Thursday, September 10, 2009

46.2 လူလင်မယား စီးပွားတခြား

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ထဲမှာ.. “ ဖောင်ချင်း” ဆိုတဲ့ ရွာရှိပါတယ်..။ အဲဒီရွာနဲ့ တစ်မိုင်ခွဲလောက် အကွာ မှာ ဆူးဖြူးကုန်းဆိုတဲ့ ရွာရှိပါတယ်..။ အဲဒီရွာနှစ်ရွာ.. တစ်ရွာနဲ့တစ်ရွာ တစ်မိုင်သာသာ ဝေးပေမယ့်.. နွားထိုးကြီးနယ်တကျော ကတော့.. နှစ်ရွာ့တစ်ရွာပေါင်းပြီး “ ဖောင်ချင်း ဆူးဖြူကုန်း” လို့ပဲ အရပ်ခေါ် အလွယ် လုံးပေါင်းခေါ်ကြပါတယ်..။

အဲဒီရွာတွေဟာ.. ကိုလိုနီခေတ် အင်္ဂလိပ်လက်အောက်မှာ.. အတော်အသင့် တိုးတက်ဖွံ့ဖြိုးမှု ရှိခဲ့ကြတဲ့ ရွာတွေပေါ့..။

ဆူးဖြူးကုန်း ဆိုရင်.. မန္တလေး မြင်းခြံ ရထားလမ်းဘေးမှာ ရှိလို့.. လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန်ပါတယ်..။

ရွာသူရွာသားအများစုက .. တောင်သူလယ်သမား ထန်းသမားတွေ ဖြစ်ကြပြီးတော့..လက်ငါးချောင်း မပြည့်တဲ့လူနည်းစုကတော့ လယ်ပိုင်ရှင် မြေပိုင်ရှင် သူဌေးတွေ ဖြစ်ပါတယ်..။

အဲဒီ လူနည်းစု ဘူဇွာ လူတန်းစားထဲမှာ.. ထူးခြားတဲ့.. လင်မယား နှစ်ယောက် ရှိပါတယ်..။

မိန်းမဖြစ်သူက.. ဆူးဖြူးကုန်းရွာသူဖြစ်ပြီး ကသည်း(ကုလား) စစ်စစ် ဖခင်နဲ့ ဗမာမိခင်က ပေါက်ဖွားလာတဲ့ ကပြားဖြစ်ပါတယ်။်ယောက်ျားဖြစ်သူကတော့ ဖောင်ချင်းရွာသား ဖြစ်ပြီး အဖေဗမာ အမေဗမာက မွေးလာတဲ့ ဗမာစစ်စစ် ဖြစ်ပါတယ်..။

ကသည်းသွေးတစ်ဝက်ပါတဲ့.. အမျိုးသမီးက ဗမာရုပ်မပေါက်ဘဲ.. ကသည်းရုပ် ပေါက်နေပြီး.. ဗမာစစ်စစ် အမျိုးသားကတော့ ဖြူဖြူနွဲ့နွဲ့ ပိန်ပိန်ပါးပါးနဲ့ လူချောလူလှ တစ်ယောက်ဖြစ်ပါတယ်..။ သူတို့နှစ်ယောက်ဟာ လုံးဝ အသွင်မတူကြသလို တစ်ယောက် နဲ့တစ်ယောက်လည်း မေတ္တာသက်ဝင်ပြီး အိမ်ထောင်ဖက်တွေ ဖြစ်လာကြတာမဟုတ်ပါဘူး..။

နှစ်ဖက်မိဘတွေက မြေရှင်ယာရှင်တွေ ဖြစ်တာကြောင့်.. နှလုံးသားချင်း မနီးသော်ငြား.. လယ်ချင်းထပ်၊ယာချင်းထပ်ပြီး သူတို့ ဘ၀ တွေကို ပေါင်းစပ်ပေးခဲ့ရာကနေ အကြင်လင်မယားဘ၀ ရောက်ရှိလာကြတာ ဖြစ်ပါတယ်..။

သူတို့ရဲ့ မင်္ဂလာဦးခရီးဟာ နှစ်ဖက်မိဘ လက်ဖွဲ့တဲ့ မြေဧက နှစ်ထောင်နဲ့ သက်တောင့်သက်သာ၊ မပူမပင် မကြောင့်မကြဖြတ်သန်း ခွင့် ရခဲ့ကြပါတယ်..။ ကိုယ်တိုင် ထွန်ယက်စိုက်ပျိုး စရာမလိုဘဲ မြေထောက်၊မြေငှားချရာကနေ ရလာတဲ့အဖိုးအခနဲ့တင်ပြည့်ပြည့် စုံစုံ ကုံကုံလုံလုံ နေနိုင်ခဲ့ကြပါတယ်..။

သို့သော် သူတို့ဟာ လူချင်းသာ အကြင်လင်မယားအဖြစ် ပေါင်းဖက်နေထိုင်ခဲ့ကြပြီး စီးပွားရေးရာကတော့ လုံးဝကို ပေါင်းစည်းခြင်း မရှိခဲ့ကြပါဘူး..။

မိန်းမဖြစ်သူကလည်း သူ့ဖက်က လက်ဖွဲ့တဲ့ မြေဧက တစ်ထောင်ကို အရင်းပြုပြီး ကိုယ့်ဖာသာ လုပ်ကိုင်စားသောက်နေသလို ယောက်ျားဖြစ်သူကလည်း.. သူ့စီးပွားနဲ့သူ သူရတဲ့ ဧကတစ်ထောင်ကို မြေထောက်ချ၊ ငွေတိုးပေး ရွှေပေါင်ခံပြီး နေထိုင်ခဲ့ကြ ပါတယ်..။ ပိုဆိုးတာက.. ယောက်ျားဖြစ်သူက မိသားစုတာဝန်ကို လုံးဝမယူဘဲ.. တစ်ဦးတစ်ယောက်တည်းအိုးခွဲ ချက်စား တာပါပဲ..။

သူစားချင်တဲ့ ဟင်းကို သူ့ဖာသာချက်ပြီး စားပါတယ်..။ ကျန်နေတဲ့ ဟင်းကျန်ကို သူစားပြီးတာနဲ့ သေတ္တာထဲ သော့ခတ်ပြန်သိမ်း ပါတယ်..။

ဒီထက် အံ့သြစရာကောင်းတာက.. ယောက်ျားဖြစ်သူဟာ.. ဇနီးမယားနဲ့ သမီးသားတွေရှိရာ ဆူးဖြူးကုန်းရွာကိုညအိပ်ရုံလောက်ပဲ နေပြီး မနက်လင်းတာနဲ့ သူ့ဇာတိ ဖောင်ချင်းရွာကို ပြန်တာပါပဲ..။ အဲသလို ပြန်တာဟာ တစ်ပတ်တစ်ခါ၊ တစ်လတစ်ခါ မဟုတ် ပါဘူး..။ နေ့စဉ်နဲ့အမျှ ပြန်တာ.. သူမသေခင် သွားနိုင်လာနိုင်တဲ့အထိ ဖြစ်ပါတယ်..။

သူ့အမ အပျိုကြီးတွေကလည်း သူတို့မောင်ကို သဲသဲလှုပ်မျှ ချစ်ကြပြန်ပါတယ်..။ သူတို့မောင် နေ့တိုင်း ဆူဖြူးကုန်း ဖောင်ချင်း အသွားအပြန်လမ်းခရီးမှာ ပင်ပမ်းရင်နာဖို့ ဇရပ်တစ်ဆောင် ဆောက်လုပ်ပေးထားတဲ့အပြင် တခါတရံနေထိုင်မကောင်းလို့သူတို့မောင် ပြန်မလာဖြစ်ရင် ချက်ခြင်း လှည်းကောက်ပြီး ဆူးဖြူးကုန်း ပေါက်ချလာတော့တာပဲ..။

သူတို့လင်မယားဟာ အဲသလိုမျိုး စီးပွားရေးရာ လူမှုရေးရာတွေမှာ အစပ်အဟပ်မတည့်ကြပေမယ့် မျိုးဆက်ပြန့်ပွားရေး တာဝန်ယူမှု အပိုင်းမှာတော့ အတော့်ကို တက်ညီလက်ညီ ရှိတာ တွေ့ရပါတယ်..။ အောက်ပါ စာရင်းကို ကြည့်ရင် သူတို့ရဲ့ ညီညွှတ်မှုနဲ့ အားထုတ်မှုကို ပါးစပ်အဟောင်းသားနဲ့ အသိအမှတ်ပြုနိုင်ကြပါလိမ့်မယ်..။

၁) ဒေါ်မြစိန်
၂) ဦးခင်မောင်
၃) ဒေါ်သန်းနွဲ့
၎) ဦး ဟံစိန်
၅) ဦးအုံးဖေ
၆) ဦးကျော်သောင်း
၇) ဦးစောမောင်
၈) ဦးကံညွှန့်
၉) ဦးစိန်ထွန်း
၁၀) ဦးလှအောင်
၁၁) ဒေါ်ကြည်လှ
၁၂) ဦးတင့်ဆွေ
၁၃) ဦးကျော်မြင့်

အထက်ပါ သားသမီး တဆယ့်သုံးဦးဟာ ဖောင်ချင်းရွာသား (ဦး)ဘသိန်း နဲ့ ဆူးဖြူးကုန်းရွာသူ (ဒေါ်) အေးတင် တို့ကနေ ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ကြတာ ဖြစ်ပါတယ်..။ အဲဒီထဲက သမီးဦး ဒေါ်မြစိန်ဟာ ငယ်ရွယ်စဉ်မှာပဲ ဖိတ်စင်ခဲ့ပါတယ်..။ နံပါတ် (၆) ဦးကျော်သောင်းနဲ့ နံပါတ် (၁၀)၊ (၁၁)၊ (၁၂) တို့လည်း ကျောက်ပေါက်၊ ခွေးရူးကိုက်ခံရ၊ အသဲရောင်အသားဝါ ရောဂါတွေကြောင့် သူတို့မိသားစုထဲကနေ စောစီးစွာ ခွဲခွါသွားခဲ့ကြပါတယ်..။

နောက်ဆုံး.. မွေးချင်း တဆယ့်သုံးယောက်မှာ ရှစ်ယောက်သာ သိုက်သိုက်ဝန်းဝန်း စည်စည်ကားကားနဲ့ “ လူလင်မယား၊ စီးပွားတခြား ” မိဘများနဲ့အတူ ပျော်ရွှင်စွာ ရှင်သန်နေထိုင်ခဲ့ကြပါတယ်..။

သူတို့ထဲက နံပါတ်(၅) ဦးအုံးဖေ ဆိုတာ နောက်တချိန်မှာ ကျွန်တော့်အဖေ ဖြစ်လာပြီး ဦးဘသိန်းနဲ့ ဒေါ်အေးတင်ဆိုတာ ကျွန်တော့်ရဲ့ အဘိုးနဲ့ အဘွားရယ်လို့ ဖြစ်လာခဲ့ပါတော့တယ်..။

9 comments:

SDL said...

အံ့မခန်းပဲနော်.. နေ့တိုင်း မိဘ အိမ်ပြန်တယ်၊ ဟင်းကိုသော့ခတ်သိမ်းတယ်..။

ကောင်းမွန်ဝင်း said...

အဲဒီမိသားစုဝင်ကပြောပြလို.သာပေါ.။ တခြားလူကပြောတာဆိုရင် ဂန္တ၀င်ရုပ်ရှင် ဇတ်လမ်းတစ်ခုပဲ။

Rita said...

အင်း ပြောမယုံ ကြုံဖူးမှ သိ နော်

Summer Field said...

အင်း.. အတူတူများ နေခဲ့ရင် ကိုနဗနမှာ ဦးလေး အဒေါ်တွေ သုံးကျိတ်လောက်ရှိနိုင်မယ်..

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

ဒို့အညာက..အံ့ဖွယ် ..တွေကို..
ဒီက ကလေးတွေကမကြားဖူးကြဘူးကွ

တောင်ပေါ်သား said...

အဟား တော်တော်ထူးဆန်းတာမှတ်နေတာ နောက်ဆုံး ကိုနဗနရဲ့ အဘိုးအဖွါးဖြစ်နေတာကိုးဗျး) အံ့ကောပဲဗျာ ဘာတဲ့ စားပြီးကျန်တာ သော့ခတ်သိမ်းရတယ်လို့း) အကိုကော ခု ဘယ်လိုလဲ သော့ခတ်သေးလား အဟေး

လေးစားလျက်
တောင်ပေါ်သား

rgn said...

အန်မလေးအံသြလိုက်တာအကိုရယ်၊ကျမသာဆိုမယူတော့ဘူး၊ယောက်ကျားမရလည်းဘာအရေးလဲ၊အပျိုကြီးဘဲလုပ်တော့မယ်၊

kyaw said...

တာဝန်ကျေတယ်နော်...
ကျွန်တော့်အသိ ဦးလေးကြီးတစ်ယောက်ဆို
အငယ်ဆုံးကလေးနံမယ်က ဒါဇင်ကျော်တဲ့ ဗျား
ဆယ်သုံးယောက်မြောက်...ဟိဟိ

IRIS said...

ဇာတ်ပေါင်းတော. ....သည်ငါဘုရားဖြစ်လာပီး....သည်ဒေ၀ဒတ် ဖြစ်လာခဲ.သည်ဆိုသလိုဖြစ်နေပီ။
ထူးလှချည်လားဆိုပီးဖတ်လာတာ ပီးတော.မှခင်ဗျားအဖိုးဖွားဖြစ်နေတာကိုး...ဟီး..ဟီး