော.. ပစ္စည်းရွေး နဲ့ နေ့လည်ဆယ်နာရီလောက်က စလိုက်ကြတာ.. ညနေ ငါးနာရီလောက်မှ အလုပ်က လက်စသတ်နိုင်တော့တယ်..။ ဘူတာကနေဆင်းဆင်းခြင်း စက်ရုံတန်းသွားခဲ့ကြာဆိုတော့.. အဲဒီအချိန်ထိ ဟိုတယ်တောင် မ၀င်ရသေးဘူး..။ စိတ်မောလူမောနဲ့ ဗိုက်တွေလည်း ဆာနေပြီမို့ စားပြီးသောက်ပြီးမှပဲ ဟိုတယ် သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်..။ စက်ရုံက GM ဆိုတဲ့ ပုဂ္ဂိုလ်လေးရယ်၊ သူ့ကောင်မလေးလိုလို(စက်ရုံက Accountant လိုလို) ရယ်က ကျွန်တော်တို့အဖွဲ့ကို ညစားလိုက်ကျွေးတယ်..။

GM ကောင်လေးက.. ပိန်ပိန်ပါးပါး ဆံပင်ထောင်ထောင်နဲ့မို့ Fido Dido နဲ့ တူတယ်ကွ လို့ ကျွန်တော် ပြောမိတော့ ကျော်သူရက “ကောင်လေးက စိုင်းစိုင်းခမ်းလှိုင်နဲ့ တူတယ်” လို့ ဖေးဖေးမမလေး ပြောရှာတယ်..။ သူ့ကောင်မလေးကတော့.. တရုတ်မပုံမပေါက်ဘဲ ခြေဆစ်လက်ဆစ်ခပ်တုတ်တုတ်နဲ့ မွန်ဂိုမလေး နဲ့ ပိုတူတယ်..။ ငယ်ဂုဏ်ရှိတာရယ်.. ရွှင်ရွှင်လန်းလန်းတက်တက်ကြွကြွ ရှိတာရယ်ကြောင့် သူက ချစ်စရာတော့ ကောင်းပါတယ်..။

သူတို့လိုက်ကျွေးတဲ့ ဆိုင်က Changzhou မြို့ရဲ့ နာမည်ကျော် တူးမြောင်းတစ်ခုရဲ့ ကမ်းနဖူးက ဆိုင်ပဲ..။ အဲဒီတူးမြောင်းရဲ့ သက်တမ်းက နှစ်ပေါင်း ထောင်နဲ့ချီ ရှိပြီး.. အရှည်က မိုင် တစ်ထောင့်နှစ်ရာ နီးပါး ရှိပါတယ်..။ တရုတ်တွေကတော့ ဆူးအက်တို့ ပမားနားတို့ထက် သူတို့ရဲ့ အဲဒီ Grand Canal က ပိုကြီးမြတ်ပြီး ရှေးပဝေသဏီကတည်းက တရုတ်ပြည်မကြီးရဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာ ကျခဲ့တယ်လို့ ဆိုပါတယ်..။

သူတို့အဲသလို ပြောမယ်ဆိုလည်း ပြောလောက်ပါတယ်..။ အဲဒီတူးမြောင်းက လူလုပ်တူးမြောင်းဖြစ် တဲ့အပြင် Beijing (ပီကင်း) မြို့ကနေ Hangzhou (ဟန်ကျိုး) မြို့အထိ ကီလိုမီတာ 1770 ရှည်တာဆိုတော့ သူတို့ဂုဏ်ယူမယ် ဆိုလည်း မမှားပါဘူး..။ (အဲဒီအကြောင်းကို ပြည့်ပြည့်စုံစုံလေး သိချင်ရင်.. http://en.wikipedia.org/wiki/Grand_Canal_of_China မှာ သွားဖတ်ကြည့်ကြပါကုန်)

ကြည့်ရတာ ရေမြင်းရဲ့ Partner က အရောင်းအ၀ယ် အောင်မြင်တဲ့အထိမ်းအမှတ် အနေနဲ့ ကျွန်တော်တို့ကို အဲသလို ဆိုင်မျိုး လိုက်ကျွေး ထင်ပါရဲ့..။ ဟင်းပွဲမှာတာကအစ.. honour လုပ်တဲ့သဘောမျိုးလေးတွေနဲ့ မှာတာ သတိထားမိတယ်..။ အဲဒါထက်ပိုထူးခြားတာက .. မှာတဲ့ဟင်းပွဲကို အတီးအမှုတ်နဲ့ လာချတာပဲ..။ မှာသမျှ ဟင်းပွဲတိုင်းကို အတီးအမှုတ်နဲ့ လာချတာတော့ မဟုတ်ပါဘူး..။ သတ်မှတ်ထားတဲ့ ဈေးခပ်ကြီးကြီး ဟင်းပွဲမျိုးကိုသာ.. စားပွဲထိုးမလေးတွေ လေးငါးခြောက်ယောက်က.. တရုတ်ကားတွေထဲက သတို့သမီးလာပို့သလိုမျိုးဆန်ဆန် တခမ်းတနား လာပို့တာပဲ..။

ထွင်တယ်ပဲ ပြောရမလား..။ Marketing Strategy တစ်မျိုးလို့ ဆိုရမလားပဲ..။ လင်ကွင်းသံ၊ ဘင်သံ တွေနဲ့ ဟင်းပွဲကထွက်လာတော့ ဘေးဝိုင်းတွေကပါ.. သတိထားမိပြီး.. ဘယ်ဝိုင်းကမှာတာလဲလို့ ၀ိုင်းကြည့်ကြတယ်..။ မှာတဲ့သူတွေကလည်း.. ငါ့တို့ကို သူများတွေ ကြည့်နေကြပြီဆိုတဲ့အထာနဲ့ ဆိုတော့ ဟုတ်နေတာပါပဲ..။ ကျွန်တော်တို့လည်း ဘယ်နေမလဲ..။ သူတို့ဆီက လင်ကွင်းနဲ့ ဘင်ကို ယူပြီး ကိုယ်တိုင် ကိုယ်ကျ ၀င်တီးပစ်လိုက်ကြတယ်..။ ပိုမြိုင်သွား တာပေါ့..။



သူတို့အခုလို လာပို့ကြတယ်..



ကျွန်တော်တို့က အခုလို ၀င်နွှဲလိုက်ကြတယ်..



စိုင်းစိုင်း (သို့) Fido Dido ၊ မွန်ဂို မလေး နဲ့ ပွကြီးတို့တသိုက်

Thursday, April 23, 2009

43.1 တရုတ်ပြည်သွား တောလားနိဒါန်း

အရင်အလုပ်မှာတုံးက တရုတ်ပြည် ရွှေလီဖက်ကို.. marketing trip ထွက်ဖူးတယ်..။ ပုံမှန် ဆိုရင် မြန်မာဖက်ကမ်း မူဆယ်နဲ့ မျက်နှာချင်းဆိုင် ဂျယ်ခေါင် ဆိုတာကို ဖြတ်ပြီး .. ရွှေလီကို သွားရတာပဲ..။ အဲသလို သွားဖို့ဆိုရင် တစ်ပတ်သက်တမ်းရှိတဲ့ border pass စာအုပ်လေး လျှောက်ရတယ်.။ ဒါပေမယ့် ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ အဲဒီစာအုပ်က ကုန်တော်မူနေလို့.. မှောင်ခို ပစ္စည်းခိုးခိုးသယ်တဲ့လမ်းကြောင်း အတိုင်း ရွှေလီမြစ်ကို ဖြတ်ပြီး သွားခဲ့ရတယ်..။

အဲဒါက ကျွန်တော့်ဘ၀မှာ ပထမဦးဆုံး တရုတ်ပြည် ရောက်ဖူးခဲ့တာပဲ..။ တရုတ်၊ ကုလား ဆိုတဲ့ စကားလုံးက ကျွန်တော်တို့ မြန်မာတွေ အနေနဲ့ ငယ်ငယ်ကတည်းက သိပ်မစိမ်းတဲ့ စကားလုံးပဲ..။ ငယ်တုံးကဆို “ တရုတ်၊တရုတ် သောက်စားပုတ်.. ကုလားကုလား ၀က်ချီးစား.. ဗမာ ဗမာ လူလိမ်မာ ” နဲ့ ကျွန်တော်တို့ အော်ဆိုခဲ့ကြတယ်..။ အဲသလိုမျိုး မစိမ်းလှပေမယ့်.. တရုတ်ကို ဘာလို့ တရုတ်လို့ ခေါ်မှန်းတော့ မသိခဲ့ရပါဘူး..။ အသားဖြူရင် တရုတ်.. အသားမဲရင် ကုလားလို့ ခေါ်တယ် ဆိုတာလောက်ပဲ သိခဲ့ကြတယ်..။

နောက်များမှ.. ဒေါက်တာသန်းထွန်းရဲ့ စာအုပ်တွေ ဖတ်မိတော့ “ တ ရုတ် ” ဆိုတာ ဗမာလို သူပုန် လို့ ပြောမှန်း သိတော့တယ်..။ ရှေးခေတ် ဗမာတွေအတွက် “ တ ရုတ် ” ဆိုတာ သူပုန်တွေ ပေါ့..။ တ ရုတ် ဆိုတဲ့ အသုံးအနှုန်းက သူပုန်ကို ညွှန်းတယ်ဆိုတာ.. ပါဠိလိုလား.. ပုဂံခေတ်စာပေလိုလား..ပျုလို လား ဆိုတာတော့ ဒေါက်တာသန်းထွန်းက သေချာပြောမထားပေမယ့်.. ရှေးခေတ်တုံးကတော့ အဲဒီအသားဖြူဖြူနဲ့ ကောင်တွေက မြန်မာပြည်ကို မကြာခဏလာပြီး ရန်စကျုးကျော်လေ့ ရှိလို့ သူပုန်လို့ ခေါ်ဟန် တူပါတယ်..။

အခုတော့ မွေးချင်းပေါက်ဖော်.. မိတ်ဆွေရင်းကြီးတွေပေါ့..။

အဲဒီပေါက်ဖော်ကြီးများရဲ့ တိုင်းပြည်ကို လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် ပြဲပြဲစင်အောင် သွားခဲ့တာလေး.. ဘလော့ဂ်ကြွလာ ဆွေသဟာတို့ ကို မျှဝေချင်တာမို့ အခုလို နိဒါန်းစကား ချီးလိုက် ရပါကြောင်း..။

တရုတ်ပြည်သွား တောလားပေါ့..။

43.2 သိုင်းလောကမှ လေယာဉ်မယ်များ

ကျွန်တော်တို့ ဦးတည်ပြီး သွားမယ့်မြို့က တရုတ်ပြည် Zhejian Province က Wenzhou ဆိုတဲ့မြို့ပဲ..။ မြန်မာပြည်ကဆိုရင် အရှေ့မြောက် လောက်မှာ ရှိမယ်ထင်တယ်..။ ကမ္ဘာကျော် Shanghai မြို့နဲ့ သိပ်မဝေးလှဘူး..။ ခရီးစဉ်က ရန်ကုန်ကနေ.. Gaungzhou (ကွမ်ကျိုး) အဲဒီကမှ တဆင့် Wenzhou လေယာဉ်စီးသွားရမှာပဲ..။ ဒါပေမယ့်.. အတူလိုက်မယ့် မန္တလေးက သူငယ်ချင်းက .. ရန်ကုန်က မသွားဘဲ.. မန္တလေး ကူမင်း (Kumming) က သွားရအောင်ပါ ဆိုတာနဲ့ ကျွန်တော်တို့မှာ သူ့အလိုလိုက်ပြီး မန္တလေးကနေ သွားလိုက်ရတယ်..။

သူ့အလိုကလည်း မလိုက်လို့ မရဘူး..။ တရုတ်စာ မတတ်ဘဲ တရုတ်ပြည်သွားရင် ရေတောင်သောက်ဖို့ မလွယ်ဘူး လို့ ကြားဖူးထားတော့ .. တရုတ်စာတတ်တဲ့ အဲဒီသကောင့်သား ပါကို ပါမှ ဖြစ်မှာကိုး..။ နောက်ပြီး သူက တရုတ်ပြည်မကြီးကို တစ်လတစ်ခေါက်လောက် သွားနေတာဆိုတော့ .. ကျွန်တော်တို့ ခရီးစဉ်က သူ့အကူအညီ မပါရင် မဖြစ်ပြန်ဘူး..။

မန္တလေး ကူမင်းကိုတော့ .. China Eastern Air Line ဆိုတာနဲ့ ချီတက်ကြရတယ်..။ လေယာဉ်က ခပ်သေးသေး ပါပဲ..။

လေယာဉ်ပေါ် စတက်ကတည်းက.. တရုတ်လေယာဉ်မယ်တွေနဲ့ တခြားကြုံဖူးတဲ့ လေယာဉ်မယ်တွေ မတူတာ သတိထားမိတယ်..။ ထိုင်းလေယာဉ်မယ်တွေဆိုရင်.. လူတွေ့တာနဲ့ လက်အုပ်လေးချီ၊ ဒူးလေးကွေးပြီး အတော့်ကို ချွဲချွဲပစ်ပစ်.. ခွေယိုင်လဲမတတ်.. “ ဆ၀ါဒီ... .. ခ ” လို့ မခို့တရို့ ပြုံးတုန့်တုန့်နဲ့ ပြောတော့တာပဲ..။ တရုတ်လေယာဉ်မယ်တွေကတော့ တရုတ်သိုင်းကားတွေထဲက မျက်နှာပေးတွေနဲ့ မထုံတက်တေး ပဲ..။ luggage တွေ ထည့်တဲ့ overhead compartment ကို ပိတ်တာကအစ.. ငယ်တုံးက ငှက်ပျောလက် သေနတ်ပစ် နေသလိုပဲ..။ တဒိုင်းဒိုင်းနဲ့ စိတ်မြန်လက်မြန် ပိတ်သွားတာ သိုင်းချနေသလား အောက်မေ့ရတယ်..။

အင်္ဂလိပ်စကား ပြောတော့လဲ.. ရော်ဘာပူပေါင်းနှစ်လုံး အချင်းချင်း ပွတ်ရင် ထွက်လာတဲ့ အသံမျိုးနဲ့..။ မပြောချင် ပြောချင်အထာနဲ့ တကျွိကျွိ.. တညိညိ အသံတွေကို စုံလို့..။ ငယ်တုံးက တရုတ်သံကို ဟာသလုပ် ပြောခဲ့ကြတာတောင် အမှတ်ရမိသေးတော့တယ်..။

“ ငြိထမိန် ငြိလျှော်..ငြိမလျှော် ငြိနံ ” ဆိုတာလေ..။

အတူသွားတဲ့ သူငယ်ချင်းသုံးယောက်မှာ တရုတ်စကားတတ်တဲ့ တစ်ယောက်က ဘာမှမဖြစ်ပေမယ့် ကျွန်တော်နဲ့ ကျန်တဲ့တစ်ယောက်ကတော့ တရုတ်မတွေ လုပ်သမျှ ပြောသမျှ အထူးအဆန်းကို ဖြစ်လို့ပါပဲ..။

ငိုအားထက် ရယ်အားသန်ရတာ ရှိသေးတယ်..။ Inflight meal ကျွေးတော့ ပေါင်မုန့်လုံးလေးတွေ ပါတယ်..။ ပုံမှန်ဆို တစ်ယောက်တစ်လုံး ပေးတာပါပဲ..။ ဒါပေမယ့် ..နောက်ထပ် ထပ်လိုချင်သူတွေကိုတော့ လေယာဉ်မယ်က ပေါင်မုန့်ဗန်းလေး ကိုင်ပြီး လိုက်မေးတယ်..။ ကျွန်တော်တို့နားကို အဲဒီပေါင်မုန့်ဗန်းနဲ့ ရောက်လာပြီး.. “ some more breads.. sir ” တဲ့..။ ဒါပေမယ့် ကျွန်တော်တို့ ကြားတာက “ some more breasts sir ” တဲ့..။ မယ်မင်းကြီးမက ခါးကုံးပြီးမေးတော့ ကျွန်တော်နဲ့ ဘေးကသူငယ်ချင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြတယ်..။ (ကြည့်ချင်တာက တခြား ဟားဟား)

လေယာဉ်ဆင်းတော့ နှုတ်ဆက်စကား ပြောတယ်..။ “ Thanks for playing with us ” တဲ့..။

ပြည်မကြီး သိုင်းလောက က လေယာဉ်မယ်တွေကတော့ အဲသလို ဗျ..။

43.3 ကူမင်းမှာ တစ်ညတာ..

သွားတုံးကတော့ ကူမင်း (Kumming) ရောက်တာနဲ့.. Wenzhou လေယာဉ်လက်မှတ် ချက်ခြင်းဝယ်ပြီး ခရီးဆက်မယ်လို့ စီစဉ်ထားတာပဲ..။ ဒါပေမယ့် တရုတ်ပြည်လေဆိပ်တွေက ရန်ကုန်ဘူတာကြီး တန်းစီနည်း တန်းစီနေကြတော့ လေယာဉ်လက်မှတ်က တစ်ရက်စောင့်ရမယ်တဲ့..။

ဦးဆောင် စီစဉ်တဲ့.. မန္တလေးသားကတော့ အေးဆေးပဲ..။ ကျွန်တော်နဲ့ အတူပါလာတဲ့ နောက်သူငယ်ချင်းတစ်ယောက်ကတော့ ပွစိပွစိနဲ့ပေါ့..။ သူက အဲသလို ဖြစ်မှာစိုးလို့ မြန်မာပြည်ကတည်းက.. connecting flight ကို ကြိုစီစဉ်ခိုင်းတယ်..။ ဒါပေမယ့်.. မန္တလေးသားက “ ဟာ.. အေးဆေးပါ.. ရပါတယ် ဟိုရောက်မှ လုပ်တာပေါ့ ” လို့ ပြောတာနဲ့ပဲ.. မစီစဉ်ခဲ့တာပဲ..။

သို့သော် ထွေထွေထူးထူး အစီအစဉ်ပျက်တာမျိုးတော့ မဖြစ်ပါဘူး..။ Wenzhou မှာ ကြိုနှင့်နေမယ် တရုတ်တွေကို ဖုံးလှမ်းဆက်လိုက်တယ်..။ တစ်ရက်နောက်ကျမယ်..။ မနက်ဖန်မှ ရောက်မယ်ပေါ့..။

အဲဒါနဲ့ Kumming လေဆိပ်ကနေ.. တည်းမယ့်ဟိုတယ် ထွက်ခဲ့ကြတယ်..။ လေဆိပ်ကနေ ငှားစီးလာတဲ့ တက်ကစီကအစ မြန်မာပြည်က တက်ကစီတွေလို မဟုတ်နေတာ သတိထားမိပြန်တယ်..။ ဒရိုင်ဘာနေရာလေးကို သံတိုင်တွေနဲ့ ကာထားတယ်..။ မသမာတဲ့ ခရီးသည်က နောက်ကနေ လုယက်မှာမျိုးကို ကာကွယ်ချင်လို့နဲ့ တူတယ်..။

နောက်ခန်းထိုင်တဲ့သူတွေနဲ့ ဒရိုင်ဘာခုံနောက်မှီကို သံတိုင်တွေနဲ့ ခြားထားတာပဲ..။ ရှေ့ခန်း ဒရိုင်ဘာဘေးခုံကိုလဲ.. ကလေးတွေနဲ့ မိန်းမတွေကလွဲလို့ မစီးရဘူးလို့ စာရေးထားတယ်..။ ဒါတောင် အဲဒီမှာလဲ သံတိုင်က ကာထားသေးတာပဲ..။ မြင်အောင်ပြောရရင် ကားပေါ်မှာ ဒရိုင်ဘာနေရာကို သီးသန့် သပ်သပ် အခန်းကန့်ထား တာမျိုးပဲ..။

ကူမင်းမှာ တွေ့သမျှ တက်ကစီအားလုံးဟာ အဲသလို ပုံစံတူတွေ ချည်းပဲ..။

ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက်မောင်းတော့ တည်းမယ့် ဟိုတယ် ရောက်တယ်..။ Camellia Hotel ဆိုတာပဲ..။ သိပ်မကြီးပေမယ့် တည်းခဲ့ဖူးသမျှ တရုတ်ပြည်က ဟိုတယ်တွေထဲ မှာ .. အင်္ဂလိပ်စကားပြော အကောင်းဆုံး Reception ရှိတဲ့ ဟိုတယ်ပဲ..။

ကူမင်းက ပင်လယ်ရေမျက်နှာပြင်ထက် မီတာနှစ်ထောင်လောက် မြင့်တာဆိုတော့.. အတော်အေးတာ သတိထားမိတယ်..။ ကျွန်တော်တို့သွားတာကလဲ.. ဆောင်းတွင်းလိုမျိုး မို့ ပိုအေးတယ်ဆိုပေမယ့် ဟိုတယ်အခန်းထဲမှာ အဲယားကွန်းတပ်ထားတာ မတွေ့ရပုံထောက်တော့ တစ်နှစ်ပတ်လုံး အေးဟန် ရှိတယ်..။ ဘယ်လောက် အေးသလဲဆိုရင် Electric Blanket တောင် ထားပေးထားတာ တွေ့ရတယ်..။

ပထမတော့ မသိပါဘူး.. မွေ့ယာအောက်ကို ၀ါယာကြိုးတစ်ချောင်း ၀င်နေတာတွေ့လို့ စပ်စုကြည့်မိမှ လျှပ်စစ်စောင် ဆိုတာ သိရတယ်..။ ဒါပေမယ့် အညာသား၊ ဆောင်းတွင်းဆို ပုဆိုးခြုံကွေးလာခဲ့တဲ့ကောင်ဆိုတော့.. အဲဒါကြီးကို ဖွင့်အိပ်ဖို့ကို စိတ်ထဲမယ် မ၀ံ့နေမိပြန်တယ်..။ ကိုယ်အိပ်နေတဲ့အိပ်ရာအောက် လျှပ်စစ်လွှတ်ထား
တယ် ဆိုတာတွေးမိပြီး တမျိုးကြီးဖြစ်နေခဲ့တာပဲ..။

ဒီကြားထဲ ဘေးကုတင်က သူငယ်ချင်းဖွင့်အိပ်တာကို “ကြည့်လဲလုပ်အုံး.. လျှပ်စစ်စောင်ဖွင့်ပြီး သေးပေါက်ချရင် ဓါတ်လိုက်သေနေအုံးမယ် ” လို့ ပြောပြီး ကိုယ့်ဖာသာ တွေးကြောက်နေတော့.. မဖွင့်ဖြစ်တော့ဘူး..။ ဒါပေမယ့်.. ကူမင်းက အအေးဒဏ်က အတော့်ကို အေးတာ ဆိုတော့ နောက်ဆုံးတော့ ကျွန်တော်လည်း မခံနိုင်တော့ဘူး..။

Toilet ထဲ ၀င်၊ ရှုးရှုးကို အတင်းအားထည့် ဖြစ်ညှစ်ပေါက်ပြီး ဖွင့် အိပ်လိုက်တော့မှ နေသာထိုင်သာ ရှိသွားတော့တယ်..။

43.4 ရဲမြင့် ခေါ် ရေမြင်း

ကျွန်တော်တို့အဖွဲ့မှာ တရုတ်စကား တတ်တဲ့ မန္တလေးသား နာမည်က ရဲမြင့် တဲ့..။ လာရှိုး တရုတ်ပဲ..။ ကျွန်တော်နဲ့ မေဂျာတူပေမယ့် သူက ကျွန်တော့်ထက် တတန်းငယ်တယ်..။ MIT second batch ကပေါ့..။ တကယ်တော့ သူက ကိုးကန့်တရုတ်ပဲ..။ ကျောင်းမှာတုံးကတော့ မေးထူးခေါ်ပြော လှမ်းတွေ့ပြုံးပြ လောက် ခင်ကြသူတွေပဲ..။

ဒါပေမယ့် ကျွန်တော်နဲ့အတန်းတူ သူငယ်ချင်း ကိုးကန့်တရုတ် လှအောင်နဲ့ သူနဲ့က ညီအကိုတမျှခင်တယ်..။ လှအောင် က တဆင့်ပဲ သူ့ကို အကူညီတောင်းပြီး တရုတ်ပြည်ခေါ်ခဲ့ရတယ်..။

သူ့ကို ကျွန်တော်တို့ MIT အီးစီ ဌာနမှုး ဒေါ်ကျော့ခင်က “ ရေမြင်း ” လို့ ခေါ်တယ်..။ ပြောင်ခေါ်တာတော့ မဟုတ်ပါဘူး..။ ဆရာမကြီးက ရခိုင် ဆိုတော့ ရဲမြင့်လို့ ခေါ်လိုက်တိုင်း ရေမြင်းလို့ပဲ အသံက ထွက်ထွက်လာတယ်..။

ရဲမြင့်တို့က ငယ်စဉ်ကတည်းက တရုတ်ကျောင်းတက်၊ တရုတ်စာသင်လာကြတာဆိုတော့ တရုတ်စကားကို မွှတ်နေအောင် တတ်တယ်..။ သူ့လေယူလေသိမ်းကို ပြည်မကြီးက တရုတ်အစစ်တွေကတောင် ချီးကျုးကြတယ်..။ ဒါပေမယ့် ကိုယ်တော်ချောက မြန်မာစကားကျတော့ မပီရှာဘူး..။

တရုတ်မတွေ အပေါ်ကား အောက်ရှုး ဖြစ်နေတာကြည့်ပြီး “ အာ.. တရုတ်မတွေ ဖျင် မရှိဘူး ” လို့ သူပြောတယ်..။ ဖင် မရှိဘူးလို့ ပီပီသသ ပြောစမ်းပါ ရေမြင်းရာ လို့ ကျွန်တော်တို့က နောက်ရင် “ ဟုတ်တယ်လေ.. ဖျင်မရှိလို့ ဖျင်မရှိဘူးလို့ ပြောနေတာပဲ ” တဲ့..။ ဘယ်လောက် ကြိုးစားပြီ ပီအောင် ပြောပြော ဖျင် ပဲ..။

တရုတ်မတွေကလည်း တကယ့်ကို ဖျင်မရှိတာ.. တစ်ယောက်လဲ မဟုတ်၊ နှစ်ယောက်လဲ မက..တွေ့သမျှ အားလုံး နီးနီး မရှိနေတာပဲ..။

ဖျင်သာ မရှိတာ ရင်ကျတော့ ဖျင်နဲ့ ပြောင်းပြန်ပဲ..။ ဒီကြားထဲ.. အမွှေးအမျှင်က ထူသေးတယ်..။ ချိုင်းမွှေး ပြောပါတယ်..။ မယုံမရှိနဲ့..။ ကျွန်တော်တို့မှာ ချိုင်းမွှေးဗလဗျစ်နဲ့ မိန်းမတွေ့ရခဲတော့ မြင်မြင်သမျှ တရုတ်မ ချိုင်းပဲ လိုက်ကြည့်မိနေတော့တယ်..။

ရေမြင်း ကတော့ ပြောတာပဲ..။ တရုတ်ထီးတွေက အမွှေးမရှိတဲ့ တရုတ်မဆို မကြိုက်ဘူးတဲ့..။ ဟုတ်မဟုတ်တော့ မပြောတတ်ပါဘူး..။ ဒါပေမယ့် တတိုင်းပြည်လုံး အမွှေးဖုံးနေတာ အကြောင်းတစ်ခုခုတော့ ရှိမယ် ထင်ပါရဲ့..။

43.5 Wenzhou ရောက်ပြီ

ကူမင်းမှာ တစ်ညအိပ်ပြီးနောက်တနေ့ ညနေလေယာဉ်နဲ့ ကျွန်တော်တို့အဖွဲ့ ၀င်းဇိုး ( Wenzhou ) ကို ထွက်ခဲ့ကြတယ်..။ zhou ဆိုတဲ့ စကားလုံးကို Gaungzhou မှာကျတော့ ကွမ်ကျိုး လို့ ထွက်ပြီး Wenzhou မှာကျတော့ ၀င်းဇိုး လို့ ဘာကြောင့် အသံထွက်မှန်းတော့ သေချာမသိပါဘူး..။ ဆရာသမား ရေမြင်းက ကျိုး ဆိုရင် ကျွန်တော်တို့ လဲ ကျိုးလိုက်ရပြီး သူက ဇိုးဆိုတော့လည်း ဇိုးလိုက်ကြရပါတယ်..။

ကူမင်းကထွက်လာတာကိုက နောက်ကျတော့ ၀င်းဇိုး ရောက်တော့ အတော်ညဉ့်နက်နေပြီ..။ ဒါပေမယ့် လာကြိုနှင့်နေတဲ့ တရုတ်တွေနဲ့တော့ ရှောရှောရှုရှုပဲ တွေ့ပါတယ်..။ သူတို့နဲ့ကလဲ အင်တာနက်အီမေးလ်က တဆင့် သိခဲ့ကြတာ..၊ အပြင်မှာက အခုမှ တွေ့ဖူးကြတာပဲ..။

ဝင်းဇိုးလေဆိပ်က ကူမင်း တို့ ကွမ်ကျိုးတို့နဲ့ စာရင် သိပ်ကြီးတယ် ပြောမရဘူး..။ ကျွန်တော်တို့ဆီက ရန်ကုန်လေဆိပ်လောက်ပဲ ရှိပါတယ်..။ ဒါပေမယ့် မြို့ကတော့ အတော်ကြီးတာ တွေ့ရတယ်..။

မြို့ရှုခင်းကတော့ တရုတ်သိုင်းကားတွေထဲမှာ တွေ့ရလေ့ရှိတဲ့ ရှုခင်းမျိုးဆန်ဆန်ပါပဲ..။ အိမ်တွေက အုတ်တံတိုင်းမြင့်တယ်..။ ခေါင်မိုးက အပြင်ဖက်ကကြည့်ရင် မမြင်ရဘူး..။ အုတ်တံတိုင်းတွေကလဲ ထုနဲ့ထည်နဲ့..။ အိမ်အားလုံးလိုလို အုတ်ကျွတ် မိုးထားကြတယ်..။

ပြင်ပ ရှုခင်းကတော့ ရာသီဥတုကြောင့်လား.. လေထုညစ်ညမ်းတာကြောင့်လား မပြောတတ်ဘူး..။ ၀င်းဇိုး၊ ကူမင်း၊ ကွမ်းကျိုး၊ စတဲ့ ကျွန်တော်တို့ ရောက်ခဲ့သမျှ နေရာတိုင်းက မှုန်မှိုင်းမှိုင်း၊ ရီဝေေ၀ နဲ့..။ သူတို့ကောင်းကင် လင်းချင်းပြီး သာယာ နေတာကို မတွေ့ရသလောက်ပဲ..။

ဒါပေမယ့် သူတို့ဆီက တောင်တွေကတော့ အတော့်ကို စိမ်းစိမ်းစိုစို ရှိတာ သတိထားမိတယ်..။ သဘာဝပေါက်ပင်တွေနဲ့ စိမ်းစိုနေတာမျိုးမဟုတ်ဘဲ သေချာစိုက်ထားတဲ့ လိုက်ချီးပင်တွေနဲ့ စိမ်းစိုအုပ်မှိုင်းနေတာပဲ..။ ကျွန်တော်တို့အညာမှာ တောင်ဆိုတာ မြေကြီးပုံကြီးလို ဘယ်အချိန်ကြည့်ကြည့် ခြောက်ကပ် ၀ါထိန်နေတာဆိုတော့ တရုတ်ပြည် တောတောင်ရှုခင်းတွေက ကျွန်တော့်အတွက်တော့ လန်းဆန်းလတ်ဆတ် နေတော့တာပဲ..။

43.6 သူတို့ဆီက အညာဓလေ့

ကျွန်တော်တို့ ငယ်တုံးက အိမ်ကို ဧည့်သည်လာရင် အမေက “ဟဲ့.. သွားသွား.. ဆေးပေါ့လိပ်သွားဝယ်စမ်း” လို့ အမြဲပြောတာ မှတ်မိသေးတယ်..။ အမေပေးတဲ့ ပိုက်ဆံကို ကျစ်ကျစ်ပါအောင်ဆုပ် ၊ ဆေးလိပ်ရောင်းတဲ့ဆိုင်ဆီ အပြေးလေးသွား.. ဆေးလိပ်လေးငါးလိပ်ဝယ်ပြီးပြန်လာ.. အိမ်ရောက်တာနဲ့ ပန်းကန်ပြား တစ်ချပ် ထဲထည့်ပြီး ဧည့်သည်ကို ဧည့်ခံရတာပဲ..။

တတ်နိုင်တဲ့ သူများကတော့ စီးကရက်ပေါ့လေ..။ ကျွန်တော်တို့လို သူလိုငါလို လူတွေကတော့ လာတဲ့ဧည့်သည်ကို ဆေးပေါ့လိပ်တောင် အနိုင်နိုင် ပါပဲ..။

တခါတလေ.. ဧည့်သည်လာတဲ့အချိန် ဆေးလိပ်ဖိုးတောင် လက်ထဲရှိမနေရင် ရင်းနှီးတဲ့ဆိုင်ကနေ အကျွေးပြေးဆွဲ ဧည့်ခံရတတ်တယ်..။

အညာကျေးလက်မှာတော့ ဧည့်သည်ကို အဲသလို ဆေးပေါ့လိပ်နဲ့ ဧည့်ခံကြတာပါပဲ..။ အဖန်ရည်၊ အခါးရည် လို့ ခေါ်တဲ့ ရေနွေးကြမ်းနဲ့ ဧည့်ခံဖို့ဆိုတာ ကျွန်တော်တို့ ကလေးဘ၀တုံးက ဓါတ်ဗူးမရှိ၊ လျှပ်စစ်မီးမရှိ ဆိုတော့ .. ဆေးလိပ်လောက်မလွယ်လှဘူး..။

အညာဓလေ့ လက်ဖက် တို့ ထန်းလျက်တို့ ဆိုတာကတော့ ရှိရင် ရှိသလို ပေါ့..။ မရှိတော့လည်း ဧည့်သည်ခမျာ ဆေးလိပ်သောက်တတ်တတ် မသောက်တတ်တတ် .. အိမ်ရှင်ကတော့ ပန်းကန်ပြားတစ်ချပ်ထဲ ဆေးလိပ်ထည့်ပြီး ရှေ့ချပေးလိုက် တာပါပဲ..။

တခါကဆို ကျွန်တော်တို့အိမ်လာတဲ့ ဧည့်သည် ဆေးလိပ်တောင် သောက်မသွားရဘဲ.. လျှက်ဆားလျက် ပြန်သွားရတာ ရှိသေးတယ်..။

သူလာတဲ့အချိန် အဖေက လျှက်ဆား လျက်နေတာနဲ့ ကြုံတယ်..။ ဆေးလိပ်ဝယ်ဖို့ ပိုက်ဆံကလည်း မရှိ..။ တခြား ဧည့်ခံစရာ မုန့်တို့ လက်ဖက်တို့ကလည်း မရှိဆိုတော့ အဖေက ဧည့်သည်ကို သူလျက်နေတဲ့ လျှက်ဆားဗူးကြီး ထိုးပေးပြီး “ လျက်ပါဗျ..၊ ကောင်းတယ်ဗျ ” နဲ့ လုပ်လို့ ဧည့်သည်လည်း နဝေတိမ်တောင် နဲ့ တစ်ကော်နှစ်ကော်လောက် လျက်သွားရရှာတယ်..။

ဧည့်သည် ပြန်သွားမှ ကျွန်တော်တို့ ညီအကို မောင်နှမတတွေ အဖေ့ကို ပြော ရယ်ကြတယ်..။ အဖေလုပ်လိုက်တာနဲ့ နောက်ဆို အဲဒီလူ အိမ်လာလည်မှာ မဟုတ်တော့ ဘူးလို့ လေ..။ အဖေကတော့ “ ဟ.. ငါ့ရှိတာ ဧည့်ခံတာပဲ ဧည့်ဝတ်ကျေပါတယ်ကွာ ” လို့ စပ်ဖြဲဖြဲနဲ့ လုပ်နေသေးတယ်..။ ဧည့်သည် ခမျာတော့ ကျွန်တော်တို့အိမ် လာလည်တာ ဗိုက်မပြည့်တဲ့ အပြင် အစာတွေကြေပြီး ဗိုက်ဟောင်းလောင်းနဲ့ ပြန်သွားခဲ့ရတယ်..။

အဲဒါက အညာဓလေ့တော့ မဟုတ်ပါဘူး..။ ကျွန်တော်တို့ မိသားစုရဲ့ ကိုယ်ပိုင် ဧည့်ခံပုံ ဧည့်ခံနည်း နိဿရည်းပေါ့..။ ဘလော့ဂ်ကြွလာ ဆွေသဟာတို့လည်း ကျွန်တော့်ဆီ အကြောင်းတိုက်ဆိုင်လို့ လာလည်ဖြစ်ရင် စားပြီးသောက်ပြီးမှ လာခဲ့ကြဗျား..။ ကျွန်တော်က အဖေတူသား ရယ်.. ။

ဆိုခဲ့သလို အညာမှာ ဆေးလိပ်နဲ့ ဧည့်ခံသလိုမျိုး တရုတ်ပြည်မကြီးမှာလည်း ရောက်ရာအရပ် တွေ့တဲ့သူက အိပ်ထောင်ထဲက စီးကရက်ဗူးထုတ် တိုက်တော့ တာပဲ..။

အညာမှာလို အိမ်လာလည်မှ တိုက်တာမျိုးတောင် မဟုတ်ဘူး..။ လမ်းမှာတွေ့လို့ မိတ်ဆက်လိုက်တာနဲ့ ဆေးလိပ်က တိုက်ပြီးသားပဲ..။ တရုတ်ယောက်ျားလေးတွေ ဆေးလိပ်သောက်တာကလဲ လွန်လွန်းတယ်..။

ဧည့်သည်တင် တိုက်တာလား ဆိုပြန်တော့လည်း မဟုတ်ဘူး..။ သူတို့အချင်းချင်းလည်း ကိုယ်တစ်လိပ်သောက် သူတစ်လိပ်သောက်ပဲ..။ ကိုယ့်အလှည့် သူတိုက်..၊ သူ့အလှည့် ကိုယ့်ပြန်တိုက်နဲ့ ကျွန်တော်တို့ဆို ကြားထဲက နားတောင် မနားရဘူး..။ ဆေးလိပ်ကို နတ်ကတော် သောက်နည်း သောက်ခဲ့ကြရတယ်..။

နောက်ပြီး သူတို့ဆီမှာက မသောက်တတ်တဲ့သူကအစ အိပ်ထောင်ထဲမှာ ဆေးလိပ်တစ်ဗူးတော့ ထည့်ထားတတ်တယ်..။ ကိုယ်မသောက်ပေမယ့် ဧည့်ခံဖို့ဆိုတဲ့ အထာနဲ့ ပေါ့..။

43.7 သူတို့ဆီက ရုပ်မြင်သံကြား ဓလေ့

ပြည်မကြီးက ရုပ်မြင်သံကြား ဓလေ့ အကြောင်း မပြောခင် သူတို့ စားသောက်ဆိုင်တွေက ပန်းကန်ခွက်ယောက်တွေ အကြောင်း နည်းနည်းပြောချင်သေးတယ်..။ တရုတ်ပြည်မကြီးမှာ တခြား အာရှနိုင်ငံတွေနဲ့ မတူတဲ့ စားသောက် ဆိုင် ဓလေ့ တချို့ရှိတယ်..။ ဘယ်နိုင်ငံမှာမဆို ထုံးစံက customer ကို ဆိုင်မှာ ရှိတဲ့ ပန်းကန်ခွက်ယောက်တွေနဲ့ပဲ ဧည့်ခံလေ့ ရှိတာ တွေ့ရတယ်..။ customer ပြန်သွားရင် အဲဒီ ပန်းကန်ခွက်ယောက်တွေကို ပြန်ဆေးပြီး နောက် customer အတွက် ပြန်သုံး ကြတာပဲ..။

ပြည်မကြီးမှာကတော့ (ရွှေလီကအစ) ပန်းကန်ခွက်ယောက်ကို ဆိုင်မှာ ပြန်ဆေးပြန်သုံးတာမျိုး လုပ်ဟန်မရှိဘူး..။ လူတစ်ယောက်စာ ပန်းကန်ပြားလေး တစ်ချပ်၊ ဟင်းချိုပန်းကန်လုံးလေးတစ်လုံး၊ ရေနွေကြမ်းသောက်ဖို့ ရေနွေးပန်းကန်တစ်လုံး၊ ရေ ဘီယာ အစရှိတာ သောက်ဖို့ ဖန်ခွက်အလတ်က အစ.. အားလုံးကို အရံသင့်ထုတ်ပိုးထားတဲ့ ပုံစံနဲ့ လာချလေ့ ရှိတယ်..။ တစ်ခါသုံး ဆန်ဆန်ပဲ..။ ကြည့်ရတာ အဲဒီ service ကို သီးသန့်လုပ်ပေးတဲ့ ကုမ္ပဏီ ဆိုတာမျိုး ရှိမယ်ထင်တယ်..။

Main Dishes တွေ အတွက် ပန်းကန်ကြီးတွေကတော့ ဆိုင်က ပန်းကန်ပဲ သုံးကြတယ်..။ လူတစ်ချင်းစီ စားတာသောက်တာအတွက် လိုအပ်တဲ့ ပန်းကန်တွေကတော့ ပလတ်စတစ်နဲ့ ထုတ်ပိုးပြီးသား တွေပဲ လာချတာ များ ပါတယ်..။ (ဒါမှ မဟုတ် ဆိုင်တိုင်း ဆိုင်တိုင်း နောက်ဖေးမှာ ပန်းကန်ကိုစက်နဲ့ဆေး၊ စက်နဲ့ပဲ အခြောက်ခံ၊ ပလတ်စတစ်ဖုံး လုပ်သလားတော့ မပြောတတ်ဘူး ) ..။ ဒါပေမယ့် ထုတ်ပိုးထားတဲ့ အမှတ်တံဆိပ်တွေက စားသောက်ဆိုင် နာမည်နဲ့ မတူနေကြပုံထောက်ရင်တော့.. သီးသန့် service ပေးတာ ဖြစ်ဖို့ များပါတယ်..။

ကမ္ဘာ့လူဦးရေ အများဆုံးတိုင်းပြည် ဆိုတော့လည်း စားသောက်ဆိုင်တွေမှာ လူတွေက ပြည့်ညှပ်ကျပ်လို့ ပဲ..။ စီးပွားရေး အချက်အချာကျတဲ့ မြို့တွေမို့လို့ လဲ စည်နေတာ ဖြစ်မယ်ထင်ပါတယ်..။ စည်ချက်ကတော့ ရွာမှာ မီးခိုတိတ် ဗျို့ဟစ်တဲ့ အလှူလိုမျိုး စည်နေတာ..။ ၀င်လာသူ၊ ထွက်သွားသူ နဲ့ နေရာရဖို့ ရပ်စောင့်နေသူ တွေနဲ့ ရှုပ်ယှက်ကို ခတ်လို့..။ သီးသန့်ခန်းရှိတဲ့ စားသောက်ဆိုင်လိုမျိုး ဆိုရင် အသံဗလံ သိပ်မထွက်ပေမယ့်.. food court လိုမျိုး ဆိုင်တွေ ကတော့ လူတွေ ရုန်းရုန်း ရုန်းရုန်းနဲ့ ဆူညံပွက်နေတော့တာပဲ..။

နောက် ရှိသေးတယ်..။ အဲဒီ food court လိုဟာမျိုးမှာ အပေါ့အပါးသွားချင်ရင်.. သေချင်စော်နံဖို့သာ ပြင်ထားပေတော့..။ ပြည်မကြီးက အိမ်သာတွေက များသောအားဖြင့် တခြားနိုင်ငံတွေမှာလို လုံလုံခြုံခြုံ အကာ အရံ နဲ့ မဟုတ်ဘူး..။ အပေါ့စွန့်တာနဲ့ အလေးစွန့်တာ တစ်ယောက်နဲ့ တစ်ယောက် မြင်နေရတယ်..။ မြင်နေရတယ်ဆိုတာ.. ခေါင်းလောက် ခြေထောက်လောက် ကွက်ကွက်ကလေး မြင်ရတာ မဟုတ်ဘူး..။ အလေးစွန့်တဲ့သူက ကိုယ်နဲ့ တခန်းထဲ ပေါ်တင်ကြီးကို ဆောင့်ကြောင့် ထိုင်နေတာ..။

သူတို့လူမျိုးကတော့ အလေ့အထ တစ်ခုလိုမျိုး ဖြစ်နေပေမယ့် ကျွန်တော်တို့ ခမျာတော့ သေးတောင် ဖြောင့်ဖြောင့် မပေါက်နိုင် ဖြစ်ရပါတယ်..။ ကိုယ့်ကိစ္စပြီးလို့ အပြင်ပြန်ထွက်တာကအစ သူတို့ဖက် ယောင်လို့တောင် မကြည့်မိအောင် သတိထားနေရပါတယ်..။ တော်ကြာ.. “ ဒါ ကြည့်တာလား ” လို့ အမူအရာနဲ့ ထကောနေရင် ဒုက္ခ..။

အဲဒီအလေ့အထက ဆိုင်တွေ တင်လားဆိုပြန်တော့ မဟုတ်ပြန်ဘူး..။ ကျွန်တော်တို့ သွားခဲ့တဲ့ စက်ရုံတချို့မှာလည်း ထိုနည်းလည်းကောင်းပဲ..။ စက်ရုံ တရုံဆိုရင် အလုပ်သမား သုံးရာလောက် ရှိတာတောင်.. အိမ်သာ တစ်လုံးမရှိဘူး..။ စက်ရုံနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ public toilet မှာသွားပြီး ကိစ္စရှင်းကြတာပဲ..။ အဲဒီ public toilet ဆိုတာကလည်း သူတို့ထုံးစံအတိုင်း ဘာအကာအရံမှ မရှိဘူး..။

ကုန်ကုန်ပြောရရင် အိမ်သာကျင်းလိုဟာ တောင် မရှိဘူး..။ အထဲမှာ လမ်းဘေးရေနုတ်မြောင်းလို မြောင်းတစ်မြောင်း ရှိတယ်..။ အဲဒီမြောင်းနှုတ်ခမ်းမှာ ကိစ္စရှင်းမယ့်သူတွေ တန်းစီဆောင့်ကြောင့် ထိုင်ကြပဲ..။

ရုပ်မြင်သံကြား အိမ်သာ ပေါ့..။ တစ်ယောက်နဲ့ တစ်ယောက် ရုပ်တွေလည်း မြင်နေရတယ်..။ အသံတွေလည်း ကြားနေရတယ်..။

43.8 လမ်းလျှောက်ဈေးများ

တရုတ်ပြည်မကြီးရဲ့ မြို့တော်တော်များများမှာ လမ်းလျှောက်ဈေးဆိုတာတွေ ရှိတယ်..။ ကူမင်း.. ကွမ်ကျိုး.. ၀င်းဇိုး.. ချန်ဇိုး..နန်ကင်း.. ရှန်းဇန့်.. တုံးကွမ် စတဲ့ ကျွန်တော်ရောက်ခဲ့သမျှ မြို့အားလုံးလိုလိုမှာ အဲသလို ဈေးတွေ ရှိတာ တွေ့ရတယ်..။ အထူးသဖြင့် ညနေပိုင်းဆို ရောင်းသူ၊ ၀ယ်သူ၊ လမ်းသလားသူ၊ window shopping လုပ်သူ၊ အပန်းဖြေသူတွေနဲ့ ပျားပန်းခတ်မျှ စည်ကားနေတတ်တယ်..။

တခြားနိုင်ငံတွေက Departmental Store ဆိုင်ကြီးတွေလို အထပ်မြင့်မြင့် One-stop Shopping Center တွေလို မဟုတ်ဘဲ လမ်းမကျယ်ကြီးဘေးတဖက်တချက်မှာ အထည်ဆိုင်၊ ဖိနပ်ဆိုင်၊ လက်ကိုင်ဖုံးအမျိုးမျိုးအရောင်းဆိုင်၊ အီလက်ထရောနစ် ပစ္စည်းဆိုင်၊ စားသောက်ဆိုင် စတာတွေနဲ့ ပြည့်နှက်နေတဲ့ ဈေးတန်းကြီးတွေ ပဲ..။

အဲသလို ဈေးလမ်းမကြီးတွေမှာ ကားတွေ ဥဒဟို သွားလာနေတာ မတွေ့ရ သလောက်ပဲ..။ ကားတွေက အပေါ်လမ်းမကြီးနဲ့ အပြိုင် မြေအောက်လမ်းကပဲ မောင်းကြရတော့ အပေါ်မှာက လူတွေအားလုံး အေးအေးလူလူ လွတ်လွတ်လပ်လပ် နဲ့ စိတ်ကြိုက်သွားလာကြည်ရှုခွင့် ရကြပါတယ်..။ အဲဒါကြောင့်ပဲ လမ်းလျှောက်ဈေးလို့ ခေါ် ထင်ပါရဲ့..။

မြန်မာပြည်မှာသာ တရုတ်လုပ်ပစ္စည်းတွေ ဈေးချိုတယ်ဆိုပေမယ့် တရုတ်ပြည် လမ်းလျှောက်ဈေးတွေမှာတော့ ဈေးတွေက မိုးပျံနေတာပဲ..။ အ၀တ်အထည်၊ ဖိနပ် စတဲ့ လူသုံးကုန် ပစ္စည်းတော်တော်များများက ဘန်ကောက် လောက်တောင် ဈေးမချို တာ တွေ့ရပါတယ်..။

ဒါပေမယ့် တရုတ်လုပ် hand-sets တွေကတော့ သြချလောက်အောင် ဈေးချိုတာ တွေ့ရတယ်..။ တံဆိပ်တွေကလည်း မျိုးစုံလို့..။ ဒီဇိုင်းတွေကလည်း လန်ပျံနေတာတွေ..။ sim-card နှစ်ကဒ်ပြိုင်တူထည့်လို့ ရတာ..၊ touch screen ပါတာ..၊ window တင်ထားတာ စသဖြင့် features တွေကို စုံနေတာပဲ..။ တချို့ hand-set ဆိုရင် charger လိုဟာတောင် built-in ပါလိုက်သေးတယ်..။

အခု ခေတ်စားနေတဲ့ အားသွင်းပြီး သုံးရတဲ့ လက်နှိပ်ဓါတ်မီး ဆန်ဆန်.. hand-set နောက်ကျောမှာ two pins plug ပါပြီးသား..။

အားသွင်းချင်ရင် အဲဒါလေးထုတ်ပြီး တွေ့ရာ socket ပေါက် ထိုးလိုက်ရုံပဲ..။ သီးသန့် charger မလိုတော့တဲ့အပြင် charger မေ့ကျန်ခဲ့တာမျိုးလည်း မဖြစ်တော့ဘူးပေါ့..။

43.9 သူတို့ဆီက အသောက်အစား ဓလေ့

ထိုင်းအစားအသောက်လိုပဲ တရုတ်အစားအသောက် တော်တော်များများ အစပ်ကဲတာ တွေ့ရတယ်..။ ငါး၊ပုဇွန်နဲ့ လုပ်ထားတဲ့ soup တစ်ခုဆိုရင် ငြုတ်သီးအခြောက်တောင့် တွေ ပေါလောနဲ့ စားခဲ့ရတယ်..။ နောက်ပြီး cold food menu တွေရှိတယ်..။ ကျွန်တော်တို့ ပါးစပ် ကျွန်တော်တို့လျှာက အေးစက်နေတဲ့ အစားအသောက်ကို မစားတတ်တော့ အဲဒီ cold food တွေလာချရင် ခွကျတော့တာပဲ..။

ဟင်းပွဲတွေ ဆိုတာလဲ သိပ် သေးသေးကွေးကွေး ကို မရှိလှဘူး..။ ဘယ်လိုမှာမှာ ဟဲဗီးကြီးတွေ ချည်းပဲ..။ မှာသမျှ မကုန်လို့ ထားခဲ့ရတာ ဘယ်နည်းမလဲ..။ သောက်စားတဲ့ ဓလေ့ကိုက ကျွန်တော်တို့နဲ့ မတူကွဲပြား ခြားနားနေတယ်..။ ဘီယာ သောက်တာက အစ သူတို့လူမျိုးက ရေခဲမပါရင် မသောက်ဘူး..။ ထိုင်းမှာလဲ ထိုနည်းလည်းကောင်းပဲ..။ ဘီယာမှာလိုက်တာနဲ့ ခွက်တစ်ခွက်ထဲ ရေခဲအပြည့်ထည့်ပြီး လာချတော့တာပဲ..။ အင်ဒိုမှာလည်း အဲသလိုပဲလို့ သိရတယ်..။

ပြည်မကြီးကတော့ ဘီယာလို့ အသံကြားလိုက်တာနဲ့ လူစေ့ တစ်ယောက်တစ်ပုလင်း လိုက်ချပြီး ပုလင်းအားလုံးကိုလည်း မမေးမစမ်းနဲ့ အကုန်ဖွင့်ပစ်လိုက်တယ်..။ ဆိုတော့ ပထမတစ်ခွက်လောက်ပဲ အေးပြီး နောက်ခွက်တွေကျ ပူကုန်ရော..။ သူတို့လူမျိုးကတော့ ဘီယာပူပူလည်း ဒီအတိုင်း သောက်နေကြတာပဲ..။ တိုင်းပြည်က အေးလို့လား မသိပါဘူး..။

သူတို့ သောက်သလို ကိုယ်မသောက်ချင်လို့ အရက်သောက်မယ်ဆိုပြန်တော့လည်း.. ၀ီစကီဆိုတာ ရှာမှရှားပဲ..။ တခြားနိုင်ငံတွေမှာ လွယ်လွယ်ကူကူ ရလေ့ ရှိတဲ့ စကော့ ၀ီစကီ ဆိုတာ. .သူတို့ဆီမှာတော့ မေးလိုက်တိုင်း မသိ၊ မရှိနေတာချည်းပဲ..။ သူတို့တိုင်းပြည်ရဲ့ တတိုင်းပြည်လုံး ၀ီစကီသောက်နှုန်းက မြန်မာပြည်တောင် မီမယ်မထင်ဘူး..။ အားလုံးလိုလိုက သူတို့ပြည်တွင်းဖြစ် တရုတ်အရက်တွေပဲ သောက်ကြတော့ ၀ီစကီဆိုတာ တော်ရုံတန်ရုံ ရှာ မရဘူး..။ ရောင်းမှ မရောင်းရပဲကိုး..။

ပြည်တွင်းဖြစ် တရုတ်အရက်မို့လို့ အထင်မသေးနဲ့..။ ဈေးတွေက ခေါင်ခိုက်လို့..။ တချို့ အရက်တွေဆိုရင်.. blue label ထက်တောင် ဈေးကြီးသေးတယ်..။ မြန်မာငွေ သိန်းသုံးဆယ်လောက်အထိ တန်တာတောင် တွေ့ခဲ့ရတယ်..။ aging ကလည်း.. နှစ်ငါးဆယ်၊ ခြောက်ဆယ် တဲ့..။ ဟုတ်ရော ဟုတ်ရဲ့လား မပြောတတ်ပါဘူး..။ အရက်ပုလင်းပုံစံကလည်း တွေ့နေကျ ၀ီစကီပုလင်းတွေလို ဖန်ပုလင်း မဟုတ်ဘူး..။ ငံပြာရည် ပုလင်း လိုမျိုး အောက်ခြေပုအိုင့်အိုင့် လည်ပင်းရှည်ရှည်နဲ့ ကြွေပုလင်းတွေပဲ..။

Acl % ကလဲ ၀ီစကီထက်တောင် ပိုချင်သေးတယ်..။ 50 %, 60 % အောက်လျော့တာ သိပ်မတွေ့ခဲ့ရဘူး..။

သောက်ပြန်တော့လည်း ၀ီစကီလို ရေခဲ၊ရေသန့်၊ဆော်ဒါ စတာတွေနဲ့ ရောစပ်သောက်တာမျိုး မဟုတ်ဘဲ လဘက်ရည်အကြမ်းပန်းကန် အသေးလေးလိုဟာထဲ စွပ်ကယ်စွပ်ကယ် ထည့်သောက်ကြတယ်..။ ဂျပန် အရက် ဆာကေး တို့ ကိုရီးယားအရက် ဆိုဂျုး တို့ကို ရေမရောဘဲ သောက်ရတာ ကိစ္စမရှိပေမယ့် သူတို့အရက်ကို ရေမရောဘဲ သောက်ရတာတော့ သိပ်မဟန်လှဘူး..။ ဆာကေး တို့ ဆိုဂျုး တို့က အယ်လ်ကိုဟော 20% လောက်ပဲ ပါတာ ဆိုတော့ သောက်လို့ ကောင်းရုံလောက်ပဲ..။

သူတို့အရက်ကတော့ အရသာကအစ ဇီးသီးလိုလို မက်မွန်သီးလိုလိုနဲ့ အကျင့်မရှိရင် အတော့်ကို အ၀င်ဆိုးပါတယ်..။

ဒီကြားထဲ သူတို့အရက်သောက်တာက ကျွန်တော်တို့လို အေးအေးလူလူ စကားတပြောပြောနဲ့ ဖြေးဖြေးလေးနဲ့ငြိမ့်ငြိမ့်လေး သောက်တာ မဟုတ်ပြန်ဘူး..။ အရက်ကို အကြောင်းရှာပြီး ဂုဏ်ပြုသောက် သောက်ကြတာပဲ..။ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်တာ၊ နာမည်မေးတာ၊ အသက်မေးတာ၊ အိမ်ထောင်ရှိမရှိ မေးတာ၊ ကလေးရှိမရှိ မေးတာက အစ အရက်နဲ့ ဂုဏ်ပြုလေ့ ရှိတယ်..။ အကြောင်းမသိခင်က ကျွန်တော်လည်း အတော်ခံ ခဲ့ရပါတယ်..။

ပထမကျွန်တော့်ကို နာမည်မေးတယ်..။ ကိုယ့်နာမည် ဘယ်သူဘယ်ဝါလို့ ပြန်ဖြေလိုက်တာနဲ့ မေးတဲ့သူက သူ့ခွက်ကို ကောက်ကိုင်ပြီး “ ဟောင်.. ဟောင်.. ကမ်ပိန်းကမ်ပိန်း ” နဲ့ ထ ဂုဏ်ပြုတော့တာပဲ..။ ရေမြင်းကလည်း အဆင်း ဘီးတပ်တယ်..။ အဲဒါ ခင်ဗျားကို ဂုဏ်ပြု နေတာ.. သူနဲ့အတူသောက်လိုက်.. နို့မို့ဆို ရိုင်းရာကျတယ် ဆိုတာနဲ့ တစ်ခွက် သောက်လိုက်ရရော..။ အဲဒါနဲ့ ပြီးသွားလား ဆိုပြန်တော့ မပြီးဘူး..။ နောက်တစ်ယောက်က မေးပြန်တယ်..။ မိန်းမရှိလား တဲ့..။

ရှိတယ် လို့ ပြန်ဖြေလိုက်တာနဲ့ “ ဟောင် ဟောင်.. ” ဆိုပြီး သူနဲ့ တစ်ခွက် ချလိုက်ရပြန်ရော..။ အသက်မေးလို့ သုံးဆယ့်ခုနှစ် ဆိုပြန်တော့လည်း “ ဟောင် .. ဟောင် ” ဆိုပြီး တစ်ခွက် ထပ်မော့ ရပြန်တယ်..။ ကလေးနှစ်ယောက် ရှိတယ် ဆိုတော့လည်း “ ဟောင်.. ဟောင် ” လုပ်ပြန်တယ်..။ သမီးလား သားလားမေးပြီး တော့လည်း ထပ် “ ဟောင် ” ရပြန်တယ်..။

နောက်ဆုံး ဆရာသမား ရေမြင်း ကတဆင့် ကျေးဇူးရှင်တွေကို တောင်းပန် ရတော့တယ်..။

“ ရေမြင်းရေ..သူတို့ကို ပြောလိုက်ပါ.. ငါဆက်ပြီး မဟောင်နိုင်တော့ဘူး ” လို့..။

Thursday, April 9, 2009

42 လာပါတော့မယ် လာတော့မယ်..

ဒီရက်ပိုင်း ဟိုဟိုဒီဒီ ခရီးထွက်နေရပါတယ်..။ မြန်မာပြည်ပြန်ရောက်တော့လည်း.. အင်တာနက်က.. မရနေတာခပ်များများ.. ရပြန်တော့လည်း ဘလော့ဂ်က၀င်လို့မရဖြစ်နေတာကြောင့်.. ကျွန်တော့်ဘလော့ဂ်မှာ ဘာမှ မရေးနိုင်ဖြစ်နေရပါတယ်..။

ဒီကြားထဲ.. စောင့်ကြည့်လေ့လာ ခံနေရသလိုလို အသံတွေ ဟိုကဒီက ကြားနေရပြန်တယ်..။

ဘယ်လိုပဲဖြစ်ဖြစ်.. အချိန်ရတာနဲ့ ဆက်ကမြင်းပါ့မယ်ဗျား..။

လောလောဆယ်တော့..

Tuesday, February 24, 2009

41.1 အိပ်မက်လှလှ မက်ကြပါစေ...

လာမယ့် ၂၇ ရက်နေ့ ကျွန်တော် ရွာခဏပြန်ပါ့မယ်..။ အခမဲ့ အင်္ဂလိပ်စာသင်တန်းလေး ဖွင့်ဖို့အတွက် စီစဉ်စရာရှိတာ သွားစီစဉ်မလို့ပါပဲ..။ မျိုးဆက်သစ် လူငယ်တွေ အတွက် အင်္ဂလိပ်စာနဲ့ ကွန်ပြူတာက ရှောင်လို့မရတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာနေပါတယ်..။ အဲဒါလေးကို မီသလောက် ပံ့ပိုးကြည့်မယ်..။ ဆရာဦးအောင်သင်း ရဲ့ စကားငှားသုံးရရင် “ မျိုးဆက်သစ်တွေ၊ တိုးတက်ရစ်ဖို့ ” ပေါ့..။

ဆရာကိုတာကတော့ စာအုပ်ထီးနဲ့ ကာကွယ်ကြ လို့ ပြောပါတယ်..။ စာကြည့်တိုက်လေး တစ်ခုလောက်လည်း ရွာမှာ ကြိုးစားလုပ်ကြည့်ပါ့မယ်..။ စာအုပ်စာတမ်း ပံ့ပိုး မယ့်သူများလည်း အဆင်သင့် ရှိနေတာမို့ အဲဒါလေးကိုလည်း ဖိဖိစီးစီးလေး လုပ်မယ် စိတ်ကူးထားပါတယ်..။ အကြမ်းဖျဉ်း စဉ်းစားထားတာကတော့ လူငယ် လူရွယ်တွေအတွက် လန်းလန်းဆန်းဆန်း တက်တက်ကြွကြွ ဖြစ်စေမယ့် စာအုပ်စာပေ တွေ ဖြစ်ရမယ် လို့ပဲ..။

အဲဒါမှ သူတို့လေးတွေရဲ့ အိပ်မက်တွေ စိတ်ကူးတွေ လှလှပပ တူတူတန်တန် ဖြစ်မှာ..။ စိတ်ကူးယဉ်တာပဲ ပိုက်ဆံပေးရတာလိုက်လို့.. လို့ ပြောတတ်ကြတယ်..။ ကိုယ့် ဦးနှောက်ထဲမှာ ဘာအတွေးအခေါ် မှ မရှိဘဲ စိတ်ကူးယဉ်လို့ကတော့ အလကားရတဲ့ စိတ်ကူးတောင်.. တူတူတန်တန် ယဉ်နိုင်မှာ မဟုတ်ပါဘူး..။

သိန်းထီပေါက်ရင် ဘာလုပ်မလဲ လို့ ငယ်တုံးကသူငယ်ချင်းတသိုက် စိတ်ကူးယဉ်ဖူးတယ်..။ မော်ကြီးဆိုတဲ့ ကျွန်တော့်သူငယ်ချင်းက “ အခုနေ သိန်းထီပေါက် ရင် ဟယ်လီကော်ပတာ ၀ယ်ပြီး မကွေးတိုင်းက ပြောင်းရိုးတွေ သွားရိတ်ပစ်လိုက်မယ် ” လို့ ပြောခဲ့တယ်..။ သူ့ရဲ့ ဘ၀မျှော်မှန်းချက်က နွားစာ ပေါပေါလောလော ရရေး ဖြစ်နေခဲ့တယ်..။

မျှော်မှန်းချက်ဆိုတာ ဦးနှောက်ရဲ့ အကန့်အသတ်က ဖော်ပေးတဲ့ ပုံအတိုင်းပဲ ပေါ်တာမို့ မျိုးဆက်သစ် ကလေးတွေရဲ့ ဦးနှောက်မှာ ကွက်လပ်တွေ သိပ်များ မနေအောင် ကျွန်တော် တို့ ပံ့ပိုးရပါ့မယ်..။

အဲသလို လုပ်ဖို့ ကျွန်တော်တို့မှာ အင်အားတွေ ရှိကို ရှိနေပါတယ်..။

အထက်တန်းကျောင်းသားဘ၀ မှာ “ အိုက်ခမန်း၏ ငရဲခန်းများ ” ဆိုတဲ့ စာအုပ် ကျွန်တော် ဖတ်ရတယ်..။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျုးတွေကို ဆိုက်ကလုံဘီလို့ခေါ်တဲ့ ဓါတ်ငွေ့တွေ လွှတ်ထားတဲ့ အခန်းထဲ မောင်းသွင်းပြီး နာဇီဗိုလ်မှုးကြီး အိုက်ခမန်းက မျိုးဖြုတ်ခဲ့တဲ့ အကြောင်း ရေးထားတဲ့ စာအုပ်ပေါ့..။ တကယ့်ဖြစ်ရပ်မှန် ဖြစ်တာရယ်၊ လုပ်ရပ်က ရက်စက်လွန်းတာရယ်ကြောင့် အဲဒီစာအုပ်ကို အခုထိ မှတ်မှတ်ရရ ရှိနေခဲ့တယ်..။

အထူးသဖြင့် ခေါင်းထဲစွဲနေတာက အသတ်ခံရမယ့်အခန်းရှေ့မှာ ဂျုးတွေ ၀တ်လစ်စလစ်နဲ့ ကြောက်ကြောက်လန့်လန့် တန်းစီနေတုံး သူလိုကိုယ်လို အသတ်ခံရမယ့် ကလေး မလေးတစ်ယောက်က ကျန်တဲ့သူတွေကို လိုက်လံ အားပေးနှစ်သိမ့်နေတဲ့ အကြောင်းအရာပဲ..။ ဖြစ်ရပ်က ဘယ်လောက်ပဲ ဆိုးနေပါစေ ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင် ကောင်းအောင် ဆောင်ရွက်နိုင်တာ တစ်ခုခုတော့ ရှိနေခဲ့တာပဲ ဆိုတာလေး အဲဒီကနေ ကျွန်တော်သိခဲ့ရတယ်..။

41.2 Realizing the Dream

တကယ်တော့ ဒီနာမည်က ကျွန်တော်တို့ ကိုယ်ပိုင်နာမည်မဟုတ်ပါဘူး..။ Dr. Martin Luther King, Jr. ရဲ့ http://www.realizingthedream.org/ ကနေ တဆင့် ကိုညီညီ Diethelm က ကျွန်တော့်ကို ပြန်မျှတာပါ..။

ရွာမှာ သင်တန်းလေး ဖွင့်မယ်ဆိုတော့.. နာမည်ရွေးဖို့ စဉ်းစားကြရာကနေ အဲဒီနာမည်ကို ကြိုက်တာနဲ့ ယူလိုက်ကြတယ်..။ ကလေး တွေကို အိပ်မက်မက်ခွင့်လေး ဖန်တီးပေးချင်တယ်..။ မက်တဲ့ အိပ်မက်လေးတွေကိုလည်း realizing လုပ်စေချင်တယ်..။ နိုးထလာတာနဲ့ ပျောက်ပျောက်ပျက်ပျက် ဖြစ်သွားမယ့် အိပ်မက်မျိုးတွေ မမက်စေချင်ဘူး..။

ကျွန်တော်တို့ ငယ်ဘ၀တွေမှာလည်း အိပ်မက် တွေ မက်ခဲ့ကြတာပါပဲ..။ ဒါပေမယ့် ရလာတဲ့ ကုန်ကြမ်းက မကောင်းမမွန်တွေဆိုတော့.. မက်သမျှ အိပ်မက်က တူတူ တန်တန်ကို မဖြစ်ခဲ့ပါဘူး..။ အဆင့်အတန်းမမီမကမ်းနဲ့ ပိန်ပိန်လိမ်လိမ်အိပ်မက်တွေသာ များခဲ့ရတယ်..။ ဒါကြောင့် အိပ်မက်ကုန်ကြမ်းက အရေးကြီးပါတယ်..။

ကြားသမျှ၊ မြင်သမျှ အရာအားလုံးမှာ ကောင်းမွန်တာတွေ ရှိသလို.. ဟောင်းလွန်တာတွေလည်း ရှိနေပါတယ်..။ အဟောင်းကို အဟောင်းမှန်းသိပြီး ရွေးယူ စွန့်ပစ် ဖို့ လိုပါတယ်..။ အဲသလိုမဟုတ်ဘဲ အဟောင်းကို အကောင်းထင်ပြီး ဖက်တွယ်ထားရင်.. ကယောက်ကယက်နိုင်တဲ့ ဆောင်းတွင်းအိပ်မက် သံသရာက သူတို့ ရုန်းထွက် နိုင်မယ် မထင်ပါဘူး..။

ဥပမာ..

“ ဒီနေ့ ကျွန်တော်က မနေ့ကကျွန်တော်ထက် သာအောင် ကြိုးစားနေပါတယ် ” ဆိုတဲ့ စကားကို ကျွန်တော်တို့ ငယ်စဉ်က အတော် သဘောကျခဲ့တယ်..။ ဒါပေမယ့် သေချာစေ့စေ့တွေးကြည့်လေ အဲဒီအတွေးအမြင်ဟာ စကားလုံးဖွဲ့စည်းပုံ ကောင်းတာကလွဲလို့ ကိုယ့်ဘ၀တိုးတက်ရာတိုးတက်ကြောင်းကို လောက်လောက်လားလား ထောက်ပံ့မပေးနိုင်ဘူးဆိုတာ တွေ့ရပါတယ်..။

လူဟာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ယှဉ်ပြိုင်နေယုံနဲ့ မရပါဘူး..။ အလုပ်ထဲမှာ.. စီးပွားရေးထဲမှာ.. အတန်းထဲမှာ.. နေရာတကာတိုင်းမှာ.. သူများတကာနဲ့ ယှဉ်ပြိုင်နိုင်အောင် အမြဲကြိုးစားနေရတာပါ..။ ကိုယ့်တိုးတက်မှုထက် ဘေးဘယ်ညာက ကိုယ်လိုသူလို လူတွေရဲ့ တိုးတက်မှုက အဆများစွာ သာလွန်နေခဲ့ရင် ကိုယ် ကျန်ခဲ့မှာပဲ..။

တိုးတက်သင့်သလောက် မတိုးတက်တာဟာ တကယ်တော့ ဆုတ်ယုတ်တာပါပဲ..။ အဲဒါလေးကို စီးစီးပိုင်ပိုင်လေး သိထားစေချင်တယ်..။

ဒါကြောင့် မကောင်းမွန်တော့တဲ့ အဟောင်းလွန် အတွေးအမြင်တွေကို မြောင်းထဲ လွင့်ပစ်နိုင်ရပါ့မယ်...။

ငယ်တုံးက အကြော်ရောင်းတော့ ကိုယ်ရောင်းကောင်းတာမြင်ပြီး နောက်တစ်ယောက်က ကိုယ့်ဆိုင် မျက်စောင်းထိုးမှာ ဆိုင်လာဖွင့်ပါတယ်..။ အမေ့ကို ဟိုမှာ ပြိုင် ဖက်တစ်ယောက်တော့ တိုးလာပြီလို့ ကျွန်တော်ပြောမိတယ်..။ “ငါ့သားရယ် စီးပွားရေးဆိုတာ သမုဒ္ဒရာရေပဲ ဘယ်သူသောက်သောက် မကုန်ပါဘူး ” လို့ အမေ ပြန် ပြောခဲ့တယ်..။

အဲဒီတုံးက ဟုတ်သလိုလို ကျွန်တော် ထင်ခဲ့မိတယ်..။ နောက်များမှ.. သမုဒ္ဒရာ ရေဆိုတာ .. supply and demand ပဲလို့ သိလာရတယ်..။ တကယ်တမ်းက ရွာအလျောက် အကြော်ဝယ်စားမယ့်သူက အကန့်အသတ်မဲ့ မှ မဟုတ်ဘဲ..။ တစ်ဆိုင်ကနေ နှစ်ဆိုင်၊ နှစ်ဆိုင်ကနေ သုံးဆိုင် ဖြစ်လာရင်.. ကိုယ့်ဖောက်သည်တွေကို သူများဖဲ့ရွဲ့ပေးရဖို့ ရှိလာတော့မှာပဲ..။

အဲဒါလေးတွေကို အခုခေတ်ကလေးတွေ.. မဟုတ်တာကိုမဟုတ်တဲ့အတိုင်း စောစောမွန်မွန်လေး သိစေချင်တယ်..။

41.3 ကလေးငယ်တွေ ဖိနပ်အသစ် စီးရတဲ့နေ့




သူတို့လေးတွေ တကယ်ကို ပျော်နေခဲ့ကြတယ်..။ တချို့ဆို လက်ကြီးပိုက်လို့ ခန့်ခန့်ကြီး..။ တချို့ဆို လမ်းလျှောက်တာကအစ ခေါင်းမော့ရင်ကော့ ပေါ့ပေါ့ပါးပါး..။ ကိုယ့်ခြေထောက်ကို ပီတိနဲ့ ငုံ့ကြည့်နေသူတွေလဲ မရှား..။





ကဲ ဒီမှာကြည့်.. သမီးစီးတဲ့ ဖိနပ်က အသစ်ကျပ်ချွတ်ရှင့်..







ဒါ တို့ချစ်တဲ့ကလေးတွေ..

သူတို့စီးထားတဲ့ ဖိနပ်လေးတွေလို သစ်လွင်တောက်ပ၊ ကြည်နူးဖွယ် အနာဂါတ်.. ပိုင်ဆိုင်နိုင်ကြပါစေ..။

41.4 အကြောင်းအကျိုးလေးတွေကိုလည်း စီစစ်လက်ခံစေချင်တယ်

ဒီတစ်ခေါက် ရွာပြန်တော့.. မတွေ့တာ အတော်ကြာပြီဖြစ်တဲ့ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ ဆုံခဲ့ရတယ်..။ ကျွန်တော်တို့ ငယ်ဘ၀.. အတူသွားအတူစား သူငယ်ချင်း ဆိုပေမယ့် အတူကစားတဲ့အထဲတော့ သူမပါနိုင်တာ များပါတယ်..။ သူ့ခြေထောက်တစ်ဖက်က ကျေးလက်ဒေသတွေမှာ လူပြောသူပြောများတဲ့ “ ဆေးထိုးမှားတယ်” ဆိုတာမျိုးနဲ့ သိမ်နေလို့ ကျွန်တော်တို့ကစားပွဲတွေထဲ သူဝင် မနွှဲနိုင်ရှာခဲ့ဘူး..။ ပိုလီယို ပေါ့..။

ပိုလီယိုရောဂါပိုးကြောင့် အဲသလို ခြေထောက် သိမ်နေတာကို “ ဆေးထိုးမှားလို့ ” လို့ ရွာတွေဖက်မှာ ပြောလေ့ရှိကြတယ်..။ ရွာက ဒေါ်ရီမြင့်လို့ ခေါ်တဲ့ အပြာဝတ် သူနာပြုဆရာမကြီးကတော့ “ ဆေးထိုးမှားလို့ ခြေထောက်သိမ်သွားတယ် ” လို့ ပြောရင် စိတ်တအား ဆိုးတော့တာပဲ..။ ဒါပေမယ့် သူဘယ်လောက် စိတ်ဆိုးဆိုး ရွာက လူတွေကတော့.. ဆရာဝန်၊ဆရာမတွေ ဆေးထိုးမှားလို့ ဖြစ်ရတာပဲလို့ လက်ခံထားကြတယ်..။

တချို့ကတော့.. အရင်ဘ၀က သူတပါးခြေထောက်ကို ရိုက်ချိုးခဲ့လို့.. ဒီဘ၀မှာ အခုလို ဖြစ်ရတာလို့ ပြောကြပြန်တယ်..။

တကယ်တော့ ပိုလီယိုရောဂါ ဆိုတာ.. ပိုလီယို ရောဂါပိုးကြောင့်ဖြစ်ရတာပဲ..။ အဲဒါလေးကို.. သိခွင့်ရဖို့ ကျွန်တော်တို့မှာ.. နှစ်ပေါင်းများစွာ၊ မျိုးဆက်များစွာ စောင့်ဆိုင်းခဲ့ရတယ်..။ အနာကြီးရောဂါသည် တွေကို တချိန်က ၀ဋ်နာ၊ကံနာ.. အတိတ်ဘ၀က မကောင်းမှုကံတွေကြောင့် လို့ လက်ညှိုးထိုးခဲ့ကြတယ်..။ ကျွန်တော်တို့ အဘိုးက ကျွန်တော်တို့အဖေနဲ့ အမေကို အဲဒီအသိပဲ.. လက်ဆင့်ကမ်းခဲ့တယ်..။ အဘိုးခမျာလည်း သူ့ဘိုးစဉ်ဘောင်ဆက်က လက်ခံထားခဲ့တဲ့ အတွေးအမြင်ကို မကျော်နိုင်တော့ ဒါပဲလို့ ပြောရတော့တာပေါ့..။

ဆိုတော့ မျိုးဆက်သစ်ကလေးတွေ အနေနဲ့.. ကြားသမျှ မြင်သမျှ ထိတွေ့သမျှလေးတွေရဲ့ အကြောင်းအကျိုးကို စီစီစစ်စစ်လေး တွေးတောလက်ခံတဲ့ အကျင့် ရှိစေ ချင်တယ်..။ ကိုယ်မသိ ပြောတိုင်းယုံ မလုပ်ဘဲ..ကိုယ်မသိသေးရင် သိအောင်ကြိုးကုတ်ပြီး သေချာဘ၀င်ကျမှ လက်ခံတာမျိုး ဖြစ်စေချင်တယ်..။

အကြောင်း အကျိုးကင်းပြီး ဘယ်အရာမှ မဖြစ်ဘူး ဆိုပေမယ့်.. အကြောင်းမှားကို အမှန်ထင်နေတာမျိုး မဖြစ်ဖို့ အရေးကြီးပါတယ်..။ အကြောင်းရင်းမှန်ကို ကိုယ် မသိသေးတာဟာ.. အကြောင်းမှားကို လက်ခံလိုက်တာထက် အများကြီး သာတယ် ဆိုတာလေးလည်း သိစေချင်တယ်..။ အမှားကို အမှန်ထင်လိုက်တာဟာ.. အမှန်မ သိတာထက် အဖြစ်ဆိုးပါတယ်..။

ပိုလီယို ကင်းစင် ကမ္ဘာတခွင် ဖြစ်စေဖို့၊ အနာကြီးရောဂါ ပပျောက်စေဖို့ ဆိုရင်.. အတိတ်ကံကောင်းတဲ့ ကလေးလေးတွေ မွေးဖွားအောင် လုပ်ကြ မလား..။ ပိုလီယို ကာကွယ်ဆေး၊ အနာကြီးရောဂါ ကာကွယ်ဆေး ကြိုးစားရှာဖွေမလား ဆိုတာ.. ကိုယ်ယုံကြည်လက်ခံထားတဲ့ အတွေးအမြင်က ပုံဖော်မွေးဖွား ပေးပါလိမ့်မယ်..။

ဒါကြောင့် ကလေးတွေကို.. အကြောင်းအကျိုး စီစစ်လေ့လာသူလေးတွေ ဖြစ်စေချင်တယ်..။

41.5 ဘာသာရေး အသိကိုတောင် စီစစ်စေချင်တယ်

ဘာသာတရား ဆိုတာ ကျွန်တော်တို့ မမွေးမီကတည်းက နေရာယူပြီးသား ဖြစ်နေလေတော့ .. အမိဝမ်းက ကျွတ်တာနဲ့ ကျွန်တော်တို့မှာ အော်တိုမက်တစ်.. ဘာသာ တခုခုကို ကိုးကွယ်ပြီးသား ဖြစ်နေခဲ့ရတယ်..။ ဗုဒ္ဓဘာသာ မိဘနှစ်ပါးက မွေးရင် ဗုဒ္ဓဘာသာဝင်၊ ခရစ်စယာန် မိဘက မွေးရင် ခရစ်စယာန်ဖြစ်၊ မွတ်ဆလင် မိဘများက မွေးတော့ မွတ်ဆလင်ဖြစ်ကြရပါတယ်..။ ချွင်းချက်ဆိုတာတွေ ရှိပေမယ့်.. အများစုမဟုတ်တဲ့အတွက် အဲဒါထားပါတော့..။

ဘာသာရေးအသိဆိုတာကလည်း.. ကိုယ့်ပါတ်ဝန်းကျင် (အဖေ၊အမေ၊အဘိုး၊အဘွား၊ဆရာသမား)က ကောင်းမွန်တာတွေချည်းလို့ လက်ခံထားကြတာမို့ ကိုယ့်ငယ်ဘ၀ သွန်သင်ချက်တွေ တိုင်း အဲဒါနဲ့ ကင်းတယ်ရယ်လို့ မရှိလှပါဘူး..။ တကယ်တော့ ဘာသာတရားက ပေးတဲ့အသိဟာ မွေးရာပါ အသိတော့ မဟုတ်ပါဘူး..။

အဲဒါလေးကို အရှိအတိုင်း လက်ခံပြီး ကိုယ်ဦးထိပ်ပန်ဆင်ထားတဲ့ ဘာသာတရားကပေးတဲ့ အသိကိုလည်း စီစစ်လေ့လာလက်ခံတာမျိုး ဖြစ်စေချင်တယ်..။

ဘယ်ဘာသာ မှန်တယ်၊ မှားတယ် ဆိုတာထက်.. ကိုယ့်အသိကို ဦးဆောင်မယ့် အသိတရားကို အရမ်းကာရော လက်ခံလိုက်တာမျိုး မဖြစ်စေချင်တာပါပဲ..။ တတ်နိုင်ရင်တော့ ဘာသာတရားအားလုံးကို.. လေ့လာစမ်းစစ်တာမျိုး လုပ်စေချင်တယ်..။ ကိုယ်က မွေးကတည်းက ဗုဒ္ဓဘာသာဖြစ်နေလို့ တခြားဘာသာ တွေ မှား တယ် ဆိုတာထက်.. မှားတာကို မှားတဲ့အတိုင်း ကိုယ့်ကိုယ်ပိုင်ဥာဏ်နဲ့ နှိုင်းချိန်ဆုံးဖြတ်ပြီး လက်ခံတာမျိုး လုပ်နိုင်ဖို့ ကောင်းပါတယ်..။

ကျွန်တော်တို့ ငယ်ဘ၀.. ဟိုနားဒီနား ဘုရားတန်ဆောင်း ကျောင်းကန်နားတွေမှာ ရေးထားတဲ့ ဆရာတော်ကြီးတစ်ပါးရဲ့ နိုင်ငံကျော် လင်္ကာတစ်ပုဒ် ရှိတယ်..။

“ ရောက်တဲ့အရပ်မှာ၊ ပျော်အောင်နေ ”
“ တွေ့တဲ့ သူနဲ့ တည့်အောင်ပေါင်း ”
“ရှိတာလေးနဲ့ လှအောင်ဝတ် ”
“ရတာလေး နဲ့ ၀အောင် စား ”..

...
..
..
“ ပြိုင်လာလျှင် အရှုံးပေး၊ နှလုံးအေးတဲ့ ဆေး ” .. ဆိုတာလေးပဲ..။

အတော့်ကို နှစ်နှစ်ခြိုက်ခြိုက်နဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း နှုတ်တက်ရွရွ ဆိုခဲ့ကြတဲ့ လင်္ကာပဲ..။

ဒါပေမယ့် သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်မှာကျတော့.. ဗုဒ္ဓမြတ်စွာက “ လူမိုက်ကို မပေါင်းနဲ့ ” .. “ သင့်တင့်လျှောက်ပတ်တဲ့ အရပ်မှာ နေရမယ် ” အစရှိတာ တွေဟာ မင်္ဂလာပဲလို့ ဟောခဲ့ပြန်တယ်..။

ဆိုတော့.. “လူမိုက်ကို မပေါင်းနဲ့” ဆိုတာနဲ့.. “တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်း” ဆိုတာမှာ.. ဘယ်ဟာက ကိုယ့်ဘ၀ရဲ့ ဦးဆောင်လမ်းပြ လဲ လို့ တွေးတွေးဆဆ ရွေးချယ်ဖို့ လိုလာပါတယ်..။

အဲဒါလေးတွေကိုလည်း.. ကလေးငယ်တွေ.. နိုးနိုးကြားကြားလေး သိထားစေချင်တယ်..။

( စာကြွင်း..။ ဘာသာတရားနဲ့ ပါတ်သက်တာကို တတ်နိုင်သလောက် မပြောချင်ခဲ့ဘူး..။ သို့သော် မျိုးဆက်သစ်ကလေးငယ်တွေကို.. ဘာသာတရားကပေးသမျှ အသိဟာ ပြီးပြည့်စုံပြီးသား၊ ချွင်းချက်မရှိ လက်ခံလိုက် လို့ ပြောတာနဲ့ စာရင်.. သူတို့ကိုယ်ပိုင်အတွေးအခေါ်နဲ့ ဘ၀င်ကျလက်ခံတာမျိုးပဲ ဖြစ်စေချင်လို့ ကျွန်တော် လက်ခံသိမြင်ထားတာလေးတွေကို မျှဝေလိုက်ရတာပါ..။ သဘောတရားတစ်ခုကို ပြီးစလွယ် လက်မခံဘဲ အကြောင်းအကျိုး သေသေချာချာ လေ့လာပြီး စီစစ်လက်ခံနိုင်ဖို့ကို ဦးတည်ပေမယ့် ခုတ်ရာတခြား၊ရှရာတခြား ဖြစ်ခဲ့ရင် ကျွန်တော့်တင်ပြပုံ ညံ့ဖျင်းမှုကြောင့်ပါ.. )

41.6 Theory & Practice

ကျွန်တော် စက်မှုတက္ကသိုလ်နောက်ဆုံးနှစ်.. ကြို့ကုန်းအာအိုင်တီ မှာ စာပေဟောပြောပွဲတစ်ခု ကြုံခဲ့ရတယ်..။ လာရောက်ဟောပြောသူတွေက ကာတွန်းဆရာ အော်ပီကျယ်၊ စာရေးဆရာမ ဂျုး တို့ပဲ..။ ဆရာအော်ပီကျယ်က.. လက်သည်းညှပ် အလုပ်လုပ်ပုံကို .. လက်တွေ့နဲ့ဝေးတဲ့ စာတွေ့အသိဟာ နားလည်နိုင်ဖို့ ခဲယဉ်း ကြောင်း အခုလိုလေး ပြောသွားခဲ့တယ်..။

“အရှည် တစ်လက်မလောက်ရှိတဲ့ ကျောပေါ်က မောင်းတံလေးကို ဦးစွာပထမ တစ်ရာ့ရှစ်ဆယ် ဒီဂရီလှည့် ရပါမည်..။ ၄င်းနောက် အဆိုပါမောင်းတံလေးအား မတူညီတဲ့ ၀န်ရိုးအတိုင်း တစ်ရာ့ရှစ်ဆယ်ဒီဂရီလှည့်ကာ လှန်ချပြီးသကာလ၊ မူလနေရာရောက်အောင် ပြန်လှည့်ရပါမည်..။ ထိုအခါ.. အောက်ခံပြားနှင့် မောင်းတံကြားတွင် လက်မ၀က်ခန့်ရှိသော နေရာလပ်တစ်ခုဖြစ်ပေါ်လာကာ ထိုနေရာလပ်အား အောက်သို့ဖိနှိပ်ချခြင်းအားဖြင့် ရှေ့ပါးစပ်ထဲ ထည့်ထားသော လက်သည်းသည် တိကနဲ ပြတ်သွားပေလိမ့်မည်..။ ”

တကယ့်လက်သည်းညှပ်ကို ချပြပြီး.. လက်သည်းညှပ်ဆိုတာ ဒီလို အလုပ်လုပ်တာပဲလို့ လက်တွေ့ပြလိုက်ရင် မည်သူမဆို လွယ်လွယ်ကူကူပဲ နားလည် သဘောပေါက်သွား နိုင်ပေမယ့်.. လက်သည်းညှပ်မမြင်ဖူးသူတွေအတွက်ကတော့ အပေါ်က စာတွေ့လောက်ပဲ သိခွင့်ရခဲ့ရင် ဆိုလိုရင်းကို နားလည်နိုင်ဖို့ အတော့်ကို အားထုတ်ရဖို့ ရှိပါတယ်..။

အဲဒါလေးတွေကိုလည်း ကလေးငယ်တွေ တင်ကြိုသိမြင်ပြီး သင်ကြားလေ့လာရသမျှ စာတွေ့တွေကို လက်တွေ့နဲ့ နီးနိုင်သမျှ နီးအောင်ကြိုးစားကြစေချင်တယ်..။

မန္တလေးက ချင်းတွင်းကောလိပ်ဆိုတဲ့ private college လေးတစ်ခုကို.. visiting speaker အနေနဲ့ လွန်ခဲ့တဲ့ လေးလလောက်က ကျွန်တော် စကားသွားပြော ရတယ်..။ စာကြီးပေကြီး သီအိုရီအကြီးကြီးတွေကို ခန့်ခန့်ကြီး ပြောတာတော့ မဟုတ်ပါဘူး..။ ကျောင်းသားမောင်မယ်လေးတွေ နောင်တချိန် လုပ်ငန်းခွင်ထဲ ရောက်ရင် ကြုံရဆုံရဖို့ ရှိတဲ့.. real life challenges ဆိုတာလေးတွေ ကိုပဲ အဓိကထား ပြောတာပါ..။


ဆယ်နှစ်ကျော် ဆယ့်တစ်နှစ်လောက် စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်ထဲမှာ ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရတဲ့ အလွဲလွဲအမှားမှား ဆောင်ရန်ရှောင်ရန်တွေကို သူတို့လေးတွေ သိစေချင်တယ်..။ အဲဒါတွေဟာ သူတို့လက်ရှိသင်ကြားနေရတဲ့ စာအုပ်စာတမ်းတွေထဲမှာ မပါနိုင်တာတွေပဲ..။

ကျွန်တော်တို့တတွေဟာ ကျွန်တော်တို့ ဘိုးဘေးတွေရဲ့ အမှားတွေကတဆင့် ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးတွေ ရခဲ့ကြတယ်..။ အရာရာ အမှန်သိရမှ အဖိုးတန်တာမဟုတ်ပါဘူး..။ အမှားဆိုတာ အမှန်ရဲ့ တခြားတဖက်ဖြစ်တာမို့ အမှားကို သိရတာဟာ အမှန်သိရတာထက် တန်ဖိုးလျော့စရာ မရှိပါဘူး..။ အဲဒါကြောင့် ကျွန်တော်ရဲ့ ကိုယ်တွေ့အမှားတွေကို အိပ်သွန်ဖာမှောက် အားပါးတရ သူတို့လေးတွေ သိအောင် ပြောမိတယ်..။

ဒါပေမေယ့် ကိုယ်ပြောချင်တာတွေကို အတင်းနင်းကန်ပြီး အတုံးလိုက်အတစ်လိုက် ပြောလိုက်တာမျိုး မဖြစ်အောင်လည်း သတိထားရသေးတယ်..။ ကျွန်တော်စကား ပြောမှာကို ကလေးတွေက ကြားချင်လွန်းလို့ လာကြတာမှ မဟုတ်တာ..။ ကျွန်တော့်ကိုလည်း မမြင်ဖူး၊ ဘာကောင်မှန်းလဲမသိ၊ ပြောမယ့် ခေါင်းစဉ်ကလည်း သူတို့ နဲ့ မရင်းနှီး..၊ ကျောင်းအုပ်ချုပ်သူတွေ စီစဉ်လို့ မလွှဲသာလို့ လာကြတာပဲ..။

ကလေးတစ်ယောက်ဆိုရင်.. “ လခွီးတဲ့မှ.. ဘာတွေ လာပွားအုံးမလဲ မသိဘူး .. သောက်ရမ်းစိတ်ပျက်ဖို့ကောင်းတယ် ” လို့ အချိန်ကျလို့ အခန်းထဲ နေရာယူ ခိုင်းတော့ မအောင့်နိုင်မအီးနိုင် ပြောတဲ့အထိပဲ..။ ကျောင်းအပြင်ဖက်မှာ မတ်တပ်ရပ်နေတဲ့ ကျွန်တော်ဘေးနားကနေ ဖြတ်လျှောက်သွားရင်း အချင်းချင်း အဲသလို ပြောသွားတာ ကျွန်တော်ကလည်း ကြားဖြစ်အောင် ကြားလိုက်မိတယ်..။ သဘောထားအမှန်တွေ ပေါ့လေ..။

အခန်းထဲရောက်တော့ အဲဒီကိစ္စလေး အရင်ရှင်းရတယ်..။ ရှင်းတယ်ဆိုလို့ ခုနက အဲသလို ပြောသွားတာ ဘယ်ကောင်လဲကွ ဆိုတာမျိုး ရှင်းတာ မဟုတ်ပါဘူး..။

ကလေးတွေကို တရုတ်ကား တွေ ကြည့်ဖူးလားလို့ မေးပြီး.. တရုတ်ကားတွေထဲမှာ ကိုယ်မွေးထားတဲ့ သမီးကိုတောင် “ မင်းလိုသမီးမျိုး ငါမမွေးခဲ့ဘူးလို့ မှတ်လိုက်မယ် ”..၊ ကိုယ်သိရဲ့သားနဲ့ “ ဒီလိုအဖြစ်အပျက်မျိုး ရှိခဲ့သလား ”..၊ ကိုယ်ကြားရဲ့သားနဲ့ “ ဒီလိုစကားမျိုး ငါမကြားခဲ့ဘူး လို့ပဲ မှတ်လိုက်မယ် ” စသဖြင့် မသိချင်မမြင်ချင်မကြားချင် တဲ့ ကိစ္စတွေကြုံတိုင်း တရုတ်တွေ ပြောတတ်ကြတယ်..။ အခုလဲ အပြင်မှာ မင်းတို့ထဲကတစ်ယောက်က “ ဒီကောင် ဘာတွေလာပွားအုံးမလဲ မသိဘူး ” လို့ ပြောသံ ကြားလိုက်တယ်..။ ဒါပေမယ့် “ အဲဒါ ငါမကြားခဲ့ဘူးလို့ပဲ မှတ်လိုက်ပါတယ် ” ပေါ့..။

ကျွန်တော်က ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ ပြောနေတာဆိုတော့ ကာယကံရှင်ချာတိတ်ကိုယ်တိုင် “ ဆရာ ဆောရီးပါ၊ အဲဒါ ကျွန်တော်ပြောမိတာ ”တဲ့..။ ထပြောတယ်..။

ဟ.. အဲဒီလိုကြီး ၀န်မခံရဘူး..။ “ ဒီလို အဖြစ်အပျက်မျိုး ရှိခဲ့သလား ” လို့ မင်းကရုပ်တည်ကြီးနဲ့ မေးရမှာ လို့ ကျွန်တော်ပြန်ပြောတော့ အားလုံး တသောသောနဲ့ ရယ်ကြတယ်..။

သူတို့လေးတွေကို Theory & Practice တနည်းအားဖြင့် စာတွေ့နဲ့ လက်တွေ့ မတူကြောင်းလေးကိုလည်း မှတ်မှတ်ရရဖြစ်သွားအောင် ကျွန်တော် ပြောခဲ့တယ်..။

အိုင်းစတိုင်းက စာတွေ့နဲ့ လက်တွေ့ကွာပုံကို အခုလို ပြောတယ်ပေါ့..။

Albert Einstein: “In theory, theory and practice are the same. In practice, theory and practice are different."

သူတင်မက.. kurt lewin လို့ခေါ်တဲ့ ဂျာမန်တွေးခေါ်ပညာရှင်ကလည်း အခုလို ပြောပါတယ်ပေါ့..။

Kurt Lewin: “There is nothing as practical as a good theory.”

အဲသလို စာတွေ့နဲ့လက်တွေ့ ကွာတာကို သိပြီးပြီဆိုတော့ မင်းတို့လေးတွေရဲ့ တကယ့်ဘ၀လုပ်ငန်းခွင်မှာ မင်းတို့ မျှော်လင့်မထားတာတွေလည်း ရင်ဆိုင်ကြုံတွေ့ရဖို့ ရှိတယ်... ဒါကြောင့် expect the unexpected လို့ ကမ္ဘာကျော်ပညာရှိကြီးတစ်ယောက်က အခုလိုပြောသွားခဲ့လေရဲ့ ဆိုပြီး.. အောက်ကစာကို ရေးပြီး အဲဒီပညာရှိကြီးကို သိကြလားလို့ ကျွန်တော်မေးမိတယ်..။

Gnian Nut Nit: “ Expect the Unexpected “

ကလေးအားလုံးက သိဖို့ဝေးလို့ အသံထွက်တောင် ခပ်ခက်ခက်ပဲ လို့ ပြန်ဖြေကြတယ်..။ မဟုတ်ပါဘူး မင်းတို့သူ့ကိုသိပါတယ်.. သေချာစဉ်းစားပါလို့ ကျွန်တော် ပြောတော့ သူတို့ဇဝေဇ၀ါနဲ့ စဉ်းစားနေကြတယ်..။ ဒါပေမယ့် နောက်ဆုံးပိတ် အတွေးအခေါ် expect the unexpected ဆိုတာကို ပြောသွားတဲ့ ဂုရုကြီးကို သူတို့ စဉ်းစားလို့ မရနိုင်ဖြစ်နေခဲ့တယ်..။

ဘယ်လိုမှ စဉ်းစားလို့ မရတော့ဘူးဆိုမှ.. အဲဒီ အတွေးအခေါ်ပညာရှင်ကြီးဆိုတာ တခြားသူဟုတ်ရိုးလား.. ငါ့နာမည် ပြောင်းပြန်ရေးထားတာပဲ လို့ ကျွန်တော်ပြောလိုက်တယ်..။

မင်းတို့ ငါ့ကို အဲသလောက် မပေါဘူး ထင်နေတယ်မဟုတ်လား.. အမှန်က ပေါတယ်ဗျ.. ဒါကြောင့် မင်းတို့ကို ပြောတာ.. မမျှော်လင့်ထားတာတွေနဲ့ကြုံရမှာကို မျှော်လင့်ထားပါ လို့... expect the unexpected ပေါ့..။

တချို့ကလေးတွေဆို ခုံကို လက်ဝါးနဲ့ရိုက်ပြီး ရယ်တယ်..။ ကျွန်တော်လည်း ပျော်ရပါတယ်..။

အဓိကကတော့ ကျွန်တော်တို့ မျိုးဆက်သစ်တွေကို နားလည်လက်ခံ သဘောပေါက်ပြီး ကိုယ်ပေးချင်တဲ့ မက်ဆေ့ခ်ျကို သူတို့နားဝင်အောင် ကျွန်တော်တို့ ဘယ်လို ပြောကြမလဲ ဆိုတာပါပဲ..။ ပေါပေါလောလောလေး ပြောဖို့ လိုရင်လည်း ပေါကြတာပေါ့..။ ဒါ ကောင်းပါတယ်..။

Thursday, February 12, 2009

ကျွန်တော့်ဘလော့ဂ်လည်း အပိုင်းတစ်တွေ အပိုင်းနှစ်တွေနဲ့ တရုတ်ကားလိုလို ကိုရီးကားလိုလို ဖြစ်ကုန်ပြီ..။ အကြောင်းအရာ တစ်ခုကို .. ရှိသမျှပုံအော ခံစားပြီး မှတ်ဥာဏ်ပြန်ခေါ်ရေးဖို့ကလည်း မလွယ်တဲ့ အပြင်.. ရေးရင်းရေးရင်း ဖတ်သူမပြောနဲ့ ရေးသူကျွန်တော်မျိုးကိုယ်တိုင် တခါတခါ ငြီးငွေ့လာတာမို့ အာရုံလာတဲ့ အကြောင်းအရာလေးတွေ ပြန်ကောက်ပြီးတော့ ရေးမိနေတယ်..။

မကြာမတင်က ကျွန်တော်တို့တိုက်ခန်းငှားနေစဉ် ဆုံရကြုံရထဲက ဖိုးထိန်ဆိုတဲ့ ရေဦးသား မင်္ဂလာဆောင်သွားတယ်..။ ရေဦးမှာ ဆောင်တာဆိုတော့ ကျွန်တော်မသွားဖြစ်လိုက်ဘူး..။ ဒါပေမယ့် သွားဖြစ်သူများနဲ့ သွားမယ့်အကြောင်း ဖုံးရတော့ သူငယ်ချင်းများအကြောင်းက ပြန်အစပေါ်သလိုဖြစ်လာခဲ့တယ်..။

အဲဒါနဲ့ .. ရှေ့နားမှာ ရေးခဲ့တဲ့ ထနောင်းဝင်းသားလေး နိုင်လင်းအကြောင်း အစပြန်ဆွဲထုတ်ပြီး လက်ကမြင်းလိုက်ရပါကြောင်း..။

ဘလော့ဂ်ကြွလာ ဆွေသဟာ တို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ..။

40.1 ထနောင်းဝင်းသားလေး နိုင်လင်း

ဝိုင်အိုင်တီ မပြောင်းခင် .. စတုတ္ထနှစ် မှာ ကျွန်တော့်အခန်းဖော်က မုံရွာ ထနောင်းဝင်းက နိုင်လင်း ဆိုတဲ့ ကောင်..။ သူငယ်ချင်း အပေါင်းအရောင်းများကို ဘ၀ပေးပြီး ကူညီဖို့ အထိ ခင်တဲ့ သူပဲ..။ ကလေးတို့ ငလုံး တို့နဲ့ မလေးကို အတူထွက်သွားပြီး နောက်တော့ စင်ကာပူမှာ သူ အခြေကျသွားခဲ့တယ်..။

စင်ကာပူမှာ သူအဆင်ပြေနေတဲ့အချိန် ကျွန်တော်တို့ ထဲက သူငယ်ချင်းတစ်ယောက် သင်္ဘောတက်ဖို့ ငွေလိုတာ ကို အားလုံး သူစိုက်ထုတ် ကူညီပေးတယ်..။ အဆင်ပြေမှ ပြန်ဆပ် ဆိုပြီး သိန်း ဆယ်ဂဏန်း လောက် အတိုးမဲ့ နဲ့ သူချေးတယ်.။

ကျွန်တော့်ကို ယောက်ဖ လို့ ခေါ်တဲ့ တဦးတည်း သော သူငယ်ချင်းပဲ..။ ကျန်သူငယ်ချင်းတွေ ခေါ်သလို ခုံခုံ လို့လည်း မကြာခဏ ခေါ်ပါတယ်..။ ဒါပေမယ့် ယောက်ဖ ဆိုတာကတော့ သူ့ရဲ. ပင်တိုင် အခေါ်အဝေါ်ပဲ..။

၂၀၀၄ ခုနှစ်လောက်က ကျွန်တော် စင်ကာပူ ရောက်တယ်..။ Asian Oversea Technical Scholarship (AOTS) ဆိုတဲ့ အဖွဲ့အစည်းရဲ. Sponsor နဲ့ နှစ်ပတ်သင်တန်းလေး ကျွန်တော် တက်ခွင့်ရတယ်..။ နေတာ ထိုင်တာ စားတာသောက်တာ အားလုံး ဖရီးပဲ..။

သင်တန်းလုပ်တဲ့ Orchard Hotel မှာပဲ တည်းရတယ်..။ ဒါပေမယ့် ကျွန်တော်ကတော့ အားတာနဲ့ သူငယ်ချင်းတွေ အခန်းသွားအိပ်တော့တာပဲ..။ အဲဒီတုံးက နိုင်လင်း က သက်မောင်အေးဆိုတဲ့ လုံးခင်းသားရယ်.. စိုးဝင်းဆိုတဲ့ လာရှိုးသားရယ်.. အောင်ခန့်ဆိုတဲ့ ချောက်သား နဲ့ လေးယောက်ပေါင်း နေကြတယ်..။

အဲဒီအချိန်တုံးက သူတို့လေးယောက်လုံး လူပျိုကြီးတွေ..။ အခုတော့ သုံးယောက်ကျန်ပေါ့..။ မနှစ်က နိုင်လင်း ရန်ကုန်ပြန် မင်္ဂလာဆောင်တယ်..။ မင်္ဂလာပွဲကို Park Royal မှာလုပ်တယ်..။ သူငယ်ချင်းအားလုံးကို လက်ဖွဲ့ခြင်း သီးခံပါ ဆိုပြီး အတော့်ကို ကြီးကြီးကျယ်ကျယ် သူ့မင်္ဂလာပွဲ ကျင်းပတယ်..။

ကာယကံရှင် မင်္ဂလာမောင်မယ်က ဘယ်လောက်ပဲ လက်ဖွဲ့ခြင်းသီးခံပါ လို့ ပြောနေသည့်တိုင် သူငယ်ချင်းများရဲ့ ရင်းနှီးခင်မင်မှုအရ.. တခုခုတော့ စုပြီး လက်ဖွဲ့ကြရအောင်လို့ ကျွန်တော်တို့ တိုင်ပင်ကြတယ်..။ အဲဒီမှာ ငလုံးက
“ ဟိုက လက်ဖွဲ့ခြင်း သီးခံပါလို့ စာတတန် ပေတတန် ရေးထားတာကို မင်းတို့ .. ဒီလောက်လေးတောင် သီးမခံနိုင်ကြဘူးလား.. ” လို့ ၀င်နောက်သေးတယ်..။


အခုတော့ သားလေးတစ်ယောက်နဲ့ စင်ကာပူမှာ သူတို့မိသားစု ပျော်ရွှင်စွာ ဘ၀ကို ဖြတ်သန်းနေကြလေရဲ့..။

သူရဲ့ ငယ်ကျိုးငယ်နာကို နောက်ပို့စ်မှ.. ဖော်ပါ့မယ်..။

40.2 နိုင်လင်း၏ နှလုံးသားနှင့် ကျွန်တော်ရေးခဲ့ရသော စာတစ်စောင်

တက္ကသိုလ်ကျောင်းသားဘ၀မှာ အငှားခံစားချက်နဲ့ သူများအတွက် ရည်းစားစာ နှစ်စောင် ကျွန်တော် ရေးပေးခဲ့ဖူးတယ်..။ ကျွန်တော်ရေးတာပဲ ကောင်းလို့လား၊ ကာယကံရှင်တွေကိုယ်နှိုက်ကိုက ကြိုက်နေလို့လားတော့ မပြောတတ်ဘူး..။ တစ်ယောက်ကတော့ ကျွန်တော့်စာနဲ့ အဆင်ပြေသွားပြီး အခုဆို သမီးလေးတစ်ယောက် နဲ့ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်တစ်ခုတောင် ပိုင်ဆိုင်နေပါပြီ..။

သူများအတွက် ရေးပေးတယ် ဆိုလို့ ပြီးစလွယ် ရေးပေးတယ် မထင်ကြနဲ့အုံး..။ အကူအညီတောင်းသူက ကျွန်တော့်ကို သူတို့ရဲ့အခြေအနေ အားလုံး တစ်လုံးမကျန် ပြန်ပြောပြရတယ်..။ ကောင်မလေးအပေါ်ထားတဲ့ ခံစားချက်၊ အတွေး၊ မျှော်လင့်ချက် တွေကအစပေါ့..။ အဲဒါတွေကို သေချာ နားထောင်၊သုံးသပ်ပြီးမှ ဆရာကြီး စတိုင်.. ဖီးလ်အပြည့်နဲ့ ကျွန်တော်က ခံစားသီကုံးတာ..။

ဆိုတော့.. ကျွန်တော့်စာတွေက ပေါ့သေးသေးတွေ မဟုတ်ဘူး..။ ခပ်လန်းလန်း တွေ..။

ဒါပေမယ့် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်တောင် ချွတ်မရ၊ဟောမရ၊ပြောမရ တဲ့ ပေကတ်ကတ် တွေ ရှိသေးတာဆိုတော့ နိုင်လင်းအတွက် ရေးပေးခဲ့တဲ့ စာကတော့ ပြန်စာလေးတောင် မရရှာခဲ့ပါဘူး..။

စာပေးလိုက်ပြီး တစ်ပတ်လည်း အကြောင်းမပြန် နှစ်ပတ်လည်း သတင်းမကြား ဆိုတော့ နိုင်လင်း က ကျွန်တော့်ကို ပြောတယ်..။

“ ယောက်ဖ.. သူကြိုက်ကြိုက်၊ မကြိုက်ကြိုက်.. မင်းရေးထားတာ ငါတော့ ကြိုက်တယ် ” တဲ့..။ ဟာကွာ လို့ ကျွန်တော့်မှာ ဖြစ်ရတယ်..။ ဟုတ်တယ်လေ..။ ကောင်မလေး ဆီကပြန်စာမရဖြစ်နေတဲ့ သူ့ကို ကျွန်တော်က နှစ်သိမ့်ရမှာ..။ သူက ကျွန်တော့်ကို ပြန်နှစ်သိမ့် နေတယ်..။ နိုင်လင်း ဆိုတာ အဲသလို သူငယ်ချင်း..။

ကျွန်တော် ပဉ္စမနှစ်တက်ဖို့ ရန်ကုန်ပြောင်းတော့.. ကျွန်တော့်အမအကြီးဆုံးက ရမည်းသင်းမှာ တာဝန်ကျနေခဲ့တယ်..။ အလုပ်က သူနာပြုဆိုတော့ သိပ်ကြီး ပိုပိုလျှံလျှံ မရှိပေမယ့် သူ့မောင် စက်မှုတက္ကသိုလ်ကျောင်းသားကြီး အတွက် တတ်နိုင်သလောက် ရမည်းသင်းကနေ ငွေလှမ်းပို့တယ်..။ ၀ိုင်အိုင်တီ main building ကြီးအောက် ကြော်ငြာဘုတ်မှာ ငွေလွှဲသတင်း ဖတ်ခဲ့ရတဲ့ တစ်ယောက်က ကျွန်တော့်ကို လာပြောတော့ ကျွန်တော့်မှာ အံ့သြတကြီး ဖြစ်ရတယ်..။

“ငါ့ဆီ ငွေပို့မယ့်သူ မရှိပါဘူး.. နောက်တာများလား ” ဆိုတဲ့ အတွေးနဲ့ ပေါ့..။

ဒါပေမယ့် သူငယ်ချင်းများက “ ဟေး.. ဆမိတ်ခုံငွေလွှဲ ရောက်တယ်ကွ.. သွားဝါးကြမယ် ” လုပ်နေကြပြီမို့.. အံ့သြနေပေမယ့် ဇဝေဇ၀ါနဲ့ ကျွန်တော်တို့အဖွဲ့.. အဆောင်ကနေ.. main building အောက် ထွက်လာခဲ့ကြတယ်..။ နိုင်လင်း လည်း ပါတယ်..။ ဟိုရောက်တော့ ရမည်းသင်းကအမ က တကယ်လွှဲလိုက်တာ ဖြစ်နေတယ်..။ Amount က သုံးရာ..။

စားမယ်ဝါးမယ် ဆိုပြီး လိုက်လာတဲ့ သူငယ်ချင်းတွေ.. လွှဲငွေ သုံးရာဆိုတာကြည့်ပြီး ၀ိုင်းရယ်ကြတယ်..။ ငွေလွှဲ ဆိုရင် ထောင်ဂဏန်း၊ သောင်းဂဏန်း လွှဲလေ့ ရှိကြ တာမို့.. ကျွန်တော့်လွှဲငွေ သုံးရာက သူတို့အတွက် မကြုံစဖူး ဖြစ်နေခဲ့ကြတယ်..။ စိတ်ထဲမယ် ဘာရယ်ညာရယ် မရှိကြပေမယ့် တဟားဟား နဲ့ သူတို့မှာ ပြောမပြီး ရယ်မပြီး ဖြစ်နေခဲ့ကြတယ်..။

နိုင်လင်းကတော့.. “ ယောက်ဖ.. မင်းအမလည်း သူတတ်နိုင်တာ သူ ပို့လိုက်တာ နေမှာ ” ဆိုပြီး ကျွန်တော့်လက်ကို တင်းတင်းဆုပ်ရင်း မရယ်မပြုံးဘဲ အားပေးစကား ဆိုတယ်..။ ကျန်သူငယ်ချင်းများ ရယ်ကြတာ.. စိတ်မကောင်းမဖြစ်မိပေမယ့် နိုင်လင်း အဲသလိုမျိုး ပြောခဲ့တာတော့ အခုထိ ကျေးဇူးတင်အမှတ်ရဆဲ ပါပဲ..။

40.3 သရဲရထားစီးသူများ

လွန်ခဲ့တဲ့ ခြောက်လလောက်က မူဆယ်ဖက် သူငယ်ချင်းတသိုက် ရုံးကိစ္စနဲ့ ခရီးထွက်ဖြစ်တယ်...။ ရွှေဘိုသား သူကြီးလည်း သင်္ဘောက ဆင်းလာတာကြုံကြိုက်နေတာ နဲ့ လိုက်လာခဲ့တယ်..။ ရန်ကုန်မူဆယ် လမ်းတလျှောက် မြို့တွေက သူငယ်ချင်းတွေဆီ.. ဖုံးမရမကဆက်၊ ချိန်းတွေ့၊ သောက်စားနဲ့ အတော့် တော့ ပျော်စရာကောင်းတဲ့ ခရီးစဉ်ပဲ..။

လားရှိုးရောက်တော့ ကွတ်ခိုင်မြို့နယ် လ.၀.က မြို့နယ်ဦးစီးမှုးက ကျွန်တော်တို့သူငယ်ချင်း နေမျိုးလှိုင် ဖြစ်နေတယ် လို့ သတင်းကြားတယ်..။ နေမျိုးလှိုင်က MIT က မဟုတ်ပေမယ့် ကျောင်းကလားရှိုးသားတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အဖွဲ့နဲ့ အတော့်ကို ခင်တယ်..။ ကျောင်းပြီးစ ရန်ကုန်မှာ တိုက်ခန်းငှားနေစဉ်တုံးကလဲ သူက လ.၀.က ဦးစီးမှုးရာထူးအတွက် ရန်ကုန်ကို မကြာခဏလာတော့ အဆက်အသွယ်က သိပ်မပြတ်ဘူး..။

နောက်တော့ ကလေးတို့ငလုံးတို့က မလေးရှားထွက်သွား..၊ သူကြီးက သင်္ဘောတက်..၊ ကျန်တဲ့သူငယ်ချင်းတွေလည်း ဆိုင်ရာဆိုင်ရာ အလုပ်တွေဝင်..၊ နေမျိုးလှိုင် ကလည်း တာဝန်ကျရာ မြို့ရောက် ဆိုတော့ မတွေ့ဖြစ်ကြတော့ဘူး..။ အခုလိုမျိုး တိုက်တိုက်ဆိုင်ဆိုင် ခရီးက ကြုံနေတော့.. မဖြစ်ဖြစ်အောင် ၀င်တွေ့ကြမယ် ဆိုပြီး ကျွန်တော်တို့အဖွဲ့ ကွတ်ခိုင်ရောက်တာနဲ့ မောင်မင်းကြီးသားကို ၀င်တွေ့ကြတယ်..။

မတွေ့တာ ၂၀၀၀ ခုနှစ်လောက်ကတည်းကဆိုတော့ သူငယ်ချင်းတွေ တစ်ယောက်နဲ့တစ်ယောက် ပြေးမဖက်ရုံတမယ်.. ၀မ်းပမ်းတသာဖြစ်ကြရပါတယ်..။ မြို့ပေါ်က ဆိုင်တဆိုင်မှာ စိတ်လွတ်ကိုယ်လွတ် သောက်ကြ၊ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောကြ၊ ရယ်ကြမောကြ နဲ့ ပေါ့..။ အမှတ်တရ အဖြစ်ရဆုံးကတော့.. သူကြီး နဲ့ နေမျိုးလှိုင် သီရိမင်္ဂလာဈေး.. happy world မှာ သရဲရထား စီးတဲ့အကြောင်း စားမြုံပြန်တာပဲ..။

အဲဒီတုံးက နေမျိုးလှိုင်က.. ဦးစီးမှုးရာထူးအတွက် ရန်ကုန် ကို စာမေးပွဲလာဖြေတဲ့ အချိန်..။ သူကြီးကလည်း မိန်းမရခါစ.. သင်္ဘောလိုက်ဖို့ ကြိုးစားနေတဲ့အချိန်..။

လှိုင်မြင့်မိုရ် အိမ်ယာမှာ MIT က ဆရာမ ဒေါ်သီတာဦးရဲ့ တိုက်ခန်းမှာ သူတို့အတူနေကြတယ်..။ နေမျိုးလှိုင်က ပိန်ပိန်ဖြူဖြူနဲ့ လက်စလက်န ကမသေးတော့ ရောက်ပြီး တစ်ပတ်လောက် ရှိသေးတယ်..။ လမ်းထဲ က ကောင်မလေးတစ်ယောက်နဲ့ အီစီကလီဖြစ်တယ်..။

တကယ့် သမီးရည်းစားတွေလောက်အထိ ခရီးမရောက်သေးပေမယ့်.. ကောင်မလေးကလည်း မဆွတ်ခင်က ညွှတ်ချင်သလိုဆိုတော့ နေမျိုးလှိုင်က သူကြီးနဲ့ တိုင်ပင် တယ်..။ လာမယ့်တနင်္ဂနွေမှာ ကောင်မလေးနဲ့ တနေရာရာသွားမယ်ပေါ့..။ သူကြီးကလည်း အကွက်ဝင်လာတော့ အကြံကောင်းဥာဏ်ကောင်းတွေ ပေးတော့တာပဲ..။

သီရိမင်္ဂလာဈေးက happy world မှာ သရဲ ရထားသွားစီးကြမယ်..။ စီးရမှာက နှစ်ယောက်တစ်တွဲ၊ အထဲမှာက ကြောက်စရာလန့်စရာတွေနဲ့ မှောင်နက်မဲမဲဆိုတော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ အထာနဲ့ ပေါ့..။

နေမျိုးလှိုင်လည်း သူကြီးအကြံကို မိုက်တယ်ဟ ဆိုပြီး လက်ခံလိုက်တယ်..။ သွားမယ့်နေ့ရောက်တော့ သူကြီးက မင်းတို့ချည်း မသွားနဲ့ ..ငါပါလိုက်မယ်..။ တော်ကြာ ကောင်မလေးက နှစ်ယောက်တည်း သွားရမှာကို တွန့်နေရင် ခက်မယ်.. ဆိုပြီး သူကြီးပါ လိုက်သွားတယ်..။ ဟိုရောက်တော့ လက်မှတ်ဝယ်ပြီး နေမျိုးလှိုင်က ကောင်မလေးနဲ့ ပျော်ပျော်ကြီး သရဲခြောက်သည်ဆိုသောအိမ်ကြီးထဲ ၀င်သွားခဲ့တယ်..။

အထဲရောက်တော့ တကယ်လည်း ကောင်မလေးက ကြောက်ကြောက်နဲ့ နေမျိုးလှိုင်ကို အားကိုးတကြီးဖြစ်ကုန်တယ်..။ နေမျိုးလှိုင်ကတော့ သဘောတွေခွေ့ ပြီး သရဲရထားကို ပြုံးပြုးကြီး စီးနေတော့တယ်..။ ကောင်မလေးက ကြောက်လေ သူက အတင်းဖက်လေ ပဲ...။ အကြင်နာ ပေးတာလည်း ခဏခဏ ပေါ့..။

သူကြီးကိုလည်း ကျေးဇူးတွေတင်လို့ ..။

သူကြီးကလည်း နေမျိုးလှိုင် လုပ်သမျှ မဟုတ်တရုတ်မှန်သမျှကို အပြင်က တီဗွီမှာ ထိုင်ကြည့်ရင်း တခွိခွိနဲ့ ထိုင်ရယ်နေတယ်..။ နေမျိုးလှိုင် ခမျာတော့ သူလုပ်သမျှကို အပြင်ဖက်က လူတွေက မြင်နေရတယ်ဆိုတာ မသိရှာတော့.. အပျော်တွေပြည့်နှက်လို့.. တစ်ခေါက်နဲ့တောင် မ၀ဘူး .. ထပ်စီးအုံးမယ် လုပ်နေခဲ့တယ်..။

40.4 ကလေးလေးတွေ ပျော်တဲ့နေ့

တနေ့ကပဲ.. ရွာမှာ ကလေးငယ်များကို ဖိနပ်လှူတဲ့ ပွဲလေး လုပ်ဖြစ်တယ်လို့ သိရပါတယ်..။

ဖိနပ်အသစ်လေးတစ်ရံ ဘယ်ကနေဘယ်လို ရောက်လာမှန်းမသိဘဲ.. ကိုယ့်အတွက်ဆိုတာ သိလိုက်ရတော့ .. မျက်လုံးလေးတွေ အ၀ိုင်းသားနဲ့.. ပီတိတွေ ပေါက်ကွဲပြီး ခိုးခိုးခစ်ခစ် ရယ်နေမယ့် ကလေးငယ်လေးတွေကို.. စိတ်ကူးပုံရိပ် ထဲမှာ လှမ်းမျှော်မှန်းဆကြည့်ရင်း ကျွန်တော့်မှာ တစိမ့်စိမ့်နဲ့ ကြည်နူးရပါတယ်..။

တချို့က သူများရလာတဲ့ ဖိနပ်ကို ကွက်ကြည့်ကွက်ကြည့်လုပ်ရင်း.. ကိုယ့်နာမည်ခေါ်သံကို ရန်ခုန်တိုးတိတ်စွာ မျှော်နေကြမယ်..။ တချို့က ကိုယ်ရလာတဲ့ ဖိနပ်လေးကို ချက်ခြင်းလက်ငင်း ချစီး ရင်း ဟိုလှည့်ဒီလှည့်နဲ့ ပီတိဖြာနေလိမ့်မယ်..။ တချို့ကတော့ ကလေးပီပီ ဖိနပ်ကို လက်ကကိုင်ရင်း တဟေးဟေးနဲ့ အော်ဟစ် နေကြမယ်..။ တစ်ယောက်အပျော်တွေက တစ်ယောက်ကို ကူးစက်လို့၊ အခြင်းခြင်း ပေါင်းစုယှက်လို့၊ ကျောင်းကလေးမှာ အဲဒီနေ့က ပွက်လောကို ညံနေခဲ့မှာပဲ..။

အဲဒီနေ့ဟာ သူတို့လေးတွေ အခုထိ ဖြတ်သန်းလာခဲ့တဲ့ နေ့ပေါင်းများစွာထဲက.. အမှတ်တရအရှိဆုံး နေ့..။ အပျော်ရဆုံး နေ့..။ နုနယ်တဲ့ သူတို့နှလုံးသားထက်မှာ တခုတ်တရနဲ့ ထိထိရှရှ အခံစားရဆုံး နေ့တနေ့ ဖြစ်နေခဲ့တော့မယ်..။

အဲဒီနေ့လေးကို ရှင်မင်းညိုလို့ခေါ်တဲ့ စေတနာရှင် လူငယ်တစ်ဦးက သူတို့အတွက် ဖန်ဆင်း ပေးခဲ့တယ်..။

အဲဒါလေးကို ကျန်တဲ့ ညီအကိုမောင်နှမများပါ မျှဝေခံစားနိုင်ဖို့ ရေးလိုက်ရပါကြောင်း..။

Monday, February 2, 2009

39.1 ဘာလိုလိုနဲ့ ဆယ်နှစ်တိုင်ခဲ့ပါပကော..

မဒမ်နဲ့ အာဝါဟ၀ိဝါဟ ခဲ့တာ.. ၁၉၉၉ ခုနှစ် ဇန်န၀ါရီ (၁၄) ရက်ဆိုတော့.. ၂၀၀၉ခုနှစ် ဇန်န၀ါရီ (၁၄) ရက်မှာ ဆယ်နှစ်တင်းတင်းပြည့် သွားခဲ့ပြီ..။ ဘာမှ မကြာလှသေးသလို ခံစားရပေမယ့် ဆယ်နှစ်ဆိုတာ လူ့သက်တမ်းနဲ့ ယှဉ်ရင် မနည်းလှဘူးပဲ..။ စလယ်ဝင် ဖင်မမည်းခင် ကွဲပြဲကြတဲ့ အိမ်ထောင်ရေး ဇာတ်လမ်း တွေနဲ့ နှိုင်းရင်တော့ ဆယ်နှစ်ဆိုတာ ဂုဏ်ယူဖွယ်ရာ ကာလအပိုင်းအခြား တစ်ခုလို့ ဆိုရမှာပဲ..။

ရှစ်နှစ်ပြည့်၊ ကိုးနှစ်ပြည့် ဆိုတာမျိုးတွေလည်း အရင်ကမလုပ်ခဲ့ဖူးတော့ ဆယ်နှစ်ပြည့်မှာလဲထူးထွေပြီးတော့ အထိမ်းအမှတ်ပွဲ ကျင်းပတာမျိုး မလုပ်ဖြစ်ပါဘူး..။ မဒမ်ကတော့ ဆယ်နှစ်မြောက် ထူးထူးခြားခြားလေး လုပ်ချင်တဲ့သဘောမျိုး ပြောလာပေမယ့် “ ထူးခြားသွားအောင် ကိုကြီးတို့ ကွာရှင်းလိုက်ကြတာပေါ့ ” လို့ ပဲ အရွှန်းဖောက်ပြီး ကျွန်တော်ပြန်ပြောခဲ့တယ်..။

သူငယ်ချင်းအပေါင်းအရောင်းတွေကို ဖိတ်ပြီး ကျွေးမွေးဧည့်ခံ၊ သားနဲ့သမီးက သတင်းစာထဲမှာ ဒယ်ဒီမာမီမင်္ဂလာခရီး ဆယ်နှစ်မြောက်မှ နှစ်တစ်ရာတိုင်စေသော် ကြေငြာထည့် ဆိုတာမျိုး မလုပ်သည့်တိုင် မဒမ့်ဆန္ဒကို လိုက်လျောပြီး မိသားစုတတွေ.. အပြင်ဆိုင်တစ်ဆိုင်ဆိုင် သွားစားဖို့တော့ စိတ်ကူးမိပါသေးတယ်..။ ဒါပေမယ့် အဲဒီနေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဘန်ကောက်သွားဖို့ ဖြစ်လာတော့ .. မဒမ့်ကို ချော့မော့ထားခဲ့ရပါတယ်..။

ဘန်ကောက်က အပြန်မှ.. လေဆိပ် duty free ကနေ seiko နာရီတစ်လုံး ၀ယ်လာခဲ့လိုက်တယ်..။ မင်္ဂလာခရီး ဆယ်နှစ်ပြည့် လက်ဆောင် လိုလို.. မွေးနေ့လက်ဆောင် လိုလို ရောယောင်ပြီး ကျွန်တော်ပေးတော့ မဒမ်က “ ဘောင်ချာရော ” လို့ မေးပါတယ်..။ အိပ်ထဲက ဘောင်ချာ ထုတ်ပေးတော့ “ ထိုင်းတစ်ဘတ် ကို မြန်မာငွေ ဘယ်လောက်လဲ ” လို့ ထပ်မေးပြန်ပါတယ်..။

၂၀၀၄ ခုလောက်က စင်ကာပူကအပြန်... ဆံချည်မျှင်သာသာလောက် ရှိတဲ့ ပလက်တီနမ် ဆွဲကြိုးလေး ၀ယ်လာပေးတုံးကလည်း မဒမ်က အဲသလိုမျိုး မေးခဲ့ဖူးတယ်။

ကျွန်တော့်မှာ နိုင်ငံခြားပြန် လက်ဆောင်ဝယ်လာတိုင်း သက်ဆိုင်ရာနိုင်ငံရဲ့ ငွေလဲလှယ်နှုန်းနဲ့တကွ ဘောင်ချာကို တင်ပြရပါတယ်..။ မင်္ဂလာသက်တမ်း ဆယ်နှစ်အတွင်း.. ရွှေအတု၊ ငွေအတု၊ တခါမှ လက်ဆောင်အဖြစ် ၀ယ်မပေးဖူးပေမယ့် မကြာခဏ “အတုဝယ်ပေးမှာဗျား” လို့ ကျွန်တော်က စတတ်တော့ မဒမ်ခမျာ မယုံရဲယုံရဲ များ ဖြစ်နေသလား မပြောတတ်ပါဘူး..။

အဲသလိုနဲ့ပဲ ဆယ်နှစ်တိုင်ခဲ့ပါပြီ အရပ်ကတို့..။

39.2 သမီးရည်းစားနဲ့ လင်မယား မတူဘူးဗျ

အရင်အလုပ်မှာ အောင်သူဝင်းလို့ခေါ်တဲ့ အင်ဂျင်နီယာ တပည့်လေး တစ်ယောက်ရှိတယ်..။ သူက ကျွန်တော့်ကို အထက်အရာရှိတစ်ယောက်ဆိုတာထက် ပိုတဲ့ လေးစားမှုမျိုးနဲ့ လေးစားတယ်..။ ကျွန်တော်ပြောတာ မှန်သမျှ လေးလေးနက်နက်နဲ့ သူနားထောင်တယ်..။ တိုင်ပင်စရာရှိရင်လည်း သူ့ရဲ့ ပုဂ္ဂိုလ်ရေးကစလို့ မချွင်းမချန် ကျွန်တော်ကို ဖွင့်ပြောတိုင်ပင်လေ့ ရှိတယ်..။

တစ်ရက်မှာ ကျွန်တော်က ဘာရယ်မဟုတ် သမီးရည်းစားဘ၀နဲ့ အိမ်ထောင်သည်ဘ၀ မတူခြားနားတာလေးတွေ စပ်မိစပ်ရာ သူ့ကို ပြောမိတယ်..။

“ သမီးရည်းစား နဲ့ လင်မယား မတူဘူးကွ..။ မတူချက်ကတော့ စာလုံးပေါင်းကအစ ကွဲတယ် ငါ့ညီ.. ဒါကြောင့် လင်မယားဘ၀မှာ မလိုက်လျောနိုင်မယ့် ကိစ္စတွေ သမီးရည်းစား ဘ၀မှာ ဘာမှ လုပ်မပေးနဲ့ ကွ ”

လူကလည်း နည်းနည်း ထွေနေတော့ အာဘောင်အာရင်းသန်သန်နဲ့ သူ့ကို ကျွန်တော် လက်ချာတွေ အဲဒီနေ့က စွတ်ပေးလိုက်မိတယ်..။ မဒမ်ကလည်း သမီးရည်းစား ဘ၀တုံးက ကျွန်တော်အလိုလိုက်ခဲ့တာလေးတွေ လင်မယားဘ၀မှာ လုပ်ပေးဖို့ ကွက်ပျက်တိုင်း “ကိုကြီး အရင်လို မီးမီးကို မချစ်တော့ဘူး ” လို့ စွဲချက်က တင်နေတာမို့ အဲဒီအကြောင်းလေးတွေကိုလည်း ပြန်လည် ဖောက်သည်ချမိတယ်..။

“ မင်းရည်းစားကို နေကြာစေ့ အခွံ နွှာမပေးနဲ့.. သူ့ဖာသာ နွှာစားခိုင်း၊ ကော်ဖီမစ်.. အထုတ်ဖောက် မွှေပေးတာမျိုး လုပ်မပေးနဲ့.. သူ့ဖာသာ ဖျော်သောက်ပစေ ”
“ အေး.. ငါပြောတဲ့အတိုင်း မလုပ်ဘဲ.. နေကြာစေ့ဆို အခွံနွှာပြီးသား၊ ကော်ဖီမစ်ဆို မွှေပြီးသား လုပ်လို့ကတော့ လင်မယားဘ၀ ရောက်တာနဲ့ မင်း နာဖို့သာပြင် ”

နဂိုရ်ကလည်း လေးစားရင်းစွဲ ရှိတဲ့အပြင် သူကိုယ်တိုင်ကလည်း ခပ်ထွေထွေ ဖြစ်နေလေတော့ ကျွန်တော်ပြောသမျှ သူ့ခမျာ အဟုတ်ထင်သွားခဲ့တယ်..။ ကျွန်တော်ကတော့ ပြောပြီး မေ့မေ့ပျောက်ပျောက်ပါပဲ..။ ဒါပေမယ့် သူကတော့ အဲဒီနေ့က စလို့ ကျွန်တော်ပြောတာတွေကို အကောင်ထည်ဖော်နေခဲ့တယ်..။

နောက်တစ်လလောက်ကြာတော့ မောင်မင်းကြီးသား မျက်နှာမသာမယာနဲ့ “ အကို.. ကျွန်တော့်ကောင်မလေးက ကျွန်တော့်ကို ပစ်သွားပြီဗျ ” တဲ့..။ ငိုသံပါကြီး နဲ့ ပြောလာတော့ ကျွန်တော့်မှာ “ ဟ.. ဘယ်လိုဖြစ်တာလဲကွ ” ပေါ့...။

“အကို ပြောသလို ကော်ဖီမစ်..သူ့ဖာသာ ဖျော်သောက်ခိုင်းလိုက်တယ်၊ နေကြာစေ့ သူ့ဖာသာ အခွံနွှာစားခိုင်းလိုက်တယ်.. အဲဒါ.. မရခင်ကတည်းက ဒီလို အချိုးချိုးနေရင် ရပြီးရင် ပိုဆိုးဖို့ပဲ ရှိတယ် ” ဆိုပြီး လမ်းခွဲသွားတာပဲ အကိုရေ ” တဲ့..။