Showing posts with label 41 မျိုးဆက်သစ်တွေ တိုးတက်ရစ်ဖို့. Show all posts
Showing posts with label 41 မျိုးဆက်သစ်တွေ တိုးတက်ရစ်ဖို့. Show all posts

Tuesday, February 24, 2009

41.1 အိပ်မက်လှလှ မက်ကြပါစေ...

လာမယ့် ၂၇ ရက်နေ့ ကျွန်တော် ရွာခဏပြန်ပါ့မယ်..။ အခမဲ့ အင်္ဂလိပ်စာသင်တန်းလေး ဖွင့်ဖို့အတွက် စီစဉ်စရာရှိတာ သွားစီစဉ်မလို့ပါပဲ..။ မျိုးဆက်သစ် လူငယ်တွေ အတွက် အင်္ဂလိပ်စာနဲ့ ကွန်ပြူတာက ရှောင်လို့မရတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာနေပါတယ်..။ အဲဒါလေးကို မီသလောက် ပံ့ပိုးကြည့်မယ်..။ ဆရာဦးအောင်သင်း ရဲ့ စကားငှားသုံးရရင် “ မျိုးဆက်သစ်တွေ၊ တိုးတက်ရစ်ဖို့ ” ပေါ့..။

ဆရာကိုတာကတော့ စာအုပ်ထီးနဲ့ ကာကွယ်ကြ လို့ ပြောပါတယ်..။ စာကြည့်တိုက်လေး တစ်ခုလောက်လည်း ရွာမှာ ကြိုးစားလုပ်ကြည့်ပါ့မယ်..။ စာအုပ်စာတမ်း ပံ့ပိုး မယ့်သူများလည်း အဆင်သင့် ရှိနေတာမို့ အဲဒါလေးကိုလည်း ဖိဖိစီးစီးလေး လုပ်မယ် စိတ်ကူးထားပါတယ်..။ အကြမ်းဖျဉ်း စဉ်းစားထားတာကတော့ လူငယ် လူရွယ်တွေအတွက် လန်းလန်းဆန်းဆန်း တက်တက်ကြွကြွ ဖြစ်စေမယ့် စာအုပ်စာပေ တွေ ဖြစ်ရမယ် လို့ပဲ..။

အဲဒါမှ သူတို့လေးတွေရဲ့ အိပ်မက်တွေ စိတ်ကူးတွေ လှလှပပ တူတူတန်တန် ဖြစ်မှာ..။ စိတ်ကူးယဉ်တာပဲ ပိုက်ဆံပေးရတာလိုက်လို့.. လို့ ပြောတတ်ကြတယ်..။ ကိုယ့် ဦးနှောက်ထဲမှာ ဘာအတွေးအခေါ် မှ မရှိဘဲ စိတ်ကူးယဉ်လို့ကတော့ အလကားရတဲ့ စိတ်ကူးတောင်.. တူတူတန်တန် ယဉ်နိုင်မှာ မဟုတ်ပါဘူး..။

သိန်းထီပေါက်ရင် ဘာလုပ်မလဲ လို့ ငယ်တုံးကသူငယ်ချင်းတသိုက် စိတ်ကူးယဉ်ဖူးတယ်..။ မော်ကြီးဆိုတဲ့ ကျွန်တော့်သူငယ်ချင်းက “ အခုနေ သိန်းထီပေါက် ရင် ဟယ်လီကော်ပတာ ၀ယ်ပြီး မကွေးတိုင်းက ပြောင်းရိုးတွေ သွားရိတ်ပစ်လိုက်မယ် ” လို့ ပြောခဲ့တယ်..။ သူ့ရဲ့ ဘ၀မျှော်မှန်းချက်က နွားစာ ပေါပေါလောလော ရရေး ဖြစ်နေခဲ့တယ်..။

မျှော်မှန်းချက်ဆိုတာ ဦးနှောက်ရဲ့ အကန့်အသတ်က ဖော်ပေးတဲ့ ပုံအတိုင်းပဲ ပေါ်တာမို့ မျိုးဆက်သစ် ကလေးတွေရဲ့ ဦးနှောက်မှာ ကွက်လပ်တွေ သိပ်များ မနေအောင် ကျွန်တော် တို့ ပံ့ပိုးရပါ့မယ်..။

အဲသလို လုပ်ဖို့ ကျွန်တော်တို့မှာ အင်အားတွေ ရှိကို ရှိနေပါတယ်..။

အထက်တန်းကျောင်းသားဘ၀ မှာ “ အိုက်ခမန်း၏ ငရဲခန်းများ ” ဆိုတဲ့ စာအုပ် ကျွန်တော် ဖတ်ရတယ်..။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျုးတွေကို ဆိုက်ကလုံဘီလို့ခေါ်တဲ့ ဓါတ်ငွေ့တွေ လွှတ်ထားတဲ့ အခန်းထဲ မောင်းသွင်းပြီး နာဇီဗိုလ်မှုးကြီး အိုက်ခမန်းက မျိုးဖြုတ်ခဲ့တဲ့ အကြောင်း ရေးထားတဲ့ စာအုပ်ပေါ့..။ တကယ့်ဖြစ်ရပ်မှန် ဖြစ်တာရယ်၊ လုပ်ရပ်က ရက်စက်လွန်းတာရယ်ကြောင့် အဲဒီစာအုပ်ကို အခုထိ မှတ်မှတ်ရရ ရှိနေခဲ့တယ်..။

အထူးသဖြင့် ခေါင်းထဲစွဲနေတာက အသတ်ခံရမယ့်အခန်းရှေ့မှာ ဂျုးတွေ ၀တ်လစ်စလစ်နဲ့ ကြောက်ကြောက်လန့်လန့် တန်းစီနေတုံး သူလိုကိုယ်လို အသတ်ခံရမယ့် ကလေး မလေးတစ်ယောက်က ကျန်တဲ့သူတွေကို လိုက်လံ အားပေးနှစ်သိမ့်နေတဲ့ အကြောင်းအရာပဲ..။ ဖြစ်ရပ်က ဘယ်လောက်ပဲ ဆိုးနေပါစေ ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင် ကောင်းအောင် ဆောင်ရွက်နိုင်တာ တစ်ခုခုတော့ ရှိနေခဲ့တာပဲ ဆိုတာလေး အဲဒီကနေ ကျွန်တော်သိခဲ့ရတယ်..။

41.2 Realizing the Dream

တကယ်တော့ ဒီနာမည်က ကျွန်တော်တို့ ကိုယ်ပိုင်နာမည်မဟုတ်ပါဘူး..။ Dr. Martin Luther King, Jr. ရဲ့ http://www.realizingthedream.org/ ကနေ တဆင့် ကိုညီညီ Diethelm က ကျွန်တော့်ကို ပြန်မျှတာပါ..။

ရွာမှာ သင်တန်းလေး ဖွင့်မယ်ဆိုတော့.. နာမည်ရွေးဖို့ စဉ်းစားကြရာကနေ အဲဒီနာမည်ကို ကြိုက်တာနဲ့ ယူလိုက်ကြတယ်..။ ကလေး တွေကို အိပ်မက်မက်ခွင့်လေး ဖန်တီးပေးချင်တယ်..။ မက်တဲ့ အိပ်မက်လေးတွေကိုလည်း realizing လုပ်စေချင်တယ်..။ နိုးထလာတာနဲ့ ပျောက်ပျောက်ပျက်ပျက် ဖြစ်သွားမယ့် အိပ်မက်မျိုးတွေ မမက်စေချင်ဘူး..။

ကျွန်တော်တို့ ငယ်ဘ၀တွေမှာလည်း အိပ်မက် တွေ မက်ခဲ့ကြတာပါပဲ..။ ဒါပေမယ့် ရလာတဲ့ ကုန်ကြမ်းက မကောင်းမမွန်တွေဆိုတော့.. မက်သမျှ အိပ်မက်က တူတူ တန်တန်ကို မဖြစ်ခဲ့ပါဘူး..။ အဆင့်အတန်းမမီမကမ်းနဲ့ ပိန်ပိန်လိမ်လိမ်အိပ်မက်တွေသာ များခဲ့ရတယ်..။ ဒါကြောင့် အိပ်မက်ကုန်ကြမ်းက အရေးကြီးပါတယ်..။

ကြားသမျှ၊ မြင်သမျှ အရာအားလုံးမှာ ကောင်းမွန်တာတွေ ရှိသလို.. ဟောင်းလွန်တာတွေလည်း ရှိနေပါတယ်..။ အဟောင်းကို အဟောင်းမှန်းသိပြီး ရွေးယူ စွန့်ပစ် ဖို့ လိုပါတယ်..။ အဲသလိုမဟုတ်ဘဲ အဟောင်းကို အကောင်းထင်ပြီး ဖက်တွယ်ထားရင်.. ကယောက်ကယက်နိုင်တဲ့ ဆောင်းတွင်းအိပ်မက် သံသရာက သူတို့ ရုန်းထွက် နိုင်မယ် မထင်ပါဘူး..။

ဥပမာ..

“ ဒီနေ့ ကျွန်တော်က မနေ့ကကျွန်တော်ထက် သာအောင် ကြိုးစားနေပါတယ် ” ဆိုတဲ့ စကားကို ကျွန်တော်တို့ ငယ်စဉ်က အတော် သဘောကျခဲ့တယ်..။ ဒါပေမယ့် သေချာစေ့စေ့တွေးကြည့်လေ အဲဒီအတွေးအမြင်ဟာ စကားလုံးဖွဲ့စည်းပုံ ကောင်းတာကလွဲလို့ ကိုယ့်ဘ၀တိုးတက်ရာတိုးတက်ကြောင်းကို လောက်လောက်လားလား ထောက်ပံ့မပေးနိုင်ဘူးဆိုတာ တွေ့ရပါတယ်..။

လူဟာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ယှဉ်ပြိုင်နေယုံနဲ့ မရပါဘူး..။ အလုပ်ထဲမှာ.. စီးပွားရေးထဲမှာ.. အတန်းထဲမှာ.. နေရာတကာတိုင်းမှာ.. သူများတကာနဲ့ ယှဉ်ပြိုင်နိုင်အောင် အမြဲကြိုးစားနေရတာပါ..။ ကိုယ့်တိုးတက်မှုထက် ဘေးဘယ်ညာက ကိုယ်လိုသူလို လူတွေရဲ့ တိုးတက်မှုက အဆများစွာ သာလွန်နေခဲ့ရင် ကိုယ် ကျန်ခဲ့မှာပဲ..။

တိုးတက်သင့်သလောက် မတိုးတက်တာဟာ တကယ်တော့ ဆုတ်ယုတ်တာပါပဲ..။ အဲဒါလေးကို စီးစီးပိုင်ပိုင်လေး သိထားစေချင်တယ်..။

ဒါကြောင့် မကောင်းမွန်တော့တဲ့ အဟောင်းလွန် အတွေးအမြင်တွေကို မြောင်းထဲ လွင့်ပစ်နိုင်ရပါ့မယ်...။

ငယ်တုံးက အကြော်ရောင်းတော့ ကိုယ်ရောင်းကောင်းတာမြင်ပြီး နောက်တစ်ယောက်က ကိုယ့်ဆိုင် မျက်စောင်းထိုးမှာ ဆိုင်လာဖွင့်ပါတယ်..။ အမေ့ကို ဟိုမှာ ပြိုင် ဖက်တစ်ယောက်တော့ တိုးလာပြီလို့ ကျွန်တော်ပြောမိတယ်..။ “ငါ့သားရယ် စီးပွားရေးဆိုတာ သမုဒ္ဒရာရေပဲ ဘယ်သူသောက်သောက် မကုန်ပါဘူး ” လို့ အမေ ပြန် ပြောခဲ့တယ်..။

အဲဒီတုံးက ဟုတ်သလိုလို ကျွန်တော် ထင်ခဲ့မိတယ်..။ နောက်များမှ.. သမုဒ္ဒရာ ရေဆိုတာ .. supply and demand ပဲလို့ သိလာရတယ်..။ တကယ်တမ်းက ရွာအလျောက် အကြော်ဝယ်စားမယ့်သူက အကန့်အသတ်မဲ့ မှ မဟုတ်ဘဲ..။ တစ်ဆိုင်ကနေ နှစ်ဆိုင်၊ နှစ်ဆိုင်ကနေ သုံးဆိုင် ဖြစ်လာရင်.. ကိုယ့်ဖောက်သည်တွေကို သူများဖဲ့ရွဲ့ပေးရဖို့ ရှိလာတော့မှာပဲ..။

အဲဒါလေးတွေကို အခုခေတ်ကလေးတွေ.. မဟုတ်တာကိုမဟုတ်တဲ့အတိုင်း စောစောမွန်မွန်လေး သိစေချင်တယ်..။

41.3 ကလေးငယ်တွေ ဖိနပ်အသစ် စီးရတဲ့နေ့




သူတို့လေးတွေ တကယ်ကို ပျော်နေခဲ့ကြတယ်..။ တချို့ဆို လက်ကြီးပိုက်လို့ ခန့်ခန့်ကြီး..။ တချို့ဆို လမ်းလျှောက်တာကအစ ခေါင်းမော့ရင်ကော့ ပေါ့ပေါ့ပါးပါး..။ ကိုယ့်ခြေထောက်ကို ပီတိနဲ့ ငုံ့ကြည့်နေသူတွေလဲ မရှား..။





ကဲ ဒီမှာကြည့်.. သမီးစီးတဲ့ ဖိနပ်က အသစ်ကျပ်ချွတ်ရှင့်..







ဒါ တို့ချစ်တဲ့ကလေးတွေ..

သူတို့စီးထားတဲ့ ဖိနပ်လေးတွေလို သစ်လွင်တောက်ပ၊ ကြည်နူးဖွယ် အနာဂါတ်.. ပိုင်ဆိုင်နိုင်ကြပါစေ..။

41.4 အကြောင်းအကျိုးလေးတွေကိုလည်း စီစစ်လက်ခံစေချင်တယ်

ဒီတစ်ခေါက် ရွာပြန်တော့.. မတွေ့တာ အတော်ကြာပြီဖြစ်တဲ့ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ ဆုံခဲ့ရတယ်..။ ကျွန်တော်တို့ ငယ်ဘ၀.. အတူသွားအတူစား သူငယ်ချင်း ဆိုပေမယ့် အတူကစားတဲ့အထဲတော့ သူမပါနိုင်တာ များပါတယ်..။ သူ့ခြေထောက်တစ်ဖက်က ကျေးလက်ဒေသတွေမှာ လူပြောသူပြောများတဲ့ “ ဆေးထိုးမှားတယ်” ဆိုတာမျိုးနဲ့ သိမ်နေလို့ ကျွန်တော်တို့ကစားပွဲတွေထဲ သူဝင် မနွှဲနိုင်ရှာခဲ့ဘူး..။ ပိုလီယို ပေါ့..။

ပိုလီယိုရောဂါပိုးကြောင့် အဲသလို ခြေထောက် သိမ်နေတာကို “ ဆေးထိုးမှားလို့ ” လို့ ရွာတွေဖက်မှာ ပြောလေ့ရှိကြတယ်..။ ရွာက ဒေါ်ရီမြင့်လို့ ခေါ်တဲ့ အပြာဝတ် သူနာပြုဆရာမကြီးကတော့ “ ဆေးထိုးမှားလို့ ခြေထောက်သိမ်သွားတယ် ” လို့ ပြောရင် စိတ်တအား ဆိုးတော့တာပဲ..။ ဒါပေမယ့် သူဘယ်လောက် စိတ်ဆိုးဆိုး ရွာက လူတွေကတော့.. ဆရာဝန်၊ဆရာမတွေ ဆေးထိုးမှားလို့ ဖြစ်ရတာပဲလို့ လက်ခံထားကြတယ်..။

တချို့ကတော့.. အရင်ဘ၀က သူတပါးခြေထောက်ကို ရိုက်ချိုးခဲ့လို့.. ဒီဘ၀မှာ အခုလို ဖြစ်ရတာလို့ ပြောကြပြန်တယ်..။

တကယ်တော့ ပိုလီယိုရောဂါ ဆိုတာ.. ပိုလီယို ရောဂါပိုးကြောင့်ဖြစ်ရတာပဲ..။ အဲဒါလေးကို.. သိခွင့်ရဖို့ ကျွန်တော်တို့မှာ.. နှစ်ပေါင်းများစွာ၊ မျိုးဆက်များစွာ စောင့်ဆိုင်းခဲ့ရတယ်..။ အနာကြီးရောဂါသည် တွေကို တချိန်က ၀ဋ်နာ၊ကံနာ.. အတိတ်ဘ၀က မကောင်းမှုကံတွေကြောင့် လို့ လက်ညှိုးထိုးခဲ့ကြတယ်..။ ကျွန်တော်တို့ အဘိုးက ကျွန်တော်တို့အဖေနဲ့ အမေကို အဲဒီအသိပဲ.. လက်ဆင့်ကမ်းခဲ့တယ်..။ အဘိုးခမျာလည်း သူ့ဘိုးစဉ်ဘောင်ဆက်က လက်ခံထားခဲ့တဲ့ အတွေးအမြင်ကို မကျော်နိုင်တော့ ဒါပဲလို့ ပြောရတော့တာပေါ့..။

ဆိုတော့ မျိုးဆက်သစ်ကလေးတွေ အနေနဲ့.. ကြားသမျှ မြင်သမျှ ထိတွေ့သမျှလေးတွေရဲ့ အကြောင်းအကျိုးကို စီစီစစ်စစ်လေး တွေးတောလက်ခံတဲ့ အကျင့် ရှိစေ ချင်တယ်..။ ကိုယ်မသိ ပြောတိုင်းယုံ မလုပ်ဘဲ..ကိုယ်မသိသေးရင် သိအောင်ကြိုးကုတ်ပြီး သေချာဘ၀င်ကျမှ လက်ခံတာမျိုး ဖြစ်စေချင်တယ်..။

အကြောင်း အကျိုးကင်းပြီး ဘယ်အရာမှ မဖြစ်ဘူး ဆိုပေမယ့်.. အကြောင်းမှားကို အမှန်ထင်နေတာမျိုး မဖြစ်ဖို့ အရေးကြီးပါတယ်..။ အကြောင်းရင်းမှန်ကို ကိုယ် မသိသေးတာဟာ.. အကြောင်းမှားကို လက်ခံလိုက်တာထက် အများကြီး သာတယ် ဆိုတာလေးလည်း သိစေချင်တယ်..။ အမှားကို အမှန်ထင်လိုက်တာဟာ.. အမှန်မ သိတာထက် အဖြစ်ဆိုးပါတယ်..။

ပိုလီယို ကင်းစင် ကမ္ဘာတခွင် ဖြစ်စေဖို့၊ အနာကြီးရောဂါ ပပျောက်စေဖို့ ဆိုရင်.. အတိတ်ကံကောင်းတဲ့ ကလေးလေးတွေ မွေးဖွားအောင် လုပ်ကြ မလား..။ ပိုလီယို ကာကွယ်ဆေး၊ အနာကြီးရောဂါ ကာကွယ်ဆေး ကြိုးစားရှာဖွေမလား ဆိုတာ.. ကိုယ်ယုံကြည်လက်ခံထားတဲ့ အတွေးအမြင်က ပုံဖော်မွေးဖွား ပေးပါလိမ့်မယ်..။

ဒါကြောင့် ကလေးတွေကို.. အကြောင်းအကျိုး စီစစ်လေ့လာသူလေးတွေ ဖြစ်စေချင်တယ်..။

41.5 ဘာသာရေး အသိကိုတောင် စီစစ်စေချင်တယ်

ဘာသာတရား ဆိုတာ ကျွန်တော်တို့ မမွေးမီကတည်းက နေရာယူပြီးသား ဖြစ်နေလေတော့ .. အမိဝမ်းက ကျွတ်တာနဲ့ ကျွန်တော်တို့မှာ အော်တိုမက်တစ်.. ဘာသာ တခုခုကို ကိုးကွယ်ပြီးသား ဖြစ်နေခဲ့ရတယ်..။ ဗုဒ္ဓဘာသာ မိဘနှစ်ပါးက မွေးရင် ဗုဒ္ဓဘာသာဝင်၊ ခရစ်စယာန် မိဘက မွေးရင် ခရစ်စယာန်ဖြစ်၊ မွတ်ဆလင် မိဘများက မွေးတော့ မွတ်ဆလင်ဖြစ်ကြရပါတယ်..။ ချွင်းချက်ဆိုတာတွေ ရှိပေမယ့်.. အများစုမဟုတ်တဲ့အတွက် အဲဒါထားပါတော့..။

ဘာသာရေးအသိဆိုတာကလည်း.. ကိုယ့်ပါတ်ဝန်းကျင် (အဖေ၊အမေ၊အဘိုး၊အဘွား၊ဆရာသမား)က ကောင်းမွန်တာတွေချည်းလို့ လက်ခံထားကြတာမို့ ကိုယ့်ငယ်ဘ၀ သွန်သင်ချက်တွေ တိုင်း အဲဒါနဲ့ ကင်းတယ်ရယ်လို့ မရှိလှပါဘူး..။ တကယ်တော့ ဘာသာတရားက ပေးတဲ့အသိဟာ မွေးရာပါ အသိတော့ မဟုတ်ပါဘူး..။

အဲဒါလေးကို အရှိအတိုင်း လက်ခံပြီး ကိုယ်ဦးထိပ်ပန်ဆင်ထားတဲ့ ဘာသာတရားကပေးတဲ့ အသိကိုလည်း စီစစ်လေ့လာလက်ခံတာမျိုး ဖြစ်စေချင်တယ်..။

ဘယ်ဘာသာ မှန်တယ်၊ မှားတယ် ဆိုတာထက်.. ကိုယ့်အသိကို ဦးဆောင်မယ့် အသိတရားကို အရမ်းကာရော လက်ခံလိုက်တာမျိုး မဖြစ်စေချင်တာပါပဲ..။ တတ်နိုင်ရင်တော့ ဘာသာတရားအားလုံးကို.. လေ့လာစမ်းစစ်တာမျိုး လုပ်စေချင်တယ်..။ ကိုယ်က မွေးကတည်းက ဗုဒ္ဓဘာသာဖြစ်နေလို့ တခြားဘာသာ တွေ မှား တယ် ဆိုတာထက်.. မှားတာကို မှားတဲ့အတိုင်း ကိုယ့်ကိုယ်ပိုင်ဥာဏ်နဲ့ နှိုင်းချိန်ဆုံးဖြတ်ပြီး လက်ခံတာမျိုး လုပ်နိုင်ဖို့ ကောင်းပါတယ်..။

ကျွန်တော်တို့ ငယ်ဘ၀.. ဟိုနားဒီနား ဘုရားတန်ဆောင်း ကျောင်းကန်နားတွေမှာ ရေးထားတဲ့ ဆရာတော်ကြီးတစ်ပါးရဲ့ နိုင်ငံကျော် လင်္ကာတစ်ပုဒ် ရှိတယ်..။

“ ရောက်တဲ့အရပ်မှာ၊ ပျော်အောင်နေ ”
“ တွေ့တဲ့ သူနဲ့ တည့်အောင်ပေါင်း ”
“ရှိတာလေးနဲ့ လှအောင်ဝတ် ”
“ရတာလေး နဲ့ ၀အောင် စား ”..

...
..
..
“ ပြိုင်လာလျှင် အရှုံးပေး၊ နှလုံးအေးတဲ့ ဆေး ” .. ဆိုတာလေးပဲ..။

အတော့်ကို နှစ်နှစ်ခြိုက်ခြိုက်နဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း နှုတ်တက်ရွရွ ဆိုခဲ့ကြတဲ့ လင်္ကာပဲ..။

ဒါပေမယ့် သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်မှာကျတော့.. ဗုဒ္ဓမြတ်စွာက “ လူမိုက်ကို မပေါင်းနဲ့ ” .. “ သင့်တင့်လျှောက်ပတ်တဲ့ အရပ်မှာ နေရမယ် ” အစရှိတာ တွေဟာ မင်္ဂလာပဲလို့ ဟောခဲ့ပြန်တယ်..။

ဆိုတော့.. “လူမိုက်ကို မပေါင်းနဲ့” ဆိုတာနဲ့.. “တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်း” ဆိုတာမှာ.. ဘယ်ဟာက ကိုယ့်ဘ၀ရဲ့ ဦးဆောင်လမ်းပြ လဲ လို့ တွေးတွေးဆဆ ရွေးချယ်ဖို့ လိုလာပါတယ်..။

အဲဒါလေးတွေကိုလည်း.. ကလေးငယ်တွေ.. နိုးနိုးကြားကြားလေး သိထားစေချင်တယ်..။

( စာကြွင်း..။ ဘာသာတရားနဲ့ ပါတ်သက်တာကို တတ်နိုင်သလောက် မပြောချင်ခဲ့ဘူး..။ သို့သော် မျိုးဆက်သစ်ကလေးငယ်တွေကို.. ဘာသာတရားကပေးသမျှ အသိဟာ ပြီးပြည့်စုံပြီးသား၊ ချွင်းချက်မရှိ လက်ခံလိုက် လို့ ပြောတာနဲ့ စာရင်.. သူတို့ကိုယ်ပိုင်အတွေးအခေါ်နဲ့ ဘ၀င်ကျလက်ခံတာမျိုးပဲ ဖြစ်စေချင်လို့ ကျွန်တော် လက်ခံသိမြင်ထားတာလေးတွေကို မျှဝေလိုက်ရတာပါ..။ သဘောတရားတစ်ခုကို ပြီးစလွယ် လက်မခံဘဲ အကြောင်းအကျိုး သေသေချာချာ လေ့လာပြီး စီစစ်လက်ခံနိုင်ဖို့ကို ဦးတည်ပေမယ့် ခုတ်ရာတခြား၊ရှရာတခြား ဖြစ်ခဲ့ရင် ကျွန်တော့်တင်ပြပုံ ညံ့ဖျင်းမှုကြောင့်ပါ.. )

41.6 Theory & Practice

ကျွန်တော် စက်မှုတက္ကသိုလ်နောက်ဆုံးနှစ်.. ကြို့ကုန်းအာအိုင်တီ မှာ စာပေဟောပြောပွဲတစ်ခု ကြုံခဲ့ရတယ်..။ လာရောက်ဟောပြောသူတွေက ကာတွန်းဆရာ အော်ပီကျယ်၊ စာရေးဆရာမ ဂျုး တို့ပဲ..။ ဆရာအော်ပီကျယ်က.. လက်သည်းညှပ် အလုပ်လုပ်ပုံကို .. လက်တွေ့နဲ့ဝေးတဲ့ စာတွေ့အသိဟာ နားလည်နိုင်ဖို့ ခဲယဉ်း ကြောင်း အခုလိုလေး ပြောသွားခဲ့တယ်..။

“အရှည် တစ်လက်မလောက်ရှိတဲ့ ကျောပေါ်က မောင်းတံလေးကို ဦးစွာပထမ တစ်ရာ့ရှစ်ဆယ် ဒီဂရီလှည့် ရပါမည်..။ ၄င်းနောက် အဆိုပါမောင်းတံလေးအား မတူညီတဲ့ ၀န်ရိုးအတိုင်း တစ်ရာ့ရှစ်ဆယ်ဒီဂရီလှည့်ကာ လှန်ချပြီးသကာလ၊ မူလနေရာရောက်အောင် ပြန်လှည့်ရပါမည်..။ ထိုအခါ.. အောက်ခံပြားနှင့် မောင်းတံကြားတွင် လက်မ၀က်ခန့်ရှိသော နေရာလပ်တစ်ခုဖြစ်ပေါ်လာကာ ထိုနေရာလပ်အား အောက်သို့ဖိနှိပ်ချခြင်းအားဖြင့် ရှေ့ပါးစပ်ထဲ ထည့်ထားသော လက်သည်းသည် တိကနဲ ပြတ်သွားပေလိမ့်မည်..။ ”

တကယ့်လက်သည်းညှပ်ကို ချပြပြီး.. လက်သည်းညှပ်ဆိုတာ ဒီလို အလုပ်လုပ်တာပဲလို့ လက်တွေ့ပြလိုက်ရင် မည်သူမဆို လွယ်လွယ်ကူကူပဲ နားလည် သဘောပေါက်သွား နိုင်ပေမယ့်.. လက်သည်းညှပ်မမြင်ဖူးသူတွေအတွက်ကတော့ အပေါ်က စာတွေ့လောက်ပဲ သိခွင့်ရခဲ့ရင် ဆိုလိုရင်းကို နားလည်နိုင်ဖို့ အတော့်ကို အားထုတ်ရဖို့ ရှိပါတယ်..။

အဲဒါလေးတွေကိုလည်း ကလေးငယ်တွေ တင်ကြိုသိမြင်ပြီး သင်ကြားလေ့လာရသမျှ စာတွေ့တွေကို လက်တွေ့နဲ့ နီးနိုင်သမျှ နီးအောင်ကြိုးစားကြစေချင်တယ်..။

မန္တလေးက ချင်းတွင်းကောလိပ်ဆိုတဲ့ private college လေးတစ်ခုကို.. visiting speaker အနေနဲ့ လွန်ခဲ့တဲ့ လေးလလောက်က ကျွန်တော် စကားသွားပြော ရတယ်..။ စာကြီးပေကြီး သီအိုရီအကြီးကြီးတွေကို ခန့်ခန့်ကြီး ပြောတာတော့ မဟုတ်ပါဘူး..။ ကျောင်းသားမောင်မယ်လေးတွေ နောင်တချိန် လုပ်ငန်းခွင်ထဲ ရောက်ရင် ကြုံရဆုံရဖို့ ရှိတဲ့.. real life challenges ဆိုတာလေးတွေ ကိုပဲ အဓိကထား ပြောတာပါ..။


ဆယ်နှစ်ကျော် ဆယ့်တစ်နှစ်လောက် စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်ထဲမှာ ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရတဲ့ အလွဲလွဲအမှားမှား ဆောင်ရန်ရှောင်ရန်တွေကို သူတို့လေးတွေ သိစေချင်တယ်..။ အဲဒါတွေဟာ သူတို့လက်ရှိသင်ကြားနေရတဲ့ စာအုပ်စာတမ်းတွေထဲမှာ မပါနိုင်တာတွေပဲ..။

ကျွန်တော်တို့တတွေဟာ ကျွန်တော်တို့ ဘိုးဘေးတွေရဲ့ အမှားတွေကတဆင့် ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးတွေ ရခဲ့ကြတယ်..။ အရာရာ အမှန်သိရမှ အဖိုးတန်တာမဟုတ်ပါဘူး..။ အမှားဆိုတာ အမှန်ရဲ့ တခြားတဖက်ဖြစ်တာမို့ အမှားကို သိရတာဟာ အမှန်သိရတာထက် တန်ဖိုးလျော့စရာ မရှိပါဘူး..။ အဲဒါကြောင့် ကျွန်တော်ရဲ့ ကိုယ်တွေ့အမှားတွေကို အိပ်သွန်ဖာမှောက် အားပါးတရ သူတို့လေးတွေ သိအောင် ပြောမိတယ်..။

ဒါပေမေယ့် ကိုယ်ပြောချင်တာတွေကို အတင်းနင်းကန်ပြီး အတုံးလိုက်အတစ်လိုက် ပြောလိုက်တာမျိုး မဖြစ်အောင်လည်း သတိထားရသေးတယ်..။ ကျွန်တော်စကား ပြောမှာကို ကလေးတွေက ကြားချင်လွန်းလို့ လာကြတာမှ မဟုတ်တာ..။ ကျွန်တော့်ကိုလည်း မမြင်ဖူး၊ ဘာကောင်မှန်းလဲမသိ၊ ပြောမယ့် ခေါင်းစဉ်ကလည်း သူတို့ နဲ့ မရင်းနှီး..၊ ကျောင်းအုပ်ချုပ်သူတွေ စီစဉ်လို့ မလွှဲသာလို့ လာကြတာပဲ..။

ကလေးတစ်ယောက်ဆိုရင်.. “ လခွီးတဲ့မှ.. ဘာတွေ လာပွားအုံးမလဲ မသိဘူး .. သောက်ရမ်းစိတ်ပျက်ဖို့ကောင်းတယ် ” လို့ အချိန်ကျလို့ အခန်းထဲ နေရာယူ ခိုင်းတော့ မအောင့်နိုင်မအီးနိုင် ပြောတဲ့အထိပဲ..။ ကျောင်းအပြင်ဖက်မှာ မတ်တပ်ရပ်နေတဲ့ ကျွန်တော်ဘေးနားကနေ ဖြတ်လျှောက်သွားရင်း အချင်းချင်း အဲသလို ပြောသွားတာ ကျွန်တော်ကလည်း ကြားဖြစ်အောင် ကြားလိုက်မိတယ်..။ သဘောထားအမှန်တွေ ပေါ့လေ..။

အခန်းထဲရောက်တော့ အဲဒီကိစ္စလေး အရင်ရှင်းရတယ်..။ ရှင်းတယ်ဆိုလို့ ခုနက အဲသလို ပြောသွားတာ ဘယ်ကောင်လဲကွ ဆိုတာမျိုး ရှင်းတာ မဟုတ်ပါဘူး..။

ကလေးတွေကို တရုတ်ကား တွေ ကြည့်ဖူးလားလို့ မေးပြီး.. တရုတ်ကားတွေထဲမှာ ကိုယ်မွေးထားတဲ့ သမီးကိုတောင် “ မင်းလိုသမီးမျိုး ငါမမွေးခဲ့ဘူးလို့ မှတ်လိုက်မယ် ”..၊ ကိုယ်သိရဲ့သားနဲ့ “ ဒီလိုအဖြစ်အပျက်မျိုး ရှိခဲ့သလား ”..၊ ကိုယ်ကြားရဲ့သားနဲ့ “ ဒီလိုစကားမျိုး ငါမကြားခဲ့ဘူး လို့ပဲ မှတ်လိုက်မယ် ” စသဖြင့် မသိချင်မမြင်ချင်မကြားချင် တဲ့ ကိစ္စတွေကြုံတိုင်း တရုတ်တွေ ပြောတတ်ကြတယ်..။ အခုလဲ အပြင်မှာ မင်းတို့ထဲကတစ်ယောက်က “ ဒီကောင် ဘာတွေလာပွားအုံးမလဲ မသိဘူး ” လို့ ပြောသံ ကြားလိုက်တယ်..။ ဒါပေမယ့် “ အဲဒါ ငါမကြားခဲ့ဘူးလို့ပဲ မှတ်လိုက်ပါတယ် ” ပေါ့..။

ကျွန်တော်က ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ ပြောနေတာဆိုတော့ ကာယကံရှင်ချာတိတ်ကိုယ်တိုင် “ ဆရာ ဆောရီးပါ၊ အဲဒါ ကျွန်တော်ပြောမိတာ ”တဲ့..။ ထပြောတယ်..။

ဟ.. အဲဒီလိုကြီး ၀န်မခံရဘူး..။ “ ဒီလို အဖြစ်အပျက်မျိုး ရှိခဲ့သလား ” လို့ မင်းကရုပ်တည်ကြီးနဲ့ မေးရမှာ လို့ ကျွန်တော်ပြန်ပြောတော့ အားလုံး တသောသောနဲ့ ရယ်ကြတယ်..။

သူတို့လေးတွေကို Theory & Practice တနည်းအားဖြင့် စာတွေ့နဲ့ လက်တွေ့ မတူကြောင်းလေးကိုလည်း မှတ်မှတ်ရရဖြစ်သွားအောင် ကျွန်တော် ပြောခဲ့တယ်..။

အိုင်းစတိုင်းက စာတွေ့နဲ့ လက်တွေ့ကွာပုံကို အခုလို ပြောတယ်ပေါ့..။

Albert Einstein: “In theory, theory and practice are the same. In practice, theory and practice are different."

သူတင်မက.. kurt lewin လို့ခေါ်တဲ့ ဂျာမန်တွေးခေါ်ပညာရှင်ကလည်း အခုလို ပြောပါတယ်ပေါ့..။

Kurt Lewin: “There is nothing as practical as a good theory.”

အဲသလို စာတွေ့နဲ့လက်တွေ့ ကွာတာကို သိပြီးပြီဆိုတော့ မင်းတို့လေးတွေရဲ့ တကယ့်ဘ၀လုပ်ငန်းခွင်မှာ မင်းတို့ မျှော်လင့်မထားတာတွေလည်း ရင်ဆိုင်ကြုံတွေ့ရဖို့ ရှိတယ်... ဒါကြောင့် expect the unexpected လို့ ကမ္ဘာကျော်ပညာရှိကြီးတစ်ယောက်က အခုလိုပြောသွားခဲ့လေရဲ့ ဆိုပြီး.. အောက်ကစာကို ရေးပြီး အဲဒီပညာရှိကြီးကို သိကြလားလို့ ကျွန်တော်မေးမိတယ်..။

Gnian Nut Nit: “ Expect the Unexpected “

ကလေးအားလုံးက သိဖို့ဝေးလို့ အသံထွက်တောင် ခပ်ခက်ခက်ပဲ လို့ ပြန်ဖြေကြတယ်..။ မဟုတ်ပါဘူး မင်းတို့သူ့ကိုသိပါတယ်.. သေချာစဉ်းစားပါလို့ ကျွန်တော် ပြောတော့ သူတို့ဇဝေဇ၀ါနဲ့ စဉ်းစားနေကြတယ်..။ ဒါပေမယ့် နောက်ဆုံးပိတ် အတွေးအခေါ် expect the unexpected ဆိုတာကို ပြောသွားတဲ့ ဂုရုကြီးကို သူတို့ စဉ်းစားလို့ မရနိုင်ဖြစ်နေခဲ့တယ်..။

ဘယ်လိုမှ စဉ်းစားလို့ မရတော့ဘူးဆိုမှ.. အဲဒီ အတွေးအခေါ်ပညာရှင်ကြီးဆိုတာ တခြားသူဟုတ်ရိုးလား.. ငါ့နာမည် ပြောင်းပြန်ရေးထားတာပဲ လို့ ကျွန်တော်ပြောလိုက်တယ်..။

မင်းတို့ ငါ့ကို အဲသလောက် မပေါဘူး ထင်နေတယ်မဟုတ်လား.. အမှန်က ပေါတယ်ဗျ.. ဒါကြောင့် မင်းတို့ကို ပြောတာ.. မမျှော်လင့်ထားတာတွေနဲ့ကြုံရမှာကို မျှော်လင့်ထားပါ လို့... expect the unexpected ပေါ့..။

တချို့ကလေးတွေဆို ခုံကို လက်ဝါးနဲ့ရိုက်ပြီး ရယ်တယ်..။ ကျွန်တော်လည်း ပျော်ရပါတယ်..။

အဓိကကတော့ ကျွန်တော်တို့ မျိုးဆက်သစ်တွေကို နားလည်လက်ခံ သဘောပေါက်ပြီး ကိုယ်ပေးချင်တဲ့ မက်ဆေ့ခ်ျကို သူတို့နားဝင်အောင် ကျွန်တော်တို့ ဘယ်လို ပြောကြမလဲ ဆိုတာပါပဲ..။ ပေါပေါလောလောလေး ပြောဖို့ လိုရင်လည်း ပေါကြတာပေါ့..။ ဒါ ကောင်းပါတယ်..။