Friday, December 12, 2008

35.12 ကန်သင်းရိုးပေါ်မှာ စာကြည့်ရတော့ ဘာအရေးလဲ

တပည့်တွေ အပိုင်းနဲ့ ပတ်သက်လို့ကတော့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ချို့တဲ့မှုတွေက.. ကိုယ့်ရဲ့ ထူးချွန်အောင်မြင်နိုင်ရေးမှာ အဓိက မကျပါလားဆိုတဲ့ ယုံကြည်မှု မျိုးစေ့လေး ချပေးနိုင်ဖို့ ကျွန်တော်ကြိုးစားခဲ့မိတယ်..။ အဲဒီမျိုးစေ့လေး မရှိဘဲနဲ့.. ထူးချွန်ထက်မြက်မှု သစ်ပင်.. ဘယ်လိုမှ ဝေစည်မလာနိုင်ဘူးလို့ ကျွန်တော်ယုံကြည်တယ်..။

ကျွန်တော်တို့ရွာ အညာမှာ ကျားတို့ခြင်္သေ့တို့ဆိုတာ အရှင်လတ်လတ် မြင်ရဖို့ ဘယ်ဖြစ်နိုင်မလဲ..။ စာအုပ်ထဲက ကျား၊ စက္ကူကျား၊ အရုပ်ကျားတွေနဲ့ ကျားဆိုတာ ဒီလိုအကောင်ပဲ ဆိုတဲ့ အသိရခဲ့တယ်..။ အဲဒီအသိနဲ့ပဲ တကယ့်ကျားအစစ်ကို အပြင်လက်တွေ့ဘ၀မှာ တွေ့ရင် ကျားကို ကျားမှန်းသိတယ်..။ ခြင်္သေ့ကို ခြင်္သေ့မှန်း သိတယ်..။ ရေမြင်းကို ရေမြင်းမှန်းတယ်..။ မိကျောင်းကို မိကျောင်းမှန်းသိတယ်..။

ဆိုလိုတာက ကျားတို့ခြင်္သေ့တို့ ကို သိဖို့အတွက် ကျားအရှင်၊ ခြင်္သေ့အရှင် မလိုအပ်ပဲ အရုပ်ကျားစက္ကူကျား နဲ့လည်း လုံလောက်ပါတယ် လို့ပဲ..။

အဲဒါလေးကို ကလေးတွေနဲ့ အပြန်အလှန်လေး မေးခွန်းထုတ်ရင်း ထိထိရောက်ရောက်လေး ပြောဖြစ်တယ်..။

တို့က တောမှာနေရလို့၊ ကျားအစစ် မမြင်ဖူးလို့၊ ခြင်္သေ့အစစ် မတွေ့ဖူးလို့.. ကျားဆိုတာဘယ်လိုဟာ၊ ခြင်္သေ့ဆိုတာ ဘယ်လိုအကောင် သိခွင့်မရှိတော့တာ မဟုတ်ဘဲ ရွာ.. ရွာအလျောက် ကိုယ့်ပတ်ဝန်းကျင်က ရှိတဲ့ အချက်အလက်တွေနဲ့လည်း ကျားတို့ခြင်္သေ့တို့ကို သိနိုင်တဲ့အကြောင်း သူတို့ သဘောပေါက်သွားတဲ့အထိ ပြောခဲ့ကြတယ်..။

မြို့ကြီးပြကြီးက လျှပ်စစ်မီး ထိန်ထိန်းညီးနေတဲ့ အခန်းထဲမှာ အဲယားကွန်းအရသာလေး ခံစားရင်း စာကြည့်နေတဲ့ ဆယ်တန်းကျောင်းသား လည်း ဒီသင်ရိုးညွှန်းတန်း ပဲ သင်ရတာဖြစ်ပြီး .. ရွာကန်သင်းရိုးပေါ် ဖင်ချထိုင်ပြီး နွားကျောင်းရင်း ကြည့်ရင်လည်း ဒီသင်ရိုးညွှန်းတန်းပဲ မဟုတ်လား..။

အဲယားကွန်းခန်းထဲ မှာ ကြည့်ကြည့်.. ကန်သင်းရိုးပေါ်မှာ ကြည့်ကြည့် တစ်နဲ့တစ်ပေါင်းရင် နှစ် ရမှာပဲ..။ အဲယားကွန်းခန်းထဲမှာမို့လို့ You is လို့ လုပ်မရပါဘူး..။ You ဆိုရင် are နဲ့ တွဲရမယ်ဆိုတာ.. ကန်သင်းရိုးပေါ်ထိုင်ရင်း သျှင်သုမန (ဘီအေ)ရဲ့ အင်္ဂလိပ်သဒ္ဒါစာအုပ်ဖတ်လည်း လုံလောက်ပါတယ်..။ အောက်စဖို့ဒ် ကထုတ်တဲ့ latest edition ဖတ်မှ.. သိရမှာ မဟုတ်ပါဘူး..။

အဲဒါလေး ပြောရင်း ကန်သင်းရိုးပေါ်မှာ စာကြည့်ရတာကမှ လေကောင်းလေသန့်ရသေးတယ်..။ ကျေးလက်ရှုခင်း ခံစားနိုင်သေးတယ်..။ ကံကောင်းရင် ကမြင်းမနီတောင် ဖင်တွယ်ခံရနိုင်သေးတယ်လို့ ကျွန်တော်ပြောတော့ ကလေးတွေ ခိုးခိုးခစ်ခစ်နဲ့ ရယ်ကြတယ်..။

တို့က ဆင်းရဲလို့၊ အိမ်မှုကိစ္စတွေလုပ်နေရလို့ .. မြို့ကြီးသား သူဌေးသား ကျောင်းသားတွေလောက် စာကြည့်ချိန်မှ.. မရတာ..။ ဘယ်လိုလုပ် သူတို့လောက် အောင်မြင်နိုင်မှာလဲ လို့လည်း ကိုယ့်ကိုယ်ကို လျော့တွက်ပြီး စိတ်ပျက်အားမငယ်ကြဖို့ လည်း ပြောရပြန်တယ်..။

မြို့ကြီးသားတွေ စာကြည့်နေတဲ့ အချိန် ကိုယ်က ရေထမ်းနေရရင်.. ရေထမ်းရင်း စာကြည့်လို့ မရဘူးလားပေါ့..။ ရေထမ်းကတဖက် စာအုပ်ကြီးတဖက် မဖြစ်နို်င်ပေမယ့် .. ပုံသေနည်းအပိုင်းအစ.. သီအိုရီအပိုင်းအစ.. definition အပိုင်းအစလေးတွေကို.. ရေထမ်းရင်း ကျက်တာလောက်တော့ မဖြစ်နိုင်စရာမှ မရှိတာပဲ..။

အဲဒါလေးနဲ့ ဆက်စပ်ပြီး သူတို့ကို မေးမိတယ်..။ “ ရေထမ်းရင်း စာကြည့်ကြလား ” ပေါ့..။ အားလုံးက “ မကြည့်ဘူး ” လို့ ဖြေကြတယ်..။ “ ဟ.. ဘာဖြစ်လို့မကြည့် ကြတာလဲ.. ရယက ဥက္ကဌက ရေထမ်းရင်းစာကြည့်တဲ့ ကောင် ဖမ်းမယ်လို့ အမိန့်ထုတ်ထားလားလို့လား ” လို့ ကျွန်တော် ဆက်မေးတော့ “ ဟင့် အင်း ” တဲ့..။

“ ဒါဆိုရင်.. မင်းတို့မိဘတွေက ရေထမ်းရင်း စာကြည့်ရင် သားသမီးအဖြစ်က စွန့်လွှတ်မယ်လို့ ပြောထားလို့လား ” ဆိုပြန်တော့လည်း “ အဲလို မဟုတ်ပါဘူး ” တဲ့..။ စပ်ဖြီးဖြီးနဲ့ အားလုံး က ဖြေကြတယ်..။

အနည်းဆုံးတော့ သူတို့ လက်ခံသွားခဲ့ကြတယ်..။ တောမှနေရလို့ ရုပ်ဝတ္ထုအပံ့အပိုး ချို့တဲ့တာဟာ.. သူတို့ရဲ့ဆယ်တန်းအောင်မြင်ရေးမှာ သိပ်အရေးမပါဘဲ.. သူတို့ရဲ့ ကြိုးစားအားထုတ်မှုကသာ အဓိက ကျပါလား လို့..။

3 comments:

P.Ti said...

ကိုနဗနရဲ့ဘလော့ကို ဖတ်နေတာကြာပါပြီ... ကွန်မန့်ကိုတော့ မရေးဖြစ်ဘူးပေါ့။

အခုပြောခဲ့တဲ့စကားလေးတွေကိုဖတ်ပြီး ကလေးတွေအတွက် အားတက်စရာ ကြိုးစားချင်စိတ်ဖြစ်အောင်ပြောထားကို သဘောကျလို့ ရေးလိုက်ပါတယ်။ အဲလိုလေးတွေပြောတာလေးတွေက လက်တွေ့ကျပြီး အားတက်စေပါတယ်။ အကုန်လုံးမဖြစ်တောင် တစ်ယောက်ဖြစ်လည်း အမြတ်ပါပဲ။

ကျွန်တော်လည်း အညာက ညောင်ဦးဆိုတဲ့ မြို့ငယ်လေးကပါပဲ။ အခြေခံကတော့ မြို့ကြီးက ကျောင်းကြီးတွေလောက်တော့ မကောင်းဘူးပေါ့။ အသက်ကြီးမှတော့ ပိုကြိုးစားရပါတယ်။

ကြိုးစားနိုင်ရင် အခုအရွယ်လောက်ရောက်တော့ တီတီစီ ဒဂုံ၁ နန်ယန် လသာ၂ စတဲ့ နာမည်ကြီးကျောင်း တွေမှာ တက်ခဲ့တဲ့သူတွေနဲ့ ထူးမခြားနားပါပဲ...

“ကန်သင်းရိုးပေါ်မှာ စာကြည့်ရတော့ ဘာအရေးလဲ…”

Nanda said...

ကိုရင် သနပ်ခါးရေ ပညာရေးနဲ့ပတ်သက်တာလေး စိတ်ဝင်စားမိတာနဲ့ အမြင်လေး နဲနဲလောက်ဝင်ဖလှယ်အုံးမယ်။ ကလေးတွေ အတန်းထဲမှာ အိပ်ငိုက်တယ်ဆိုတာ ဖြစ်လေ့ဖြစ်စဉ်ပါပဲ။ ဒါပေမယ့် သူတို့စိတ်ဝင်စားတဲ့အကြောင်းပြောပြနေရင် ရီစရာလေးတွေ ပြောပြနေရင် လုံးဝအိပ်ချင်စိတ်မ၀င်ဘူး ဆိုတာ ငယ်ရာက ကြီးလာတဲ့ကျွန်တော်တို့ကောင်းကောင်းသိကြတာပဲနော့။ ကလေးမပြောနဲ့ လူကြီးတောင် ဆရာအသင်အပြမကောင်းရင် အိပ်ငိုက်လိုက်တာမှ နဖူးနဲ့စားပွဲ တဒိုင်းဒိုင်းပဲ။

မှတ်မိမလားမသိဘူး စာကိုဖိနပ်ချွတ်သင်တဲ့ စကားတစ်လုံးမှ မပြောတဲ့ သင်္ချာဆရာ။ ပြီးတော့ ခပ်ရွှင်ရွှင်လေးသင်တဲ့ ဆရာယဉ် နဲ့ ။ ဟာသမပြော တည်တည်ကြည်ကြည်သင်ပေမယ့် အသင်မဆိုးတဲ့ ဆရာ Marlboro man။ သူတို့ ၃ယောက်ကို ဥပမာထားကြည့်ရင်ကို သိသာပါတယ်။ ဖိနပ်ချွတ်သင်တဲ့ ဆရာအချိန်ဆို ကျွန်တော်တို့တတွေ အိပ်လိုက်ကြတာ အတုံးအရုံး..သူ့လက်ချာနားထောင်ဖို့မပြောနဲ့ စာလိုက်ကူးတာတောင်ဖြောင့်အောင် မကူးနိုင်ဘူး။ ဆရာယဉ်အချိန်ကျတော့ ခပ်ရွှင်ရွှင်လေး နဲ့သင်ရတော့ အိပ်တော့မငိုက်ဘူး။ ဒါပေမယ့် ကိုယ်ကပဲ အဲဒီအချိန်က စူးစိုက်အားမကောင်းခဲ့လို့လားမသိဘူး စာတွေကို လုံးစေ့ပတ်စေ့ နားမလည်ဘူး။ ဥပမာဗျာ calculus မှာ differentiation လုပ်နေတာကို ဖော်မြူလာတွေပဲ အလွတ်ကျက်ပြီး တွက်ခဲ့ကြတယ်။ တကယ့် အနှစ်သာရကို မဆုပ်ကိုင်မိခဲ့ဘူး။ definition အရ rate of change of function ဆိုတာကိုတော့သိတယ်။ အဲဒါကြီးက အပြင်လောကမှာ ဘယ်လိုနိယာမမျိုးကိုခေါ်တာလဲ ဘာကြီးလဲဆိုတာကို ခေါင်းထဲမှာ ရှင်းနေအောင် နားမလည်ခဲ့ဘူး။ Fourier transform ဘာကြောင့်လုပ်နေတာလဲ အနှစ်သာရဆိုတာ ဘာလဲ နားမလည်ခဲ့ကြဘူး..။

အကျိုးဆက်က သူများနိုင်ငံမှာ အဆင့်မြင့်ပညာကို ဆရာနဲ့ စီနီယာတွေဆီက အပေါ်ယံguideline လောက်ပဲရပြီး အသေးစိတ်ကို ကိုယ့်ဖာသာ ရှာဖွေသင်ယူရချိန်မှာ ဒုက္ခရောက်တော့တာပါပဲ။ ကိုယ်သင်ယူခဲ့ရဘူးတာက သူများတွေ ထုတ်ထားပြီးသား equations တွေ ဖော်မြူလာတွေကိုသုံးပြီး ပုံစံခွက်ထဲက problems တွေကို ဖြေရှင်းတဲ့နည်း။ ကိုယ်တကယ်လုပ်ရမှာက ကိုယ်မသင်ယူခဲ့ဘူးတဲ့ ပုံစံခွက်ထဲက မဟုတ်တဲ့အရာတွေကို ဖြေရှင်းလို့ရမယ့် ပြသနာဖြစ်အောင် problem ကို modelize လုပ် define လုပ်ပြီး ကိုယ့်ပြသနာ ကိုယ်ဖြေရှင်းဖို့ ကိုယ်ပိုင် ဖော်မြူလာ အီကွေးရှင်းတွေ ထုတ်ရမှာမျိုး.. ။ ဟီး.. ပြောစရာလိုသလား.. အောက်သက်မကြေခဲ့တဲ့ calculus , differentiation, integration ကစပြီးသဘောတရားပါ အားလုံးနားလည်အောင်ပြန်ကြည့်ရတော့တာပါပဲ။ ရလဒ်ကတော့ ဒီအသက်ရွယ် ဒီအတန်းကျမှ ဒါလေးကအစမသိရှိပါလားလို့ သူများအထင်သေးတာလဲ ခံရ။ study ကလဲနှောင့်နှေး။ အစစရာရာ သူများထက်နောက်ကျတော့တာပါပဲ။

မှတ်မှတ်ရရ တစ်ခုပြောပြအုံးမယ်.. ကျွန်တော်တို့ ၁၀တန်းတုံးကလဲ အခြေခံ Calculus ကို သင့်ခဲ့ရတယ်။ အဲဒီတုံးက ကျူရှင်ဆရာကို မေးကြည့်သေးတယ် … ဆရာအဲဒါ ဘာလဲပေါ့ ဘယ်နေရာတွေမှာသုံးတာလဲပေါ့။ သူလဲ ဘာမှ ရေရေရာရာမဖြေနိင်ခဲ့တဲ့အပြင် ခုပြန်စဉ်းစားကြည့်တော့ အမှားတွေတောင် ပါနေတယ်။ ဒါတောင် အဲဒီဆရာလဲ အသင်အပြမဆိုးဘူးလို့ သတ်မှတ်ခြင်းခံရသူ တပည့်တွေကိုလဲ စိတ်ဝင်စားအောင် သင်ပေးတတ်သူ။ တပည့်တွေကလဲ သင်ပေးသလောက်ကို မရရအောင် အလွတ်ကျက် လေ့ကျင့်ပြီးဖြေလိုက်တာ အမှတ်တွေကလဲ ရှယ်ရအောင်ဖြေနိုင်သူတွေ.. ဟဲဟဲ စာသိပ်တော်တယ် အချီးကျူးခံရသူတွေပေါ့ဗျာ(ကြုံတုံး ကြွားတာ..း)။ ဒါပေမယ့် တကယ့်တကယ် problem solving skill ကို နားမလည်ခဲ့ကြဘူး။ ကိုယ့်ဖာသာ ကိုယ်လမ်းကြောင်းရှာပြီး သင်ယူတဲ့နည်းဆိုတာကို နားမလည်ကြတော့ဘူ။ အဲဒီတော့ အရာအားလုံးကိုယ့်အားကိုယ်ကိုး လုပ်ရတော့မယ့်ဆိုတဲ့အခါကျတော့ ရေထဲက ငါးကို ကုန်းပေါ်ပစ်တင်ထားသလိုပါပဲဗျာ..။

အဓိက ပြောချင်တာကတော့ ကျွန်တော်တို့ရဲ့ သင်ကြားမှု ချဉ်းကပ်ပုံစနစ်ကိုယ်တိုင်က လွဲချော်နေခဲ့ကြတယ်။ ကျောင်းသားရဲ့ အရည်အချင်းကို exam-oriented နည်းနဲ့ အဓိက တိုင်းတာကြလေတော့ အမှတ်များများရရေးသာ အဓိကဖြစ်နေပေတော့တယ်။ အထက်က ပြောခဲ့သလိုပဲ စာရဲ့ အနှစ်သာရကို နားမလည်တော့ ကျောင်းသားဟာ စာအပေါ်စိတ်မ၀င်စားတော့ပါဘူး.။ စိတ်မ၀င်စားတော့ စာသင်ချိန်ဟာ အိပ်ငိုက်ချိန်သဖွယ်ဖြစ်နေတော့တယ်။ စာကို သီအိုရီ နှင့်တကွ အခြေခံသဘာတရားကို ကောင်းကောင်းနားလည်သွား တဲ့အခါကျတော့လဲ သူ့အလိုလိုကို စိတ်ပါဝင်စားလာပြီးဆက်လက် စူးစမ်းလိုစိတ်တွေ ဆက်ကာဆက်ကာ ဖြစ်လာတော့တယ်။ အနှစ်ချုပ်ကတော့ ဗျာ တပည့်တွေ စိတ်ပျော်ရွှင်အောင် လဲ လုပ်ပေးနိုင် စာရဲ့အခြေခံသဘောတရား၊ နိယာမ တွေကို တပည့်တွေနားလည်ပြီး စာကို သူ့အလိုလို စိတ်ဝင်စားလ်ာအောင် လုပ်ပေးနိုင်တဲ့ ဆရာတွေ များလာရင်တော့ အတိုင်းထက် အလွန် တံခွန်နဲ့ကုက္ကားပေါ့ဗျား။

“ကန်သင်းရိုးပေါ်မှာ စာကြည့်ရတော့ ဘာအရေးလဲ…”
ဆိုတာလေးကိုထောက်ခံပါတယ်။ တကယ့်တကယ် သိပ်ကိုတိုးတက်နေတဲ့နိုင်ငံမှာလဲ ခုထိကိုပဲ စာတွေ့ သင်ကြားလေ့လာခြင်းကိုပဲ အလေးထားဆဲပါပဲ။ သင်ထောက်ကူပစ္စည်းတွေ ဟာ လိုအပ်တဲ့ ဘာသာရပ်တွေမှာ မရှိမဖြစ် လိုကောင်းလိုနိုင်ပေမယ့်.. ပိုပြီးအဓိကကျတာကတော့ Background theory နဲ့ ဖြစ်စဉ်သဘောတရားတွေကို နားလည်ဖို့ပါပဲ..။ နဲနဲ ရှည်သွားတယ်ဗျို့.. ဆောတီး

Rita said...

ကောင်းလိုက်တဲ့ post !
ကောင်းလိုက်တဲ့ Comment များ !

ဘာဆက်ပြောရမယ်မှန်းတောင် မသိတော့ဘူး။
ကျွန်မလဲ integrate , differentiate နဲ့ ပတ်သတ်ပြီး စဉ်းစားဖူးတာရှိတော့ Nanda ရေးတဲ့ comment က တိုက်ရိုက် ထိပါသည်ရှင်။

ဒါတွေကို ၈ တန်းကလေး ပုံသေနည်း သင်ပေးပြီး တွက်ခိုင်းလဲ တွက်တတ်မှာပဲ...ဒါဆို ငါတို့ ၈ တန်း ကလေးထက် ဘာသာသလဲ လို့ပေါ့

အနှစ်သာရကို ဖမ်းဆုပ်မိဖို့ လိုတယ်လို့ တွေးကားတွေးခဲ့မိ၏။ သို့သော် မရ။

အချိန်မရ
ဦးနှောက်မရ

ကျူရှင်ပြေးတက်ပြီး ဒီလိုနဲ့ပဲ ဘွဲ့လို့ခေါ်တာကြီး ရလာတာပဲ