Tuesday, December 23, 2008

36.1 ပြေးနိုင်လို့ လွတ်ခဲ့ရ ဆရာသကြားဘဝ

ရွာရောက်ရောက်ခြင်းည.. ကျုရှင်ဆရာတပည့်ကျော်များနဲ့ တွေ့ဆုံတဲ့ဝိုင်းမှာ ဆရာဖိုးသကြား ကြွရောက်ချီးမြှင့်တော် မမူနိုင်တဲ့ အကြောင်းကို ပြန်မယ့်ည မှ ကျွန်တော် အသေးစိတ်သိခဲ့ရတော့တယ်..။ အဲဒီနေ့ည.. ဆရာဖိုးသကြားနဲ့အတူ ဆရာလေး ကိုဌေးအောင်တို့အိမ်မှာ တခွက်တဖလား မော့ဖြစ်ကြတယ်..။ ကိုဌေးအောင်ဆိုတာ ကျွန်တော် ရွာမှာ ဘောလုံးကန်စဉ်က ကျွန်တော်တို့အသင်းရဲ့ ကပ္ပတိန်..။ သူက ဘောလုံးကန် အတော့်ကို ကောင်းတယ်..။ (ဖိုးသကြား နာမည်ရင်းကလည်း တိုက်တိုက်ဆိုင်ဆိုင် ဌေးအောင် ပဲ)

ရွာ ဘောလုံးပွဲတိုင်းမှာ သူနဲ့ကျွန်တော် အတော့်ကို အတွဲညီခဲ့ကြတာပေါ့..။ သူက ကျွန်တော်ရောက်စ ညကတည်းက ပုလင်းထောင်ချင်နေတာ..။ ကျွန်တော့်မှာ လုပ်စရာတပုံတပင် ပါလာလို့ မနည်းတောင်းပန်ပြီး ပြန်မယ့်ညမှ.. သူ့အိမ်မှာ ၀ိုင်းဖြစ် တော့တယ်..။ ကြိတ်ဝိုင်း ပေါ့..။ ကျွန်တော်ရယ် သူရယ်.. ဆရာဖိုးသကြားရယ်.. ရန်ကုန်ကနေ အတူပါလာတဲ့ Diethelm Travel က ညီညီရယ်.. စုစုပေါင်း လေးယောက် ပါပဲ..။

ကိုဌေးအောင်က အိမ်ရှင်ဆိုတော့ ဂရင်းရွိုင်ရယ် လေးထောင့်တစ်လုံး ၀ယ်ထားနှင့်တယ်..။ အမြည်းကတော့ မြေပဲပြုတ် ပဲ..။ ၀ီစကီခွက်မရှိ၊ ရေခဲမရှိ၊ ဆော်ဒါ မရှိ တော့ဓလေ့အတိုင်း သောက်ရေအိုးစင်က ရေထခပ်ပြီး ရောစပ်သောက်ကြတယ်..။ ကျွန်တော်တို့ သောက်လို့ ပုလင်း တ၀က်ကျိုးခါနီးမှ ဖိုးသကြား က ရောက်လာခဲ့ တယ်..။ ဒါပေမယ့် သူက တခြားဝိုင်းက ထလာတာမို့ မူးနှင့်နေပြီ..။

ရောက်ရောက်ခြင်း ပဲ ကျွန်တော့်ကို လျှာလေးအာလေး နဲ့ တနေ့ညက သူမလာဖြစ်တဲ့အကြောင်း နတ်သံနှောပြီး ရင်ဖွင့်တယ်..။ ကိုချို၊ မကြည်ဌေးတို့ရဲ့ သားလှ ရွှေသွေးက သူ့တပည့်..။ သူ့ဆီမှာ ကျုရှင်ယူတယ်..။ တစ်ရက် စာမေးတာ မရလို့ဆိုပြီး ဆရာဖိုးသကြားက အဲဒီကလေးကို ဆော်ပလော်တီးလိုက်သတဲ့..။ ဆော်တာမှ အတော့်ကို ပြင်းပြင်းထန်ထန် ရိုက်ပစ်လိုက်တာပဲ..။

ကျောင်းသားကို ကျောင်းဆရာတွေကတောင် သိပ်မရိုက်တော့တဲ့ခေတ်မှာ.. ကျုရှင်ဆရာက အဲသလို ရိုက်ပစ်လိုက်တော့ တရွာလုံး ပွက်လောညံကုန်တော့တာပေါ့..။

ကျောင်းသားမိဘတွေဆိုတာကတော့ မပြောပါနဲ့တော့..။ သူတို့ကိုယ်တိုင်တောင် လက်ဖျားနဲ့မတို့တဲ့ သားတော်မောင်ကို ဖိုးသကြားက ရိုက်တယ်လည်း ကြားရော ရုံးရောက် ဂါတ်ရောက်တဲ့ အထိ တိုင်ပစ်တော့တာပဲ..။ ကိုချို၊မကြည်ဌေးတို့က ရွာအလျောက် စီးပွားရေးလေးလည်း အဆင်ပြေတော့ အတော်လေး ထိထိရောက်ရောက် အမူလုပ်လိုက်နိုင်တယ်..။

ဆရာဖိုးသကြား ခမျာ.. အချုပ်ထဲ အိပ်ရတော့မလို့ နည်းနည်းပဲ လိုတော့တယ်..။ ရပ်မိရပ်ဖတွေ ကြားဝင်ဖြန်ဖြေ စေ့စပ်လို့ ပေါ့..။ နို့မို့ဆိုလို့ကတော့ တပည့်ကိုရိုက်မှုနဲ့ အချုပ်ထဲ အိပ်ရတဲ့ ကျုရှင်ဆရာရယ်လို့ ရွာမှာ မှတ်တမ်းဝင်သွားနိုင်တယ်..။

ဆိုတော့ .. သူ့ခမျာ ကျွန်တော်တို့ တွေ့ဆုံပွဲလုပ်တဲ့ ကိုချို တို့အိမ် ဘယ်လာရဲ မလဲ..။ သူတို့ဇာတ်လမ်းက လမ်းတွေ့ရင်တောင် တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ဖို့ ခပ်ခက်ခက်ရယ်..။

ကျွန်တော်ကတော့ သူ့ရဲ့ ရွာကျော်ဇာတ်လမ်းနားထောင်ပြီး “ မင်းဟာကလည်း မဟုတ်သေးပါဘူး သကြားရာ ” လို့ ပြောမိတယ်..။

“ ဟ.. အာစိရ.. အဲဒီကောင်တွေက အဲသလို ကိုင်မှရယ်.. နို့မို့ဆိုရင် မရဘူး..။ ကျွန်တော်ကတော့ တီးမှာပဲ.. ဒီထက်ဆိုးတာတောင် ကြုံခဲ့ဖူးသေးတယ်.. အဲဒီတုံးက မသေတာကံကောင်း ” ဆိုပြီး နောက် ဇာတ်လမ်းတစ်ပုဒ် သူပြောပြန်တယ်..။

အရင်ဇာတ်လမ်းတောင် တော်တော်ဆိုးလှပြီ..။ အခုသူက ဒီထက်ဆိုးတာတောင် ကြုံခဲ့ရတယ် ပြောလာတော့ ကျွန်တော့်မှာ ဘာပြောရမှန်းကို မသိတော့ပါဘူး..။ သူပြောသမျှကို အံ့သြတကြီးနဲ့ အရက်လေးမော့ရင်း နားထောင်နေရတော့တယ်..။ ဇာတ်လမ်းကတော့ ကြုံဖူးပေါင်ဂုဏ်ထူးဆောင် ဆိုတာမျိုး ပဲ..။

သူစာသွားသင်နေတဲ့ တခြားကျုရှင်မှာ လပတ်စာမေးပွဲ လုပ်တယ်..။ စာသိပ်မတော်တဲ့ ကျောင်းသားတချို့က အမှတ်တွေကောင်းပြီး တော်တဲ့ ကျောင်းသားက ရရိုးရစဉ် အမှတ်လောက်ပဲ ရတယ်..။ အဲဒါကို ဆရာဖိုးသကြားက သင်္ကာမကင်းဖြစ်တယ်..။ တချို့ကျောင်းသားတွေ မေးခွန်းပေါက်တယ်ပေါ့..။ အဲဒါနဲ့ ဆားပုလင်းနှင်းမောင် ထုံး၊ နှလုံးမူပြီး ခပ်လည်လည် ကျောင်းသားနှစ်ယောက်ကို အတွင်းသတင်းနှိုက်ဖို့ သူလုပ်တယ်..။

သတင်းနှိုက်ပုံကလည်း သင်း တယ်..။ အဲဒီကျောင်းသားနှစ်ယောက်ကို သူ့နင်းခိုင်း သတဲ့..။ အနင်းခံရင်း အလ္လာပသလ္လာပ ပြောပြီး နင်းနေတဲ့ကလေးတွေကို သတင်းပေးလုပ်ဖို့ သူသိမ်းသွင်းတယ်..။

နင်းပေးနေတဲ့ သူ့တပည့်ကျော်များက “ ဆရာ ကျွန်တော်တို့ကို မရိုက်ဘူးဆိုမှ အမှန်အတိုင်းပြောမယ် ” ဆိုပြီး ပြန်ညှိကြတယ်..။ သူတို့ကလည်း မခေဘူး..။ ဖိုးသကြားက အေးသဘောတူတယ်.. မချွင်းမချန်အကုန်ပြော လို့ ကတိပေးလိုက် တယ်.. ။ အဲဒီတော့မှ သူတို့ အကုန် ဖော်ကောင်လုပ်တယ်..။ အရှုပ်ထုတ်ထဲမှာ သူတို့လည်း ပါနေခဲ့ပြန်တယ်..။

ဆရာသကြားကတော့ ဖြစ်ကြောင်းရယ်ကုန်စင် သိတာနဲ့ ပွဲကြမ်းတော့တာပဲ..။ နည်းနည်းခေါင်းဆောင်လို ဖြစ်နေတဲ့ ကျောင်းသားကို သူဆော်ထည့်တာ.. ပါးတာနားတွေပါ ရိုက်ပစ်လိုက် တဲ့ အထိပဲ..။ ဖော်ကောင်လုပ်တဲ့ နှစ်ယောက်လည်း မစားသာဘူး..။ ပေးထားတဲ့ ကတိဖျက်ပြီး ဆရာသမားက တီးပစ်လိုက်တယ်..။ အာဂ ဆရာ ဖိုးသကြားပေါ့..။

ဒီတစ်ခါတော့ အရိုက်ခံလိုက်ရတဲ့ ကျောင်းသားဖက်က ရဲမတိုင်ဘူး..။ ဆရာသကြားကို အသေသတ်မယ်ဆိုပြီး တေးထားကြတယ်..။ သကြားခမျာ ကျုရှင်ပစ် အိမ်ပစ် ပြီး မန္တလေးမှာ နှစ်ပတ်လောက် သွားရှောင်နေရတဲ့အထိ အခြေအနေက ဆိုးတယ်..။ အေးလောက်ပြီထင်မှ သူပြန်လာတယ်..။ ဒါပေမယ့် အခြေအနေက လိပ်ခဲတင်းတင်းလို ဖြစ်နေခဲ့တယ်..။ ကျေအေးတယ်လည်း မဟုတ်.. လိုက်ပြီး ရန်လုပ်နေတယ်လည်း မဟုတ်ပေါ့..။

နောက်ဆုံးတော့ ရယက ဥက္ကဌကြီးက ကြားဝင်ပြီး ကျောင်းသားမိဘတွေကို သွားတောင်းပန်ဖို့ သကြားကို နားချတယ်..။ သကြားလည်း နေ့နေ့ညည နေရထိုင်ရ မလုံမခြုံသလို ဖြစ်နေတာမို့ ဥက္ကဌရဲ့ ဖြောင့်ဖျချက်ကို သဘောတူလိုက်တော့တယ်..။ သွားပြီး တောင်းပန်မယ်ပေါ့..။ ဒါပေမယ့် လာတောင်းပန်မယ့်အကြောင်း တဖက်ကို အသိမပေးဘဲ.. တစ်ကိုယ်တော် ချီတက်တော်မူသတဲ့..။

တောင်းပန်ရမယ့် အိမ်ပေါက်ဝ ရောက်ရုံရှိသေးတယ်..။ အိမ်ထဲက မိသားစုက ဆရာသကြားမြင်တာနဲ့ “ မအေ -ိုး .. တွေ့ကြသေးတာပေါ့ ” ဆိုပြီး ဓါးတွေလှံတွေ ဆွဲ ထွက်လိုက်တော့တာပဲ..။

ဆရာသကြားခမျာ.. ဘာမှတောင် ရှင်းပြချိန်မရလိုက်ဘူး..။ အောက်ခံဘောင်းဘီပဲ ကျန်တော့တဲ့ အထိ လုံးနေအောင် ပြေးခဲ့ရသတဲ့..။

36.2 သကြားမင်းနဲ့ သူတင်ကိုယ်တင်

ငရဲပြည်မှာ သခွပ်ပန်းတွေ ပွင့်တိုင်း အသူရာက သကြားမင်းကို စစ်ခင်းတယ်လို့ ငယ်စဉ်က ကြားဖူးခဲ့တယ်..။ သခွပ်ပွင့်တွေမြင်မှ .. အသူရာငရဲမင်းက သူရောက်နေတာ တာဝတိသာ မဟုတ်မှန်း သိ..ဆိုပဲ..။ အဲဒီအပွင့်ကို မမြင်လို့ကတော့ အသူရာအနေနဲ့ သူစံမြန်းရာငရဲပြည်ကို နတ်ပြည်လို့သာ ထင်နေရှာသတဲ့..။ ထင်မယ်ဆိုလည်း ထင်လောက်တာကိုး..။ နတ်ပြည်ရဲ့ facility နဲ့ ငရဲပြည်ရဲ့ facility က သခွပ်ပန်းနဲ့ မဉ္ဇူသကနတ်ပန်းမတူတာက လွဲလို့ တခြားဘာမှ မကွာဘူးတဲ့...။

ကြည့်ရတာ မဉ္ဇူသက နတ်ပန်းပင်က သခွပ်ပင်နဲ့ အတော်တူဟန်ရှိတယ်..။ အပွင့်ကြည့်မှ မတူတာ သိတယ်ဆိုတော့ အပင်က အတော်တူနေရမယ် မဟုတ်လား..။ အဲသလို ဆိုရင်တော့ မဉ္ဇူသကနတ်ပန်းပင်ဆိုတာ သိပ်ပုံလာမယ် မထင်ပါဘူး..။

ရွာမှာတော့ သခွပ်ပန်းပွင့်ချိန်ဆို တူနောင်ဂျိမ်းဂျိမ်း ဆိုတဲ့ နတ်ဒိုးသံ ကြားရလေ့ ရှိတယ်..။ နတ်စစ်ထွက်တာ တဲ့..။ ဗုဒ္ဓဘာသာက လာတဲ့ နတ်တွေ ဖိုက်တင်းပလေး တာဆိုတော့ ဘင်ခရာနဲ့ စစ်မချီဘဲ နတ်ဒိုးနဲ့ ချီကြတယ်..။ အရှုံးအနိုင်ကတော့ အခုထိ မကွဲပြားသေးဖူးနဲ့ တူတယ်..။ နတ်ကတော်ဖျားလို့ စစ်ထွက်တာ တခါတလေ နည်းနည်း delay ရှိတတ်တာက လွဲရင် နှစ်တိုင်းချနေကြတုံးပဲ..။

ကျဆုံး၊ ဒဏ်ရာရ၊ ခြေပြတ်လက်ပြတ် စာရင်းလည်း ထုတ်ပြန်လေ့ မရှိတော့ ဘယ်နတ်တွေ ထိခိုက်ဒဏ်ရာရမှန်းလည်း မသိရဘူး..။ ရေဒီယိုကလွှင့်နေတဲ့ “ တပ်မတော် စာတိုက်ခန်း ” လို “ နတ်ကတော် စာတိုက်ခန်း ” မလွှင့်တော့ “ ကျန်းမာ၊ ချမ်းသာစွာဖြင့် နတ်ပြည် တာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း ” ဆိုတာမျိုးလည်း မကြားရပြန်ဘူး..။

ကဲ.. နတ်ပြည်က သကြားမင်း သတင်းအမှောင်ချတဲ့ ကိစ္စတော့ သူထိုက်နဲ့သူကံ လို့ပဲ မှတ်လိုက်ပါ့မယ်..။

လူ့ပြည်က ကျုရှင်ဆရာ မောင်သကြား တပည့် ကို ရိုက်တဲ့ ကိစ္စလေးကတော့ သူ့ထိုက်နဲ့သူ့ကံ မထားနိုင်သမို့ အဲဒီနေ့ညမှာ ကျွန်တော် အသူရာဖက်ကနေ သကြားမင်း နဲ့ စစ်ခင်းခဲ့ရပါတယ်..။

နတ်ဒိုးသံနဲ့ စစ်ထွက်တာလောက် မခမ်းနားပေမယ့် အရက်ခွက်တိုက်သံ တချွမ်ချွမ်နဲ့တော့ အတော့်ကို တိုက်ပွဲက ပြင်းထန်ခဲ့တာပေါ့..။ ဆရာသကြားခမျာ လည်း အနိုင်မခံ အရှုံးမပေး စိတ်ဓါတ်နဲ့ သူ့ဆရာဟောင်း ကျွန်တော့်ကို “ အာစိ ” လို့ခေါ်လိုက်၊ နာမည်ရင်း ရေရွတ်လိုက်၊ ခင်ဗျားပြောတာတွေ ကျုပ်လက်မခံနိုင်ဘူး လို့ စိတ်လိုက်မာန်ပါ ပြောလိုက်နဲ့ ဥပမာပေါင်း သောင်းခြောက်ထောင် ထုတ်နှုတ်ပြီး ကျွန်တော့်ကို တိုက်စစ်ဆင်ခဲ့ပါတယ်..။

ကျွန်တော်တို့ ပွဲကို ပွဲကြည့်ပရိတ်သတ်လုပ်နေတဲ့ ညီညီကတောင် ဆရာသကြား သေးထပေါက်တုံး “ ပြော လို့ ရမှာမဟုတ်လောက်ဘူး.. သကြားကသူလုပ်ရပ် မှန်တယ် ထင်နေတာ ” လို့ ၀င် သုံးသပ်သေးတယ်..။

မှန်တယ်ထင်နေတဲ့ အမှားတစ်ခုကို ဘာမှ မပြောဘဲ ဒီအတိုင်း လွှတ်ထားလိုက်ရင် ပိုဆိုးဖို့ ရှိတာမို့ ပြောစရာရှိတာတော့ ကျွန်တော် ဆက်ပြောရပါတယ်..။

ဆရာသကြားအနေနဲ့ ညတွင်းချင်း သူ့လုပ်ရပ် မှားကြောင်း လက်ခံချင်မှ လက်ခံမှာ ဖြစ်ပေမယ့်.. အေးအေးဆေးဆေး ပြန်စဉ်းစားမိပြီး သူ့ကိုယ်သူ နည်းနည်း ပြန်သုံးသပ်နိုင်ခဲ့ရင်ကိုပဲ ကျွန်တော် ပြောရကျိုး နပ်ပါပြီ..။

ဒါပေမယ့် အဲဒီနေ့ည ပွဲကတော့ သကြားမင်း မှောက်သွားတာနဲ့ အရှုံးအနိုင်မကွဲပြားဘဲ ပြီးသွားခဲ့ရပါတယ်..။

နောက်တနေ့မနက် ကျွန်တော်တို့အဖွဲ့ ရွာကထွက်တော့ ဆရာသကြား နောက်ကနေ အူယားဖားယား ဆိုင်ကယ်နဲ့ လိုက်လာပြီး “ မနေ့ညက ဆောရီးနော် အာစိ..ဒါက အာစိအတွက် လက်ဆောင် ” ဆိုပြီး ပဲကြီးကတပြည်လောက်၊ ငရုတ်သီးခြောက် ငါးဆယ်သားလောက်နဲ့ ဖရဲသီးတစ်လုံး ပေးပါတယ်..။ သူ့လက်ဆောင်ကို ယူရင်း.. မင်း အခုလို ငါ့ကို လက်ဆောင်လိုက်မပေးရင် ငါမင်းကို ပါးတွေနားတွေရိုက်မလို့ တွေးနေတာဗျ လို့.. စသလိုလို ကျွန်တော်ပြောတော့ “ ဟာဗျာ.. အာစိကလဲ ” တဲ့..။

ရှက်နိုးနိုးနဲ့ သူရယ်နေခဲ့တယ်..။

36.3 သူတို့မှာ မျက်ရည်စတွေနဲ့

ကျွန်တော့် ငယ်ဘ၀ ကစားဖော်တွေထဲမှာ တင်မာယု ဆိုတာ ရှိတယ်..။ သူနဲ့ ကျွန်တော်က အိမ်နီးနားချင်းတွေ..။ သူ့အဖေ ဦးပေါက အဖေ့တပည့်..။ အဖေ အစိုးရပဲဒိုင်မှုးလုပ်တော့ ဦးပေါက အလုပ်သမားခေါင်း.။ ဦးပေါနဲ့ ပါတ်သက်လို့ အဖေ ပြောနေကျ စကားတစ်ခွန်း တောင် ရှိတယ်..။

“ မောင်ပေါ ကျောက ကတ္တားထက် တိကျတယ် .. လွဲ လှ.. တစ်ပေါင်ပဲ ” တဲ့..။

တကယ်လည်း ဦးပေါကျောက သိပ်တိကျတယ်..။ မယုံတဲ့ သူ့အပေါင်းအရောင်းတွေ လောင်းကြေးစားကြေးနဲ့ မချိန်ရသေးတဲ့ ပဲအိတ်တစ်အိတ်ကို ဦးပေါ ထမ်းခိုင်းတယ်..။ ဦးပေါက ထမ်းကြည့်ပြီး ဒီပဲအိတ်က ဘယ်နှစ်ပေါင် ရှိတယ်လို့ ပြောတယ်..။ တကယ်ချိန်ကြည့်တော့လည်း ဦးပေါပြောသလို အလေးချိန်က ကွက်တိ..။

ကျွန်တော်တို့ လူမမယ် .. ဆိုရှယ်လစ် အစိုးရခေတ်မှာ .. ကုန်သွယ်လယ်ယာ အ၀ယ်ဒိုင်တွေဆိုတာ သိပ်အလုပ်ဖြစ်တယ်..။ ဦးပေါက အဲသလို ဒိုင်ရဲ့ အလုပ်သမား ခေါင်းဆိုတော့ တနေ့တနေ့ သူထမ်းရတဲ့ ပဲအိတ်က ဘယ်နည်းမလဲ..။ လေးငါးဆယ်နှစ် ပဲအိတ်ထမ်းလာတာဆိုတော့ .. ကျောပေါ် ပဲအိတ်တင်လိုက်တာနဲ့ အဲဒီ ပဲအိတ် ဘယ်လောက် အလေးချိန်ရှိတယ်ဆိုတာ.. သူမှန်းမိနေပြီ..။

အဲဒါကြောင့်အဖေက ချီးမွမ်းတာပဲ..။ မောင်ပေါကျောက ကတ္တားမလိုဘူး လို့..။

ဦးပေါက.. အဖေ့ဒိုင်မှာ အလုပ်သမားခေါင်းလုပ်သလို.. သမ၀ါယမ နွားမွေးခြံ ဒရ၀မ်လည်း လုပ်တယ်..။ ဒရ၀မ် ဆိုတာထက်.. သမ၀ါယမက မွေးထားတဲ့ နွားတွေကို တာဝန်ယူပြီး ကျောင်းတာပဲ..။ နွားတွေကို မနက်မိုးလင်းတာနဲ့ ခြံထဲကထုတ်.. စားကျက်ဆီ မောင်းတာကို နွားကျောင်းတာလို့ ခေါ်တယ်..။ အဲသလို ကျောင်းတဲ့သူကိုကျတော့ နွားကျောင်းသားတဲ့..။

ဦးပေါသမီး တင်မာယုက နွားကျောင်းသူ ပေါ့..။ ငယ်ငယ်က တင်မာယုနဲ့ ကျွန်တော် နွားကျောင်းလိုက်သွားလို့ ကျောင်းပျက်တာသိတိုင်း အဖေက ဆော်ပလော်တီးလေ့ ရှိတယ်..။ ကျွန်တော်ကလည်း ကျွန်တော်ပဲ..။ တင်မာယုတို့နဲ့ နွားကျောင်းရတာကို ပျော်တယ်..။ နွားကျောင်းရင်း ပုဇွန်လုံး နှိုက်ရတာ ပိုပျော်သေးတယ်..။

ဧရာဝတီမြစ်ဘေးနားက လယ်ကွက်တွေမှာ မြစ်ရေကျချိန်ဆို ပုဇွန်လုံး သိပ်ပေါတယ်..။ မြွေမကြောက် ကင်းမကြောက်.. တွင်းမြင်တာနဲ့ ကျွန်တော်တို့ တင်မာယုတို့ လက်ထိုးနှိုက်ကြတာပဲ..။ အထဲက ပုဇွန်လုံးကလည်း ကျွန်တော်တို့လက်ကြီး သူ့တွင်းထဲ ၀င်လာကတည်းက တတ်နိုင်သမျှ သူ့လက်မနဲ့ ညှပ်ဖို့ လုပ်တယ်..။ ဒါပေမယ့် နှိုက်နေကျဆိုတော့ သိပ်အညှပ်မခံရတယ်လို့တော့ မရှိပါဘူး..။

ပုဇွန်လုံးဆိုတာ အညာခေါ် ခေါ်တာပဲ..။ အောက်ပြည်အောက်ရွာကတော့ ဂဏန်းလို့ ခေါ်မလားပဲ..။ ရွာမှာကတော့ ပုဇွန်လုံးပဲ..။ မြန်မာ့စာပေ မှာ “ တော်သလင်းနေ၊ ပုဇွန်သေ ” လို့တောင် ရှိတယ်..။ တော်သလင်းလ နေပြင်းပုံက ပုဇွန်လုံးတွေတောင် တွင်းမအောင်းနိုင်ဘဲ သေရတယ်လို့ ဆိုလိုတာပဲ..။

တွင်းထဲက ပုဇွန်လုံး.. အပြင်ရောက်တာနဲ့.. သူအန္တရာယ် အပေးနိုင်ဆုံး လက်မနှစ်ခေါင်းကို အုပ်ကိုင်ပြီး ရင်ပတ်အောက်က တြိဂံပုံအဖတ်လှန်၊ လက်မနဲ့ဖိနှိပ်လိုက်ရုံပဲ..။ ပုဇွန်လုံးခမျာ .. နဂိုရ်ပြူးနေတဲ့ မျက်လုံးတောင် ပေကလပ်ပေကလပ်မလုပ်နိုင်ရှာဘူး.. တခါတည်း မာလကီးယားတာပဲ..။

တင်မာယုနဲ့ ကျွန်တော်က ငယ်သူငယ်ချင်းတွေဆိုပေမယ့် သူက ကျောင်းမနေနိုင်ဘူး..။ ငယ်ငယ်ကတည်းက နွားကျောင်းရတာဆိုတော့ သေစာရှင်စာ တောင် မတတ်ပါဘူး..။ ကျွန်တော်တို့ဆင်းရဲတယ်ဆိုတာ ဦးပေါတို့က “ ပျင်းတောင် ပျင်းသေးတယ် ” ပဲ..။ အညာဆောင်းကာလဆို သူတို့မိသားစု ဂုံနီအိတ်စုတ်ကို လုခြုံကြရတာ..။

ဒါပေမယ့် ဦးပေါက လောကဓံကိုတော့ ထီမထင်ဘူး..။ ဆောင်းကျွတ်တိုင်း သူအမြဲပြောလေ့ ရှိတဲ့ စကားတစ်ခွန်း ရှိတယ်..။

“ သူများတွေ ဆောင်းကျွတ်၊ မောင်ပေါလည်း ဆောင်းကျွတ်တာပါပဲ..။ ဂုံနီအိတ်ခြုံအိပ်လို့.. ဆောင်းက မောင်ပေါကို တစ်ရက်ပိုမချမ်းသွားပါဘူး ” တဲ့..။

ဦးပေါမိန်းမ က ဒေါ်ကျောက်တဲ့..။ ဦးပေါ် ဘော်ဒါ ကိုဖိုးပါဆိုတာ ရှိသေးတယ်..။ ကိုဖိုးပါ မိန်းမနာမည်က ခပ်ဆန်းဆန်းပဲ..။ ဒေါ် ဂြိုလ်တု တဲ့..။ ဘယ်လိုက ဘယ်လို အဲဒီနာမည်ပေးသလဲ မသိပေမယ့် တစ်ရွာလုံးက ဂြိုလ်တုလို့ပဲ ခေါ်ကြတယ်..။

ဦးပေါတို့ ဘော်ဒါတွေမှာ စာချိုး ရှိသေးတယ်..။

“ကြောက်တတ်တာက မောင်ပေါ..၊ ဂြိုလ်တု စီးတာက ဖိုးပါ..၊ ဟိုစမ်းဒီစမ်းနဲ့က မောင်ယဉ်ထွေး ” တဲ့..။ မောင်ယဉ်ထွေးက မိန်းမနှစ်ယောက်ရှိတယ်.. ။ တိုက်တိုက်ဆိုင်ဆိုင် မိန်းမနှစ်ယောက်စလုံးက စမ်း ဆိုတဲ့ နာမည်စာလုံးပါနေလို့ အဲသလို စာချိုးကြတာပဲ..။

ဦးပေါတို့က နွားခြံဆိုတော့ သူတို့ခြံမှာ နွားမွေးတိုင်း နွားချင်းစားရတယ်..။ အချင်း ပေါ့..။ နွားချင်းဆိုတာ.. ရန်ကုန်မှာတော့ မစားရသလောက်ပါပဲ..။ ကျွန်တော်တို့ ငယ်စဉ်တုံးကတော့ နွားချင်းဆိုတာ နတ်သုဒ္ဓါပဲ..။ သိပ်စားလို့ကောင်းတယ်..။ ရှားလည်း ရှားတာကိုး..။

ဦးပေါက ခုတော့ မရှိရှာတော့ပါဘူး..။ ဒီတစ်ခေါက် ကျွန်တော်ရွာရောက်တော့ ရွာဘုရားဈေး ဟိုလျှောက်ဒီလျှောက်လုပ်မိတယ်..။ ပွဲခင်းဘေးမှာ မုန့်ပေါင်းဖိုလေး ချလို့ ဈေးရောင်းနေတဲ့ တင်မာယုကို တွေ့မိတယ်..။ ဇရာနဲ့ လောကဓံအထုအထောင်းတွေကြောင့် တအားအိုစာသွားပေမယ့် ကျွန်တော်ကတော့ မြင်တာနဲ့ သူ့ကို ချက်ခြင်းမှတ်မိလိုက်တယ်..။

သူတို့ဆိုင်ရှေ့ ခြေစုံရပ်ပြီး “ မုန့်ပေါင်း တစ်ခု ဘယ်လောက်လဲ ” လို့ ကျွန်တော်မေးတော့ “ တစ်ခု ငါးဆယ် ” လို့ မီးကုန်းမှုတ်နေတဲ့ ဒေါ်ကျောက်က ခေါင်းငုံ့မထဘဲ ပြန်ဖြေတယ်..။

“ အဲဒါဆို အခုတစ်ရာပေးဗျာ ” လို့ ကျွန်တော်ပြောတော့ သားအမိနှစ်ယောက် အံ့သြတကြီးနဲ့ ကျွန်တော့်ကို မော့ကြည့်ကြတယ်..။ သူတို့စိတ်ထဲ တစ်ခုခုတော့ ပုံမှန် မဟုတ်တော့ဘူးဆိုတဲ့ အတွေးနဲ့ ဇဝေဇ၀ါဖြစ်နေခဲ့ကြတယ်..။ ကျွန်တော့်ကိုလည်း သူတို့ မှတ်မိဟန်မရှိဘူး..။

အိပ်ထဲက ပိုက်ဆံငါးထောင်ထုတ်ပြီး မုန့်ပေါင်းဗန်းကလေးပေါ် တင်ရင်း.. “ ဒေါ်ကြီး.. ကျွန်တော်ပါ.. တင်မာယု ငါပါ ” ဆိုပြီး ကျွန်တော့်ငယ်နာမည် ပြောလိုက်တယ်..။

တဆက်တည်း “ ဦးပေါ ရော နေကောင်းလား ” လို့လည်း မေးမိတယ်..။

မမျှော်လင့်ထားတဲ့ လူတစ်ယောက်ကို မျှော်လင့်မထားတဲ့ အခြေအနေတစ်ခုမှာ ရုတ်တရက်သူတို့ တွေ့လိုက်ရတော့ အံ့သြမှုတွေက မျက်ရည်များအဖြစ် အသွင်ပြောင်း သွားတော့တယ်..။

မီးထိုးလက်စ ထင်းချောင်းကို ပစ်ချပြီး တုန်တုန်ရီရီဖြစ်နေတဲ့ လက်ချောင်းကလေးနဲ့ ကျွန်တော့်ကို ဒေါ်ကျောက် ထဖက်တယ်..။

သူ့ခန္ဓာကိုယ် ဆတ်ကနဲ ဆတ်ကနဲ တုန်နေရင်း “ မင်းဦးပေါ မရှိတော့ဘူး ” တဲ့..။ ပွဲခင်းထဲက လူတွေကတော့ စိတ်မကောင်းကြီးစွာနဲ့ ကျွန်တော်တို့ကို ကြည့်လို့..။

ကျွန်တော်ကရော.. ဘာသားနဲ့ ထုထားတာမို့လဲ..။

36.4 အမေချမ်းရင်

သူများတွေ ဆောင်းကျွတ်၊ မောင်ပေါတို့လည်း ဆောင်းကျွတ်တာပါပဲ ဆိုတဲ့ စကားနဲ့ ဆက်စပ်ပြီး ကျွန်တော့်ငယ်ဘ၀ ဆောင်းအမှတ်တရ အဖြစ်အပျက်လေး တစ်ခု

ခေါင်းထဲ ပေါ်လာခဲ့တယ်..။

ဟိုးရှေးရှေးနားမှာ ကျွန်တော်ရေးခဲ့သလို ကျွန်တော်လူမှန်းသိတတ်တော့ အဖေက စီးပွားပျက်ပြီးနေပြီ..။ ဦးပေါတို့လောက်သာ အခြေအနေမဆိုးတာ..

ဆောင်းရောက်တိုင်း ကျွန်တော်တို့လည်း ရုန်းကန် ကျော်ဖြတ်ခဲ့ရတာပေါ့..။ အထူးသဖြင့် ဆောင်းဝတ်အင်္ကျီ အနွေးထည်ဆိုတာ ကျွန်တော်တို့ မိသားစုအတွက်

ကတော့ ရှားပါးပစ္စည်းပဲ..။

ပြောရရင် တက္ကသိုလ်ကျောင်းသား ဖြစ်သည်အထိ အနွေးထည် မယ်မယ်ရရ ကျွန်တော့်မှာမရှိခဲ့ပါဘူး..။ အတူနေ သူငယ်ချင်း ဥက္ကာဆွေပေးတဲ့ နှစ်ဖက်လှ

အနွေးထည်နဲ့ ပဲ တက္ကသိုလ်ဆောင်းတွေကို ကျွန်တော် အံတုခဲ့ရတယ်..။ အထက်တန်းကျောင်းသားဘ၀လောက်တုံးကတော့ အဖေက အနွေးထည် တစ်ထုပ်ကြီး

ယူလာပေးတယ်..။

မောင်နှမတစ်တွေ ပျော်ပျော်ပါးပါးကြီး ၀တ်ခဲ့ကြတာပေါ့..။ ဒါပေမယ့် .. သိပ်မကြာပါဘူး..။ အဲဒီအနွေးထည်အားလုံး ပျောက်ခြင်းမလှ ပျောက်သွားခဲ့တယ်..။

ထူးဆန်းတဲ့ ပျောက်ဆုံးမှုလို့ ပြောရမှာပဲ..။

နောက်မှ ..အမေက အဲဒီအနွေးထည်အားလုံး ဧရာဝတီမြစ်ထဲ မျောပစ်လိုက်တယ်လို့ သိရတယ်..။ အဖေယူလာတာက သူ့အရင်အိမ်ထောင် သားကြီးသမီးကြီး တွေရဲ့

အနွေးထည် အကျတွေဆိုတော့ အမေက မခံစားနိုင်ဘူးနဲ့ တူပါရဲ့..။ ကျွန်တော်တို့ မောင်နှမတစ်တွေကတော့ အမေအဲသလိုလုပ်တာ စိတ်မကွက်ပေမယ့်

နှမျောသလိုလို တော့ ဖြစ်နေခဲ့ကြတယ်..။

ချမ်းတာကိုး..။

အညာဆောင်း ချမ်းချက်ကတော့ အဖေပြောပြောနေတဲ့ ပုံပြင်တောင် ရှိတယ်..။ အဖေတို့ ရွာမှာ ဆောင်းတွင်းချမ်းလွန်းလို့ လူတစ်ယောက် ကွေးအိပ်သတဲ့..။

ကွေးရင်းကွေးရင်း နဲ့ အချမ်းက ပိုလာ၊ ပိုကွေးနဲ့ နောက်ဆုံး သူ့ခေါင်းက သူ့ပေါင်ကြား ပြန်ရောက်သွားသတဲ့..။ ပုဇွန်တုပ်ကွေးလိုမျိုး ပေါ့..။ အဲသလိုမျိုးကွေး

နေတာက ဘာပြသာနာမှ မရှိပေမယ့်.. သူက တရေးနိုးလာသတဲ့..။

နိုးနိုးခြင်း အိပ်မှုန်စုန်မွှားနဲ့ သူ့မျက်စိရှေ့က မြင်ကွင်းက ထူးဆန်းသလို ဖြစ်နေတော့ မျက်တောင်လေး သုံးလေးချက်လောက် ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး မြင်ကွင်း

ကြည်လင်အောင် သူလုပ်တယ်..။ အမြင်အာရုံတွေေ၀၀ါးရာကနေ ကွဲကွဲပြားပြား သူမြင်သွားတော့ အတော် ဒေါသထွက်သွားတယ် ဆိုပဲ..။

သူ့စိတ်ထဲမှာလည်း “ ဘယ်ကောင်တုံးကွ စော်စော်ကားကားနဲ့..ငါ့မျက်နှာရှေ့တည့်တည့် ဖင်တုံးလုံး ” နဲ့ တွေးနေ သတဲ့..။

အဲဒါနဲ့ ဖျာစ ချိုးပြီး အဲဒီတုံးလုံးဖင်ကို မှတ်လောက်သားလောက်အောင် ကောက်ထိုးလိုက်မယ်ဆိုပြီး အားရပါးရထိုးလိုက်တော့မှ.. ကိုယ့်ဖင်ကို ထိုးမိရက်သား

ဖြစ်နေမှန်း သိတော့သတဲ့..။

အညာဆောင်းက အဲသလောက် ချမ်းတာဗျား..။

ကျွန်တော့်ငယ်ဘ၀ ဆောင်းအဖြစ်အပျက်ကတော့ အမေနဲ့ ဆိုင်တယ်..။ အညာဆောင်းတွင်း တစ်ရက်ကြီးမှာ အမေက ဘာရယ်မဟုတ်.. ကျွန်တော့်ကို ဖက်ထားရင်း

“ငါ့သားလေးရယ် ချမ်းလိုက်တာ ” လို့ ပြောတယ်..။ အဲဒီအချိန်တုံးက ကျွန်တော့်အသက် ရှိလှ သုံးနှစ်တဲ့..။

ကလေးအတွေးနဲ့ ချမ်းတယ်လို့ လာပြောနေတဲ့ အမေကို သက်သာရာသက်သာကြောင်း ကျွန်တော်ချက်ခြင်း ပြန်ပြောပုံက..

“ အမေ ချမ်းရင် ဂွေးစိနှိုက် ပါလား ” တဲ့..။

ကိုယ်ကိုယ်တိုင်လည်း ချမ်းတိုင်း အဲသလို လုပ်နေခဲ့တာမို့ အမေလည်း အချမ်းသက်သာမလားလို့ ပြောခဲ့ဟန် တူပါရဲ့ ဗျာ..။

အခုတော့ အဲဒီအကြောင်းကို မိသားစုဆုံတိုင်း ပြန်ပြောမိတဲ့ ရယ်စရာတစ်ခု ဖြစ်နေခဲ့ပါပြီ..။

36.5 ခြေဗလာနဲ့ ကျောင်းလာကြသူများ

ဒီတစ်ခေါက် ရွာအပြန်မှာ ရင်မောစရာ မြင်ကွင်းတချို့ကို စိတ်မကောင်းကြီးစွာနဲ့ အမှတ်ထင်ထင်မြင်ခဲ့ရပြန်တယ်..။ မရောက်တာကြာပြီဖြစ်လို့ အသေးအဖွဲကအစကျွန်တော် သတိထားမိနေတာကြောင့်လည်း ပါမယ် ထင်ပါတယ်..။ ဆယ်နှစ်ဆယ့်ငါးနှစ်ဆိုတဲ့ အချိန်ကာလကို ရွာဟာ ဇရာနဲ့ပဲ ဖြတ်သန်းခဲ့ဟန် ရှိတယ်..။မြင်မြင်သမျှ ရွာရှုခင်းက အသက်မ၀င် မရှင်မသန်.. ချိနဲ့ လို့..။ တိုးတက်လန်းဆန်းတဲ့ အရိပ်အယောင်ဆိုတာ ကျွန်တော့်အာရုံခံအင်္ဂါတွေရဲ့ အဝေးမှာ မှုန်ဝါးဝေသီလျက်..။

စားဝတ်နေရေး တွေလည်း ကျပ်တည်းကြဟန်ရှိတယ်..။ ရွာသားအများစုက မှိုင်းဝေနုံ့နဲ့လို့..။ လူမမယ်အရွယ် ကလေးငယ်တော်တော်များများမှာ ဖိနပ်ဆိုတာ မရှိ..။ကျွန်တော်တို့ ငယ်စဉ် စီးခဲ့ရတဲ့ အဖိုးနည်းခိုင်ခန့် ခုံဖိနပ်လိုမျိုး.. တာယာဖိနပ်(ကားတာယာသားနဲ့ လုပ်ထားတဲ့ဖိနပ်) လိုမျိုးတောင် ခမျာများ မစီးနိုင်ကြတော့..။

ခြေဗလာနဲ့ ကျောင်းလာကြတာ.. တစ်ယောက်မဟုတ်.. နှစ်ယောက်မက..။ အဖြူအစိမ်း ကျောင်းဝတ်စုံဆိုတာကလည်း သူတို့ကိုယ်ပေါ်မှာ နွမ်းဖတ်ပါးလျ တွဲခိုလို့..။ သူတို့စိုက်ပျိုးခဲ့တာ သူတို့ ပြန်ရိတ်သိမ်းနေရတာပဲ လို့ မပြောရက်လောက်အောင် ကျွန်တော့်မှာ ဖြစ်ရပါတယ်..။



အမ ကျောင်းစိမ်းထမိန်ကို အထက်ဆင်ဖြုတ်ပြီး ၀တ်ခဲ့ရတဲ့ ကျွန်တော့်ငယ်ဘ၀ထက်တောင် သူတို့အဖြစ်က ဆိုးနေခဲ့ကြတယ်..။ မိန်းမထမိန် ချုပ်နည်း နဲ့ ယောက်ျားလုံချည် ချုပ်နည်း မတူကွဲပြားလို့ ငေါ့်ထွက်နေတဲ့ တစ်ကြောင်းချုပ်ရိုး မပေါ်အောင် အတွင်းဖက်လုံးပြီး ၀တ်ခဲ့ရတာကလွဲရင် ကျွန်တော်က သူတို့ထက် အများကြီး တော်သလိုပဲ..။

သူတို့ခမျာ ကျွန်တော့်လို အမထမိန်ဝတ်ချင်ရင်တောင် မလွယ်လောက်တော့ဘူး..။ အခုခေတ်ထမိန်တွေလို ဒေါက်ပတ်လည်နဲ့ ဆိုရင် ကျွန်တော်လည်း အထက်ဆင် ဖြုတ်ရုံလောက်နဲ့ မ၀တ်ရဲလောက်ပါဘူး..။ အထက်ဆင်တော့ မပါဘူး..ဒါပေမယ့် ပတ်လည်ထည့်ချုပ်ထားတဲ့ ဒေါက်တွေနဲ့ဆိုရင် နဗန ဖင်တွေတင်တွေပြူးထွက်ပြီး အတော်ကြည့်ကောင်းမယ့်ပုံပဲ..။

36.6 နှစ်ကူးလက်ဆောင်



ချာလီချက်ပွ နှင့် ချာလီချက်ပလင်


(comment မှာ အားပေးကြသူများကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ ကျွန်ုပ်၏ ကမ္ဘာကျော်ဓါတ်ပုံအား တင်ပေးလိုက်ပါကြောင်း)

36.6.1 အိုင်စတိုင်းနဲ့ သူနိုင်ကိုယ်နိုင်



မင်းတုံးမင်းကြီးလက်ထက်တုံးက ပါတိမောက် ( ရဟန်းဝိနည်း) မတတ်တဲ့ ရဟန်း နေပြည်တော်မှာ မနေနဲ့လို့ အမိန့်ထုတ်တော့ ဗန်းမော်ဆရာတော်က မန္တလေး တောင်ပေါ်က ဗျာဒိတ်ပေးကိုယ်တော်ကြီး လက်ညှိုးမှာ စာသွားချိတ်သတဲ့..။

“ တောင်အောက်က မောင်ဖြူ .. ပါတိမောက် တတ်ကဲ့လား.. ပါတိမောက် မတတ်ရင် နေပြည်တော်မှာ မနေနဲ့တဲ့ဗျ. ” လို့..။

မန္တလေး တောင်ခြေမှာက ကျောက်တော်ကြီးဘုရားရှိတယ်လေ..။ ကျောက်တော်ကြီးဘုရားက အဖြူရောင်ကျောက်ဆင်းတုကြီးဆိုတော့ မောင်ဖြူ ပေါ့..။ ဗန်းမော်ဆရာတော်က ခပ်ရွတ်ရွတ်ဆိုတော့ ရွဲ့ လုပ်တာပဲ..။

အဲဒီကျောက်တော်ကြီးဘုရား လည်ပင်းမှာလည်း စာတစ်စောင် အခုလိုမျိုး ပြန်ချိတ်ပေးထားလိုက်သေးတယ်..။

“ တောင်ပေါ်က မောင်ညို.. ပါတိမောက်တော့ မတတ်ဘူးဟေ့.. သတ္တိရှိရင် မင်းနဲ့ ငါနဲ့ ရေငုပ်ပြိုင်မလား ” တဲ့..။

ဗျာဒိတ်ပေးကိုယ်တော်ကြီးက သစ်သားဆင်းတုတော်ကြီး ဆိုတော့ တောင်အောက်က ကျောက်ဆင်းတုတော်နဲ့ ရေငုပ် ပြိုင်ရင် ရှုံးမှာပေါ့.။

... .... .... .... .... ..... ...... ..... ..... ..... ......

ကျွန်တော်လည်း အိုင်းစတိုင်းကို ဥာဏ်ချင်းတော့မပြိုင်ရဲဘူး.. ။ အရပ်နဲ့ စတိုင်တော့ ပြိုင်ရဲတယ်ဗျို့..။

36.6.2 ရမ္ဘုိ ၄.၅




ရမ်ဘိုသော ဂျမ်ဘိုသော ဂရုမစိုက်ဘူး.. “ ဒါ့ ငါ့စော်ကွ ”

36.6.3 သွားလေသူကြီး



အီရတ်မှာ အလုပ်လုပ်နေတဲ့ အသိတစ်ယောက်ကို ပြောမိတယ်..။ အီရတ်မှာ ကျွန်တော့်သူငယ်ချင်းကြီး ရှိတယ် လို့..။ စိတ်ဝင်စားတယ် ဓါတ်ပုံ ပို့ပေးလိုက်ပါ ပြောလာတာနဲ့ .. ဒီဓါတ်ပုံ ပို့ပေးလိုက်တော့ ကျွန်တော့်ကို ပြန်မေးတယ်..။ ဓါတ်ပုံထဲက ယူနီဖောင်းနဲ့ ဘဲကြီးက ဘယ်သူလဲ တဲ့..။

ကျွန်တော်လည်း ပြန်ပြောလိုက်တယ်..။

“ ဂဠုန်ဦးစော လေ မသိဘူးလား ” လို့..။

36.6.4 Black or White?




ဘာသာမတူ လူမျိုးမခွဲဘဲ ချစ်တာ ကိုယ်တို့နှစ်ယောက်ရဲ့အချစ်လား

Friday, December 12, 2008

35.1 ရွာရောက်ပြီ

ကဲ.. အညာအစားအစာတွေအကြောင်း ပြန် အလွမ်းသယ်နေတာ ရပ်ပြီး ရွာအ၀င် လေး ရေးအုံးမှ..။

ရွာထိပ်က ရွှေတောင်ဦးဘုရားနား ကျွန်တော်တို့ကားရောက်တော့ လေးနာရီလောက် ရှိနေပြီ..။ မြင်သမျှ တွေ့သမျှ လူအားလုံးကို နှုတ်ဆက်စရာ လူတွေချည်း
ဖြစ်နေခဲ့တယ်..။ ရွာအ၀င်ကစလို့ ကားက တစ်ဘီးချည်းပဲ လှိမ့်ရတော့တယ်..။ ဟိုလူ့ နှုတ်ဆက် ဒီလူ့နှုတ်ဆက်နဲ့ တရွေ့ရွေ့ပေါ့..။ တိုက်တိုက်ဆိုင်ဆိုင် ရွာဘုရားပွဲနဲ့
တိုးနေပြန်တော့ နှုတ်ဆက်လို့ကို မဆုံးတော့ဘူး..။ အားလုံးက သူတို့အိမ်တွေမှာ တည်းဖို့ ၀ိုင်းပြောကြတယ်..။ ကျွန်တော့်မှာ နေစရာ အိမ်မရှိဘူးဆိုတာ
သူတို့သိတယ်..။

ကျွန်တော်တို့မိသားစု နောက်ဆုံးနေခဲ့တဲ့ အိမ်ကလည်း အခုဆို ထင်းပုံဖြစ်နေလောက်ပြီ..။ အလွမ်းပြေ ကြည့်ချင်ရင်တောင် မလွယ်တော့ဘူး..။ ကျွန်တော်တို့
မိသားစု မရှိတော့တဲ့နောက်ပိုင်း .. ကျွန်တော်တို့နေခဲ့တဲ့ ကုန်သွယ်လယ်ယာ ဒိုင်ဝင်းကြီးကိုလည်း တစစီဝေခြမ်းစိတ်ဖြာပြီး ၀င်းလုံးပြည့် အိမ်တွေဆိုင်တွေ ဆောက်
ပစ်လိုက်ကြတယ်..။

အစိုးရပိုင် ၀င်းလို့အဖေပြောပေမယ့်.. နောက်ဖေးဘုန်းကြီးကျောင်းနဲ့ ရှေ့က ဘုရားကြီးပိုင် သာသနာ့ မြေလိုလို ရွာကလူတွေက သတ်မှတ်ပြီး အဲသလို
လုပ်လိုက်ကြတာပဲ..။ ကုန်သွယ်လယ်ယာ အ၀ယ်ဒိုင်ကလည်း ဘာကြောင့်မှန်းမသိ.. ပျက်သွားတော့ .. ထူးထွေပြီးတော့ ပြသာနာ မဖြစ်တော့ဘူးနဲ့ တူပါရဲ့..။

ကျွန်တော်တို့နေစဉ်က.. မြေအကျယ်အ၀န်း နှစ်ဧကလောက် ရှိတယ်..။

လဘက်ရည်ဆိုင်တချို့ .. ၀ါးထောင်တချို့ နဲ့ မိသားစုက သုံးလေးစုလောက် အခုတော့ အဲဒီမှာ နေနေကြတယ်..။ တယ်လီဖုံးအိတ်ချိန်းရုံးလိုလိုလည်း အဲဒီမှာ ရှိတယ်
လို့ ပြောသံ ကြားခဲ့ရပေမယ့် ကျွန်တော်ကတော့ အလွမ်းပြေတောင် မသွားခဲ့တော့ပါဘူး..။ ရွာပြန်ရောက်တာနဲ့တင် အလွမ်းက ပြေနေခဲ့ပါပြီ..။

လုပ်စရာတွေကလည်း ပါလာတာမို့.. သိပ်ပြီးတော့လည်း ဟိုသွားဒီသွား လုပ်ချိန် မရှိဘူး ဖြစ်နေခဲ့တယ်..။

အတူပါလာတဲ့ အကိုကြီးတွေက သူတို့အိမ်မှာ လိုက်တည်းဖို့ အတင်းခေါ်နေပေမယ့်.. အဖေတို့အမေတို့နဲ့လည်း ရင်းနှီး၊ ကျွန်တော့်ကိုလည်း ညီငယ်တစ်ယောက်လို
ခင်မင်တဲ့ .. အိမ်မှာပဲ တည်းလိုက်တော့တယ်..။ သူတို့မိသားစုက ကျွန်တော်သူတို့အိမ်မှာ မတည်းရင် စိတ်အဆိုးကြီးဆိုးဖို့ရှိတယ်..။ အဲဒီအိမ်မှာ အထုပ်အပိုးတွေ ချ..
ခဏနားပြီး ရေချိုးတယ်..။

ညနေလေးနာရီလောက် ရွာဝင်တယ်ဆိုပေမယ့်.. ရေမိုးချိုးပြီး နာရီကြည့်တော့ ခြောက်နာရီခွဲနေပြီ..။ အချိန်တွေကလည်း ကုန်မြန်လိုက်တာ..။ ရာသီကလည်း
ညတာရှည်တဲ့ ရာသီဆိုတော့ နေ၀င်တာစောပြီး မှောင်တာ မြန်တယ်..။ ရွာ ထုံးစံအရ နေ၀င်မီးငြိမ်းတာက များတော့.. ရန်ကုန်အလိုအရ.. ခြောက်နာရီခွဲက
စောနေသေးပေမယ့်.. ရွာမှာက အတော်အချိန်လင့်နေခဲ့ပြီ..။

ကိုးနာရီဆယ်နာရီဆို.. တရွာလုံးက အိပ်ကုန်ကျပြီ..။ တအိမ်ဆင်း တအိမ်တက် လိုက်နှုတ်ဆက် စကားပြောဖို့ဆိုရင်.. နှိုးပြီးပြောမှ ရမယ့်အချိုးပဲ..။ မြို့ပြက
အချိန်ဇယား နဲ့ ကျေးလက်နာရီ နှစ်ခု .. ဟာမိုနီမဖြစ်တော့ .. ကျွန်တော့်မှာ အချိန်က ဆင်းရဲသွားပြန်တယ်.။ ကျွန်တော်ရောက်တယ်ကြားပြီး သူတို့အိမ်တောင်
မလာသွားဘူးလို့ အထင်လွဲမယ့် အရေးကိုလည်း လှမ်းတွေးပူရသေးတယ်..။

နှစ်အစိတ်လောက်နေခဲ့တဲ့ ရွာဆိုတော့ အထိုက်အလျောက် ကိုယ့်အပေါ်မှာ ကျေးဇူးတရား ရှိသူတွေကလည်း မနည်းလှဘူး..။

ဒီကောင် အခုတော့ တို့ကိုမေ့ပြီပေါ့..။ အရင်တုံးကတော့ ဒီကောင် တို့ကျွေးတာ စားခဲ့ရတာ...။ သူတို့မိသားစု စားရမဲ့မဲ့ သောက်ရမဲ့မဲ့တုံးက ဘယ်သူတွေက
အရေးလုပ်လို့လဲ..။ အခုလို အထိုက်အလျောက် အောင်မြင်လာတော့မှ.. ကျွေးချင်မွေးချင်တဲ့ကောင်တွေ ၀ိုင်းဝိုင်းလည်နေတာ..။ ပစ်ထားလိုက်.. မလာရင် မခေါ်နဲ့..
သွားလည်းမတွေ့နဲ့.. ။ စသဖြင့် စသဖြင့်.. အားမလိုအားမရ ပြောတာတွေကို.. မလာတော့ဘူးထင်နေတဲ့အိမ်တွေကို အချိန်လုပြီး သွားတွေ့မှ.. ရယ်ရယ်မောမောနဲ့
သူတို့ ဖြေပြောပြောတာ.. ကြားခဲ့ရပြန်တယ်..။

ဘယ်လိုမှကို တွေ့ဖို့ အချိန်မပေးနိုင်ခဲ့သူတွေကရော ကွယ်ရာမှာ သူတို့ပြောသလို ပြောနေမလားမသိ..။

အချိန်ကလည်း တကယ့်ကို ဆင်းရဲပါတယ်..။ ရောက်တုံးရောက်ခိုက် ရွာကကျုရှင်ဆရာများနဲ့လဲ စကားစမြည်ပြောချင်သေးတယ်..။ လက်ရှိရွာမှာ ကျုရှင်ပြနေတဲ့ ကျုရှင်ဆရာတော်တော်များများက ကျွန်တော့် တပည့်ဟောင်းတွေဆိုတော့ သူတို့ဘယ်လိုသင်နေသလဲ.. ဘယ်လိုတွေးခေါ်နေသလဲ ဆိုတာလည်း ကျွန်တော်သိချင်နေခဲ့တယ်..။

ရွာက ကလေးတွေရဲ့ အနာဂါတ်ပညာရေးကို ကျွန်တော်တတ်နိုင်သမျှ ဖြည့်ဆည်းဖို့ ဆိုရင်.. သူတို့ရဲ့ အားတွေ ပူးပေါင်းဆောင်ရွက်မှုတွေ မလွဲမသွေ လိုကိုလိုတယ်လို့ ခံယူထားတာမို့လည်း.. ရောက်တဲ့ ညမှာပဲ သူတို့နဲ့ တွေ့ဖို့ ကျွန်တော်စီစဉ်လိုက်တယ်..။ ညကိုးနာရီ.. တောင်ရပ်ထဲက ကိုချို၊မကြည်ဌေးတို့အိမ်မှာ တွေ့မယ်ပေါ့..။

35.2 တပည့်ကျော်များနဲ့ ပြန်လည်တွေ့ဆုံပွဲ

ကိုးနာရီ ထိုးဖို့ ဆယ်မိနစ်လောက်အလို.. ကိုချိုတို့အိမ် ကျွန်တော်ရောက်တော့ တပည့်ဟောင်းများက စုံသလောက် ရှိနေပြီ..။ အားလုံးက ကျွန်တော့်မြင်တော့ ၀မ်းသာအားရ ထိုင်ရာကထ နှုတ်ဆက်ကြတယ်..။ “ အာစိ ” တဲ့.။ သူတို့ကို ပြန်လှန်နှုတ်ဆက်ရင်း “ဆိုးပေ” ရောလို့ မေးမိတယ်..။ “ ဆိုးပေ က ကျုရှင်တချိန်ကျန်နေလို့ လာလိမ့်မယ် ” လို့ တစ်ယောက်က ပြန်ဖြေတယ်..။ ဆိုးပေ ဆိုတာက နာမည်ရင်းပဲ..။ လက်ရှိ ရွာမှာ အအောင်မြင်ဆုံး ကျုရှင်ဆရာပေါ့..။

ဘယ်နှယ့် ဆရာ့နာမည်က ဆိုးပေ ရယ်လို့ ဖြစ်နေရတာလဲ ဆိုတာတော့ သူ့မိဘတွေမှ သိမှာပဲ..။ ရွာမှာကတော့ အားလုံးက ဆိုးပေ လို့ ခေါ်လာတာ သူမွေးကတည်းကဆိုတော့ သူ့နာမည်ကို ဘယ်သူမှ ရေးကြီးခွင်ကျယ် လုပ် တွေးမနေကြတော့ပါဘူး..။ တခါတလေ ကြားဖူးတဲ့သူတွေသာ ဆရာနာမည်က “ဆိုးပေ” တဲ့.. ကြားရတာ တမျိုးပဲလို့ တွေးကောင်းတွေးနေမယ် ထင်တယ်..။

ဆိုးပေ ကသင်္ချာ သင်တယ်..။ ကျွန်တော်တို့ရွာ မြစ်အောက်ဖက်က ဂင့်ဂဲ ဆိုတဲ့ တွဲဖက် အထက်တန်းကျောင်းမှာလည်း အချိန်ပိုင်း ဆရာလုပ်နေသေးတယ်..။ နှစ်ပြတ်ဘော်ဒါလေးလည်း ဖွင့်ထားသေးတယ်လို့ သိရတယ်..။ ဘော်ဒါကျောင်းသား ၄၅ ယောက်လောက် ရှိပြီး တစ်ယောက်ကို အပြတ် နှစ်သိန်း ရတယ်ဆိုတော့ တစ်နှစ်သိန်းကိုးဆယ်လောက် ပေါ့..။ ရွာအတိုင်းအတာ နဲ့ကတော့ အတော့်ကို မဆိုးတဲ့ ပမာဏပဲ..။ အဲဒါလေးတွေ .. သိရတော့ ကျွန်တော့်မှာ ပီတိဖြစ်ရတယ်..။

ဆိုးပေ တော်တယ်လို့လည်း ချီးကျူးမိတယ်..။ တဆက်တည်း ရွာမှာ ဆိုးပေ ဘော်ဒါတခုတည်း ရှိတာလားလို့လည်း စပ်စုမိတယ်..။ “ မဟုတ်ဘူး.. ဖိုးသကြား ကလည်း ဖွင့်ထားသေးတယ် ” လို့ သူတို့ ပြန်ပြောမှ ဖိုးသကြား ၀ိုင်းထဲ မပါတာ သတိထားမိတယ်..။ ဖိုးသကြား ဆိုတာကတော့ နာမည်ရင်း မဟုတ်ပါဘူး..။ နာမည်ရင်းက ဌေးအောင်..။ ဒါပေမယ့် ထုံးစံအတိုင်း ရွာမှာတော့ ဆရာဖိုးသကြား လို့ပဲ ခေါ်ကြတယ်..။ နာမည်ရင်း ဌေးအောင် ဆိုတာ ဘယ်သူမှ မခေါ်သလောက်ပါပဲ..။

သူတို့ပြောမှ ဖိုးသကြားက ဘာလို့မလာတာလဲ လို့ ကျွန်တော်မေးမိတယ်..။ အားလုံးက နောက်မှ ပြောမယ် အာစိ တဲ့..။ ဒီမှာ ပြောလို့ သိပ်မကောင်းဘူး ဆိုပြီး ပဟေဠိဆန်နေကြလို့ ကျွန်တော်လည်း မရမက မမေးတော့ဘဲ ကျွန်တော်ပြောချင်တာလေးတွေ နည်းနည်း စပြောကြည့်တယ်..။ အဓိက ဦးတည်ပြီး ပြောတာကတော့ သူတို့ရဲ့ လက်ရှိအခြေအနေ အောင်မြင်မှုတွေနဲ့ ကျေနပ်မနေကြဖို့ပါပဲ..။ ရွာအတွေး ရွာအမြင် ရွာအ၀န်းအ၀ိုင်းထဲက တတ်နိုင်သမျှ ထွက်ကြည့်ကြဖို့ နဲ့ စာဖတ်ကြဖို့လည်း ဖိဖိစီးစီးလေး ကျွန်တော်ပြောဖြစ်တယ်..။

စာသင်တာကအစ.. ပိုကောင်းတဲ့နည်းလမ်းတွေ.. ပိုထိရောက်တဲ့နည်းလမ်းတွေ ရှာဖွေတွေးတောရမယ်..။ ကိုယ့်ကိုယ်ကို တနေ့ထက်တနေ့ အသိဥာဏ်ဗဟုသုတ အစစ တိုးတက်အောင် ကြိုးပမ်းနေရမယ်.. ဆိုတာကိုလည်း ထိထိရောက်ရောက်လေး ကျွန်တော်ပြောမိတယ်..။ တပည့်တွေကို ကျောင်းစာကလွဲလို့ ကျန်တာဘာမှ မသင်ပြနိုင်တဲ့ ဆရာမဖြစ်ကြဖို့ကိုလည်း တိုက်တွန်းမိတယ်..။ အင်တာနက်က အလှူရှင်များအကြောင်း ပြောရင်း နဲ့ ကျွန်တော်ဖြစ်စေချင်တဲ့ future plan ကိုလည်း အကြမ်းဖျဉ်းလေး ချပြမိတယ်..။

သူတို့အားလုံး အားတက်သရော နားထောင်နေခဲ့ကြတယ်..။ အပြန်အလှန်လေးတွေ ဆွေးနွေးခဲ့ကြတယ်..။ ရွာမှာနေရင်းနဲ့ လုပ်လို့ရနေတာတွေ တပုံကြီး ရှိနေပါ့လားဆိုတဲ့ ယုံကြည်မှု အုတ်တချပ်တော့ ခင်းနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်တယ်..။

35.3 ဆရာမှားရင်...

မန္တလေးစက်မှုတက္ကသိုလ် မှာတုံးက သင်္ချာဌာန ဌာနမှုးက ဆရာဦးယဉ်ဝင်းမောင် လို့ ခေါ်တယ်..။ ပိန်ပိန်ပါးပါး အရပ်ရှည်ရှည် မျက်မှန်ထူထူနဲ့ အသင်အပြ တအားကောင်းတဲ့ ဆရာပေါ့..။ သူက စာချည်းသင်တဲ့ ဆရာတော့ မဟုတ်ဘူး..။ စာသင်နေရင်း တန်းလန်း ရောက်တတ်ရာရာလေးတွေလည်း အမြဲပြောတတ်တယ်..။ ရယ်စရာ မောစရာလည်း မကြာမကြာပြောလေ့ ရှိတယ်..။ သူပြောတာတွေထဲက ကျွန်တော့်စိတ်ထဲ စွဲစွဲထင်ထင် ရှိနေတဲ့ အကြောင်းအရာတစ်ခုရှိတယ်..။

သူ့ကိုယ်ပိုင် အကြောင်းအရာတော့မဟုတ်ပါဘူး..။ စာပေဟောပြောပွဲတစ်ခုမှာ စာရေးဆရာ ချစ်ဦးညို ဟောပြောတဲ့ အကြောင်းအရာကို သူက ကျွန်တော်တို့ကို ပြန်ဖောက်သည်ချတာပဲ..။ ဆရာချစ်ဦးညို ဟောပြောတာက မြတ်စွာဘုရားလက်ထက်က အင်္ဂုလိမာလဆိုတဲ့ လူဆိုးကြီးအကြောင်း..။ အဲဒါကို ဆရာဦးယဉ်ဝင်းမောင်က နားထောင်ခဲ့ရပြီး ကြိုက်လွန်းလို့ ကျွန်တော်တို့ကို ပြန်ပြောတာ ပဲ..။ ဆရာကြိုက်မယ်ဆိုလည်း ကြိုက်လောက်တယ်။ ကျွန်တော်ကိုယ်တိုင်တောင် အခုထိ အဲဒီအတွေးအမြင်ကို မှတ်မှတ်ထင်ထင် ရှိနေသေးတယ်..။

အင်္ဂုလိမာလ ကို ဗုဒ္ဓဘာသာ မြန်မာတွေ သိပ်မစိမ်းပါဘူး..။ လူတိုင်းနီးနီးလောက် လက်ညှိုးပေါင်း တစ်ထောင်ပြည့်အောင် ဖြတ်တဲ့ ဗုဒ္ဓခေတ်က လူဆိုးကြီး လို့ သိကြတာပဲ..။ ဒါပေမယ့် ဆရာချစ်ဦးညိုက အဲဒီလူတိုင်း သိတဲ့ အကြောင်းအရာကို လူတိုင်းမတွေးမိတဲ့ ရှုထောင့်ကနေ ပြောသွားခဲ့တယ်..။ ပုံမှန်ပြောရိုးပြောစဉ်အတိုင်း စာရေးဆရာပီပီ သိုင်းဝိုင်းဖွဲ့နွဲ့ပြောသွားပြီး... နိဂုံးချုပ်တော့မှ.. အဲဒီအချက်ကို အဓိကထား ထောက်ပြသွားခဲ့တယ်.။

အင်္ဂုလိမာလ လူဆိုးကြီး လုံးလုံးဖြစ်ပြီး တွေ့သမျှလူရဲ့ လက်ညှိုးတွေ လိုက်ဖြတ်နေတာရဲ့ တရားခံဟာ.. “ အင်္ဂုလိမာလ ရဲ့ ဆရာ ” ပဲ တဲ့..။

“ တပည့်မကောင်းဆရာ့ခေါင်း ” လို့ ပြောနေကြပေမယ့် တကယ်တမ်း ဆရာမှားရင် တပည့်တင်မက.. လူ့အသိုင်းအ၀ိုင်းတစ်ခုလုံးပါ ဒုက္ခရောက်ကရော.. တဲ့..။ တပည့်မှားတာထက် ဆရာမှားတာက ပိုပြီး impact ပြင်းတယ် လို့ ဆရာချစ်ဦးညိုက ပြောသွားခဲ့တယ်...။

အဲဒီအကြောင်းကို ဆရာဦးယဉ်ဝင်းမောင်ဆီက တဆင့် ကြားခဲ့ရပေမယ့် ဆရာတွေရဲ့ အခန်းကဏ္ဍ က အရမ်းအရေးပါတယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း ရှင်းကနဲလင်းကနဲ ကျွန်တော်မြင်သွားခဲ့ရတယ်..။

အဲဒါကြောင့် ဆရာတွေရဲ့ အရည်အချင်းတွေ အမြဲတမ်း နုပျိုသစ်လွင်တောက်ပ နေဖို့ လိုသလို.. စာချည်းမသင်ဘဲ တခြားကောင်းနိုးရာရာ အတွေးအမြင်တွေကိုလည်း တပည့်တွေကို ပြန်လည်မျှဝေနိုင်အောင် ကြိုးစားဖို့ လိုတယ် လို့ .. ရွာက ကျုရှင်ဆရာများကို တိုက်တွန်းခဲ့မိတယ်..။

35.4 အလှူရှင်တို့ရေ.. အကျိုးများမှာပါ

အဲဒီနေ့ညက ကျုရှင်ဆရာ တပည့်ကျော်တွေနဲ့ စကားကောင်းနေတာ.. ညဆယ့်နှစ်နာရီထိုးသည် အထိပဲ..။ ရှေးဟောင်းနှောင်းဖြစ်တွေကလည်း ပြောလို့ ကို မကုန်နိုင် ဖြစ်နေကြတယ်..။ ကျွန်တော်တည်းတဲ့ အိမ်ပြန်ရောက်တော့ တစ်နာရီထိုးလုပြီ..။ နောက်တနေ့မနက် ကျောင်းလေးအလှူကိစ္စ ရှိနေတာရယ် .. ခရီး ပမ်းလာတာရယ်ကြောင့် အိမ်ရောက်ပြီး သိပ်မကြာဘူး..။ ကျွန်တော် နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားခဲ့တယ်..။

နောက်တနေ့မနက် ကျွန်တော်နိုးတော့ ခုနှစ်နာရီခွဲနေပြီ..။ မိဘဆရာအသင်းနဲ့ တွေ့ဖို့ ချိန်းထားတာက ကိုးနာရီဆိုတော့ ကပျာကယာ မျက်နှာသစ်.. ရေချိုး.. အ၀တ်အစားလဲရတယ်..။ ပြီးတာနဲ့ ပွဲဈေးထဲသွား နံနက်စာ မုန့်တီသုတ် တပွဲ တီးလိုက်သေးတယ်..။ စားသောက်ပြီးလို့ ကျောင်းလေး ရောက်တော့ ကိုးနာရီထိုးဖို့ ဆယ်မိနစ်လောက်ပဲ လိုတော့တယ်..။

မိဘဆရာအသင်း လူကြီးတွေနဲ့ ရပ်မိရပ်ဖ အားလုံးလိုလို ရောက်နှင့်နေကြပြီ..။ ဆရာ ဆရာမတချို့ကိုလည်း ကျောင်းအုပ်ကြီးနဲ့အတူ တွေ့ရတယ်..။ ကျောင်းစိမ်းလုံချည် ခပ်နွမ်းနွမ်းနဲ့ ကျောင်းသားကျောင်းသူ တချို့ကလည်း ပြူတစ်ပြူတစ်လုပ်နေကြတယ်..။ စနေနေ့ ကျောင်းပိတ်ရက်ဆိုပေမယ့် ကြုံတောင့်ကြုံခဲ အလှူကိစ္စမို့ ကလေးတွေကို ခေါ်ထားထင်ပါရဲ့..။

ဆယ်တန်းအောင်စ .. ကျွန်တော်လုပ်အားပေး ကျောင်းဆရာလေး လုပ်ကတည်းက ကျောင်းအုပ်ကြီးဆိုပေမယ့် .. ကျွန်တော့်ကို ဆက်ဆံပုံက .. မနေတတ်အောင် ဖြစ်ရပါတယ်..။ အလှူရှင်များကိုယ်စား.. အလှူရှင်ကိုယ်စားလှယ်မို့ .. လူကြီးပီပီ.. လေးလေးစားစား သူက ဆက်ဆံ လေ.. ကျွန်တော့်မှာ အားတုံ့အားနာ ဖြစ်လေပါပဲ..။

သူ့ရုံးခန်းထဲက စားပွဲပေါ်မှာ ကော်ဖီနဲ့ အကြော်ပန်းကန် တချို့ကိုလည်း ပြင်ထား ပြန်သေးတယ်..။ အပိုကုန်လို့ ဆရာကြီးရယ်.. ဒါတွေ မလိုပါဘူးလို့ ကျွန်တော်ပြောတော့ .. “ ဟာ.. မဟုတ်ပါဘူး.. ကျွန်တော်တို့ကျောင်းအတွက်.. တကူးတက.. စေတနာရှေ့ထား လှူလာတာကို တတ်နိုင်သလောက် ပြန်ဧည့်ခံ ရမှာပေါ့ ” လို့ ပျာပျာသလဲ သူပြန်ပြောတယ်..။

အချိန်တန်လို့ အခန်းအနား စတော့ အထက်တန်းကျောင်း.. ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား အရင်ပြောတယ်..။ နိုင်ငံရပ်ခြားက အလှူရှင်များက သဒ္ဓါပေါက် လှူတာကို ဂုဏ်ယူလေးစားတဲ့အနေနဲ့ ကလေးတွေရဲ့ ပညာရေးကို အကောင်းဆုံးဖြစ်အောင် သင်ကြားဖို့ အဓိကထား ပြောသွားခဲ့တယ်..။ ကျွန်တော်ဖြစ် စေချင်တဲ့ ဆန္ဒနဲ့ တထပ်တည်းလို့ ပြောရမှာပဲ..။

ကျွန်တော်တို့ လက်တွေ့ကျကျ ပံ့ပိုးနိုင်တာက .. ရုပ်ဝတ္ထု ပိုင်းဆိုင်ရာတွေပဲ များပါတယ်..။ တကယ်တမ်း ကလေးတွေရဲ့ ပညာရေးကို မြှင့်တင်မြေတောင်မြှောက် ပေးနိုင်တာက ရွာက ဆရာဆရာမတွေပဲ..။ ကျွန်တော်တို့က ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဘယ်လောက်ပဲ မိုးပျံအောင်ပံ့ပိုးလှူဒါန်းပါစေ..။ သူတို့ရဲ့ သင်ကြားမှု၊ အားထုတ်မှု ညံ့ဖျင်းခဲ့ရင် .. ကလေးတွေရဲ့ အနာဂါတ်က မှုန်ဝါးပျက်စီးဖို့ပဲ ရှိတယ်..။

အလှူရှင်များကိုယ်စား .. ကျွန်တော်စကားပြောရတော့လည်း အဲဒါကိုပဲ .. ကျွန်တော်လေးလေးနက်နက် ပြောဖြစ်ခဲ့တယ်..။ အလှူဖြစ်ပေါ်လာပုံ.. အလှူရှင်များရဲ့ စိတ်စေတနာ.. သူတို့ဘယ်မှာနေကြတယ်.. စတာလေးတွေကိုလည်း အသေးစိတ် (သိသလောက်) ပြည့်ပြည့်စုံစုံလေး ပြောမိတယ်..။ ကိုယ့်ရွာသူကိုယ့်ရွာသား မဟုတ်ဘဲ သိန်းချီလှူဒါန်းတာမို့ လှူရကျိုးနပ်ပြီး အလှူရှင်များ ကျေနပ်ပီတိဖြစ်အောင် စီမံခန့်ခွဲဖို့ကိုလည်း မေတ္တာရပ်ခံ ရသေးတယ်..။

ပန်းရံဆရာ ငှားရမ်းရေး၊ ဘဏ္ဍာငွေ စီစစ်သုံးစွဲရေး၊ စာရင်းစစ်အဖွဲ့ ဖွဲ့စည်းရေး၊ စတာလေးတွေကို အားလုံးက ၀ိုင်းပြီး ပြည့်ပြည့်စုံစုံလေး ဖြစ်အောင် ဆွေးနွေးကြတယ်..။ ပြောရရင် ထင်ထားတာထက် ကျေနပ်ရပါတယ်..။

ဒါပေမယ့် နောက်ဆုံးပိတ် နိဂုံးချုပ် အမှာစကားကို ကျောင်းအုပ်ဆရာကြီးက ထပြောတဲ့အခါမတော့ ငိုအားထက် ရယ်အားသန်တဲ့ အဖြစ် ကြုံခဲ့ရတယ်...။ ဆရာကြီးကတော့ ပုံမှန်ပြောရိုးပြောစဉ်အတိုင်း အလှူအတန်းနဲ့ ပါတ်သက်လာရင် သုံးလေ့သုံးထ ရှိတဲ့ စကားလုံး သုံးတာပါပဲ..။ ဒါပေမယ့် သူသုံးတဲ့ စကားလုံးက နေရာအထားအသို မှားရင် အဓိပ္ပါယ်က တက်တက်စင်အောင် လွဲတာမျိုး..။

“ အတ္တဟိတ နဲ့ ပရဟိတ လို့ ရှိတာမှာ.. အခုလို နိုင်ငံရပ်ခြားက အလှူရှင်များ လှူဒါန်းတာဟာ အတ္တဟိတ ဖြစ်တယ်..။ ဒါကြောင့် အားလုံး အကျိုးကျေးဇူး ရမှာပါ ” တဲ့..။

ဆရာကြီး.. အဲသလိုလည်း နိဂုံးချုပ်လိုက်ရော.. အားလုံးက သောင်းသောင်းဖျဖျ လက်ခုပ်ဝိုင်းတီးကြတယ်..။ ကျွန်တော်လည်း ရယ်ချင်စိတ်ကို အောင့်အီးပြီး လက်ခုပ်သုံးချက်လောက် ခပ်ပြင်းပြင်း တီးပေးလိုက်တယ်..။ ဘယ်သူကမှ သတိမထားမိလိုက်ဖူး ထင်ပါရဲ့..။

ကဲ.. အလှူရှင်များ.. သာဓုခေါ်နိုင်ရန်.. ဓါတ်ပုံများ တင်ပေးလိုက်ပါကြောင်း..။

35.5



အထကကျောင်းအုပ်ဆရာမကြီး အဖွင့်မိန့်ခွန်းချွေနေပုံ




အလှူရှင်ကိုယ်စားလှယ် မောင်ပွကြီး ဂိုက်ပေးကြမ်းနေပုံ

35.5.1



ကျောင်းအမှုဆောင်တစ်ယောက်မှ အသေးစိတ်အစီအစဉ်များ ဖတ်ကြားတင်ပြနေပုံ




နိဂုံးချုပ် အမှာစကားချွေနေသော ကျောင်းအုပ်ဆရာကြီး



မျှော်လင့်ခြင်း များ

35.7 အမိကျောင်းတော်သို့ ဦးခိုက်ခြင်း

ကျောင်းလေးမှာ စီစဉ်စရာရှိတာ စီစဉ်၊ ဆုံးဖြတ်သင့်တာ ညိုနှိုင်းတိုင်ပင် ဆုံးဖြတ်ပြီး သကာလ .. ကျောင်းကြီးဆီကို ယွန်းခဲ့တော့တယ်..။

အဲဒီမှာ .. ကိုးတန်းဆယ်တန်းကလေးများက.. ကျွန်တော့်ကို စောင့်နေကြပြီ..။ စနေနေ့ ကျောင်းပိတ်ရက်ကြီးမှာ တကူးတက သူတို့လေးတွေ ကျွန်တော့်ကို စောင့်နေတာ လှမ်းတွေးမိပြီး ပီတိလှိုင်းတချို့ ရင်မှာ ဖြစ်ရပါတယ်..။ လိုက်ပို့တဲ့ ဆိုင်ကယ် ကျောင်းဝင်းထဲ ချိုးကွေ့တော့ လုံချည်စိမ်း အင်္ကျီဖြူနဲ့ ကျောင်းသူကျောင်းသားတချို့ ဟိုနားတစ်စု ဒီနားတစ်စု ထိုင်နေတာ တွေ့ရတယ်..။

သူတို့လေးတွေက ကျွန်တော်ထင်ထားတာထက် နုပျိုလန်းဆန်း နေသလိုပါပဲ..။ အားလုံးက ပီဘိကလေးသာသာ အရွယ်လေးတွေ ရှိသေးပါလားလို့လည်း ထင်မိပြန်တယ်..။ ကိုယ် .. သူတို့အရွယ်တုံးက ကိုယ့်ကိုယ်ကို လူကြီးတစ်ယောက်ဖြစ်ပြီလို့ တွေးခဲ့မိတာကို အမှတ်ထင်ထင်ဖြစ်ရင်း မပြုံးဘဲ မနေနိုင် ဖြစ်ရပြန်တယ်..။

သူတို့လေးတွေကတော့ ကျွန်တော်တို့ ဆိုင်ကယ် ကျောင်းထဲ ၀င်လာကတည်းက စပ်စုတဲ့ အကြည့်နဲ့ ၀ိုင်းကြည့်နေကြတယ်..။ ကျွန်တော်ကျောင်းပြီးစ ရွာကထွက်လာတာ ၁၉၉၆ ခုနှစ်ဆိုတော့ အဲဒီအချိန်သူတို့အသက် ရှိလှ သုံးလေးနှစ်ပေါ့..။ ကျွန်တော့်ကို သူတို့ ဘယ်လိုမှ မသိနိုင်တော့..။

ဒါပေမယ့် သူတို့စိတ်ထဲ မရင်းနှီး၊ မျက်နှာမကျက်မိတဲ့ လူစိမ်းတစ်ယောက် ဆိုင်ကယ်နဲ့ ကျောင်းထဲ ၀င်လာကတည်းက သူတို့မျှော်နေတဲ့ သူ လာပြီ လို့ အားလုံးက အလွယ်တကူ သိသွားဟန် တူပါရဲ့..။

ထိုင်နေရာကနေ အသီးသီးအသသ ထလာကြပြီး.. စီစဉ်ထားတဲ့အခန်းထဲမှာ နေရာယူလိုက်ကြတယ်..။ ကျွန်တော်ကတော့ နောက်ကလိုက်လာမယ့် ကျောင်းအုပ်ဆရာမကြီးကို စောင့်ရင်း မိခင်ကျောင်းတော်ကြီး တပတ်..ဟိုဟိုဒီဒီ အလွမ်းပြေ ကြည့်နေမိတယ်..။ အပတ်စဉ် တနင်္လာနဲ့ သောကြာနေ့တိုင်း Assembly စီခဲ့ရတဲ့ ကျောင်းရှေ့ကွင်းပြင်ကြီးကတော့ အရင်အတိုင်း မပြောင်းလဲ..။

ကျွန်တော့်ကိုတောင် “ ကောင်လေး.. မင်း ငယ်ဘ၀၊နှစ်တိုင်း ဒီအချိန် ဒီနေရာမှာ အနွေးထည်မပါဘဲ အအေးဒဏ်ကို အံတုခဲ့တာ မှတ်မိသေးရဲ့လား ” လို့ ပြုံးပြုံးကြီး မေးခွန်းထုတ်နေသေးတယ်..။ အဲဒီကွင်းပြင်ကျယ်မှာ ကမ္ဘာမကြေ သီချင်းကို လုံးကောက်မဆိုဘဲ တစ်ယောက်အသံတစ်ယောက် တွဲခိုရင်း လုံးဆို ဆိုခဲ့တဲ့ အသံတချို့ကလည်း ကျွန်တော့်နားစည်ကို လာရိုက်ခတ်ပြန်တယ်..။

သနပ်ခါးလိမ်းလာမိလို့ ရှေ့ထွက်ပြီး “ဂန်ဒူးပါဗျို့ ” လို့ အော်ခဲ့ရတာတွေ၊ ကျောင်းခြံစည်းရိုးက စိန်ပန်းပုပင်က အစေ့ကို ခွါစားခဲ့တာတွေ၊ ကျောင်းနောက်ဖေး ပြောင်းခင်းထဲမှာ မော်ကြီးနဲ့ ပြောင်းရိုးချိုး စုပ်ခဲ့တာတွေ၊ မြမြ၀င်းနဲ့ တရုတ်ပြေးမင်း တခန်းရပ်ကခဲ့တာတွေ.. ... ... .. .. တခုပြီးတခု.. ကျွန်တော့်မှတ်ဥာဏ်ထဲက ခုန်ပေါက်ပြေးထွက်လာကြတယ်..။ အင်မတန် လွမ်းမောဖွယ်ကောင်းတဲ့ အနှေးရုပ်ရှင် ပြကွက်တခုလို ကျွန်တော်ငေးမော ခံစားနေခဲ့မိတာ.. ကျောင်းအုပ်ဆရာမကြီး ရောက်လာတဲ့ အထိ ပေါ့..။

35.8 မျိုးဆက်သစ်တွေ တိုးတက်ရစ်ဖို့ ဆရာတွေအပိုင်း

ဆရာမကြီးက ရောက်ရောက်ခြင်းပဲ “ လာ.. နောက်ကျနေပြီ ၀င်ကြရအောင် ” လို့ ပြောတာနဲ့ ကျွန်တော် သူ့နောက်ကနေ အခန်းထဲ လိုက်ဝင်ခဲ့တယ်..။

ကျွန်တော်တို့ ၀င်လာတာ မြင်တော့ ကလေးတွေက “ မင်္ဂလာပါ ဆရာမကြီး ” လို့ မတ်တပ်ရပ် လက်အုပ်ချီ နှုတ်ဆက်ကြတယ်..။

ဆရာမကြီးကလည်း မင်္ဂလာပါ တပည့်တို့လို့ ပြန်လှန်နှုတ်ဆက်ပြီး ကျွန်တော့်အကြောင်း အနည်းငယ် မိတ်ဆက်စကား ဆိုပေးတယ်..။ ကလေးတွေကတော့ ဆရာမကြီး စကားသံနောက် လိုက်ရင်း ကျွန်တော့်ကို အကဲခတ်သလို ကြည့်နေကြတယ်..။ သူတို့စိတ်ထဲ နည်းနည်းထူးဆန်းသလိုမျိုး ဖြစ်နေဟန် တူပါရဲ့..။

အားလုံး ရဲ့ မျက်နှာရိပ်မျက်နှာကဲက မကြုံဖူးသေးတဲ့ အတွေ့အကြုံသစ်တစ်ခုနဲ့ ရင်ဆိုင်ရသလိုမျိုး ဖြစ်နေကြတယ်..။

ဆရာမကြီးကတော့ သူပြောစရာရှိတာကို တိုတိုတုတ်တုတ် ပြောပြီး အခန်းထဲက ထွက်သွားခဲ့တယ်..။ ကျွန်တော့်အလှည့် ရောက်ပြီ ပေါ့..။

နိဒါန်းအနေနဲ့ကတော့ ကျွန်တော်သည်လည်း သူတို့လို ဒီကျောင်းတော်ကြီးမှာ သူငယ်တန်းကနေ ဆယ်တန်းအထိ နေခဲ့တဲ့ ရွာသားတစ်ယောက်ဆိုတာလေးနဲ့ စဖြစ်တယ်..။ ကျွန်တော် တောသား ပေါ့..။

အဲဒါလေးကို ပြောဖြစ်တာက တောမှာနေရတိုင်း အောင်မြင်မှုအခွင့်အလမ်း မရှိတော့တာမဟုတ်ဘဲ ဘယ်မှာနေနေ ကိုယ့်ကြိုးစားမှု အခန်းကဏ္ဍက ပိုအဓိကကျတယ်ဆိုတဲ့ ယုံကြည်မှုတစ်ခု သူတို့စိတ်ထဲမှာ ပေါက်ဖွားစေချင်လို့ပါပဲ..။

တောနေ ကျောင်းသားတော်တော်များများ မှာ အဲဒီယုံကြည်ချက် ရှိကို မနေတာ ကျွန်တော်ခန့်မှန်းမိတယ် ။ အဲဒါ ရှိလာဖို့ကိုလည်း ထိထိရောက်ရောက် ပံ့ပိုးပြောဆိုမှုက အတော်အားနည်း နေတယ်လို့ သုံးသပ်မိတယ်..။

ဆရာ ဆရာမတွေအနေနဲ့ “ကြိုးစားကြ၊ ကြိုးစားကြ ” လို့တော့ ပြောရိုးပြောစဉ် ပြောနေကြမှာပါပဲ..။

ဒါပေမယ့်.. ကလေးတွေရဲ့ စိတ်ထဲ “ကြိုးစားရင် ဖြစ်ပါ့လား .. တို့ ကိုယ်နှိုက်က ကြိုးစားမှု လိုနေလို့ အောင်မြင်သင့်သလောက် မအောင်မြင်တာပါလား ” ဆိုတဲ့ အသိရောက်တဲ့အထိ ပြောဆိုနိုင်မှုကတော့ မရှိသလောက် ရှားပါတယ်..။

တနည်းအားဖြင့် ကလေးတွေကို motivated ဖြစ်အောင် ပြောတာဆိုတာ ဆုံးမတာ ကျွန်တော်တို့ရွာလို တောကျောင်းတွေမှာ မကြားရသလောက်ပါပဲ..။ ဒါဟာ ဆရာ့ဆရာ တွေကို အပြစ်မြင် အပြစ်တင်လိုတဲ့ သဘောနဲ့ ပြောတာ မဟုတ်ပါဘူး..။ တကယ် လိုအပ်နေတယ်လို့ထင်ရတဲ့ ရှုထောင့်တစ်ခုကို ခံစားမိသလို မျှဝေတာပါ..။ တောနေ ဆရာဆရာမတွေခမျာလည်း သူတို့ဘ၀ သူတို့အတွေး သူတို့ခံယူချက် အလိုက် အကန့်အသတ်တွေ ရှိနေမယ်ဆိုတာ လက်ခံပါတယ်..။

အစိုးရ၀န်ထမ်းမဟုတ်တဲ့ တပည့်ကျော် ကျုရှင်ဆရာများတောင်မှ ရွာကကလေးတွေကို ထူးချွန်ထက်မြက်အောင် လုပ်ဖို့က ဖြစ်နိုင်ချေ အင်မတန်နည်းတယ်လို့တညီတညွှတ်တည်း ပြောလာကြတယ်..။ ကျွန်တော်နဲ့ ညက စကားဝိုင်းမှာ သူတို့အားလုံးက “ ကလေးတွေမှာ အခြေခံ ပါမလာဘူး ” လို့ လက်ညှိုး ထိုးကြတယ်..။ သူတို့ပြောတာ မှားလားဆိုပြန်တော့ မမှားပါဘူး..။

ဒါပေမယ့် လက်တွေ့မှာ အခြေခံ ပါမလာတဲ့ ကလေးတွေကို အခြေခံမပါလာရကောင်းလားဆိုပြီး လက်ညှိုးထိုးနေလို့မှ မဖြစ်တာ..။ ကိုယ်က ဆရာပဲ..။ ကလေးတွေ အခြေခံ မပါလာတောင်မှ ကိုယ့်ဖက်က သူတို့လေးတွေရဲ့ အားနည်းချက်ကို နည်းလမ်းကောင်းရှာပြီး ဖြည့်နိုင်ဖို့ ကြိုးစားနိုင်ရမယ်..။ အဲသလို လုပ်ဖို့ဆိုရင် ဆရာလုပ်သူများအနေနဲ့လည်း အမြဲကြိုးစားနေဖို့ လိုတယ်..။

တို့ကတော့ ဒီလိုပဲ သင်လာတာ.. နှစ်ပေါင်းမနည်းတော့ဘူး..။ ကလေးတွေ မထူးချွန်တာ သူတို့အပြစ်..သူတို့မှ အခြေခံ မပါလာတာလို့ လုပ်နေခဲ့ရင်တော့ ဂျာအေး
သူ့အမေရိုက်ဖြစ်နေမှာပဲ..။

35.9 ပိုကောင်းတဲ့နည်းလမ်းကို ရှာ

“အခြေခံမှ မပါလာတာ” လို့ ပြောတဲ့ တပည့်ကျော်တွေကို ကျွန်တော် မေးတယ်..။ “ အခြေခံပါစေတဲ့ ဆေး ရှိလား ” လို့..။ ရှိရင် အဲဒါဝယ်ပြီး အခြေခံပါမလာတဲ့ ကလေးတွေကို ပါးစပ်ဟခိုင်းပြီး တိုက်လိုက်မယ်..။ အခြေခံပါစေသတည်း ပေါ့..။ ရွဲ့ပြောတဲ့ သဘောမျိုးဆိုတာထက်.. reality ကို reality အတိုင်း လက်ခံပြီး နည်းလမ်းရှာဖို့ အဲဒီအတိုင်း ကျွန်တော်ပြောခဲ့တယ်..။

ကလေးတွေ အခြေခံပါမလာသော်ငြား ဆရာတော်ရင် ကျမယ့်ကောင် အောင် အောင်၊ အောင်မယ့်ကောင် ထူးချွန်အောင် လုပ်နိုင်မယ်..။ တချိန်တည်းမှာကိုယ့်ကျုရှင် ကိုယ့်စီးပွားရေးလည်း အောင်မြင်လာမယ်..။ ရွာအနေနဲ့လည်း ပညာတတ်တွေ ပေါများလာမယ်..။ ရွာက ဘော်ဒါ အောင်မြင်လာရင် အနယ်နယ်က ကျောင်းသားတွေပါ ရွာရောက်လာမယ်..။ သူတို့နဲ့စပ်လျဉ်းပြီး အသုံးအဆောင် အစားအသောက် ရောင်းရေးဝယ်တာတွေ ရွာမှာ ပိုပြီး ဖွံ့ဖြိုးလာမယ်..။

အဲဒါတွေဟာ ကျွဲကူးရေပါ မလွဲမသွေ ဖြစ်ကို ဖြစ်လာမှာတွေ.. လို့ ကျွန်တော်ပြောမိတယ်..။

ထင်ရှားတဲ့ သာဓကအနေနဲ့ မေမြို့က စိုးစံ၊ စာပန်းအိမ် ဘော်ဒါများ အကြောင်း ထဲထဲဝင်ဝင်လေး တပည့်ကျော်များကို ဖောက်သည်ချဖြစ်တယ်..။

ရေခံမြေခံကောင်းပြီး အေးချမ်းသာယာလှပ လို့ မြန်မာတပြည်လုံးက ကျောင်းသူကျောင်းသားတွေ မေမြို့မှာ ဘော်ဒါ လာထားကြတာ မဟုတ်ဘဲ.. အခြေခံပါပါ မပါပါ.. အများစုအောင်မြင်အောင် သင်ကြားမှုအပိုင်း ပံ့ပိုးနိုင်လို့ အဲဒီ ဘော်ဒါတွေ အောင်မြင်နေတဲ့ အကြောင်းလေးလည်း သူတို့လက်ခံသွားတဲ့အထိ ကြိုးစား ရှင်းပြမိတယ်..။

တဆက်တည်း သူတို့ရဲ့ သင်ကြားမှု အပိုင်းဆိုင်ရာလေးတွေကိုလည်း ကျွန်တော်နည်းနည်းတို့ထိ ကြည့်ခဲ့မိတယ်..။ ဥပမာပုံစံတချို့ကို တည်ဆောက်ပြီး ပိုမိုကောင်းမွန် တဲ့သင်ကြားမှု နည်းလမ်းကို ကျွန်တော်ဆွေးနွေးကြည့်တယ်..။

ဆိုပါစို့..။

“ ကိုယ်က ရှေ့ကနေ အာဘောင်အာရင်းသန်သန် နဲ့စာသင်နေတဲ့အချိန် ကျောင်းသားတစ်ယောက်က ငိုက်နေတယ်ဆိုရင် မင်းတို့ ဘာလုပ်လေ့ ရှိသလဲ ” လို့ မေးစမ်းကြည့်တယ်..။

တချို့က “ အဲဒီကောင်ကို မျက်နှာသွားသစ်ခိုင်းလိုက်တယ် ” လို့ ဖြေတယ်..။ တချို့ကတော့ “ငိုက်နေရင် အခန်းထဲမှာမနေနဲ့ အပြင်ထွက်နေ ” လို့ ခိုင်းတယ်..။

တချို့ကတော့ ငိုက်နေတာကို မသိချင်ယောင်ဆောင်ပြီး သင်စရာရှိတာ ဆက်သင်တယ်..။ တချို့ကတော့ ငိုက်နေတဲ့ကောင်ကို အငိုက်ဖမ်းပြီး စာမေးတယ်..။ အသီးသီးအသသ သူတို့သန်ရာသန်ရာ ပြန်ဖြေကြတယ်..။

ကျွန်တော်ကတော့ အဲဒီကိုယ်သုံးနေကျ နည်းတွေထက် ပိုကောင်းတဲ့ နည်းလမ်းမရှိတော့ဘူးလားလို့ brain-stroming လုပ်ကြည့်တယ်..။ သူတို့နဲ့ ပူးပေါင်းပြီး အဖြေရှာကြည့်တယ်..။

ကိုယ်က ရှေ့မှာ ကြုံးရုံး စာသင်နေတဲ့အချိန် ကျောင်းသားတစ်ယောက် အဲသလိုမျိုး ငိုက်နေတာတွေ့တာနဲ့ စာသင်တာရပ်လိုက်မယ်..။ တတန်းလုံးကို ဝေ့၀ဲကြည့်ပြီး
“တချို့က ယောက်ျားချင်း ကြည့်တာတောင် မရိုးသားဘူး.. (ကိုယ်တိုင်လည်း ငိုက်သလိုမျိုး မျက်လုံးမပွင့်တပွင့်နဲ့ ) မင်း အဲဒီလို ရီဝေေ၀ နဲ့ ငါ့ကို မကြည့်ပါနဲ့..ငါက
အသဲသိပ်ခိုင်တာ မဟုတ်ဘူး ” လို့ ငိုက်နေတဲ့သူကို လှမ်းကြည့်ပြီး ပြောမယ်..။

အိပ်ငိုက်လို့ လက်ဝါးလေးအသာအုပ်ပြီး ခိုးသန်းနေတဲ့ ကျောင်းသူတစ်ယောက်ကို မြင်တာနဲ့ “ တချို့ကတော့ သိပ်နှမျောတာပဲ.. ကိုယ့်ပါးစပ်ထဲက ထွက်ပြီးသားလေ ကိုတောင် အတင်းလက်နဲ့ပြန် ယက်ပြီး ပါးစပ်ထဲ ပြန်ထည့်နေတယ် ” လို့ အရွှန်းဖောက်ကြည့်မယ်..။

စသဖြင့် .. (ကျွန်တော်သာဆိုရင် )ငိုက်တဲ့ကျောင်းသား.. ဘယ်လိုကိုင်တွယ်မယ်ဆိုတာလေး .. မျှဝေ ခဲ့မိတယ်..။ တဆက်တည်း.. စာသင်ရင်း အိပ်ငိုက်တာ တော်တော်များများ ဟာ.. ဆရာရဲ့သင်ကြားမှုပိုင်းဆိုင်ရာ အားနည်းချက်တွေကြောင့် အဖြစ်များတယ်လို့လည်း ပြောဖြစ်တယ်..။ အိပ်ငိုက်လို့ အပြစ်ဒဏ်ပေးတာ ထက်.. ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောဖြစ်သွားအောင် လုပ်တာဟာ.. ငိုက်တဲ့သူတင်မက.. ဘေးဘယ်ညာက ကျောင်းသားကျောင်းသူတွေပါ စိတ်အပမ်းပြေ
စေတယ်လို့လည်း တပည့်ကျော်များကို ပြောခဲ့တယ်..။

အဓိက သူတို့ကို သိစေချင်ခဲ့တာက.. ဆရာကောင်းတစ်ယောက် ဖြစ်ဖို့ ကိုယ့်ရဲ့ လက်ရှိသင်ကြားမှု ပုံစံတွေထက် ပိုကောင်းတဲ့နည်းလမ်းတွေ ရှိနေတာရယ်..
အဲဒါတွေကို လေ့ကျင့်ပျိုးထောင်ရမယ်ဆိုတာရယ်.. အဲသလို လုပ်ခြင်းအားဖြင့် ဆရာရော တပည့်ရော ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်သွားမယ် ဆိုတာရယ် ပါပဲ..။

ဒါက ဆရာတွေအပိုင်း..။

35.10



ဆရာလုပ်ချင်လွန်းသူကြီး

35.11



ပွကြီးရဲ့ အပျော်တွေကူးစက်.. သူတို့ရဲ့ ပီတိများ

35.12 ကန်သင်းရိုးပေါ်မှာ စာကြည့်ရတော့ ဘာအရေးလဲ

တပည့်တွေ အပိုင်းနဲ့ ပတ်သက်လို့ကတော့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ချို့တဲ့မှုတွေက.. ကိုယ့်ရဲ့ ထူးချွန်အောင်မြင်နိုင်ရေးမှာ အဓိက မကျပါလားဆိုတဲ့ ယုံကြည်မှု မျိုးစေ့လေး ချပေးနိုင်ဖို့ ကျွန်တော်ကြိုးစားခဲ့မိတယ်..။ အဲဒီမျိုးစေ့လေး မရှိဘဲနဲ့.. ထူးချွန်ထက်မြက်မှု သစ်ပင်.. ဘယ်လိုမှ ဝေစည်မလာနိုင်ဘူးလို့ ကျွန်တော်ယုံကြည်တယ်..။

ကျွန်တော်တို့ရွာ အညာမှာ ကျားတို့ခြင်္သေ့တို့ဆိုတာ အရှင်လတ်လတ် မြင်ရဖို့ ဘယ်ဖြစ်နိုင်မလဲ..။ စာအုပ်ထဲက ကျား၊ စက္ကူကျား၊ အရုပ်ကျားတွေနဲ့ ကျားဆိုတာ ဒီလိုအကောင်ပဲ ဆိုတဲ့ အသိရခဲ့တယ်..။ အဲဒီအသိနဲ့ပဲ တကယ့်ကျားအစစ်ကို အပြင်လက်တွေ့ဘ၀မှာ တွေ့ရင် ကျားကို ကျားမှန်းသိတယ်..။ ခြင်္သေ့ကို ခြင်္သေ့မှန်း သိတယ်..။ ရေမြင်းကို ရေမြင်းမှန်းတယ်..။ မိကျောင်းကို မိကျောင်းမှန်းသိတယ်..။

ဆိုလိုတာက ကျားတို့ခြင်္သေ့တို့ ကို သိဖို့အတွက် ကျားအရှင်၊ ခြင်္သေ့အရှင် မလိုအပ်ပဲ အရုပ်ကျားစက္ကူကျား နဲ့လည်း လုံလောက်ပါတယ် လို့ပဲ..။

အဲဒါလေးကို ကလေးတွေနဲ့ အပြန်အလှန်လေး မေးခွန်းထုတ်ရင်း ထိထိရောက်ရောက်လေး ပြောဖြစ်တယ်..။

တို့က တောမှာနေရလို့၊ ကျားအစစ် မမြင်ဖူးလို့၊ ခြင်္သေ့အစစ် မတွေ့ဖူးလို့.. ကျားဆိုတာဘယ်လိုဟာ၊ ခြင်္သေ့ဆိုတာ ဘယ်လိုအကောင် သိခွင့်မရှိတော့တာ မဟုတ်ဘဲ ရွာ.. ရွာအလျောက် ကိုယ့်ပတ်ဝန်းကျင်က ရှိတဲ့ အချက်အလက်တွေနဲ့လည်း ကျားတို့ခြင်္သေ့တို့ကို သိနိုင်တဲ့အကြောင်း သူတို့ သဘောပေါက်သွားတဲ့အထိ ပြောခဲ့ကြတယ်..။

မြို့ကြီးပြကြီးက လျှပ်စစ်မီး ထိန်ထိန်းညီးနေတဲ့ အခန်းထဲမှာ အဲယားကွန်းအရသာလေး ခံစားရင်း စာကြည့်နေတဲ့ ဆယ်တန်းကျောင်းသား လည်း ဒီသင်ရိုးညွှန်းတန်း ပဲ သင်ရတာဖြစ်ပြီး .. ရွာကန်သင်းရိုးပေါ် ဖင်ချထိုင်ပြီး နွားကျောင်းရင်း ကြည့်ရင်လည်း ဒီသင်ရိုးညွှန်းတန်းပဲ မဟုတ်လား..။

အဲယားကွန်းခန်းထဲ မှာ ကြည့်ကြည့်.. ကန်သင်းရိုးပေါ်မှာ ကြည့်ကြည့် တစ်နဲ့တစ်ပေါင်းရင် နှစ် ရမှာပဲ..။ အဲယားကွန်းခန်းထဲမှာမို့လို့ You is လို့ လုပ်မရပါဘူး..။ You ဆိုရင် are နဲ့ တွဲရမယ်ဆိုတာ.. ကန်သင်းရိုးပေါ်ထိုင်ရင်း သျှင်သုမန (ဘီအေ)ရဲ့ အင်္ဂလိပ်သဒ္ဒါစာအုပ်ဖတ်လည်း လုံလောက်ပါတယ်..။ အောက်စဖို့ဒ် ကထုတ်တဲ့ latest edition ဖတ်မှ.. သိရမှာ မဟုတ်ပါဘူး..။

အဲဒါလေး ပြောရင်း ကန်သင်းရိုးပေါ်မှာ စာကြည့်ရတာကမှ လေကောင်းလေသန့်ရသေးတယ်..။ ကျေးလက်ရှုခင်း ခံစားနိုင်သေးတယ်..။ ကံကောင်းရင် ကမြင်းမနီတောင် ဖင်တွယ်ခံရနိုင်သေးတယ်လို့ ကျွန်တော်ပြောတော့ ကလေးတွေ ခိုးခိုးခစ်ခစ်နဲ့ ရယ်ကြတယ်..။

တို့က ဆင်းရဲလို့၊ အိမ်မှုကိစ္စတွေလုပ်နေရလို့ .. မြို့ကြီးသား သူဌေးသား ကျောင်းသားတွေလောက် စာကြည့်ချိန်မှ.. မရတာ..။ ဘယ်လိုလုပ် သူတို့လောက် အောင်မြင်နိုင်မှာလဲ လို့လည်း ကိုယ့်ကိုယ်ကို လျော့တွက်ပြီး စိတ်ပျက်အားမငယ်ကြဖို့ လည်း ပြောရပြန်တယ်..။

မြို့ကြီးသားတွေ စာကြည့်နေတဲ့ အချိန် ကိုယ်က ရေထမ်းနေရရင်.. ရေထမ်းရင်း စာကြည့်လို့ မရဘူးလားပေါ့..။ ရေထမ်းကတဖက် စာအုပ်ကြီးတဖက် မဖြစ်နို်င်ပေမယ့် .. ပုံသေနည်းအပိုင်းအစ.. သီအိုရီအပိုင်းအစ.. definition အပိုင်းအစလေးတွေကို.. ရေထမ်းရင်း ကျက်တာလောက်တော့ မဖြစ်နိုင်စရာမှ မရှိတာပဲ..။

အဲဒါလေးနဲ့ ဆက်စပ်ပြီး သူတို့ကို မေးမိတယ်..။ “ ရေထမ်းရင်း စာကြည့်ကြလား ” ပေါ့..။ အားလုံးက “ မကြည့်ဘူး ” လို့ ဖြေကြတယ်..။ “ ဟ.. ဘာဖြစ်လို့မကြည့် ကြတာလဲ.. ရယက ဥက္ကဌက ရေထမ်းရင်းစာကြည့်တဲ့ ကောင် ဖမ်းမယ်လို့ အမိန့်ထုတ်ထားလားလို့လား ” လို့ ကျွန်တော် ဆက်မေးတော့ “ ဟင့် အင်း ” တဲ့..။

“ ဒါဆိုရင်.. မင်းတို့မိဘတွေက ရေထမ်းရင်း စာကြည့်ရင် သားသမီးအဖြစ်က စွန့်လွှတ်မယ်လို့ ပြောထားလို့လား ” ဆိုပြန်တော့လည်း “ အဲလို မဟုတ်ပါဘူး ” တဲ့..။ စပ်ဖြီးဖြီးနဲ့ အားလုံး က ဖြေကြတယ်..။

အနည်းဆုံးတော့ သူတို့ လက်ခံသွားခဲ့ကြတယ်..။ တောမှနေရလို့ ရုပ်ဝတ္ထုအပံ့အပိုး ချို့တဲ့တာဟာ.. သူတို့ရဲ့ဆယ်တန်းအောင်မြင်ရေးမှာ သိပ်အရေးမပါဘဲ.. သူတို့ရဲ့ ကြိုးစားအားထုတ်မှုကသာ အဓိက ကျပါလား လို့..။

35.13 တကျော့ပြန်ဆရာဝိညာဉ်

ရသမျှ အချိန်လေးအတောအတွင်းမှာ ကိုယ်ဖြစ်စေချင်တာလေး ပြောခွင့် ရတာဆိုတော့ မောတယ်လို့ကို မခံစားရပါဘူး..။ ကလေးတွေလည်း ပျော်နေဟန် တူပါရဲ့..။ နေ့လည် ထမင်းစားချိန် ရောက်လို့ ထမင်းစားချင်ကြပြီလား နားမလားလို့ ကျွန်တော် မေးတာတောင်.. အားလုံးက “ မဆာပါဘူး မနားတော့ဘူး ဆရာ.. ” တဲ့..။

သူတို့ဖက်က အားတက်သရော ရှိကြ လို့ ပီတိဖြစ်ရင်း ခဲတံများရဲ့ ဆင့်ကဲဖြစ်စဉ်ကို ကျွန်တော် ပြောဖြစ်တယ်..။ Evolution of Pencils ပေါ့..။ ဘယ် ကမ္ဘာကျော် ပညာရှိရဲ့ သီအိုရီမှ မဟုတ်ပါဘူး..။ ဒီနေ့ခေတ် ဒီနေ့ ကမ္ဘာကြီးဟာ.. လူတွေဟာ လက်ရှိ ရှိနေတာတွေနဲ့ မရောင့်ရဲ မတင်းတိမ်ဘဲ.. ပိုကောင်းအောင် အမြဲအားထုတ်နေတယ် ဆိုတာလေး သူတို့နားဝင်လောက်မယ့် ပုံစံတစ်ခု ကျွန်တော် ဆွဲထုတ်လိုက်တာပါပဲ..။

သူတို့စိတ်ထဲမယ်.. ငါတို့အခုကျက်မှတ်ဖတ်မှတ်နေတဲ့ ၊ တွက်ချက်နေတဲ့ .. နည်းလမ်းတွေထက် ပိုကောင်းတဲ့ နည်းလမ်းတွေ ရှိနေပါလား လို့ သိသွားစေဖို့ အဲဒါလေးနဲ့ နိဒါန်းချီခဲ့တာပဲ..။

ကျွန်တော်တို့ငယ်စဉ်ဘ၀က ခဲတံဆိုတာ.. ဓါးနဲ့ချွန်ကို ချွန်မှ ရတာမျိုး..။ ခဲတံချွန်တဲ့ ဓါးဆိုတာတောင် သပ်သပ်ခတ်ခတ် မရှိသေးပါဘူး..။ မုတ်ဆိတ်ရိတ် ဘလိတ်ဓါးနဲ့ ချွန်ရင်ချွန် မချွန်ရင် မီးဖိုချောင်ထဲက ကြက်သီးလှီးတဲ့ဓါးနဲ့ ချွန်ကြရတယ်..။ ခဲချွန်စက်ဆိုတာ ကျွန်တော်တို့ငယ်စဉ်က လူတိုင်း မကိုင်နိုင်ဘူး..။ ခဲတံကို အဲသလို ချွန်သုံးနေကြရာကနေ .. ခဲဆစ်ခဲတံလေးတွေ ပေါ်လာခဲ့တယ်..။

ချွန်စရာမလိုတော့ဘဲ.. တုံးသွားတဲ့ ခဲဆစ်အစား..သူ့နောက်က ချွန်နေတဲ့ခဲဆစ်ကို တွန်းထုတ်အစားလဲလိုက်ရတဲ့ ခဲတံမျိုး ပေါ့..။ ဒါပေမယ့် အဲဒီခဲတံကလည်း.. အဖျားလောက်သာ ချွန်တာ..။ ရေးရင်းရေးရင်း အတုံးက မြန်တော့ သိပ်ရေးလိုက်ရတယ်လို့ကို မရှိပါဘူး..။ ချွန်ရတဲ့ ဒုက္ခတော့ နည်းသွားတယ်..။ ဒါပေမယ့် သုံးရတာက သိပ်မဟန်ချင်ဘူး..။

သူ့နောက်မှာ.. အခု ခေတ်စားနေတဲ့ ခဲသားဘောလ်ပင် လိုဟာမျိုးတွေ ပေါ်လာခဲ့တယ်..။ သူ့ရဲ့ ခဲဆန်က နဂိုရ်ကတည်းက သေးသေးရှည်ရှည်ဆိုတော့ ချွန်စရာမလိုသလို.. တုံးသွားတာမျိုးလည်း မရှိတော့ဘူး..။ တိုသွားရင် နောက်က အနှောင့်ကို နှိပ်လိုက်ရုံပဲ..။ ဒါပေမယ့် သူ့မှာလည်း အားနည်းချက်တချို့က ရှိနေပြန်တယ်..။

ရေးရင်းတန်းလန်း ခဲသား တိုသွားတိုင်း ရေးတာရပ်ပြီး လက်မနဲ့ ခဲတံအနှောင့်ကို သွားသွားနှိပ်ပေး နေရတယ်..။ အဲဒါကို ကျော်လွှားနိုင်ဖို့ ခဲသားထွက်လာအောင် နှိပ်တဲ့နေရာကို.. ခဲတံရှေ့ပိုင်း ကိုင်တဲ့နေရာနားမှာ ထားတဲ့ ခဲတံ ပေါ်လာခဲ့ပြန်တယ်..။

ဆိုတော့.. ကလေးတွေကို ကျွန်တော်ပြောတယ်..။

ခဲတံချွန်သုံးရတဲ့ အဆင့်ကနေ တဖြည်းဖြည်းနဲ့ ချွန်စရာမလိုတဲ့ နည်းကို ရှာဖွေခဲ့ကြတယ်..။ နောက်.. ချွန်စရာ မလိုတော့တာနဲ့တင် ရပ်မနေဘဲ သုံးရပြုရ လွယ်သထက်လွယ်အောင် တည်ထွင်ခဲ့ကြပြန်တယ်..။ အခုလည်း တည်တွင်မှု ဂိတ်ဆုံးမသွားသေးဘဲ ဆက်လက်ပြီး ပိုကောင်းတာတွေ လာအုံးမှာ လို့..။ အဲဒါလေးကို ဥပမာ ယူပြီး သူတို့လေးတွေရဲ့ သင်ယူမှုအပိုင်း.. လေ့လာမှုအပိုင်း.. စာကျက်နည်း အပိုင်းတွေကို .. လွယ်သထက်လွယ်အောင် လုပ်လို့ရ နေတဲ့အကြောင်း လေး ဆွဲယူ ပြောခဲ့တယ်..။

လက်တွေ့အနေနဲ့ ကလေးတစ်ယောက်ကို မြေဖြူသွားယူခိုင်းလိုက်ပြီး ကျွန်တော် ဘလက်ဘုတ်မှာ နည်းနည်းကမြင်းလိုက်တယ်..။

“ ၁+၂+၃+၄+၅+၆+၇+၈+၉ = ..... ” ဘယ်လောက်ရလဲ ပေါ့..။

သွက်တဲ့ကလေးတချို့က ခပ်မြန်မြန် လှမ်းအော်တယ်..။ ၄၅ တဲ့..။ တချို့ကတော့ စိမ်ပြေနပြေ ပေါင်းနေတုံးပဲ ရှိသေးတယ်..။ အားလုံး အဖြေရလောက်တဲ့ အထိ ကျွန်တော်စောင့်ပြီး “ ဘယ်လို ပေါင်းကြလဲ ” လို့ သူတို့ကို ထပ်မေးတော့.. “ ဒီလိုပေါင်းရိုး ပေါင်းစဉ် အတိုင်း ပေါင်းတာပဲ ” လို့ ဖြေကြတယ်..။

ဒီလိုဘာလို့ မပေါင်းကြတာလဲ လို့ ဘလက်ဘုတ်မှာ အခုလို ကျွန်တော်ရေးချကြည့်တယ်..။

၁+၉ = ၁၀
၂+၈ = ၁၀
၃+၇ = ၁၀
၎+၆ = ၁၀
၅ = ၅

အဖြေ = ၄၅ ပေါ့..။

အဓိက ကျွန်တော်လိုချင်တာက သမာရိုးကျ နည်းလမ်းတွေထက် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေ ရှိတယ်ဆိုတာ ပဲ..။ ဆယ်တန်း စာမေးပွဲမှာ တစ်ကနေ ကိုးအထိ ပေါင်းပါ ဆိုတဲ့ မေးခွန်းမေးမှာ မဟုတ်ပေမယ့်.. “ တစ်ကနေကိုးအထိ ပေါင်းတာတောင်မှ.. တို့ပေါင်းပုံပေါင်းနည်းက အကောင်းဆုံး၊ အလွယ်ဆုံး မဟုတ်ပါလား ” လို့ သူတို့သိသွားစေချင်ခဲ့တယ်..။

တဆက်တည်း.. ဆယ့်တစ်အလီ မရဘဲ.. ကိန်းတစ်ခုကို ဆယ့်တစ်နဲ့ မြှောက်တတ်လား လို့ သူတို့ကို ကျွန်တော်မေးတယ်..။ တစ်ယောက်မှ မလှုပ်ဘူး..။ အားလုံးက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ လို့ တွေးနေကြဟန်ရှိတယ်..။ အဲဒါနဲ့ ကိန်းတန်းတခု ကျွန်တော် ဘလက်ဘုတ်မှာ ချရေးကြည့်တယ်..။

၁၂၃၄၅ x ၁၁ = ....

အဲဒါလေး ရေးပြီး .. ကဲ ဆယ့်တစ်အလီ မရွတ်ဘဲ အဖြေဘယ်လောက်ရလဲ အတူတူတွက်ကြည့်ရအောင် လို့ ကျွန်တော်ပြောရင်း သူတို့နဲ့ အတူ အခုလိုလေး တွက်ကြည့်ကြတယ်..။

နောက်ဆုံးဂဏန်းကို ဒီအတိုင်းဆွဲချ တယ်..။ ၅ ပေါ့..။
ကိန်းတန်းရဲ့ နောက်ဆုံး ကိန်းနှစ်လုံး ၄ နဲ့ ၅ ကို အရင်ပေါင်းတယ်..။ ၉ ပေါ့..။
၃ နဲ့ ၄ ကို ထပ်ပေါင်းတယ်..။ ၇ ရတယ်..။
၂ နဲ့ ၃ ကို ပေါင်းတော့ ၅ ရတယ်..။
၁ နဲ့ ၂ ပေါင်းတော့ ၃ ရတယ်..။
ရှေ့ဆုံးဂဏန်းက ၁ ကတော့ ဒီအတိုင်းဆွဲချလိုက်တယ်..။ ၁ ပေါ့..။

အဖြေ ၁၃၅၇၉၅ ကို ဆယ့်တစ်အလီ မရွတ်ရဘဲ ရသွားခဲ့တယ်..။

နောက်.. ကျွန်တော် ဆက်မေးပြန်တယ်..။ ၁၅ နဲ့ ၁၅ မြှောက်ရင် ဘယ်လောက် ရလဲ လို့..။ တော်တော်များများက ချက်ခြင်း ဖြေတယ်..။ ၂၂၅ တဲ့..။ ဒါဆိုရင် ၂၅ နဲ့ ၂၅ ဆိုရင်ရောကွာ ဆိုတော့ နည်းနည်းနှေးသွားပြီးမှ.. တချို့က ၆၂၅ တဲ့..။ ၃၅ နဲ့ ၃၅ ဆိုရင်ရော.. လို့ ကျွန်တော်ထပ်မေးတော့ တချို့က စာအုပ်ထုတ်ပြီး အဖြေရဖို့ တကယ်ချတွက်နေကြတော့တယ်..။

အတော်လေးကြာမှ.. ၁၂၂၅ တဲ့..။ လှမ်းအော်တယ်..။ ဒါဆိုရင်.. ၈၅ နဲ့ ၈၅ မြှောက်ရင်ရော လို့ ကျွန်တော်ထပ်ပြောတော့.. အားလုံးက “ အာ ” တဲ့..။ ရယ်ရင်း မောရင်း ပြန်အော်ကြတယ်..။ ကျွန်တော်လည်း ရယ်ရင်း ဒါလေးလည်း နည်းသိရင် လွယ်တာမှ လို့ ပြောပြီး အခုလို ချရေးပြလိုက်တယ်..။

၈၅ x ၈၅ ဆိုရင်.. နောက်ဆုံးကတော့ ၅ နှစ်လုံးမြှောက်လဒ် ၂၅ ပဲ ရတယ်..။ ရှေ့ ဂဏန်း ၈ နှစ်လုံးထဲက တစ်လုံးကို တစ်တိုးပြီး အဲဒီတိုးထားတဲ့ ဂဏန်း ( ၉ ) ကို ကျန်တဲ့ ဂဏန်း (၈) နဲ့ မြှောက်လိုက် တော့ ၇၂ ရတယ်..။ အဲဒါကြောင့် အဖြေ ၇၂၂၅ ရစေသတည်း ပေါ့..။

အဲဒီနေ့က..

ကလေးတွေလည်း ပျော်လို့.. ကျွန်တော်လည်း ဆယ်နှစ်လောက် ပျောက်ဆုံးနေခဲ့တဲ့ ဆရာညဉ် ပြန်လည် ပူးဝင်လို့..။

Friday, December 5, 2008

Friday, November 28, 2008

အမှန်က ဒီအကြောင်းကို ရွာကပြန်ရောက်ရောက်ခြင်း ရေးဖို့ စိတ်ကူးထားခဲ့တယ်..။ ဒါပေမယ့် .. ရှေ့က ရေးလက်စ အကြောင်းအရာ လက်စမသတ်နိုင်တာနဲ့ နောက်ဆုတ်ရင်း အခုမှပဲ စဖြစ်တော့တယ်..။ ဘလော့ဂ်ကို စာတစ်အုပ်လို အစဉ်လိုက် ရေးတာဆိုတော့ ရှေ့ကမပြီးဘဲ နောက်ခေါင်းစဉ်တစ်ခု ထပ်တင်ထပ်ရေးဖို့ ခက်နေခဲ့ရတယ်..။

ဒီကြားထဲ အလုပ်ကိစ္စတဖက်နဲ့ အချိန်ဆင်းရဲ နေလို့ ပိုနောက်ကျသွားခဲ့တယ်..။ အလှူရှင် ကိုကိုမမ နှင့် တကွ ဘလော့ဂ်ကြွလာ ဆွေသဟာ တို့ အနှီကိစ္စနှင့် ပတ်သက်ပြီး ခွင့်လွှတ်တော် မူကြပါကုန်..။ ရွှေစိတ်တော် မညိုကြပါနှင့်..။

ချစ်ခင်စွာ
နဗန

34.1 ရွာပြန်နိဒါန်း (သို့ ) မဒမ်နှင့် ဂျီတော့ ပြောကြခြင်း

ဘလော့ဂ်ကနေတဆင့် ဆမိတ်ခုံရွာက ကလေးငယ်များအတွက် လှူဒါန်းတာတွေကို ကြုံရင်ကြုံသလို မဒမ့်ကို ပြောပြမိတယ်..။ အလှူငွေ ဘယ်ရွေ့ဘယ်မျှ ရနေပြီဆိုတော့ မဒမ်ကတောင် မျက်လုံးပြူးမျက်ဆန်ပြူး နဲ့ အဲဒီလောက်တောင် ရသလားတဲ့..။ ခမျာ အံ့သြနေသေးတယ်..။

နောက်.. အဲဒီကိစ္စနဲ့ပဲ ကျွန်တော်ရွာပြန်မယ် စီစဉ်တော့ မဒမ်နဲ့ ကျွန်တော် ဂျီတော့ ပြောရတော့တယ်..။ လင်မယားနှစ်ယောက် တအိမ်တည်း နေကြပြီး ဘယ်ကနေ ဂျီတော့ ကြတာလဲ လို့ ထင်မနေကြနဲ့အုံး..။ မဒမ်က သူပါ .. ရွာလိုက်ချင်တယ်ဆိုပြီး တဂျီဂျီနဲ့ ကျွန်တော့်ကို talk နေတော့တာကို ပြောတာ..။

ပြန်မှာကလည်း ကိုယ့်ကားနဲ့ကို ဆိုတော့ မဒမ်က လိုက်ချင်ရှာတယ်..။ (ကိုယ့်ကားဆိုလို့ အထင်တွေကြီးမသွားကြပါနဲ့အုံး..လက်ရှိအလုပ်မှာ ကျွန်တော်စီးဖို့ သူငယ်ချင်းများက ၀ယ်ပေးထားတဲ့ ကားပါ)

မဒမ့်ကို ခေါ်ချင်ပေမယ့် သားနဲ့သမီးက ကျောင်းတဖက်နဲ့ ဆိုတော့ မဖြစ်ပြန်ဘူး..။ ကလေးတွေ ထားခဲ့ရအောင်ကလည်း အဆင်ကမပြေ..။ ရွာက ရန်ကုန်ရောက်နေတဲ့ လူကြီးတချို့နဲ့ သူငယ်ချင်းတချို့ကလည်း လမ်းကြုံလိုက်ကြအုံးမယ်ဆိုတော့ မဒမ် ဂျီတော့ တော့တာကို အတင်းချော့မောပြောဆို sign out လုပ်လိုက်ရတယ်..။ (တအိမ်တည်းဆိုတော့ invisible mode နဲ့ ထွက်ပြေးလို့လဲ မရဘူးလေ )

တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တက်ခဲ့ရတဲ့ ရွာကျောင်းကလည်း နှစ်ငါးဆယ် ရွှေရတုပွဲ လုပ်ဖို့ ပြင်ဆင်နေတော့ .. ပွဲဖြစ်မြောက်ရေး ရန်ကုန်ကော်မတီတွေ ရွာပြန် ညှိုနှိုင်းစည်းဝေးပွဲ လုပ်ဖို့ ကျွန်တော့်ကားက အခွင့်သင့်သွားခဲ့တယ်..။

ကားက ဗင်ကား ဆိုတော့ လူအများကြီးတော့ ဘယ်နိုင်မလဲ..။ ကျွန်တော်အပါ.. စုစုပေါင်း လေးယောက်.. ရန်ကုန်ကနေ ညနေ ခြောက်နာရီလောက် ထွက်ကြမယ် လို့ စီစဉ်လိုက်တယ်..။ နိုဝင်ဘာ (၆) ရက်.. ကြာသပတေး နေ့ ပေါ့..။ ညတစ်ညလုံး မောင်းမယ်..။ မိတ္ထီလာရောက်မှ မြင်းခြံလမ်းခွဲကတဆင့် ရွာသွားကြမယ်..။ ကားမောင်းတာကတော့ ကျွန်တော်နဲ့ အတူပါလာတဲ့ ရွာသားတစ်ယောက်နဲ့ တလှည့်စီ ပေါ့..။

သွားမယ့်နေ့မှာ ရုံးကနေ ခပ်စောစောပြန်ခဲ့ပြီး အိမ်မှာ အ၀တ်အစားရွေး အိပ်ပြင်တယ်..။ တညလုံးကားမောင်းရမှာဆိုတော့ လန်းလန်းဆန်းဆန်း ဖြစ်သွားအောင် ရေပါချိုးလိုက်တယ်..။ သားနဲ့သမီးကို ရွာပြန်မယ့်အကြောင်း အသိပေးတယ်..။ အိမ်စာတွေ မှန်မှန်လုပ်ဖို့ သူတို့အမေစကား နားထောင်ဖို့ ပြောရင်းပေါ့..။ နောက်.. သူတို့ကို နှုတ်ဆက်စကား ပွေ့ဖက် ဆိုပြီး အထုပ်ဆွဲ ထွက်တော့ မဒမ်က အိမ်အပေါက်အထိ လိုက်လာတယ်..။

မလိုက်ရလို့ စိတ်ကောက်ပြီး ဆူနေတဲ့ နှုတ်ခမ်းကို နှုတ်ဆက်အနမ်း တောင်းသလိုလို အထင်နဲ့ အာဘွားလုပ်တော့ မဒမ်က ရှောင်ထွက်ပြီး “ ကားကို ဂရုစိုက်မောင်း ” တဲ့..။

ကဲ.. ရွာအပြန်ခရီး စပြီပေါ့..။

34.2 ငယ်ဘ၀ ညများရဲ့ကောင်းကင်

စီစဉ်တုံးက ညနေခြောက်နာရီခွဲလောက် ရန်ကုန်က ထွက်မယ်..။ ရန်ကုန် နေပြည်တော် အမြန်လမ်းကနေ မောင်းသွားရင် ပျဉ်းမနားကို လေးနာရီခွဲလောက်ပဲ မောင်းရမယ်..။ ပျဉ်းမနားမိတ္ထီလာ လွန်ရောကျွံရောကြာသုံးနာရီ ဆိုတော့ မြင်းခြံကို မနက်လင်းအားကြီး ရောက်ပြီ..။ မြင်းခြံမိတ္ထီလာက ၅၆ မိုင်ပဲ ရှိတာကိုး..။ မြင်းခြံကနေ ရွာရောက်ဖို့က ကတ္တရာလမ်း မိုင် ၂၀ နဲ့ မြေလမ်း ၈ မိုင် ထပ်မောင်းရုံပဲ..။ အေးအေးဆေးဆေး နားနားနေနေ မောင်းရင်တောင် ရွာနဲ့ ရန်ကုန် ဆယ့်ငါးနာရီ လောက်ပဲ ကြာမှာဆိုတော့ ရွာကို နောက်အကျဆုံး နောက်တနေ့မနက် ဆယ်နာရီ ဆယ့်တစ်နာရီအရောက် မှန်းထားလိုက်တယ်..။

ဒါပေမယ့် ရန်ကုန်က စထွက်ကတည်းက နဂိုရ်စီစဉ်ထားတဲ့အတိုင်း ခြောက်နာရီခွဲ မထွက်နိုင်ဘဲ ရှစ်နာရီခွဲလောက်မှ ထွက်ဖြစ်တော့တယ်..။ ဟိုလူ့ဝင်ခေါ် ဒီလူ့ဝင်ခေါ် ကြာတာရယ်.. နေပြည်တော် အမြန်လမ်းမှာ ဘာ စားသောက်ဆိုင်မှ မရှိဘူးဆိုတာနဲ့ မထွက်ခင် ၀ါးတီးပေးလိုက်ကြတာနဲ့ နောက်ကျသွားခဲ့ရတယ်..။ အမြန်လမ်းဆိုတာ ရန်ကုန်နဲ့ နေပြည်တော်ပျဉ်းမနားကို ပဲခူးရိုးမထဲကနေ ဖြတ်ဖောက်ထားတဲ့ ကွန်ကရစ်လမ်းမကြီးပဲ..။ အခုထိတော့ တရားဝင်မဖွင့်သေးပါဘူး..။ ဌာနဆိုင်ရာ ကားတချို့နဲ့ ကားငယ်လေးတွေလောက်သာ မေးမြန်းစစ်ဆေးပြီး မောင်းခွင့်ပေးထားသေးတယ်..။

ခရီးသည်တင် ဘတ်စ်ကားကြီးတွေနဲ့ ကုန်ကားတွေကတော့ လမ်းဟောင်းအတိုင်း လှည်းကူး၊ပဲခူး၊ညောင်လေးပင် လမ်းကနေ မောင်းနေရဆဲပဲ..။ အဲဒီလမ်းကသာ မောင်းရမယ်ဆိုလို့ကတော့ ပျဉ်းမနားရန်ကုန် ဆယ်နာရီလောက် မောင်းရမလားပဲ..။ အမြန်လမ်းကတော့ လမ်းအသစ်ဖြစ်တဲ့အပြင် ကွန်ကရစ်လမ်းဆိုတော့ ရန်ကုန်ပျဉ်းမနား လေးနာရီသာသာဆို ရောက်ပြီ..။ တိုက်ကြီးအလွန် Toll Gate အကျော်နားကနေ အမြန်လမ်း စတယ်..။ လှည်းကူးအထိတောင် မရောက်တော့ဘူး..။

လမ်းကတော့ ဖြူးလို့..။ တနာရီ မိုင်ခြောက်ဆယ်လောက် အသာလေး မောင်းလို့ရတဲ့ လမ်းပဲ..။ ကျွန်တော်တို့ အဲဒီလမ်း အ၀င်ဝ ရောက်တော့ ကိုးနာရီလောက် ရှိပြီ..။ အ၀င်ဂိတ်က လိုအပ်သလို မေးမြန်းတာကို ဖြေပြီးတာနဲ့ ကွန်ကရစ်လမ်းဖြူဖြူအတိုင်း မောင်းဝင်လာခဲ့ကြတယ်..။ လမ်းမီးမရှိ.. လမ်းဘေးရွာမမြင်.. မြို့မနီး.. တကယ့်တောထဲတောင်ထဲက လမ်းပါပဲ..။ ခေါင်ချက်ကတော့ မျက်စိတဆုံး ဘယ်ကြည့်ကြည့် မီးရောင်တောင် မမြင်ရဘူး..။ လက်စမသတ်ရသေးတဲ့ လမ်းဆိုတော့ လမ်းဘေးအန္တရာယ် သတိပေး ဆိုင်းဘုတ်ဆိုတာလည်း ဝေလာဝေး..။

အတော့်ကို သတိထားမောင်းရတဲ့ လမ်းပေါ့..။ သွားနေကျ လာနေကျ မဟုတ်တဲ့လမ်းဖြစ်တာရယ်.. လမ်းကကောင်းလွန်းတော့ ကီလိုကိုးဆယ်တစ်ရာ မောင်းနေတာရယ်.. ညဖြစ်တာရယ် ကြောင့်.. ကျွန်တော့်မှာ တကိုယ်လုံး ပြူးပြဲပြီး မျက်စိကိုဖွင့် နားကိုစွင့် မောင်းရတယ်..။ မောင်းလို့တော့ အကောင်းသား..။ တော်တော်လေး မောင်းလာလို့ မိုင်တစ်ရာ့ငါးဆယ်လောက် ရောက်တော့ ကားက လူးသလိုလို ဖြစ်လာတာနဲ့ ခဏရပ်လိုက်ရတယ်..။ အောက်ဆင်းကြည့်တော့ နောက် ညာဘက်ဘီးက ပြားလုလု ဖြစ်နေပြီ..။ ပါလာတဲ့ စပယ်ယာဘီးနဲ့ ဖြုတ်တပ် လဲလှယ်ရင်း နားလက်စနဲ့ အဲဒီနားမှာ.. ခဏတဖြုတ် နားကြတယ်..။

ကားမောင်းနေတုံးက မသိသာပေမယ့် အပြင်မှာ တောရိပ်တောင်ရိပ်နဲ့ နည်းနည်းအေးသလို ခံစားရတယ်..။ လဆန်းရက်ဆိုပေမယ့် လ ကို မမြင်ရဘဲ.. ကြယ်စုံတဲ့ ကောင်းကင်က ပိန်းပိတ်မမှောင်အောင် သူ့အလင်းနဲ့ အုပ်မိုးထွန်းညှိထားတယ်..။ အဲဒီအလင်းနဲ့ပဲ လမ်းဘေးဝဲယာ တောအုပ်အုပ် တောင်မို့မို့.. ၀ိုးတ၀ါးမြင်နေရတယ်..။ လက်က နာရီကိုကြည့်တော့ ညဆယ့်တစ်နာရီခွဲပြီ..။ ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်လို့..။ အအေးဓါတ်ပါတဲ့ လေကို အားရပါးရ ရှုရှိုက်ရင်း ကောင်းကင်ကို အမှတ်မထင် မော့ကြည့်မိတယ်..။ လှ လိုက်တာ..။ ဒီလို ကြယ်စုံတဲ့ ညတွေ ငါထိတွေ့ခွင့်မရခဲ့တာ အတော်ကြာခဲ့ပြီပဲလို့ အလန့်တကြား တွေးမိတယ်..။

ငယ်ဘ၀.. ညများရဲ့ ကောင်းကင်က အလိုလို ခေါင်းထဲ ရောက်လာခဲ့တယ်..။ ညီအကိုတတွေ အိမ်ရှေ့တလင်းမှာ “ ဟိုဟာက မောင်ရင်ဆိုင်ထမ်း.. ဒီဟာက ဖျောက်ဆိပ် ” နဲ့ အတော်ညဉ့်နက်သည်အထိ ကြယ်ကြည့်ရင်း ကစားခဲ့ကြတဲ့ ပုံရိပ်တချို့ အတွေးထင်လာခဲ့တယ်..။ ကစားရင်း ငြင်းကြခုန်ကြ စိတ်ကောက်ကြတာတွေ ပြန်မြင်ယောင်လာတယ်..။ ထူးထူးခြားခြား အဲဒီနေ့ညမှာ ကျွန်တော့်ရဲ့ ညီအကိုမောင်နှမတွေကို တအားလွမ်းနေ မိခဲ့တယ်..။

ခရီးဆက်ဖို့ ကားထဲပြန်ဝင် စတီယာရင် ကိုင်သည့်အထိ အလွမ်းက မပြေချင်ဘူး..။

အဲသလိုနဲ့ဆက်မောင်းလာတာ.. ပျဉ်းမနားရောက်တော့ မနက် တစ်နာရီ..။ အညာမြေ တ၀က်နင်းမိပြီ ပေါ့..။

34.3 ကျွန်တော့်ရွာသားများ ရှယ်သောက်နည်း

ပျဉ်းမနားမြို့ထဲဝင်တော့ ပထမဦးဆုံး အနေနဲ့ ဘီးဖာတဲ့ဆိုင် လိုက်ရှာကြရတယ်..။ ပါလာတဲ့ စပယ်ယာဘီးက အမြန်လမ်းမှာ လဲခဲ့ရပြီဆိုတော့ နောက်တခါ ဘီးပေါက်ရင် ဒုက္ခလှလှ တွေ့ရဖို့ ရှိတာကိုး..။ ဒါပေမယ့် ပျဉ်းမနားမြို့ကြီးက တိတ်ဆိတ်ငြိမ်သက် အိပ်စက်လို့..။ ဘယ်နားမှာမှ ဘီးဖာဆိုင် ရှာမရတာနဲ့ နောက်ဆုံး ပျဉ်းမနားဘူတာနားက အလင်းပေါက် လဘက်ရည်ဆိုင်မှာ ဟာနေတဲ့ဗိုက်ဖြေ့ဖို့ ထိုင်ကြတယ်..။

ဘူတာနားမှာတော့ ဟိုတစု ဒီတစု လှုပ်ရှားမှု အနည်းငယ်တွေ့ရတယ်..။ ကျွန်တော်တို့အဖွဲ့ထဲက တစ်ယောက်က အနွေးထည်ထုတ်ဝတ်တယ်..။ ကျွန်တော်ကတော့ အညာဆောင်းရဲ့ အရသာခံစားချင်တာနဲ့ ၀တ်လက်စအင်္ကျီ.. ရှော့ပင်အတိုနဲ့ပဲ ထိုင်နေလိုက်တယ်..။ လဘက်ရည်မှာသောက်တော့ စားပွဲထိုးလေးက “အကိုတို့ ရှယ်လား ” လို့ ပြန်မေးတယ်..။

“ အေး .. အားလုံး ရှယ်တွေချည်းပဲ ” လို့ သူ့အမေးကို ပြန်ဖြေရင်း ရှယ်ယဉ်ကျေးမှု ရွာကို ရောက်စက အဖြစ်အပျက်တစ်ခု မှတ်ဥာဏ်ခေါ်တင် ကျွန်တော်ပြောတော့.. အားလုံး တခွိခွိနဲ့ ရယ်ကြတယ်..။ ကျွန်တော်ပြောတာကို နောက်နားက မကြားတကြားနားထောင်နေတဲ့ စားပွဲထိုး ချာတိတ်တောင် ပြုံးစေ့စေ့ ဖြစ်သွားခဲ့တယ်..။

ရှယ်လဘက်ရည်ဆိုတာ.. ချက်နို့ဆီ မသုံးဘဲ ဘူးနို့ဆီ နဲ့ ဖျော်တဲ့ လဘက်ရည်ပေါ့..။ ဘူးနို့ဆီဆိုတာ.. နို့ဆီဘူးနဲ့လာတဲ့ နို့ဆီ.. ဈေးကြီးတယ်..။ ချက်နို့ဆီဆိုတာ..ရွာမှာပဲ နွားနို့နဲ့ သကြားရောချက်ထားတဲ့ နို့ဆီ..။ အရည်အသွေး အရောင်အရသာကအစ ကွာတယ်..။ ဘူးနို့ဆီက ပိုကောင်းတာပေါ့..။ ချက်နို့ဆီ က ညိုညစ်ညစ်ရယ်..။ ဘူးနို့ဆီလို ဖြူမနေဘူး..။

အခုခေတ်လူငယ်တွေကတော့ ရှယ်ဆိုတာ သိပြီးသားဖြစ်ပေမယ့် ကျွန်တော်တို့လူလားမြောက်စက ရှယ်ဆိုတာ ဘယ်ရှိမလဲ..။ ရွာတွေမှာ အားလုံး ချက်နို့ဆီပဲ သုံးကြတယ်..။ အဖျော်ဆရာက ချက်နို့ဆီကို တစ်ကျပ်သားနှစ်ကျပ်သားမှုတ်လေးနဲ့ ဖျော်မယ့် ခွက်ထဲ အရင်ထည့်တယ်..။ နောက်မှ.. နှပ်ရည်ကရားကို မြှောက်ကိုင် လောင်းထည့်ပြီး ဇွန်းနဲ့ “ကလောက်ကလောက်” မြည်အောင် အဖျော်ဆရာက ခလောက်ပြီး ချပေးတယ်..။ အဲသလို ဖျော်ရိုးဖျော်စဉ် ဖျော်တဲ့ လဘက်ရည်ကို ရှယ်ဆိုတာ ပေါ်လာတော့ ရိုးရိုး လို့ ခေါ်ကြတော့တယ်..။

ရွာက လဘက်ရည်ဆိုင် တချို့ ရှယ် စရောင်းတော့ တချို့ ရွာသားများက ရှယ်ဆိုတာ အကျွမ်းတ၀င်မဖြစ်သေးဘူး..။ ဟိုစမ်းစမ်း ဒီစမ်းစမ်း ရှယ် မှာသောက်နေကြတဲ့ အချိန်ပေါ့..။ ကျွန်တော်နဲ့ တရပ်ကွက်ထဲသား ခင်မောင်ဌေး ဆိုတဲ့ကောင် လဘက်ရည်ဆိုင်မှာ ရှယ် မှာသောက်တယ်..။ ရှယ်ဆိုတော့ လာချပေးကတည်းက ဇွန်းတန်းလန်းနဲ့ပေါ့..။ ခွက်အောက်ခြေမှာ ကပ်နေတဲ့ နို့ဆီကို ကိုယ်တိုင်ခလောက်သောက်ဖို့ တပ်ထားတဲ့ ဇွန်းပဲ..။

အဲဒါကို မသိတဲ့ ခင်မောင်ဌေးက ပါလာတဲ့ ဖွန်းကို ဖယ်ပြီး သောက်နေကျလဘက်ရည်လို ဖျော်ပြီးသားအထင်နဲ့ တကျိုက်မော့လိုက်တယ်..။ နို့ဆီက မမွှေရသေးတော့ နှပ်ရည်တွေချည်း.. ခါးတာပေါ့..။ အခုမှ စသောက်ဖူးတာဆိုတော့ ဆိုင်ရှင်ကိုလည်း ကွန်ပလိန်း မလုပ်ရဲဘူး..။ အ တယ်လို့ အထင်မခံချင်ဘူး ပေါ့လေ..။ ဘေးက ပါလာတဲ့သူငယ်ချင်းကိုပဲ.. တိုးတိုးပြောတယ်..။ “ ရှယ်ဆိုလို့ သောက်တာ..ငါ့လခွီး ခါးလိုက်တာလွန်ရော.. ထွီ ” တဲ့..။

ဘေးကပါလာတဲ့ သူငယ်ချင်းခမျာလည်း ရှယ်ဆိုတာ ဘာမှန်းမသိတော့ မျက်စိလေး ပေကလပ်ပေကလပ်နဲ့ ခင်မောင်ဌေး ဖြစ်ပျက်နေတာကို နားမလည်နိုင် ဖြစ်နေရတယ်..။ ဒါပေမယ့် သူက ခင်မောင်ဌေးထက် နည်းနည်းပိုလည်တယ်..။ တခုခုတော့ လွဲနေပြီဆိုတာ သူသိတယ်..။ ခင်မောင်ဌေး ဘေးချဖယ်ထားတဲ့ ဇွန်းကို ကောက်ကိုင်ပြီး “ ဒီဖွန်းက အလကား ထည့်ထားတာမဟုတ်လောက်ဘူး.. ခွက်အောက်မှာ ကပ်နေတဲ့ နို့ဆီကို ဒီဇွန်းနဲ့လှမ်းခပ်စားရမှာ.. အပေါ်က နှပ်ရည်ကို တကျိုက်မော့လိုက် အောက်ကနို့ဆီကို တဖွန်းခပ်စားလိုက် လုပ်ရမှာ ” တဲ့..။ အကြံဝင်ပေးတယ်..။

ဆမိတ်ခုံသားများ ရှယ်သောက်နည်းပေါ့..။

အဲဒါလေးကို အကြောင်းတိုက်ဆိုင်လာလို့ ပျဉ်းမနား လဘက်ရည်ဆိုင်မှာ ကျွန်တော်ပြန်ပြောဖြစ်တာပါ..။ ရွာနဲ့ နီးလာလေ.. မြင်သမျှ ကြားသမျှ ရွာနဲ့ ပတ်သက်ဆက်စပ်ပြီး တွေးနေမိတယ်..။

ပျဉ်းမနားက ကျွန်တော်တို့ ထွက်လာတော့ မနက်နှစ်နာရီခွဲ..။ ဆောင်းအကြို နှင်းလိုလို မြူလိုလိုတောင် ကျနေခဲ့ပြီ..။

( ရွာသားများ ရှယ် လဘက်ရည်သောက်တဲ့အကြောင်းကို ရှေ့မှာ ရေးခဲ့ပြီး ဖြစ်တယ်ဆိုရင် ခွင့်လွှတ်တော်မူကြပါကုန်.. ပြန်ဖတ်ရှာရမှာ ပျင်းလို့ ပါ.. မရေးရသေးဘူးဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ ဗျား..)

34.4 မိတ္ထီလာ ရောက်ပြီပေါ့

ပျဉ်းမနားနဲ့ မိတ္ထီလာကြားကိုတော့ ရင်တထိတ်ထိတ်နဲ့ မောင်းရတယ်..။ ပျဉ်းမနားမှာ ဘီးဖာဖို့ အဆင်မပြေခဲ့တော့ ဒီတစ်ခါ ဘီးပေါက်လို့ကတော့ကိုယ်ကျိုးနည်းပြီပဲ..။ ပျဉ်းမနားက ကျော်လာတာနဲ့ အညာပိုပီပြင်လာတာကို ခံစားမိလိုက်တယ်..။ ဖြာထွက်နေတဲ့ ကားမီးရောင်နဲ့ အညာရဲ့ သရုပ်သကန် ထနောင်းပင်တချို့ လမ်းဘေးမှာ မြင်နေရပြီ..။ နွေထနောင်း ဆောင်းမန်ကျဉ်း စာချိုးထဲက မန်ကျဉ်းပင် တချို့ကိုလည်း ကြိုကြားကြိုကြား အုပ်အုပ်မိုးမိုး တွေ့မိတယ်..။ ပုံ့ပုံ့ရုံ့ရုံ့ နိုင်တဲ့ ကန္ထာရ ပင် တအုပ်တမ ကိုလည်း မကြာခဏ ရိပ်ကနဲရိပ်ကနဲ ကျော်ခဲ့တာ သတိထားမိတယ်..။ တချက်တချက် ကားမှန်အဖွင့်မှာ တမာပန်းရနံ့က ဝေ့ကနဲ ၀င်လာတတ်ပြန်တယ်..။


အားလုံးဟာ ကိုယ်နဲ့ တရင်းတနှီးရှိခဲ့တဲ့ အရာတွေချည်း ဆိုပေမယ့် ခံစားမှုအသစ်တခုလို လှိုက်ကနဲ ကျွန်တော့်မှာ ဖြစ်ရပါတယ်..။


တပ်ကုန်းနားမရောက်ခင် အဖွဲ့ထဲက တစ်ယောက်က “ ရှေ့မှာ ပေါက်တော ” ဆိုတာနဲ့ ကားရပ်ပြီး ရှုးရှုးဖလားဝါး ကြတယ်..။ လမ်းဘေး ရှုးပေါက်တာကအစ ရန်ကုန်လမ်းဘေးနဲ့မတူ.. ကန္တာရဆူး မနင်းမိအောင် အလိုလို ရှောင်မိနေတာ သတိထား မိတယ်..။ ကျန်တဲ့သူအားလုံး ထိုင်ပေါက်ကြပေမယ့် ကျွန်တော်ကတော့ မတ်တပ်ရပ်ပြီးတော့ပဲ စခန်းသွားလိုက်တော့တယ်..။ မနက်စော သုံးနာရီသာသာဆိုပေမယ့် ရောင်နီမလာသေးသမို့ သိပ်လင်းလင်းထင်းထင်း မရှိသေးတော့.. ထိုင်ရက် ရှုးပေါက်ဖို့ ကျွန်တော်မ၀ံ့ဘူး..။ သိတယ်မဟုတ်လား.. အညာလေ..။ မြွေက ပေါပါဘိသနဲ့..။


ငယ်ငယ်တုံးက သင်ခဲ့ရတဲ့ ရှေးဦးသူနာပြုစုနည်းဆိုတာကလည်း ခြေသလုံး မြွေကိုက်ရင် ဘယ်လိုလုပ် ဆိုတာပဲ ပါတယ်..။ ခြေသလုံးအထက်ကိစ္စ သေချာမပြောထားတော့ ရှုးပေါက်ရင်း မြွေကိုက်ခံရသူအတွက်ကျတော့ သူတို့နည်းတွေက မဟန်လောက်ဘူး..။ တွေးကြည့်တာနဲ့တင် ကြက်သီးထမိပါရဲ့..။ အကိုက်ခံရတဲ့နေရာကို ဘလိတ်ဓါးနဲ့လှီး.. အနာအဆာကင်းတဲ့ပါးစပ်နဲ့ အဆိပ်တွေကို စုပ်ထုတ် တဲ့..။ ကူမယ့်သူမရှိလို့ ကိုယ့်ဖာသာ အဆိပ်စုပ်မယ် ဆိုပြန်တော့လည်း ခြေသလုံး မဟုတ်တော့ ဒုက္ခ..။ နောက် ရှိသေးတယ်..။ အဆိပ်တွေ တကိုယ်လုံး မပျံ့အောင် အကိုက်ခံဒဏ်ရာ အပေါ်ကနေ ကြိုးနဲ့ စည်းထားရမယ် ဆိုပဲ..။ သဘောကောင်းတဲ့ မြွေနဲ့တွေ့လို့ စည်းစရာ နေရာကျန်ရင် တော်သေးရဲ့..။ နို့မို့ မတွေးဝံ့စရာပဲ..။


ဆိုတော့ မှောင်နက်မည်းမည်း ဘယ်မှာဖြစ်ဖြစ် လမ်းဘေး အပေါ့သွားဖို့ ကြုံတိုင်း ကျွန်တော်ကတော့ မိုးတိုးမတ်တပ်ပဲ..။ ပါးပျဉ်း ရှည်တဲ့ မြွေဟောက်နဲ့ တွေ့ရင်တော့ သူ့ကံကိုယ့်ကံပေါ့လေ..။


ကဲ.. ပြောမိမှတော့ ရှုးဋီကာ ဖွင့်လိုက်အုံးမယ်..။ ဟဲဟဲ..။


တချို့ကျတော့ လမ်းဘေးမတ်တပ်ရပ် အပေါ့သွားရမှာ သေမလောက်ကြောက်ကြတယ်..။ နတ်မကြိုက်လို့တဲ့..။ မလွှဲသာလို့ မဖြစ်မနေ အပေါ့သွားရမယ်ဆိုတိုင်း ခမျာများ ပွစိပွစိနဲ့ တောင်းပန်လိုက်ကြရတာ..။ အမိုက်အမဲလေးမို့ ခွင့်လွှတ်ပါ.. မလိမ်မိုးမလိမ်မာ လေးမို့ သည်းခံတော်မူပါ နဲ့ ရှုပ်နေတာပဲ..။ တကယ်တမ်းကျတော့ ထိုင်ပေါက်တာလည်း သူတို့အတွေးနဲ့ဆို မကောင်းဘူးပဲ..။ ဘူမိ(မြေ)ကို အစိုးရတဲ့ ဘုမ္မစိုး နတ်က မြေကြီးထဲမှာနေတာ..။ ထိုင်ပေါက်တော့ သူ့တိုက်ရိုက်ထိတာပေါ့..။ တခြားနတ်တွေ သူတို့ဖက် လှည့်ပေါက်တာနဲ့ ဆတ်ဆတ်ထိမခံဖြစ်နေတယ်ဆိုရင် ခေါင်းပေါ်တက် အပန်းခံရတဲ့ ဘုမ္မစိုးဆို ဒေါသထွက်လိုက်မယ့် ဖြစ်ချင်း..။


ကျွန်တော်သာ ဘုမ္မစိုး ဆိုလို့ကတော့ ထိုင်ပေါက်တဲ့ကောင် တခါတည်း ကော့သွားအောင် ကိုင်ပစ်လိုက်မယ်..။ ( နတ်လို ကိုင်တာကို ပြောတာပါဗျာ.. ဟားဟား )


ကဲ ရှုးဋီကာ ဒီတင် ရပ်မှပဲ..။ တော်ကြာ ကျွန်တော့်ဘလော့ဂ်ကို နတ်တွေ ၀င်ဖတ်နေရင် ဒုက္ခ..။ ကိုယ့်ဖက်မှာ ဘုမ္မစိုး တစ်ပါး ပဲ ရှိတယ်..။ သူခမျာလည်း မြေကြီးထဲနေရတာဆိုတော့ wi-fi မရှိလောက်လို့ လောက်လောက် လားလား အားကိုးရမယ် မထင်ပါဘူး..။


အဲသလိုနဲ့ အညာအနံ့အသက်တွေထဲ အတင်းတိုးဝင် ခရီးနှင်လာခဲ့တာ.. တပ်ကုန်းကျော်တော့ .. ကျွန်တော် မဟန်နိုင်တော့ဘူး..။ တချက်တချက် ငိုက်ချင်သလို ဖြစ်လာတာနဲ့ အတူပါလာတဲ့ အကိုကြီးတစ်ယောက် ကို တလှည့်မောင်းခိုင်းရတယ်..။ သူမောင်းတုံး မှေးကနဲ ကျွန်တော်အိပ်ပျော်သွားခဲ့တယ်..။ နိုးလာတော့ မိတ္ထီလာ ရောက်နေပြီ..။ အချိန်က မနက် ငါးနာရီ ..။

34.5 သွားတာက မြင်းခြံ.. ရောက်တာက ရွှေပေါ်ကျွန်း

မိတ္ထီလာမြို့ထဲ နာရီစင်နား.. မန္တလေးလမ်းဖက်အထွက်.. လဘက်ရည်ဆိုင်မှာ.. တစ်ခွက်တစ်ခု ၀ါးတီးပေးရင်း ခဏ နားကြတယ်..။ သွားရမှာက မြင်းခြံလမ်းခွဲဆိုပေမယ့် ဘီးဖာဆိုင်လိုက်ရှာရင်း မန္တလေးလမ်းဖက် ရောက်သွားခဲ့ကြတာပဲ..။ ဒါပေမယ့် မိတ္ထီလာမှာလည်း ဘီးဖာဆိုင်များ မဖွင့်သေး..။ မြင်းခြံလမ်း အထွက်မှာ ထပ်ရှာကြည့်မယ်..။ မတွေ့တော့လည်း လမ်းမှာတွေ့တဲ့နေရာ ဖာတာပေါ့ လို့ တွေးပြီး.. အေးအေးလူလူ လဘက်ရည်ထိုင်သောက်ကြတယ်..။

ထီလာသူထီလာသားတချို့ကတော့ ဆောင်းရောက်ပြီဆိုတာကို အနွေးထည် ကိုယ်စီနဲ့ သက်သေပြနေလေရဲ့..။ သင်္ကန်ရုံထားတဲ့ သံဃာတော်တချို့ သပိတ်ကိုယ်စီနဲ့ အရုဏ်ကြွလာတာတွေ့တော့ ရွာမှာနေစဉ်က ကိုရင်ကြီးဘ၀နဲ့ ကိုယ်တိုင် ဆွမ်းခံထွက်ခဲ့တဲ့ နေ့တွေ စီရရီ ပြန်ပေါ်လာတယ်..။ အဲဒီတုံးက သင်္ကန်းစီးဖော် စီးဖက်ဦးပဇင်း တချို့ ကျောင်းထိုင်တွေတောင် ဖြစ်ကုန်လောက်ပြီ လို့လည်း တွေးမိပြန်တယ်..။

အညာဆောင်းကတော့ မပြောင်းလဲ..။ မနက်စောလေပြေ အားကိုးနဲ့ အနွေးထည်ဝတ်မထား တဲ့ ကျွန်တော့်ကို တချက်တချက် စိမ့်ကနဲဖြစ်သွားတဲ့အထိ သတ္တိပြ နေတော့တယ်..။ မဒမ်က အလိုက်တသိ အနွေးထည် ထည့်ပေးလိုက်ပေမယ့် ပေကပ်ပြီး မ၀တ်ဘဲ ကျွန်တော်နေလိုက်တယ်..။ ဒီရာသီဥတုကို ပွေ့ဖက်ခွင့်မရခဲ့တာ ကြာခဲ့ပြီ..။

မိတ္ထီလာက ထွက်လာတော့ ငါးနာရီ လေးဆယ့်ငါးမိနစ်..။ မြို့အထွက် ဆီဆိုင်မှာ ဆီထည့်ရင်း မျက်နှာသစ်.. ခြေလက်ဆေးကြတယ်..။ မဒမ့်ဆီကိုလည်း ဟမ်းဖုံး မိနေတာနဲ့ လှမ်းပြီး သတင်းပို့ရသေးတယ်..။ အားလုံး အဆင်ပြေ ချောမွေ့စွာ လွမ်းနေတဲ့ အကြောင်း ပေါ့..။ သားနဲ့သမီးကတော့ အိပ်နေတုံး..။ ရွာကိုတော့ မြင်းခြံလောက် ရောက်မှ လှမ်းအကြောင်းကြားမယ် စိတ်ကူးထားလိုက်တယ်..။

ရန်ကုန်ကထွက်မလာခင် ကတည်းက အင်တာနက်ကတဆင့် အလှူရှင် ပေါ်တဲ့ အကြောင်းတော့ လှမ်းပြောထားပြီးသားပါ..။ လှူမယ့်တန်းမယ့် မူလတန်း ကျောင်း ကလေးမှာ စနေနေ့ မနက် ကိုးနာရီ မိဘဆရာအသင်းနဲ့ အလှူကိစ္စ ဆွေးနွေးတိုင်ပင်ဖို့ကိုလည်း ကြိုစီစဉ် ပြီးသား..။ အဲဒါအပြင် ရွာရောက်ရောက်ခြင်း သောကြာ နေ့မှာ ရွာအထက်တန်းကျောင်းကြီးက ကိုးတန်းဆယ်တန်း ကလေးများကို တွေ့ဆုံပြီး ကျွန်တော် စကားပြောဖို့.. လက်ရှိကျောင်းအုပ်ကြီးကို မေတ္တာရပ်ခံ ထားပြန်သေးတယ်..။

ရွာက.. ကလေးတွေရဲ့ ပညာရေးဆိုင်ရာ အတွေးအခေါ် အသိပညာတွေ ဘယ်လိုဘယ်ပုံ ရှိတယ်ဆိုတာကို ကျွန်တော် သိချင်နေတာမို့ အဲသလို စီစဉ်ခိုင်း ရတာပဲ..။

စိတ်ထဲမယ် အတော့်ကို အာသီသ ပြင်းထန်နေလွန်းလို့သာ အဲသလို စီစဉ်ခိုင်းရတယ်..။ ပညာရေးမှုးမဟုတ်.. ကျောင်းဆရာမဟုတ်.. ပညာရေးအသိုင်းအ၀ိုင်းကမဟုတ်တဲ့ ကျွန်တော့်လိုကောင် အသားလွတ် စာသင်ချိန်ကြီး ဘာပြောမယ်မှန်းမသိ ကလေးတွေကို လာပြီးလေပေါမှာ တော်ရုံတန်ရုံ ကျောင်းအုပ်ကြီးဆို ဘယ်လက်ခံမလဲ..။

ကိုယ့်ရွာကိုယ့်ကျောင်း ဖြစ်တဲ့အပြင် လက်ရှိကျောင်းအုပ်က ကျွန်တော်ရှစ်တန်းတုံးက သမိုင်းသင်တဲ့ ဆရာမမို့ စီစဉ်ရ လွယ်သွားတာ..။

မိတ္ထီလာမြင်းခြံ ၅၆ မိုင် .. လွန်ရောကျွံရော မောင်းရ နှစ်နာရီ..။ ရွာနဲ့မြင်းခြံက တစ်နာရီထား..။ မိတ္ထီလာက ထွက်လာတာ ခြောက်နာရီသာသာ ဆိုတော့ ရွာကို.. ကိုးခွဲဆယ်နာရီ ရောက်ပြီ ပေါ့..။ ရောက်တာနဲ့ အချိန်ရရင် ရေမိုးချိုးပြီး ကျောင်းကြီး တန်းသွားမယ်..။ ကလေးတွေနဲ့ တွေ့မယ်..။ သူတို့ပြောတာတွေ နားထောင်မယ်..။ ကျွန်တော် သိသမျှ မြင်သမျှလေးတွေ မျှဝေမယ်..။ အတွေးထဲမတော့ အားလုံး ကွက်တိ..။

ဒါပေမယ့်.. အခြေအနေက ထင်သလို ဖြစ်မလာခဲ့..။

မိတ္ထီလာအထွက်.. လမ်းခွဲတစ်ခု ရောက်တော့ ကားမောင်းနေရင်း ကျွန်တော်မသေချာတာနဲ့ ဘယ်လမ်း လိုက်ရမှာလဲ လို့ အတူပါလာတဲ့ အကိုကြီးကို မေးမိတယ်..။ သူက ရွာနဲ့ သိပ်အဆက်မပြတ်တော့ လမ်းကောင်းကောင်းသိတယ် လို့ ထင်တယ်လေ..။ ညာချိုး ညာချိုး လို့ သူပြောတာနဲ့ ညာဖက်ချိုး ပြီး မောင်းချလာခဲ့တယ်..။ စချိုးလာစကတော့ လမ်းက သာ နေတယ်..။ တမိုင်လောက် မောင်းပြီးတော့ လမ်းက တဖြေးဖြေး ကြမ်းလာတော့တယ်..။

စိတ်ထဲမှာ.. လမ်းများ မှားသလား လို့ ဇဝေဇ၀ါဖြစ်လာတာနဲ့ လမ်းညွှန်းတဲ့ အကိုကြီးကို ပြန်မေးမိသေးတယ်..။ သေချာတယ်.. ဒီလမ်းပဲ လို့ သူက အခိုင်အမာ ပြောနေတာနဲ့ ဆက်မောင်းလာခဲ့တာ.. ဆယ့်ငါးမိုင်လောက် ရောက်လာသည့်တိုင် လမ်းက ကောင်းမလာသေး..။ ပိုလို့တောင် ဆိုးလာသေးတယ်..။ မြင်းခြံ မိတ္ထီလာ လမ်း လို့သာ ဆိုတယ်..။ ခရီးသည် ကား တစ်စီးတလေ တောင် မတွေ့တော့ စိတ်ထဲ မသိုးမသန့် ဖြစ်ရပြန်တယ်..။

မနေနိုင်တဲ့ အဆုံး.. လှည်းတစ်စီးတွေ့တာနဲ့ ရပ်ပြီး မေးမိတယ်..။ ဒီလမ်းက မြင်းခြံလမ်း ဟုတ်သလားပေါ့..။ လှည်းဆရာ ပြန်ဖြေလိုက်ပုံက “ ဒီအတိုင်းဆက်မောင်းသွား ရင် ရွှေပေါ်ကျွန်း ရောက်သွားမယ် ” တဲ့..။ “မြင်းခြံလမ်းက ကျန်ခဲ့တာ ဟိုးတက်တက်အဝေးကြီးမှာ” တဲ့..။ ကားပေါ်က လူအားလုံး “ ဟာ ” ကနဲဖြစ်သွားတာပေါ့..။

လမ်းမှားဝင်လာတာ.. နည်းနည်းနောနော ခရီးမဟုတ်တော့ဘူး..။ ကျွံဝင်လာတာ.. မိုင်နှစ်ဆယ်လောက် ရှိပြီ..။

ကဲ.. မှားမှန်းသိမှတော့ ပြန်လှည့်ပေါ့..။ ကားကို U-turn ကွေ့ တယ်..။ ကွေ့လို့မှမဆုံးခင် နောက်ဘီးက ပြားနေပြီ..။ သွားကရော..။ စပယ်ယာဘီးကလည်း မဖာရသေး..။ ကောင်းလေစွ..။

34.6 Mayonnaise နဲ့ ပုန်းရည်ကြီး

ဘီးဖာဖို့ကိစ္စ လှည်းဆရာကို စုံစမ်းကြည့်တော့ နီးနီးနားနားမှာ မရှိဘူးတဲ့..။ ရှေ့နား သုံးလေးမိုင်က ကျောင်းကုန်းဆိုတဲ့ ရွာမှာတော့ ဆိုင်ကယ်ဘီးဖာဆိုင် ရှိတယ်လို့ သိရတယ်..။ ဒါပေမယ့် အဲဒီကို ဘယ်လို သွားရပ..။ ကားကလည်း မောင်းမဖြစ်တော့..။ နောက်ဆုံးတော့ ဖြတ်သွားဖြတ်လာ ဆိုင်ကယ်သမားများကို အကူအညီ တောင်းဖို့ စိတ်ကူးရတယ်..။

ကံကောင်းထောက်မစွာ လိုလိုလားလား ကူညီမယ့် ဆိုင်ကယ်သမားတစ်ယောက် နဲ့ တွေ့တယ်..။ အမြန်လမ်းမှာ ပေါက်ခဲ့တဲ့ ဘီးက tubeless..။ ဆိုင်ကယ် ဘီးဖာ တဲ့သူတွေက tubeless ဆို ဖာတတ်ချင်မှ ဖာတတ်မှာ ဆိုတာနဲ့ လတ်တလောပေါက်တဲ့ tube (ကျွတ်) နဲ့ ဘီး ဖြုတ်ပေးလိုက်ရတယ်.။ ကျွန်တော်တို့အဖွဲ့ထဲက တစ်ယောက် ဘီးပေါက်ကို ဒေါင်လိုက်ကိုင်ပြီး ဆိုင်ကယ်နောက်က ခွစီးလျက် ပါသွားတယ်..။

သူတို့ပြန်အလာကို စောင့်ရင်း လမ်းဘေးဝဲယာက နဘူးခြုံတွေကို ကျွန်တော်ငေးနေမိတယ်..။ ဆောင်းဦးရနံ့နဲ့အတူ ဖြူလွလွ နဘူးပွင့်တွေမြင်တော့ တော်ဝင်သဇင် ပန်းကို ပြေးမြင်မိတယ်..။ တကယ်တမ်းကျ.. လမ်းဘေးမှာ ပေါက်လို့သာ.. နဘူးပွင့် ဂုဏ်မတင့်တာပဲ..။ အလှချင်းယှဉ်ရင် ထီးသုံးနန်းသုံး သဇင်ပန်းထက် သူမလျော့ဘူး..။

အရောင်အသွေး.. ပွင့်ဖတ်ပွင့်ချပ်.. ငွားငွားစွင့်စွင့်ရှိတာ (ကျွန်တော့်အမြင်) သူကတောင် ပိုသေးတယ်..။ နောက်ပြီး နဘူးကိုင်းက အညာမှာ လက်တွေ့အသုံးတည့် သေးတယ်..။ သဇင်ကိုင်းဆိုတာကတော့ ထင်းဆိုက်ရုံကလွဲလို့ ဘာမှသုံးစားမရပါဘူး..။ နဘူးကိုင်းဆိုတာ နဘူးပင်ရဲ့ ပင်စည်ကို ပြောတာ..။ နဘူးပင်က နွှယ်ပင်မျိုး..။

သူပင်စည်ကိုင်းက ပျင်းတွဲတွဲ နိုင်တယ်..။ လွယ်လွယ်နဲ့ ချိုးမရဘူး..။ သူ့ကို လိုအပ်တဲ့ ပုံသဏ္ဍာန်ကွေးလို့ ရတယ်..။ ရွာဖက်က ဆေးရွက်ကြီး ထည့်တဲ့ ဆေးပို(ဆေးပုတ်) တွေဆို နဘူးကိုင်းကိုခွေ အဖုံးလုပ်မှ.. တောင့်တင်းခိုင်မာတယ်..။

ငယ်ငယ်ကတည်းက ကျွန်တော်သဘောကျတဲ့ အညာဒေသ ဆောင်းတွင်းမှာ သဇင်ပွင့်နဲ့ ခပ်ဆင်ဆင်တူတဲ့ အပွင့် ပွင့်လေ့ရှိတဲ့ အပင် ပေါ့ဗျာ..။

အညာကို ချစ်တဲ့စိတ်ကြောင့်တော့လား မသိပါဘူး..။ ရန်ကုန်ရောက်လို့ စားသောက်ဆိုင် တကာမှာ လူတွေ ကြိုက်လှပါတယ်ဆိုတဲ့ Mayonnaise Cheese ထက် အညာပုံးရည်ကြီးကို ကျွန်တော်ကတော့ ပိုတမ်းတမိတယ်..။ ကျွန်တော့်စိတ်ထဲ.. ပုံးရည်ကြီးက ပိုကောင်း ထင်တာပဲ..။ တခါတရံ အိမ်မှာ မဒမ့်ကို အားလူးချောင်းကြော် ကြော်ခိုင်းပြီး ပုန်းရည်ကြီးနဲ့ တို့စား လိုက်တယ်..။ မြန်မာ Mayonnaise ပေါ့..။ မိုက်တယ် ဗျ..။

တနေ့ကျရင် အရသာ နဲ့အသွင်အပြင်ကို နည်းနည်းတိုးတက်အောင် လုပ်ပြီး ကမ္ဘာကိုတောင် မိတ်ဆက်မလားလို့ တွေးနေမိသေးတယ်..။ အောင်မြင်ဖြစ်တယ်..။ စိတ်ကူးယဉ်ကြည့်တာ ဘာရှုံးတာလိုက်လို့ နှော..။

နောက် အညာထွက် ဒေသ အစားအစာမှာ ဇောင်ဂျမ်း ချဉ် ဆိုတာ .. ကိုရီးယား ကင်ချဉ်ထက် အပြတ်သာသဗျ..။ အောက်ပြည်အောက်ရွာက လူတွေကတော့ ဇောင်ဂျမ်းပင်ဆိုတာတောင် မကြားဖူးလောက်ပါဘူး..။ အညာမှာပဲ ရှိတဲ့အပင် ပါ..။ သူ့အသီးက ဂွေးသီးလောက် အရွယ်ရှိတယ်..။ အခွံက နည်းနည်းမာပြီး အထဲအနှစ် တည်ဆောက်ပုံက ကြာသီးကြာခွက် အတွင်းပိုင်းနဲ့ နည်းနည်းဆင်တယ်..။ အနှစ်အကာအတွင်းမှာ အစေ့အိမ်လေးတွေ ရှိတယ်..။

အဲဒီအသီးကို ထက်ခြမ်းခြမ်း.. အတွင်းသားကို ဇွန်းနဲ့ကော် ( ကြက်ဥပြုတ်ထဲက အကာအသားကို ကော်သလိုမျိုး ) ပြီး အချဉ်တည်ထားတာကို ဇောင်ဂျမ်းချဉ် လို့ ခေါ်တယ်..။ တကယ်က ဇောင်ဂျမ်းသီးချဉ်ပေါ့..။ ရာသီချိန်မှ ရတဲ့ အညာအစားအစာတမျိုး ပဲ..။ ဇောင်ဂျမ်းပင်က အညာမှာတော့ အလေ့ပေါက် အပင်..။ ရွာက အိမ်တိုင်းလိုလိုမှာ တစ်ပင်နှစ်ပင်တော့ ရှိတတ်တယ်..။

ဘ၀လောကဓံမုန်တိုင်း ထဲ ကူးခတ်လွင့်မျောဖို့ ရွာက ထွက်လာကတည်းက စားခွင့်မကြုံရတော့တာ.. အနည်းဆုံး ဆယ့်ငါးနှစ်လောက် ရှိပါပြီ..။ ရွာရောက်လို့ စားခွင့်ကြုံရင်တော့ စားချင်သေးသပ..။ ဒါပေမယ့် မျှော်လင့်ချက်ကတော့ နည်းပါတယ်..။ နိုဝင်ဘာ ဒီဇင်ဘာဆို.. ဇောင်ဂျမ်းသီးက တုံးလောက်ပြီ..။

ကဲ.. နဘူးခြုံမြင်တာကနေ တောင်စဉ်ရေမရ.. အညာဓလေ့ အစားအစာများအကြောင်း ပြောမိနေတာ ရပ်ပြီး ခရီးစဉ် အကြောင်း ဆက်မယ်..။

ဘီးသွားဖာသူများကလဲ စောင့်နေရလို့လားမသိဘူး..။ တော်တော်နဲ့ ပြန်မလာနိုင်ကြဘူး..။ သိပ်မဝေးဘူး လို့ ပြောသွားကြပေမယ့် .. ဆိုင်ကယ်ဘီးဖာတဲ့သူက ကားဘီးကို ကောင်းကောင်းမွန်မွန် မဖာတတ်လို့ ကြာများ နေသလားပဲ..။ သူတို့စောင့်ရင်း တခြား.. လုပ်စရာလဲ မရှိတာနဲ့ .. ဖြတ်သွားဖြတ်လာ ခရီးသည် ကားတချို့ကို ဓါတ်ပုံ နည်းနည်းရိုက်နေလိုက်တယ်..။ ကျွန်တော်တို့ လမ်းမှားလာတဲ့အကြောင်း ပြောတဲ့ လှည်းဆရာနဲ့လဲ တပုံလောက် တွဲရိုက်လိုက်တယ်..။

လမ်းဘေးမှာ ပုဆိုးခြုံထိုင်ပြီး ကားစောင့်နေကြတဲ့ အညာသူအညာသား ကျွန်တော့်ဆွေမျိုးများ (ခင်ခင်ထူးလေသံနဲ့) ကိုလည်း တပုံလောက် ဆွဲလိုက်တယ်..။ (အဲဒီပုံများ ဘလော့ဂ်ကြွလာဆွေသဟာ တို့ ကြည့်ရှုနိုင်ရန် တင်ပေးလိုက်ပါကြောင်း )

တနာရီခွဲလောက်ကြာတော့ ဘီးဖာသွားသူများ ပြန်ရောက်လာကြတယ်..။ ဖာလာတဲ့ဘီးကို အမြန်တပ်ပြီး မိတ္ထီလာဖက်ပြန်မောင်းလာခဲ့ကြတယ်..။ မှားဝင်လာတဲ့ လမ်းဆုံပြန်ရောက်တော့ ဆယ့်နာရီခွဲလောက် ရှိပြီ..။

34.7
















ကျေးဇူးရှင် လှည်းဆရာနှင့် ပွကြီး



















မိတ္ထီလာ.. ရွှေပေါ်ကျွန်း လမ်းပေါ်က ဒုက္ခိတ ကား



34.8 လက်ပံပွင့်ချိန် ခွေးရူးချိန်

မိတ္ထီလာမြို့ထဲ ပြန်မ၀င်တော့ဘဲ.. မြို့ပြင်နားမှာပဲ ဘီးဖာဆိုင် လိုက်ရှာကြရပြန်တယ်..။ အနီးဆုံးတွေ့တဲ့ ဆိုင်မှာ ကျန်နေတဲ့ ဘီးပေါက် ကို ဖာရင်း ရွာကို ဖုံးဆက်လိုက်တယ်..။ အစီအစဉ်တွေက နဂိုရ်အတိုင်းမဖြစ်တော့ပဲ လွဲချော်ကုန်ပြီဆိုတဲ့ အကြောင်းကို လှမ်းပြောရတာပဲ..။ ရွာမှာ ရှိတဲ့ ဖုံးများက ရေဒီယိုဖုံးတွေ.. မြင်းခြံ တို့ မန္တလေးတို့ကနေ ပွားထားတဲ့ ဖုံးတွေပဲ..။ ရှေ့က ဧရိယာကုဒ်က အဲဒီမြို့ တွေရဲ့ ကုဒ်နဲ့ စတာပဲ..။ တရွာလုံးမှ သုံးလေးလုံး လောက် ရှိတာပါ..။

သိပ်မကြာသေးခင် နှစ်များက အဲသလို ဖုံးတွေ ကျေးလက်တောရွာအထိ သုံးလို့ ရသွားခဲ့တယ်..။ ဟိုးအရင့်အရင်က မရှိခဲ့ဘူးတာတွေ ရှိလာခဲ့တာကို တိုးတက် တယ်လို့ ပြောရင်တော့ တိုးတက်လာတယ်ပေါ့..။ တိုးတက်သင့်သလောက် မတိုးတက်ဘူးဆိုတဲ့ ရှုထောင့်က ကြည့်ရင်တော့ ကြည့်သူစိတ်ကြိုက် ခံစားခွင့် ရှိပါတယ်..။

စပယ်ယာဘီးဖာပြီးလို့ မိတ္ထီလာနယ်နမိတ်က စထွက်တော့ ဆယ့်တစ်နာရီခွဲလောက် ရှိပြီ..။ ဘယ်မှာမှ မနားဘဲ.. ရွာအထိ တန်းမောင်းတောင် အစောဆုံး မွန်းလွဲ နှစ်ချက်ခွဲလောက်မှ ရောက်တော့မယ်..။ ရွာကျောင်းက ညနေသုံးနာရီ ဆင်းတာဆိုတော့ ကိုးတန်းဆယ်တန်းကလေးများကို ကျွန်တော် စကားပြောမယ့် အစီအစဉ်က မမီနိုင်တော့..။

နောက်တစ်ရက်က စနေ ကျောင်းပိတ်ရက်..။ ဖြစ်နိုင်ရင်တော့ ရောက်တုံးရောက်ခိုက်မို့ စနေနေ့မှာလည်း ကျောင်းသားတွေ စိတ်ဝင်စားရင် ပြောချင်ပါတယ်လို့ ဖုံးပေါ်ကနေတဆင့် ကျောင်းအုပ်ဆရာမကြီးကို ပူဆာမိတယ်..။ ဆရာမကြီးက သူဖြစ်အောင် စီစဉ်ပေးမယ်လို့ ပြောတယ်..။ စိတ်ထဲ.. နည်းနည်းတော့ နေသာထိုင်သာ ရှိသွားခဲ့တယ်..။

စနေတနင်္ဂနွေ ကျောင်းပိတ်ရက် ကြိုမြင်လို့ ရန်ကုန်ကနေ တစ်ရက်စော ထွက်လာခဲ့တယ်..။ ရွှေပေါ်ကျွန်းဖက် ချော်တော့်ငေါ့သွားလို့ စောထွက်လာတဲ့ အဲဒီတစ်ရက် ဘုရားသခင် ပေးလိုက်ရတယ်..။ ဖြစ်သမျှ အကြောင်း အကောင်းပေါ့..။

မင်းခြံရောက်တော့ နေ့လည် နှစ်ချက်တီးလုပြီ..။ အားလုံးဗုိက္ထဲ တဂြီဂြီ တဂွမ်ဂွမ်မြည်နေပြီမို့ နီးစပ်ရာ ထမင်းဆိုင်တဆိုင်မှာ နေ့လည်စာ စားကြတယ်..။ မစားခင် ပမ်းသမျှ နွမ်းသမျှတွေ လန်းစေဖို့ ဘီယာလေး မြုံ့လိုက်သေးတယ်..။ အားလုံးစားသောက်ပြီးလို့ မြင်းခြံကနေ ထွက်လာကြတော့ ညနေသုံးနာရီ ရှိပြီ..။ ကျောက်ပြုတ်၊ တရွင်းပို့၊ သစ်ရုံ၊ ကုက္ကဲ စတဲ့ ရွာစဉ်အလိုက် ကျော်ဖြတ်လာခဲ့ပြီးတဲ့ နောက်မှာတော့ မြို့သာ၊ တံတားဦးကတဆင့် သွားနိုင်တဲ့ မန္တလေး လမ်းခွဲကို ရောက်တယ်..။

အဲဒီလမ်းအတိုင်း မလိုက်ဘဲ ရွာဖက်ချိုးတဲ့ မြေနီလမ်းအတိုင်း မောင်းဝင်လာခဲ့တယ်..။ ဧရာဝတီရေ ကိုယ်လာခဲ့ပြီ..။

မိုးကုန်ခါစ မို့လား မသိ..။ လမ်းက ထင်ထားတာထက် ဆိုးနေတယ်..။ ချိုင့်တွေခွက်တွေကို ရှောင်မောင်းနေရတာနဲ့ ခရီးက မတွင်ချင်ဘူး..။ လမ်းဘေး သိပ်ချပြီးတော့လည်း မမောင်းရဲဘူး..။ ကန္တာရဆူးကိုင်း တချို့က တခါတရံ လမ်းပေါ်မှာတောင် တွေ့တွေ့နေရတယ်..။ ကန်နီဆိုတဲ့ ရွာကို ကျော်လာတော့ ဥယျာဉ်မှုး လို့ ခေါ်တဲ့ ဘလော့်ဂါညီလေး ရဲ့ ကျောက်တိုင် ဆိုတဲ့ ရွာ ရောက်တယ်..။

လမ်းတလျှောက် တမာတန်းက စိမ်းစိမ်းစိုစို ရှိလှတာ သတိထားမိတယ်..။ မိုးခေါင်ပြီး နွားစာရှားတဲ့နှစ်တွေမှာ အဲဒီခါးသက်သက် တမာရွက်တောင် နွားတွေ ချေးမများနိုင် စားကြရတာ ပြန်တွေးမိတယ်..။ ဒီနှစ်ကတော့ ရွာဖက် မိုးကောင်းထင်ပါရဲ့..။ မြင်မြင်ရာရာ စိမ်းစိုအုပ်မှိုင်းလို့..။ ကြိုကြားကြိုကြား တွေ့ရတဲ့ လက်ပံပင်ကြီးတွေကလည်း ဆောင်းအမီ တပင်လုံး နီစွေးသွားအောင် ပင်လုံးညွှတ်ပွင့်ဖို့ အားယူနေကြတယ်..။

ခပ်ငယ်ငယ်ကလေးဘ၀ လက်ပံပွင့်ချိန်မှာ အော်ဟစ်သီဆိုခဲ့တဲ့ “ လက်ပံပွင့်ချိန်၊ ခွေးရူးချိန် ” ဆိုတဲ့ စာသားတချို့ နဲ့ အတူ အဆိုတော် သန်းထွန်းလေး ရဲ့ “ လက်ပံပွင့်တွေ လေတိုက်ကြွေလိုက်တဲ့အခါ၊ တ၀ဲဝဲလွင့်လို့ နေပြန်တာ၊ သြော် ချစ်စရာ ချစ်စရာ ” ဆိုတဲ့ သီချင်းက ခေါင်းထဲမှာ အပြိုင် ပေါ်လာခဲ့တယ်..။ ကျွန်တော်တို့ ငယ်စဉ်ဘ၀ တရှိုက်မက်မက် ဆိုခဲ့ဟစ်ခဲ့တဲ့ သီချင်း ပေါ့..။

အခုခေတ်ရွာက ကလေးတွေ.. ခေတ်ရေစီးကြောင်းလိုက်ပြီး .. ဟစ်ဟော့ နဲ့ပေါင်းစပ် ရောသမမွှေပြီး အဲဒီသီချင်းကို ဆိုချင်ဆို နေမှာလို့ လှမ်းတွေးရင်း ပြုံးမိတယ်..။
အခုလိုပေါ့..။

“ လက်ပံပွင့်တွေ၊ လေတိုက် ကြွေလိုက်.. မကျေနပ် လဲသေလိုက် ( အမ်ဟမ်း.. အမ်ဟမ်း) ၊ တ၀ဲဝဲ လွင့်လို့ လေမှာမနေ.. အသဲထဲ ပွင့်လို့ မြေမှာသေ (ယို့..ယို့.. ယို့.. ယို့ ).....။ ခွေးလေး ရူးပါဟေ့.. ခွေးလေးရူးပါဟေ့ (အိုးလေး လှုပ်ပါဟေ့ကဲ့သို့ ဆိုရန်) ”

34.9 လက်ပံပွင့်ဋီကာ

ခေတ်ဆိုတာ.. စီးမျောနေတော့ ဟစ်ဟော့နဲ့လည်း ကျွန်တော် သိပ်မစိမ်းလှပါဘူး..။ သမီးတော်နဲ့ သားတော်မောင်က အသက်ကသာ ရှစ်နှစ်နဲ့ငါးနှစ်..။ စိုင်းစိုင်းခမ်းလှိုင်ရဲ့ “အိုးလေး လှုပ်ပါဟေ့ ” ဆိုတဲ့သီချင်း အစအဆုံး ရတယ်..။

နို့ပိုးစားလို့ ရှေ့သွားနှစ်ချောင်းလောက် ကျန်တော့တဲ့ သားတော်မောင် အဲဒီသီချင်းဆိုရင် သိပ်ရီရတယ်..။ မပီကလာ ပီကလာနဲ့ ပေါ့..။ ကိုယ်က အဲဒီသီချင်းကို ဃဂနဏ မကြားဖူးသေးတဲ့အချိန်..။ သူက “ စောစောစီးစီး၊ အိပ်ရာကထ၊ စိတ်မှာထကြွ၊ လူကြီးမိဘ.. လူကြီးမိဘ ” နဲ့ အော်ဆိုတော့.. မဒမ်နဲ့ ကျွန်တော် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြတယ်..။

နောက်မှ.. “ လူဖျင်းကြီးတစ်ယောက်လို ၊ လူပျင်းကြီးတစ်ယောက်လို ” ဆိုတာကို သားတော်မောင်က “ လူကြီးမိဘ၊ လူကြီးမိဘ ” နဲ့ သူ့နားထဲ ကြားသလို ဆိုနေမှန်း သိတော့တယ်..။ ဟစ်ဟော့ဆိုတာကလည်း.. စကားလုံးအများကြီးကို နောက်ကခွေးရူးလိုက်သလိုမျိုး ပေးထားတဲ့ Timing ထဲ အလျင်မီအောင် အပြေးအလွှား ဆိုကြတာ ဆိုတော့ သားတော်မောင်နားထဲ.. “ လူဖျင်းကြီးတစ်ယောက်လို၊ လူပျင်းကြီးတစ်ယောက်လို ” ကို “လူကြီးမိဘ၊ လူကြီးမိဘ” လို့ပဲ ကြားနေဟန် တူပါရဲ့..။

သူအဲသလိုကြားတာက အရေးမကြီးဘူး..။ “စောစောစီးစီး၊ အိပ်ရာကထ၊ စိတ်မှာထကြွ၊ လူကြီးမိဘ၊ လူကြီးမိဘ” နဲ့ ရောက်လေရာမှာ ဟစ်နေခဲ့ရင် ဒုက္ခ..။ အဲဒါနဲ့ ကျေးဇူးရှင်လေးကို ပြင်ဆိုဖို့ ချော့မော့ ပြောရတယ်..။ ဒါတောင် “ အဖေကြီးက ဘာသိလို့လဲ၊ သားဆိုတာကမှ အမှန် ” လုပ်နေလို့ အဲဒီသီချင်းကိုဖွင့်ပြီး သားအဖနှစ်ယောက် အတူထိုင်ကြည့်လိုက်ရသေးတယ်..။

ဆိုတော့.. ရွာက ကလေးများလည်း ဟစ်ဟော့ လမ်းကြောင်းပေါ် ရောက်ချင်ရောက်နေမှာလို့ လှမ်းတွေးမိရင်း သန်းထွန်းလေးရဲ့ လက်ပံပွင့်ချိန် သီချင်းကို ခံစားကြည့် လိုက်တာပါ..။ လက်ပံပင် ဆိုတာကလည်း အညာမှာပဲ ပေါက်ထင်ပါရဲ့..။ ရန်ကုန်မှာ တွေ့ရခဲတယ်..။ အညာမှာကတော့ ပေါမှပေါ..။ ဘယ်ရွာမှာ မဆို လက်ပံပင် ရှိတယ်..။

လက်ပံပင် ကို ကျွန်တော်ကတော့ သဘောကျတယ်..။ သူ့မှာ တခြားအပင်တွေနဲ့ မတူတဲ့ ၀ိသေသတွေ ရှိတယ်..။ ဥပမာ.. အပွင့် ပွင့်ကြစတမ်းဆိုရင် သူက မခိုမကပ် ပွင့်တယ်..။ တပင်လုံး ရဲရဲနီသွားအောင် ပွင့်လေ့ရှိတယ်..။ အရွက်မကျန်အောင်အထိ သူပွင့်တယ်..။ အောက်ပြည်အောက်ရွာက စိန်ပန်းပွင့်သလိုမျိုး ပဲ..။ ဒါပေမယ့် စိန်ပန်းပင်ထက် သာတာက လက်ပံပွင့် ကြွေရင် သိပ်ကြည့်ကောင်းတယ်..။

အပင်ကိုယ်နှိုက်က အပင်ကြီးမျိုး ဆိုတော့ လက်ပံပင်ရဲ့ အနိမ့်ဆုံးကိုင်းကိုက မြေကြီးအထက် ပေ သုံးလေးဆယ်အမြင့်မှာရှိတယ်..။ ပွင့်ချပ် တည်ဆောက်ထားပုံ ကလည်း စင်္ကြာလို.. လေထဲမှာ တ၀ဲဝဲလည်ဖို့ စွမ်းရည်က အပြည့်နဲ့ ဆိုတော့ လက်ပံပွင့်တပွင့် ကြွေကျလာရင် အရမ်းကို လှတာပဲ..။ မြေကြီးပေါ်ကို တဟုန်ထိုး ရုပ်ပျက်ဆင်းပျက်နဲ့ ထိုးဆင်းမလာဘုး..။

အနီရောင်နတ်သမီးလေး တစ်ပါး ကောင်းကင်မှာ အားရပါးရ ကခုန်ပျော်မြူးပြီး မြေပေါ် သက်ဆင်းလာသလိုမျိုး..။ ဖြေးဖြေးလေး နဲ့ ငြိမ့်ငြိမ့်လေး..။

နောက်.. လက်ပံပွင့်ခြောက်က စားလို့ သိပ်ကောင်းတယ်..။ လက်ပံပွင့်ခြောက်လို့သာ ပြောတာ..။ ပွင့်ချပ်ပွင့်ဖတ်က မရှိတော့ပါဘူး..။ အထဲက ၀တ်ဆံနဲ့ သူ့ရဲ့ အအုပ်အစီးကို စားကြတာပဲ..။ အဲဒါကို ရွာဖက်မှာ လက်ပံခေါင်းလို့ ခေါ်ကြတယ်..။ ဒီနေ့ လက်ပံခေါင်းနဲ့ ပုန်းရည်ကြီး ချက်ထားတယ်ဟေ့ ဆိုရင်တော့ အဲဒီနေ့ ထမင်းအိုးပေါက်ကိန်းရှိတယ်..။ ၀က်သားလေးပါ ရောလိုက်ရင်တော့ ပွဲကပြီးပြီ..။

လက်ပံခေါင်းရဲ့ အရသာက တမူထူးခြားတယ်..။ နည်းနည်း ချွဲတယ်..။ ကျွန်တော်ကြိုက်တဲ့ နောက်ထပ် အညာအစားအစာ တခုပေါ့..။

Thursday, November 13, 2008

ကိုနဗန ရွာပြန်သွားသည်

အကိုကြီးကိုနဗန အလှူကိစ္စတွေ ဆောင်ရွက်ပေးဖို့ ရွာပြန်သွားပါတယ်။ မသွားခင်ရက်က ကျွန်တော့်ဆီ ဖုန်းဆက်ပြီး ဘလော့မှာ ရေးထားပေးဖို့ မှာခဲ့သော်ငြားလဲ ကိုးနတ်ရှင် မကောင်းလို့ ဘယ်လိုမှဝင်လို့မရ ပြီးတော့ကျွန်တော်က နေမကောင်းဖြစ်... ဒါနဲ့ အခုမှပဲ ရေးနိုင်တော့တယ်။

ကျွန်တော် ရွာက ရန်ကုန်ပြန်ရောက်ရောက်ခြင်း မော်လမြိုင်ထွက်သွားရလို့.. ဘလော့ဂ်နဲ့ အဆက်ပြတ်သလို ဖြစ်သွားရတယ်..။ မကြာခင် အရင်လို ပြန်ပြီး ကမြင်းနိုင်တော့မှာပါ..။ ပျော်ရွှင်ကြပါစေဗျား..။
ချစ်ခင်စွာနဗန

Monday, October 27, 2008

သူငယ်ချင်းများအကြောင်းရေး တာ အတော်များသွားပြီ..။ ရေးစရာတွေ ရှိနေသေးပေမယ့် ဘလော့ဂ်ကြွလာ ဆွေသဟာတို့ ငြီးငွေ့နေမလားလို့ တွေးမိတာနဲ့ တခြားအကြောင်းအရာလေး မျှဝေပါ့မယ်..။ အပြောင်းအလဲ လေးပေါ့..။

ဒီတစ်ခါတော့ .. ယောက္ခမ နဲ့ ချွေးမ ဆိုတဲ့ မျဉ်းပြိုင်နှစ်ကြောင်း အချိန်ကာလအမိုးအကာအောက်မှာ နားလည်မှု သံယောဇဉ်တွန်းအားတွေကြောင့် ပေါင်းဆုံသွားတဲ့ အကြောင်းလေး ပြောကြည့်ပါ့မယ်..။

ဘ၀အမောတွေ ပြေနိုင်ကြပါစေဗျား..။

33.1 မင်းမိန်းမက ဗိုက်ရော ပါလို့လား

ကျွန်တော်နဲ့ မဒမ် မင်္ဂလာဆောင်တော့ အမေက ကြွရောက်ချီးမြှင့်ခြင်း မလုပ်ခဲ့ဘူး..။ ရှေ့မှာ ပြောခဲ့သလို သူ့သားကို ဘယ်သူနဲ့ယူယူ သဘောမတူနိုင်ဖြစ်နေခဲ့တာမို့.. ကျွန်တော်နဲ့ မဒမ် အိမ်ထောင်သက် တနှစ်လောက်အထိ အမေ သူ့ချွေးမကို မမြင်ဖူးသေးဘူး..။

အဖေတို့ အမတို့ တဆင့်ပြောအသိလောက်နဲ့ပဲ သူသိနေခဲ့တယ်..။ ကောင်မလေးက ငယ်ငယ် သေးသေးလေး..။ ထိုင်ဝမ်တရုတ်ပိုင်တဲ့ စက်ရုံမှာ စကားပြန်လုပ်နေတယ်..ဆိုတာလောက်ပဲ အမေသိနေခဲ့တာပေါ့..။

အဖေတူအမေတူ ညီအကိုမောင်နှမ ငါးယောက်မှာ ကျွန်တော်က အရင်ဆုံး အိမ်ထောင်ကျတယ်..။ အဖေ့အနေနဲ့က မြေးဆိုတာ.. သူ့အရင် မိန်းမရဲ့ သားကြီး သမီးကြီးတွေ မွေးပေးထားလို့ မရှားပေမယ့်.. အမေ့အတွက်ကတော့ အိမ်ထောင်အရင်ဆုံးကျတဲ့ ကျွန်တော်သားသမီးက သူ့မြေးဦး ပေါ့..။

မြေးဦးတွေက အဘိုးအဘွားရဲ့ အချစ်ကို ရတတ်ကြတာမို့ ကျွန်တော်လည်း ဘာရယ်ညာရယ်မဟုတ်.. ကျွန်တော့်ကလေး ဆိုရင် အမေအချစ်ပို မှာပဲလို့ တွက်ထားတယ်..။ သူ့ချွေးမအပေါ်ထားတဲ့ သဘောထား လည်း ကလေးသာ ရခဲ့ရင် ပျော့ပြောင်းသွားလိမ့်မယ်လို့ ထင်ထားတာပေါ့..။

ကိုယ့်သွေးကိုယ့်သား ဆိုတဲ့ စိတ်နဲ့ တင်ကြိုမျှော်မှန်း ပြီး ကလေးလိုချင်တဲ့ စိတ် အပြင် ပြောခဲ့သလို အမေ့အတွက် မြေးဦးဖြစ်စေချင်နေပြန်တော့ အရူးအမူး ကျွန်တော် ကလေးလိုချင်နေခဲ့တယ်..။

ဒါပေမယ့် လက်တွေ့မှာက ဘာတွေလွဲချော်နေမှန်းမသိဘဲ.. အိမ်ထောင်သက် တစ်နှစ်လောက်အထိ ကလေးရ နိုင်မယ့် အရိပ်အယောင်လေးတောင် မမြင်ရလို့ ကျွန်တော်နဲ့ မဒမ် ဆေးခန်းပေါင်းစုံ ရောက်ခဲ့ကြတယ်..။

ကိုယ်ဝန်ရှိမရှိ သိနိုင်တဲ့ ဆီးစမ်းပစ္စည်း ၀ယ်လိုက်ရတာလဲ နေ့တိုင်း လိုလိုပဲ..။ မနက်စောစော ဆီး နဲ့ စမ်းမှ ပိုတိကျတယ် ဆိုတာနဲ. မဒမ် မနက်အိမ်သာဝင် အပေါ့သွားတိုင်း အပေါက်ဝမှာ အဲဒါလေး နဲ့ ကျွန်တော် စောင့်နေခဲ့တဲ့ နေတွေ့ ဘယ်နည်းမလဲ..။

မဒမ် အပေါ့သွားပြီးလို့ ပြန်ထွက်လာတိုင်း လင်မယားနှစ်ယောက် ခေါင်းခြင်း ဆိုင်ပြီး .. မျဉ်းတစ်ကြောင်း လား နှစ်ကြောင်းလား ကြည့်၇တာလဲ အမော..။

ဒါပေမယ့် လူ့ပြည်က အပ်တချောင်းက ဗြဟ္မာ့ပြည်က အပ်နဲ့ ဆုံဖို့ တစ်နှစ်လောက်တောင် ကြာနေခဲ့တယ်..။

မနက်တိုင်းနီးနီး ဆီးစမ်းတဲ့ indicator လေး ကိုင်ပြီး ရေအိမ်ဝင်ထွက်နေရတာ တစ်ရက်လဲ မဟုတ်တော့ မဒမ်ကတောင် ကျွန်တော့်ကို နောက်ပြောပြောတယ်..။ မီးမီး ဆီး နဲ့ စမ်းလာတာ တနှစ်လောက်ရှိပြီ.. မထူးခြားဘူးဆိုတော့ ဒီတစ်ခါ အကိုကြီး ဆီး ကို စစ်ကြည့်ပါ့လားတဲ့..။

အဲသလိုနဲ့ သက္ကရာဇ် ၂၀၀၀ မတ်လလောက်မှာတော့ .. အရင်က တွေ့နေကျ မျဉ်းတစ်ကြောင်း နေရာမှာ နောက်မျဉ်း ခပ်မှိန်မှိန်လေး တစ်ကြောင်း ထပ်ပေါ်လာခဲ့တယ်..။ ကျွန်တော်တို့ လင်မယား ပျော်လိုက်တာဆိုတာ မပြောပါနဲ့တော့..။

(ဆီးစမ်းတဲ့ ပစ္စည်းလေးဆိုတာ.. ကိုယ်ဝန်ရှိစ အမျိုးသမီးတွေရဲ့ ဆီးထဲမှာ ထွက်လေ့ရှိတဲ့ ဓါတ်တမျိုးကို ဓါတ်ခွဲခန်းတွေမှာ အက်စစ်နဲ့ ဘေ့စ် ခွဲတဲ့ လစ်တမတ်စက္ကူလိုဟာလေးနဲ့ ထောက်လှမ်းကြည့်တဲ့ ပစ္စည်းလေးပါပဲ.. အမျိုးသမီးရဲ့ ဆီးကို ခွက်တလုံးထဲ ထည့် .. အဲဒီစက္ကူစလေးကို အဖျားမြုပ်ရုံလောက် နှစ်ကြည့်ရတယ်..။ စက္ကူစမှာ ရွှဲသွားတဲ့ ဆီးကနေတဆင့် အဲဒီစက္ကူစပေါ်မှာ မျဉ်းကြောင်းလေးတွေ ပေါ်လာတာပဲ..။ မျဉ်း က ခရမ်းရောင် လေးတွေ..။ မျဉ်းတစ်ကြောင်းထဲဆိုရင် ကိုယ်ဝန်မရှိ.. မျဉ်းက နှစ်ကြောင်း ပေါ်နေရင် ကိုယ်ဝန်ရှိတယ်ပေါ့... ဗဟုသုသု ပေါ့ ဟဲဟဲ)

ကိုယ်ဝန်ရှိနေပြီ ဆိုတာ သေချာတာနဲ့ မန္တလေးက အမေ့ဆီ ကျွန်တော် ၀မ်းသာအားရ လှမ်းဖုံးဆက် တယ်..။

“ အမေ.. အမေ့ချွေးမမှာ ကိုယ်ဝန်ရှိနေပြီဗျ ” လို့ ကျွန်တော် ပြောတော့ အမေက “ မင်းမိန်းမက ကိုယ်ဝန်ရှိရအောင် ဗိုက်ရောပါလို့လား ” တဲ့..။

ဟာဗျာ အမေကလဲ .. လို့ ကျွန်တော်လည်း စိတ်ပျက်လက်ပျက်နဲ့ ဖုံးချလိုက်တော့တယ်..။ မဒမ့်ကိုတော့ အဲဒီအကြောင်း ပြန်မပြောဖြစ်ခဲ့ဘူး..။ ရင်ထဲမှာတော့ အတော်စိတ်မကောင်းဖြစ်ခဲ့၇တဲ့ နေ့ပေါ့..။





33.2 ဗိုက်ဖုံးအင်္ကျီ အ၀ယ်ထွက်ကြခြင်း


မဒမ့်မှာ ကိုယ်ဝန်ရှိပြီဆိုတော့ ဗိုက်ဖုံးအင်္ကျီဝယ်ဖို့ ကျွန်တော် စဉ်းစားရတော့တယ်..။ အဲဒါနဲ့ ရုံးပိတ်ရက် တစ်ရက် လင်မယားနှစ်ယောက် မြို့ ထဲ ချီတက်ခဲ့ကြတယ်..။ ရှစ်မိုင်လမ်းဆုံ Junction 8 အပေါ်ထပ်က ဗိုက်ဖုံးအင်္ကျီ ရောင်းတဲ့ ဆိုင် အရင် သွားကြတယ်..။

ဆိုင်မှာ ရှိသမျှ ဗိုက်ဖုံးအင်္ကျီတွေက မဒမ်နဲ့ ဘယ်လိုမှကို မတော်တဲ့ အကြီးကြီးတွေ..။ ချိုင်းပေါက်က ခေါင်းစွပ်လို့ ရနေတယ်..။ ဈေးကျတော့လည်း တစ်သောင်းရှစ်ထောင် တဲ့..။ အဲသလိုဆိုရင်တော့ မဖြစ်ချေဘူးဆိုပြီး မြေနီကုန်း ဂမုန်းပွင့် သွားကြပြန်တယ်..။

ဂမုန်းပွင့်မှာလည်း ထူးမခြားနား.. အကြီးကြီးတွေ ချည်းပဲ ၇ှိတယ်..။ ဗိုက်ဖုံးအင်္ကျီချုပ်သူများက မဒမ့်လို မိန်းကလေး ဗိုက်မကြီးဘူးများ မှတ်နေလား မသိဘူး..။ မဒမ်နဲ့ တော်တာ.. တစ်ထည်မှကို ရှာမရ ဖြစ်နေတယ်..။

လင်မယားနှစ်ယောက် စိတ်ဓါတ်တောင်ကျချင်သလိုလို ဖြစ်သွားခဲ့ကြတယ်..။ ကဲ ဗိုက်ဖုံး အင်္ကျီ ရှာမရလဲ ရောက်တုံးရောက်ခိုက် လျှောက်ကြည့်ကြတာပေါ့ လို့ တွေးပြီး နှစ်ယောက်သား လျှောက်ကြည့်ကြတယ်..။ ဟိုငေးဒီငေးပေါ့..။

တနေရာရောက်တော့ ဆယ့်ကျော်သက် ကလေးမလေးတွေ ကိုင်ကြည့်နေတဲ့ အင်္ကျီဘောင်းဘီ တွဲလျက် ၀မ်းဆက် လေးတွေ တွေ့တယ်..။ ဘောင်းဘီက Three Quaters လောက် အပွင့်အပွင့်လေး တွေနဲ့ သရက်ထည် ဆန်ဆန် လေးတွေ..။ အင်္ကျီကလဲ.. အကွက်ဆင်တူ လေးတွေ..။

အဲဒါမြင်တော့ ကျွန်တော် ၀မ်းသာအားရ မဒမ့်ကို “ မီးမီး ဒါလေးတွေနဲ့ ဆိုရင် မရဘူးလားလို့ .. ” အဲဒီနားကို အတင်းဆွဲခေါ် သွားတယ်..။ အရေးထဲ ရောင်းတဲ့ ကလေးမလေးက “ ဒါတွေက ဗိုက်ဖုံးအင်္ကျီ မဟုတ်ဘူး ” လို့ လျှာရှည်နေလို့ အဲဒါ ညည်း အပူမဟုတ်ပါဘူးလို့ ဟောက်ရသေးတယ်..။

မဒမ်နဲ့ ကျွန်တော် .. အရောင်သုံးလေးမျိုးလောက် ကိုယ်မှာကပ်ကြည့် ဆုံးဖြတ်ပြီး သကာလ.. အနီရောင် တစ်ထည် နဲ့ အစိမ်းရောင် နှစ်ထည် ၀ယ်လိုက်ကြတယ်..။ ဘောင်းဘီနဲ့ ၀မ်းဆက်ဆိုပေမယ့် .. အင်္ကျီသီးသန့်ပဲ တောင်း ၀ယ်ခဲ့ကြတယ်..။

ကျွန်တော်တို့ လင်မယားရဲ. ဗိုက်ဖုံးအင်္ကျီ ရှာပုံတော်လည်း အဲဒီမှာ တခန်းရပ်သွားခဲ့တော့တယ်..။

အဲဒီ အင်္ကျီကို ဗိုက်ဖုံးအင်္ကျီလို သဘောထား ၀တ်ဆင်ပြီး သမီးလေးကိုယ်ဝန် နဲ့ လင်မယားနှစ်ယောက် စက်ရုံရှေ့မှာ အမှတ်တရ ရိုက်ထားတဲ့ ဓါတ်ပုံ တွေ့တာနဲ့ တင်ပေးလိုက်ပါကြောင်း..။ ( ပြောပြီးမှ ပုံက တင်မရလို့ နောက်နေ့မှ တင်ပေးပါ့မယ် )

33.3 တို့အိမ်က တီဗွီကြီးက ဒီနေ့ည မြန်မာကား ကွ

လင်ရယ်မယားရယ် ဆိုပြီး တအိုးတအိမ် ထူထောင်ထားကြပေမယ့်.. သူ့ဖက်ကိုယ့်ဖက် ပါလာတာက အ၀တ်တထည် ကိုယ်တခု သာသာဆိုတော့ သမီးလေး ကိုယ်ဝန် ရှိသည့်တိုင် ကျွန်တော်တို့ မှာ တီဗွီလေး တစ်လုံး တောင် ကြည့်စရာ မရှိခဲ့ဘူး..။

မဒမ်လစာ နဲ့ ကျွန်တော့်လစာ ပေါင်းရင် အထိုက်အလျောက်တော့ ပိုလျှံပါတယ်..။ ဖြစ်ညှစ်ပြီး ၀ယ်မယ်ဆိုရင်တော့ တီဗွီတလုံး ၀ယ်နိုင်လောက်ပေမယ့် မဒမ့်ခမျာ မိန်းမသားတို့ ထုံးစံအတိုင်း လက်ဝတ်လက်စားဖက် မှာ အာရုံပိုကျနေခဲ့လို့ တီဗွီဖက် အလှည့်မရောက်ခဲ့ရဘူး..။

သမီးလေး ကိုယ်ဝန်ရပြီဆိုမှပဲ လင်မယားနှစ်ယောက်လုံး တီဗွီဝယ်မယ် လို့ တွေးမိကြတော့တယ်..။

မဒမ့်မှာ ချစ်စရာကောင်းတဲ့ အလေ့အထ လေး တခုရှိတယ်..။ အဲဒါကတော့ အကြောင်းကိစ္စကြီးငယ် ရှိတိုင်း မဒမ်က “ မိသားစု အစည်းအဝေး ” ခေါ် တာပဲ..။ မိသားစု အစည်းအဝေးဆိုလို့ လူအများကြီးလို့ မထင်နဲ့အုံး..။ သူနဲ့ကျွန်တော် နှစ်ယောက်တည်း စည်းဝေးဆုံးဖြတ်ကြတာ..။

အစည်းအဝေးတိုင်း မဒမ်က ဦးဆောင်တယ်..။ meeting agenda ကိုလဲ သူပဲ ရေးဆွဲစီစဉ်တယ်..။

တီဗွီဝယ်မယ်..။ budget က တသိန်းလောက် မှန်းတယ်..။ ပထမနှစ်လ သုံးသောင်းဆီ .. နောက်ဆုံးလ လေးသောင်း စုမယ်.. ။ သဘောတူလား ပေါ့..။ မဒမ်က သဘာပတိနေရာကနေ အတည်အတန့် အဲသလို မေးရင် ကျွန်တော်က “ သဘောတူပါတယ် ” လို့ ပြန်ဖြေရတယ်..။

ကျွန်တော့်အဖြေကို ရတာနဲ့ မဒမ်က အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးပြီ လို့ ကြေငြာတယ်..။

(အခုတော့ အဲသလိုအစည်းအဝေး လုပ်ရင် သားရော သမီးရော တက်ရောက်ကြရတယ်..။ သားနဲ့သမီး နားလည်လည် မလည်လည် မဒမ်က သူတို့ကိုပါ သဘောတူလား လို့ အမြဲမေးတယ်..။ ကလေးလေးတွေကလဲ.. မိဘနှစ်ပါးနဲ့ အဲသလိုမျိုး လုပ်ရတာကို ပျော်နေတော့ သဘောတူလားမေးတိုင်း သဘောတူတယ်လို့ အော်တော့တာပဲ..။)

ဆိုတော့ လင်မယားနှစ်ယောက် တီဗွီဝယ်ဖို့ ပိတ်ရက် မြို့ထဲ ထွက်ကြတယ်..။ ပန်းဆိုးတန်း တလျှောက် ဆိုင်တွေ ဗိုက်ကလေး ကော့တော့်ကော့တော့်နဲ့ ပေါ့..။

Samsung Show Room ထဲ ၀င်ကြည့်ပြီး စိတ်တိုင်းကျတာ မတွေ့လို့ ပြန်ထွက်အလာမှာ လူတစ်ယောက်က ကျွန်တော်တို့ လင်မယားကို Show Room ဈေးထက် ချိုစေရမယ် လို့ လာပြောတာနဲ့ သူခေါ်တဲ့နောက် ဇဝေဇ၀ါ နဲ့ လိုက်ခဲ့ကြတယ်..။

အနော်ရထာ လမ်းမပေါ်က ဆိုင်တဆိုင်ရဲ့ အပေါ်ထပ်မှာ လိုချင်တဲ့ တံဆိပ်ပြော.. Show Room ထက် ဈေးမချိုရင် မ၀ယ်နဲ့ ပစ္စည်း လဲ အာမခံတယ် ဆိုတာနဲ့ လင်မယားနှစ်ယောက် ခေါင်းချင်းဆိုင် တိုင်ပင်ပြီး TOSHIBA လက်မ နှစ်ဆယ် ကို ကိုးသောင်း ငါးထောင်နဲ့ ၀ယ်ခဲ့ကြတယ်..။

တီဗွီဝယ်ပြီးပြီးချင်းပဲ စက်ရုံကိုလှမ်းဖုံးဆက်ပြီး အင်တန်နာ ထောင်ဖို့ လိုအပ်တာလေးတွေ ကြိုဝယ် စီစဉ်ထားပါ လို့ ကျွန်တော့်အောက်က အင်ဂျင်နီယာများကို ပြောလိုက်တယ်..။

နောက်တော့ တက်စီ ငှား ၀ယ်ထားတဲ့ တီဗွီကို တင်ပြီး လင်မယားနှစ်ယောက် ပျော်ပျော်ကြီး လှိုင်သာယာ စက်ရုံကို ပြန်ခဲ့ကြတယ်..။

စက်ရုံရောက်တော့ ပြင်ဆင်စရာပြင်ဆင်.. ဆက်သင့်တဲ့ကြိုးတွေ ဆက်.. ထောင်သင့်တဲ့ တိုင်ထောင်တယ်..။

အဲဒီနေ့ညက လင်မယားနှစ်ယောက် ဘ၀ရဲ. ပထမဦးဆုံး ကိုယ်ပိုင် တီဗွီကို “ ရွှင်လန်းချမ်းမြေ့ကြပါစေ.. မြန်မာ့ရုပ်မြင်သံကြား ညပိုင်း အစီအစဉ်များ ပြီးဆုံးပါပြီ ” ဆိုတဲ့ စာတမ်း ထိုးတဲ့ အထိ ထိုင်ကြည့်ပစ်လိုက်ကြတယ်..။

နောက်နေ့မနက် အလုပ်ထဲမှာ “ ငါ့အိမ်က တီဗွီက မနေ့ညက မြန်မာကား လာတယ်ကွ ” လို့ ဟာသလေးနှောပြီး ကျွန်တော်ကြွားတော့ လုပ်ဖော်ကိုင်ဖက်များက ၀ိုင်းရယ်ကြတယ်..။

33.4 ဘာလာလာ ချစ်ပြီးသား

တဖြည်းဖြည်းနဲ့ သမီးလေးကိုယ်ဝန် သက်ရင့်လာတော့ မဒမ်ကို အလုပ်ထွက်ခိုင်းလိုက်တော့တယ်..။ အလုပ်ကတဖက် အိမ်ရဲ့ ဝေယျာဝစ္စက တဖက် နဲ့ ဆိုတော့ မဒမ်ရဲ. ကျန်းမာရေး ထိခိုက်မှာမျိုးလဲ စိုးရိမ်မိတယ်..။

သူတို့အလုပ်ကလဲ စည်းမရှိ ကမ်းမရှိ တော်ကြာ All night ဆင်းရတာနဲ့ တော်ကြာ Overtime ရှိပြန်ပြီ ဆိုတော့ ကြာရင် လုံးပါးပါးကိန်း ရှိတယ်..။

လင်ကိုမယား နှစ်ယောက်ထဲ နေကြတာဆိုတော့ ကျွန်တော်အလုပ်သွားရင် မဒမ်က အိမ်မှာ ကျန်ခဲ့ပြီး ချက်ပြုတ်လျှော်ဖွပ်ပေါ့..။ အိမ်က စက်ရုံထဲမှာပဲ ဆိုတော့ နေ့လည် ထမင်းစားချိန် ကျွန်တော်အိမ်ပြန်စားလိုက်တယ်..။

ကျွန်တော်က အစားအသောက် ဂျီးမများဘူး..။ မဒမ်ချက်ကျွေးသမျှ မညည်းမညူ အကုန်စားတာပဲ..။ လူပျိုဘ၀ကတည်းက ဖြစ်သလို နေခဲ့တာဆိုတော့ .. ဘယ်လိုချက်မှ.. ဘာဟင်းမှ ဆိုတာမျိုး ကျွန်တော့်မှာ မရှိဘူး..။

ဗိုက်ပြည့် ပြီးကရော ပဲ..။

မဒမ်ကတော့ ကြိုးစားပမ်းစား ဖွယ်ဖွယ်ရာရာ ဖြစ်အောင် ချက်ကျွေးရှာတယ်..။ တခါတရံတော့ ကျွန်တော့်တသက် မစားဖူးတဲ့ အထူးအဆန်း အစားအစာလေးတွေ စားရတတ်တယ်..။ မဒမ်က ဘီလင်းက ဆိုတော့ တာလပေါ လို ကရင်စာလေးတွေ ချက်တတ်တယ်..။

ကျွန်တော်တို့အညာမှာ တာလပေါ ဆိုတာ.. ဘယ်ရှိမလဲ..။ နောက် ချဉ်ဖတ်မျိုးစုံ စားရတယ်..။ ရွာမှာနေစဉ်က ချဉ်ဖတ်ဆိုတာ.. နှမ်းဖတ်ချဉ်.. ပဲပင်ပေါက်ချဉ်.. ကတက်ချဉ်.. ဟင်းကလာချဉ်.. ဇောင်းဂျမ်းချဉ်.. လောက်ပဲ စားဖူးတာ..။ ( ဇောင်ဂျမ်းပင်ဆိုတာ ရန်ကုန်က လူတော်တော်များများ သိတောင်မသိကြဘူး )

ထမင်းဟင်းကို ဖွယ်ဖွယ်ရာရာ ဖြစ်အောင် စီစဉ်ပေးတယ်ဆိုပေမယ့် တခါတလေတော့ အပေါက်အလမ်း မတည့်တာလေးတွေ ကြုံရတတ်တယ်..။ သူချက်ထားတဲ့ ဟင်းကို စားကောင်းတယ်လို့ တခါ ပြောမိထားရင် မဒမ်က အသေမှတ်ထားပြီး နေ့တိုင်း လောက် ချက်ကျွေးတော့တာပဲ..။

သင်္ဂဇာ ဆရာတော်ရဲ. “ ရွှေချဉ်ပေါင် တုံးခါမှ မောင်ဘုန်း ပြန်လာမယ် ” ဆိုတာမျိုး ဆန်ဆန်ပေါ့..။

တခါကလဲ ပုဇွန်ချဉ်သုပ်.. မန်ကြီးရွက်ချဉ်ရည်.. ပုဇွန်ခြောက်ချဉ်ပေါင်ကြော်..ချက်ထားတယ်..။ စားစရာရှိတာ စားပြီး မဒမ့်ကို “ သံပုရာရည်လေး သောက်ရ ကောင်းမှာ ” လို့ နောက်မိတယ်..။ “ အခုဖျော်လိုက်မယ် ခဏစောင့် ” လို့ မဒမ်က အဟုတ်ထင်ပြီး ဖျော်မယ်လုပ်လို့ မနည်းတားရတယ်..။

အဲသလို နေ့ရက်တွေ တရက်ပြီး တရက် ကူးဖြတ်ပြီး မဒမ့်ဗိုက်က ပူသထက် ပူလာခဲ့တယ်..။

သားဦးယောက်ျားလေး လိုချင်တယ် ဆိုပေမယ့် ဘာဖြစ်ဖြစ် ကိုယ့်သွေးကိုယ်သားပဲ ဆိုတဲ့ အသိနဲ့ သမီးမွေးမွေး သားမွေးမွေး ထူးပြီးတော့..ဘယ်ဟာ လိုချင်တယ် စိတ်ထဲ မရှိပါဘူး..။ မိန်းကလေးမွေးရင်တော့ သူငယ်ချင်းများကြား အစအနောက် ပိုခံရဖို့ တော့ ရှိတယ်..။

သူကြီးက အဲဒီတုံးက မိန်းမ မရသေးဘူး..။ မိန်းမရပြီးသား သူငယ်ချင်းတွေ ဘာမွေးလဲ လိုက်စပ်စုပြီး “ လူယုတ်မာတွေ များ မွေးလိုက် သမီးချည်းပဲ ” လို့ လည်ပြောနေတဲ့ အချိန်ပေါ့..။ တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်းများကလဲ မွေးလိုက် သမီးချည်း ဖြစ်နေတော့ ရယ်စရာ တခုကို ဖြစ်လို့..။

33.5 ရိုးရိုးမွေးမလား ခွဲမွေးမလား

သမီးလေး မွေးမယ့်ရက် Due ဖြစ်ခါနီးတော့ လင်မယားနှစ်ယောက် မိသားစု အစည်းအဝေး ထိုင်ကြတယ်..။ ရိုးရိုးမွေးမလား ခွဲမွေးမလား တိုင်ပင်ကြတာပဲ..။ နောက်ဆုံးတော့ ကိုယ်ဝန်အပ်ထားတဲ့ အိုဂျီ သဘောအတိုင်း မွေးကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်..။

အဲဒါနဲ့ အိုဂျီကို တိုင်ပင်တော့ အိုဂျီက ခွဲမွေးဖို့ အားပေးတယ်..။ သူကိုယ်တိုင် ခွဲမယ်..။ ဘုရင့်နောင် ဈေးနားက နိုက်တင်ဂေး ဆေးခန်းမှာ မွေးမယ်လို့ ပြောတာနဲ့ နိုက်တင်ဂေး ဆေးခန်းကို လင်မယားနှစ်ယောက် ရက်ချိန်းသွားယူကြတယ်..။

မွေးမယ့်အချိန်ကိုတော့ ဦးရီးတော် ဗေဒင်ဆရာကို အခါရွေးခိုင်းလိုက်တယ်..။ သူရွေးပေးတဲ့ အချိန် အိုဂျီကို ပြောတော့ အိုဂျီက လက်ခံတာနဲ့ ခွဲမယ့်နေ့ မတိုင်ခင် တစ်ညစောပြီး နိုက်တင်ဂေး ဆေးခန်းကို လင်မယားနှစ်ယောက် ထွက်လာခဲ့ကြတယ်..။

သူ့ဖက်ကိုယ့်ဖက် မိဘများကိုလဲ ပြောမနေကြတော့ပါဘူး..။ သူ့ဆွေမျိုးကိုယ့်ဆွေမျိုး ဆိုတာလဲ နီးနီးနားနား မရှိတော့ လင်ကိုမယား နှစ်ယောက်ထဲ ပေါ့..။ အမေ့ကိုတော့ သတိရမိသလို ဖြစ်ပါတယ်..။ အမေရှိရင် ကောင်းမှာလို့ လဲ တွေးမိတယ်..။

ဒါပေမယ့် လှမ်းမှာလဲ.. လာချင်မှ လာမှာ..၊ မလာရင် ကိုယ်ပဲ စိတ်မကောင်းဖြစ်ရအုံးမယ် လို့ တွေးမိတာနဲ့ အမေတို့ ဆီကိုလဲ.. အကြောင်းမကြားဖြစ်တော့ပါဘူး..။

ဆေးခန်းမှာက ကိုယ့်လို မွေးလူနာ သုံးယောက်လောက် ရှိတယ်..။ ကြည့်ဖူးတဲ့ တရုတ်ကားတွေထဲကလို ကိုယ့်ကလေး သူ့ကလေး လွဲမှာ ကျွန်တော် စိုးနေမိတာနဲ့ သူတို့ကလေးလေးတွေကို
မဆီမဆိုင် ကျွန်တော် လိုက်ကြည့်သေးတယ်..။

ခွဲစိတ်ဖို့ အားလုံးအဆင်သင့်ဖြစ်တော့ မဒမ်ကို ခွဲခန်းဝတ်စုံ ၀တ်ပေးကြတယ်..။ ခေါင်းစွပ်နဲ့ ဘာနဲ့ဆိုတော့ အမြင်ဆန်းပြီး အတော့်ကို ကြည့်ကောင်းတယ်..။ နောက် မဒမ် ခွဲခန်းထဲ ၀င်သွားတယ်..။ ကျွန်တော်ကတော့ အပြင်ဖက် ခုံတန်းမှာ မျက်နှာကျက် မော့ကြည့်လိုက် နံရံ ကြည့်လိုက် ဘယ်လက်ကို ညာလက်နဲ့ ဖြစ်ညှစ်လိုက် လုပ်နေခဲ့တယ်..။

သိပ်တော့ မကြာလိုက်ပါဘူး..။ နှာ့စ် မတစ်ယောက် သမီးလေး ကို ပွေ့ပြီး ထွက်လာတယ်..။ အဲဒါ ကျွန်တော့်သမီးလေး လားလို့ မေးတော့ နာ့စ်မက ပြုံးပြီး ခေါင်းညိမ့်ပြတယ်..။ မထိရက် မကိုင်ရက် နီတာရဲလေး ပေါ့..။ ဘယ်သူနဲ့ တူမှန်းကို မသိပါဘူး..။ ငယ်ငယ်မွှားမွှား ပိစိလေးဆိုတော့ ကျွန်တော့်မှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေခဲ့တယ်..။

နောက် မကြာဘူး..။ မဒမ်ကို တွန်းလှဲ နဲ့ တွန်းထုတ်လာတယ်..။ မေ့ဆေး မပြယ်သေးလို့ မျက်စိမှိတ်ထားပေမယ့် နှုတ်ခမ်းနီတောင် မပျက်ဘူး..။ ကလေးတစ်ယောက်မွေးပြီး ထွက်လာတာတောင် လှတုံး ပဲ.. ဟဲဟဲ..။

မေ့ဆေးပျယ်တော့ သမီးကို မဒမ်က နို့တိုက်တယ်..။ သမီးလေးကို သူ့ဘေးနား ဘေးစောင်းသိပ်ပြီး အိုအိုအေအေ ပါးစပ်ကရွတ်ရင်း နို့တိုက်နေတာကို ကြည့်ပြီး ကျွန်တော့်မှာ ပီတိတွေ ကို ဖြာလို့ ..။

33.6 မအိပ်မနေ အနှီးလျှော်

သမီးမွေးတာက သက္ကရာဇ် နှစ်ထောင် ဒီဇင်ဘာ (၅) ရက်ဆိုတော့ ဆောင်းတွင်းကြီး..။ ပေါက်လိုက်တဲ့ ရှုးရှုး.. မပြောပါနဲ့တော့ .. ။ အိမ်ဖော်ကမရှိ.. မဒမ်က မီးတွင်းဆိုတော့ အလုပ်ဆင်းပြန်လာတာနဲ့ ရေချိုးခန်းထဲဝင် အနှီးပုံ ကျွန်တော် ထိုင်လျှော်ရတယ်..။

အနှီး အထည် နှစ်ဆယ်လောက် ရှိတာတောင် သိပ်ပြီး လိပ်ပတ်မလည် ချင်ဘူး..။ ရှုးစိုတဲ့ အနှီးဆိုရင် လျှော်ရ လွယ်တယ်..။ နည်းနည်းပါးပါး ဆပ်ပြာ ပွတ်ပြီး ရေလျှော်လိုက်ရင် ရပြီ..။ အနံ့ ပျောက်ရုံပေါ့..။ အီးအီး ပေတဲ့ အနှီးဆိုရင်တော့ Brush နဲ့ အီးအီးတွေ စင်အောင် အရင်လုပ်ပြီး မှ လျှော်ရတော့ လက်ဝင်တယ်..။

ဒီကြားထဲ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ကောင်းရင် ရေချိုးခန်းတံခါးပေါက်ကနေ လျှောက်လက်စ အနှီး တန်းလန်း နဲ့ လှမ်းလှမ်းငေးသေးတော့ တခါတရံ ဆို ညဆယ်နာရီ ဆယ့်တစ်နာရီလောက်မှ အနှီးလျှော်တာ လက်စသတ်နိုင်တယ်..။

မှတ်မှတ်ရရ .. (၂၀၀၀) ခုနှစ် အကယ်ဒမီ ပေးပွဲညက ဆို အနှီးလျှော်တာ မနက်သုံးနာရီထိုးတဲ့ အထိပဲ..။ ညဦးပိုင်း အကယ်ဒမီပေးပွဲ လာနိုးလာနို်းနဲ့ မျှော်နေလိုက်တာ .. လာတော့မလိုလိုနဲ့ .. သတင်းအားလုံးပြီး မှ လာတော့ .. အကယ်ဒမီပေးပွဲလဲ ပြီးရော.. အချိန်လွန်သွားပြီ..။

အလုပ်ထဲမှာ ပင်ပမ်းခဲ့တာရယ်.. အချိန်ကလဲ အိပ်ချိန်ကျော်နေပြီဆိုတော့ အရမ်းကို အိပ်ချင်နေခဲ့ပေမယ့် ကျွန်တော်ညပိုင်း အနှီးမလျှော်ဖြစ်ရင် နောက်တနေ့ အတွက် အနှီးက မရှိတော့ဘူး ဆိုတဲ့ အသိနဲ့ အိပ်ချင်စိတ်ကို အတင်းဖျောက်ပြီး လျှော်ရတာပေါ့..။

နောက်တနေ့မနက် အလုပ်ထဲမှာ အဲဒီအကြောင်း ကျွန်တော်ပြောတာကို ကြားတဲ့ ကျွန်တော့်အထက်လူကြီးက သူ့မိန်းမကို ပြန်ပြောတော့ သူ့မိန်းမက အနှီး အထည်နှစ်ဆယ် ပေးလိုက်တယ်..။

အဲဒီတော့မှ ကျွန်တော်လည်း အနှီးလျှော်ရတဲ့ အကြိမ်ရေ လျော့သွားတော့တယ်..။