Tuesday, December 23, 2008

36.4 အမေချမ်းရင်

သူများတွေ ဆောင်းကျွတ်၊ မောင်ပေါတို့လည်း ဆောင်းကျွတ်တာပါပဲ ဆိုတဲ့ စကားနဲ့ ဆက်စပ်ပြီး ကျွန်တော့်ငယ်ဘ၀ ဆောင်းအမှတ်တရ အဖြစ်အပျက်လေး တစ်ခု

ခေါင်းထဲ ပေါ်လာခဲ့တယ်..။

ဟိုးရှေးရှေးနားမှာ ကျွန်တော်ရေးခဲ့သလို ကျွန်တော်လူမှန်းသိတတ်တော့ အဖေက စီးပွားပျက်ပြီးနေပြီ..။ ဦးပေါတို့လောက်သာ အခြေအနေမဆိုးတာ..

ဆောင်းရောက်တိုင်း ကျွန်တော်တို့လည်း ရုန်းကန် ကျော်ဖြတ်ခဲ့ရတာပေါ့..။ အထူးသဖြင့် ဆောင်းဝတ်အင်္ကျီ အနွေးထည်ဆိုတာ ကျွန်တော်တို့ မိသားစုအတွက်

ကတော့ ရှားပါးပစ္စည်းပဲ..။

ပြောရရင် တက္ကသိုလ်ကျောင်းသား ဖြစ်သည်အထိ အနွေးထည် မယ်မယ်ရရ ကျွန်တော့်မှာမရှိခဲ့ပါဘူး..။ အတူနေ သူငယ်ချင်း ဥက္ကာဆွေပေးတဲ့ နှစ်ဖက်လှ

အနွေးထည်နဲ့ ပဲ တက္ကသိုလ်ဆောင်းတွေကို ကျွန်တော် အံတုခဲ့ရတယ်..။ အထက်တန်းကျောင်းသားဘ၀လောက်တုံးကတော့ အဖေက အနွေးထည် တစ်ထုပ်ကြီး

ယူလာပေးတယ်..။

မောင်နှမတစ်တွေ ပျော်ပျော်ပါးပါးကြီး ၀တ်ခဲ့ကြတာပေါ့..။ ဒါပေမယ့် .. သိပ်မကြာပါဘူး..။ အဲဒီအနွေးထည်အားလုံး ပျောက်ခြင်းမလှ ပျောက်သွားခဲ့တယ်..။

ထူးဆန်းတဲ့ ပျောက်ဆုံးမှုလို့ ပြောရမှာပဲ..။

နောက်မှ ..အမေက အဲဒီအနွေးထည်အားလုံး ဧရာဝတီမြစ်ထဲ မျောပစ်လိုက်တယ်လို့ သိရတယ်..။ အဖေယူလာတာက သူ့အရင်အိမ်ထောင် သားကြီးသမီးကြီး တွေရဲ့

အနွေးထည် အကျတွေဆိုတော့ အမေက မခံစားနိုင်ဘူးနဲ့ တူပါရဲ့..။ ကျွန်တော်တို့ မောင်နှမတစ်တွေကတော့ အမေအဲသလိုလုပ်တာ စိတ်မကွက်ပေမယ့်

နှမျောသလိုလို တော့ ဖြစ်နေခဲ့ကြတယ်..။

ချမ်းတာကိုး..။

အညာဆောင်း ချမ်းချက်ကတော့ အဖေပြောပြောနေတဲ့ ပုံပြင်တောင် ရှိတယ်..။ အဖေတို့ ရွာမှာ ဆောင်းတွင်းချမ်းလွန်းလို့ လူတစ်ယောက် ကွေးအိပ်သတဲ့..။

ကွေးရင်းကွေးရင်း နဲ့ အချမ်းက ပိုလာ၊ ပိုကွေးနဲ့ နောက်ဆုံး သူ့ခေါင်းက သူ့ပေါင်ကြား ပြန်ရောက်သွားသတဲ့..။ ပုဇွန်တုပ်ကွေးလိုမျိုး ပေါ့..။ အဲသလိုမျိုးကွေး

နေတာက ဘာပြသာနာမှ မရှိပေမယ့်.. သူက တရေးနိုးလာသတဲ့..။

နိုးနိုးခြင်း အိပ်မှုန်စုန်မွှားနဲ့ သူ့မျက်စိရှေ့က မြင်ကွင်းက ထူးဆန်းသလို ဖြစ်နေတော့ မျက်တောင်လေး သုံးလေးချက်လောက် ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး မြင်ကွင်း

ကြည်လင်အောင် သူလုပ်တယ်..။ အမြင်အာရုံတွေေ၀၀ါးရာကနေ ကွဲကွဲပြားပြား သူမြင်သွားတော့ အတော် ဒေါသထွက်သွားတယ် ဆိုပဲ..။

သူ့စိတ်ထဲမှာလည်း “ ဘယ်ကောင်တုံးကွ စော်စော်ကားကားနဲ့..ငါ့မျက်နှာရှေ့တည့်တည့် ဖင်တုံးလုံး ” နဲ့ တွေးနေ သတဲ့..။

အဲဒါနဲ့ ဖျာစ ချိုးပြီး အဲဒီတုံးလုံးဖင်ကို မှတ်လောက်သားလောက်အောင် ကောက်ထိုးလိုက်မယ်ဆိုပြီး အားရပါးရထိုးလိုက်တော့မှ.. ကိုယ့်ဖင်ကို ထိုးမိရက်သား

ဖြစ်နေမှန်း သိတော့သတဲ့..။

အညာဆောင်းက အဲသလောက် ချမ်းတာဗျား..။

ကျွန်တော့်ငယ်ဘ၀ ဆောင်းအဖြစ်အပျက်ကတော့ အမေနဲ့ ဆိုင်တယ်..။ အညာဆောင်းတွင်း တစ်ရက်ကြီးမှာ အမေက ဘာရယ်မဟုတ်.. ကျွန်တော့်ကို ဖက်ထားရင်း

“ငါ့သားလေးရယ် ချမ်းလိုက်တာ ” လို့ ပြောတယ်..။ အဲဒီအချိန်တုံးက ကျွန်တော့်အသက် ရှိလှ သုံးနှစ်တဲ့..။

ကလေးအတွေးနဲ့ ချမ်းတယ်လို့ လာပြောနေတဲ့ အမေကို သက်သာရာသက်သာကြောင်း ကျွန်တော်ချက်ခြင်း ပြန်ပြောပုံက..

“ အမေ ချမ်းရင် ဂွေးစိနှိုက် ပါလား ” တဲ့..။

ကိုယ်ကိုယ်တိုင်လည်း ချမ်းတိုင်း အဲသလို လုပ်နေခဲ့တာမို့ အမေလည်း အချမ်းသက်သာမလားလို့ ပြောခဲ့ဟန် တူပါရဲ့ ဗျာ..။

အခုတော့ အဲဒီအကြောင်းကို မိသားစုဆုံတိုင်း ပြန်ပြောမိတဲ့ ရယ်စရာတစ်ခု ဖြစ်နေခဲ့ပါပြီ..။

3 comments:

တောရိုင်းနှင်းဆီ said...

ကြံကြံဖန်ဖန် ရေးလဲရေးတတ်ပါပေတယ် ......
အမြဲအားပေးလျှက်ပါ Happy New Year
ကိုနဗနရေ .........
အသစ်တွေမျှော်နေမယ် ....

တက်တူ said...

အနွေးထည်ရှယ်ကြတာတော့ ကျွန်တော်တို့လည်းတူတူဘဲ။ ကျွန်တော်တို့ မောင်နှမသိပ် မများပေမဲ့ ဝမ်းကွဲများသား။ တယောက်နဲ့တယောက် ကလည်းမတိမ်းမရိမ်း။ နှစ်တိုင်း ဆောင်းဆို အနွေးထည် သိပ်မဝယ်ဘူး ကြီးစဉ်ငယ်လိုက် လက်ဆင့်ကမ်းကြတယ်။ အနွေးထည်မှ မဟုတ်ဘူး လက်ဆင့်ကမ်းလို့ရတာ အကုန်လက်ဆင့်ကမ်းတယ်။ အဲဒီတုန်က မောင်နှမတွေ ပျော်စရာကောင်းတယ်၊ ခုတော့ တနေရာစီ မလွယ်တော့ဘူး။

တောင်ပေါ်သား said...

အကိုရေ တော်တော်ကို ဟာသမြောက်တာပဲဗျ လေးစားပါတယ်