Friday, September 11, 2009

46.1 အဖေ့မွေးနေ့ အတွေးတစ

မကြာမတင်ကပဲ အဖေ့အသက် ၇၇ နှစ်ပြည့်လို့.. ကျွန်တော်တို့မိသားစု အဖေ့ကို ကန်တော့ဖြစ်ကြတယ်..။ တခမ်းတနား ကြီးကြီးကျယ်ကျယ် ကန်တော့တာမျိုးတော့ မဟုတ်ပါဘူး..။ အဖေ့အတွက် ပုဆိုးတစ်ထည် အင်္ကျီတစ်ထည် အပြေးအလွှားသွားဝယ်ပြီး သားမိသားဖတတွေ အဖေ့အိမ် ချီတက်ကန်တော့ကြတာပဲ..။

အကန်တော့ခံ မွေးနေ့ရှင်ကလည်း စွပ်ကျယ်ချိုင်းပြတ်နဲ့ အိမ်အောက်က ကွပ်ပျစ်မှာ တင်ပလ္လင်ခွေထိုင်ပြီး အကန်တော့ခံတာပါပဲ..။ တကယ်တော့ ၇၇ နှစ်ဆိုတဲ့ အသက်ဟာ.. အတော်အိုပြီပဲ..။ စားနိုင်သောက်နိုင် သွားနိုင်လာနိုင် တုံးလို့ ဘယ်လိုပဲပြောပြော.. ဇရာထင်တိုင်းကြဲထားတဲ့ ဒဏ်ရာဒဏ်ချက်တွေက အဖေ့ကိုယ်ပေါ်မှာ ပွရွ နေပါတော့တယ်..။

အဖေနဲ့ ဒီနှစ်ပိုင်းတွေမှာ မကြာခဏ တွေ့နေကြတယ်ဆိုပေမယ့်.. အဲသလောက် အိုစာသွားတာကို.. အမှုမဲ့အမှတ်မဲ့နဲ့ ကျွန်တော်သတိမထားမိခဲ့ဘူး..။ အဲဒီနေ့ကမှ.. အဖေ့အသက်နဲ့ဇရာကို ယှဉ်တွဲစပ်ဟပ် သတိထားမိတော့တယ်...။

တချိန်တုံးက အားတွေမာန်တွေနဲ့ တင်းတင်းရင်းရင်း ရှိခဲ့တဲ့ အဖေ့လက်မောင်းတွေဟာ အခုတော့ စွပ်ကျယ်ချိုင်းပြတ်အောက်မှာ ခြောက်ကပ်ပိန်လှီလို့..။ လက်ပြင်း တွဲကျဖို့ အသားရယ်လို့ တောင် လုံလုံလောက်လောက် မရှိတော့တာ တွေ့ရတယ်..။ တချိန်တုံးက ဘီးမတိုးခဲ့တဲ့ အဖေ့ခေါင်းဆိုလည်း.. အခုတော့ တောမီးလောင်ထားတဲ့ ကျက်တီးကုန်းမြေလို ဟိုတစ်ကွက် ဒီတစ်ကွက် ငုံးတိတိနဲ့..။

အဲဒါတွေဟာ.. အဖေ့အတွက်.. အချိန်များများစားစား မကျန်တော့ဘူးဆိုတဲ့.. နိမိတ်ပုံ သင်္ကေတတွေ ဖြစ်မယ်ထင်ပါရဲ့..။

တကယ်တော့ အဖေဟာ.. ဘ၀အနိမ့်အမြင့်အတက်အကျ လှိုင်းလုံးတွေအောက်မှာ ထွေးလုံးရစ်ပတ် ကူးခတ်ခဲ့ရဖူးတယ်..။ အလိုဆန္ဒတွေနောက် တကောက်ကောက်လိုက်ရင်း အချစ်နဲ့အမုန်းတွေကို အဖေ အလဲအလှယ်လုပ်ခဲ့ဖူးတယ်..။ မတူညီတဲ့ အိမ်ထောင်ဖက်တွေကနေ ပေါက်ဖွားလာခဲ့တဲ့ သူ့ရင်သွေး တွေရဲ့ ယုံကြည်ကိုးစားမှု၊ မုန်းတီးနာကျဉ်းမှုတွေ ကိုလည်း အဖေ လက်ခံရယူခဲ့ဖူးတယ်..။

အဲသလို အဖြစ်သနစ်တွေနဲ့ ဘ၀ကိုထုဆစ်ခဲ့တဲ့ ကျွန်တော့်အဖေ သိပ်မကြာလှတော့တဲ့ အနာဂါတ်ကာလတစ်ခုမှာ ဟောဒီကမ္ဘာကနေ.. ဝေသီမှုန်ဝါး လွင့်ပါးပျောက်ကွယ်သွားရတော့မယ်..။

ဂျပန်ဧကရာဇ် မီဂျီဘုရင် လက်ထက် .. ဆာမူရိုင်းတွေ အကြောင်း ရိုက်ထားတဲ့ The Last Samurai ဆိုတဲ့ ဇာတ်ကားထဲမှာ.. ဆာမူရိုင်းခေါင်းဆောင် (katsumoto) သေသွားပြီဆိုတာကြားတော့.. ဧကရာဇ် မီဂျီက

'' Tell me how he died '' လို့ စိတ်မကောင်းကြီးစွာနဲ့ မေးပါတယ်..။

katsumoto နဲ့ အတူ သွေးသောက်ဖွဲ့ပြီး အတူတိုက်ပွဲဝင်ခဲ့သူ အမေရိကန်စစ်ဗိုလ် ( Nathan Algren ) အဖြစ် သရုပ်ဆောင်သူ မင်းသားတွမ်ခရုဇ်က.. ဧကရာဇ်ရဲ့ အမေးကို..

'' I will tell you how he lived '' လို့ ပြန်ဖြေခဲ့ပါတယ်..။

အခုလည်း ကျွန်တော့်အဖေ ဘယ်လိုသေမလဲ ဆိုတာထက်.. သူ ဘယ်လိုရှင်သန်နေထိုင်သွားခဲ့တယ် ဆိုတာလေး.. ပြောမလားလို့ စိတ်ကူးမိတာနဲ့ နိဒါန်းချီလိုက်ရပါကြောင်း..

Thursday, September 10, 2009

46.2 လူလင်မယား စီးပွားတခြား

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ထဲမှာ.. “ ဖောင်ချင်း” ဆိုတဲ့ ရွာရှိပါတယ်..။ အဲဒီရွာနဲ့ တစ်မိုင်ခွဲလောက် အကွာ မှာ ဆူးဖြူးကုန်းဆိုတဲ့ ရွာရှိပါတယ်..။ အဲဒီရွာနှစ်ရွာ.. တစ်ရွာနဲ့တစ်ရွာ တစ်မိုင်သာသာ ဝေးပေမယ့်.. နွားထိုးကြီးနယ်တကျော ကတော့.. နှစ်ရွာ့တစ်ရွာပေါင်းပြီး “ ဖောင်ချင်း ဆူးဖြူကုန်း” လို့ပဲ အရပ်ခေါ် အလွယ် လုံးပေါင်းခေါ်ကြပါတယ်..။

အဲဒီရွာတွေဟာ.. ကိုလိုနီခေတ် အင်္ဂလိပ်လက်အောက်မှာ.. အတော်အသင့် တိုးတက်ဖွံ့ဖြိုးမှု ရှိခဲ့ကြတဲ့ ရွာတွေပေါ့..။

ဆူးဖြူးကုန်း ဆိုရင်.. မန္တလေး မြင်းခြံ ရထားလမ်းဘေးမှာ ရှိလို့.. လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန်ပါတယ်..။

ရွာသူရွာသားအများစုက .. တောင်သူလယ်သမား ထန်းသမားတွေ ဖြစ်ကြပြီးတော့..လက်ငါးချောင်း မပြည့်တဲ့လူနည်းစုကတော့ လယ်ပိုင်ရှင် မြေပိုင်ရှင် သူဌေးတွေ ဖြစ်ပါတယ်..။

အဲဒီ လူနည်းစု ဘူဇွာ လူတန်းစားထဲမှာ.. ထူးခြားတဲ့.. လင်မယား နှစ်ယောက် ရှိပါတယ်..။

မိန်းမဖြစ်သူက.. ဆူးဖြူးကုန်းရွာသူဖြစ်ပြီး ကသည်း(ကုလား) စစ်စစ် ဖခင်နဲ့ ဗမာမိခင်က ပေါက်ဖွားလာတဲ့ ကပြားဖြစ်ပါတယ်။်ယောက်ျားဖြစ်သူကတော့ ဖောင်ချင်းရွာသား ဖြစ်ပြီး အဖေဗမာ အမေဗမာက မွေးလာတဲ့ ဗမာစစ်စစ် ဖြစ်ပါတယ်..။

ကသည်းသွေးတစ်ဝက်ပါတဲ့.. အမျိုးသမီးက ဗမာရုပ်မပေါက်ဘဲ.. ကသည်းရုပ် ပေါက်နေပြီး.. ဗမာစစ်စစ် အမျိုးသားကတော့ ဖြူဖြူနွဲ့နွဲ့ ပိန်ပိန်ပါးပါးနဲ့ လူချောလူလှ တစ်ယောက်ဖြစ်ပါတယ်..။ သူတို့နှစ်ယောက်ဟာ လုံးဝ အသွင်မတူကြသလို တစ်ယောက် နဲ့တစ်ယောက်လည်း မေတ္တာသက်ဝင်ပြီး အိမ်ထောင်ဖက်တွေ ဖြစ်လာကြတာမဟုတ်ပါဘူး..။

နှစ်ဖက်မိဘတွေက မြေရှင်ယာရှင်တွေ ဖြစ်တာကြောင့်.. နှလုံးသားချင်း မနီးသော်ငြား.. လယ်ချင်းထပ်၊ယာချင်းထပ်ပြီး သူတို့ ဘ၀ တွေကို ပေါင်းစပ်ပေးခဲ့ရာကနေ အကြင်လင်မယားဘ၀ ရောက်ရှိလာကြတာ ဖြစ်ပါတယ်..။

သူတို့ရဲ့ မင်္ဂလာဦးခရီးဟာ နှစ်ဖက်မိဘ လက်ဖွဲ့တဲ့ မြေဧက နှစ်ထောင်နဲ့ သက်တောင့်သက်သာ၊ မပူမပင် မကြောင့်မကြဖြတ်သန်း ခွင့် ရခဲ့ကြပါတယ်..။ ကိုယ်တိုင် ထွန်ယက်စိုက်ပျိုး စရာမလိုဘဲ မြေထောက်၊မြေငှားချရာကနေ ရလာတဲ့အဖိုးအခနဲ့တင်ပြည့်ပြည့် စုံစုံ ကုံကုံလုံလုံ နေနိုင်ခဲ့ကြပါတယ်..။

သို့သော် သူတို့ဟာ လူချင်းသာ အကြင်လင်မယားအဖြစ် ပေါင်းဖက်နေထိုင်ခဲ့ကြပြီး စီးပွားရေးရာကတော့ လုံးဝကို ပေါင်းစည်းခြင်း မရှိခဲ့ကြပါဘူး..။

မိန်းမဖြစ်သူကလည်း သူ့ဖက်က လက်ဖွဲ့တဲ့ မြေဧက တစ်ထောင်ကို အရင်းပြုပြီး ကိုယ့်ဖာသာ လုပ်ကိုင်စားသောက်နေသလို ယောက်ျားဖြစ်သူကလည်း.. သူ့စီးပွားနဲ့သူ သူရတဲ့ ဧကတစ်ထောင်ကို မြေထောက်ချ၊ ငွေတိုးပေး ရွှေပေါင်ခံပြီး နေထိုင်ခဲ့ကြ ပါတယ်..။ ပိုဆိုးတာက.. ယောက်ျားဖြစ်သူက မိသားစုတာဝန်ကို လုံးဝမယူဘဲ.. တစ်ဦးတစ်ယောက်တည်းအိုးခွဲ ချက်စား တာပါပဲ..။

သူစားချင်တဲ့ ဟင်းကို သူ့ဖာသာချက်ပြီး စားပါတယ်..။ ကျန်နေတဲ့ ဟင်းကျန်ကို သူစားပြီးတာနဲ့ သေတ္တာထဲ သော့ခတ်ပြန်သိမ်း ပါတယ်..။

ဒီထက် အံ့သြစရာကောင်းတာက.. ယောက်ျားဖြစ်သူဟာ.. ဇနီးမယားနဲ့ သမီးသားတွေရှိရာ ဆူးဖြူးကုန်းရွာကိုညအိပ်ရုံလောက်ပဲ နေပြီး မနက်လင်းတာနဲ့ သူ့ဇာတိ ဖောင်ချင်းရွာကို ပြန်တာပါပဲ..။ အဲသလို ပြန်တာဟာ တစ်ပတ်တစ်ခါ၊ တစ်လတစ်ခါ မဟုတ် ပါဘူး..။ နေ့စဉ်နဲ့အမျှ ပြန်တာ.. သူမသေခင် သွားနိုင်လာနိုင်တဲ့အထိ ဖြစ်ပါတယ်..။

သူ့အမ အပျိုကြီးတွေကလည်း သူတို့မောင်ကို သဲသဲလှုပ်မျှ ချစ်ကြပြန်ပါတယ်..။ သူတို့မောင် နေ့တိုင်း ဆူဖြူးကုန်း ဖောင်ချင်း အသွားအပြန်လမ်းခရီးမှာ ပင်ပမ်းရင်နာဖို့ ဇရပ်တစ်ဆောင် ဆောက်လုပ်ပေးထားတဲ့အပြင် တခါတရံနေထိုင်မကောင်းလို့သူတို့မောင် ပြန်မလာဖြစ်ရင် ချက်ခြင်း လှည်းကောက်ပြီး ဆူးဖြူးကုန်း ပေါက်ချလာတော့တာပဲ..။

သူတို့လင်မယားဟာ အဲသလိုမျိုး စီးပွားရေးရာ လူမှုရေးရာတွေမှာ အစပ်အဟပ်မတည့်ကြပေမယ့် မျိုးဆက်ပြန့်ပွားရေး တာဝန်ယူမှု အပိုင်းမှာတော့ အတော့်ကို တက်ညီလက်ညီ ရှိတာ တွေ့ရပါတယ်..။ အောက်ပါ စာရင်းကို ကြည့်ရင် သူတို့ရဲ့ ညီညွှတ်မှုနဲ့ အားထုတ်မှုကို ပါးစပ်အဟောင်းသားနဲ့ အသိအမှတ်ပြုနိုင်ကြပါလိမ့်မယ်..။

၁) ဒေါ်မြစိန်
၂) ဦးခင်မောင်
၃) ဒေါ်သန်းနွဲ့
၎) ဦး ဟံစိန်
၅) ဦးအုံးဖေ
၆) ဦးကျော်သောင်း
၇) ဦးစောမောင်
၈) ဦးကံညွှန့်
၉) ဦးစိန်ထွန်း
၁၀) ဦးလှအောင်
၁၁) ဒေါ်ကြည်လှ
၁၂) ဦးတင့်ဆွေ
၁၃) ဦးကျော်မြင့်

အထက်ပါ သားသမီး တဆယ့်သုံးဦးဟာ ဖောင်ချင်းရွာသား (ဦး)ဘသိန်း နဲ့ ဆူးဖြူးကုန်းရွာသူ (ဒေါ်) အေးတင် တို့ကနေ ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ကြတာ ဖြစ်ပါတယ်..။ အဲဒီထဲက သမီးဦး ဒေါ်မြစိန်ဟာ ငယ်ရွယ်စဉ်မှာပဲ ဖိတ်စင်ခဲ့ပါတယ်..။ နံပါတ် (၆) ဦးကျော်သောင်းနဲ့ နံပါတ် (၁၀)၊ (၁၁)၊ (၁၂) တို့လည်း ကျောက်ပေါက်၊ ခွေးရူးကိုက်ခံရ၊ အသဲရောင်အသားဝါ ရောဂါတွေကြောင့် သူတို့မိသားစုထဲကနေ စောစီးစွာ ခွဲခွါသွားခဲ့ကြပါတယ်..။

နောက်ဆုံး.. မွေးချင်း တဆယ့်သုံးယောက်မှာ ရှစ်ယောက်သာ သိုက်သိုက်ဝန်းဝန်း စည်စည်ကားကားနဲ့ “ လူလင်မယား၊ စီးပွားတခြား ” မိဘများနဲ့အတူ ပျော်ရွှင်စွာ ရှင်သန်နေထိုင်ခဲ့ကြပါတယ်..။

သူတို့ထဲက နံပါတ်(၅) ဦးအုံးဖေ ဆိုတာ နောက်တချိန်မှာ ကျွန်တော့်အဖေ ဖြစ်လာပြီး ဦးဘသိန်းနဲ့ ဒေါ်အေးတင်ဆိုတာ ကျွန်တော့်ရဲ့ အဘိုးနဲ့ အဘွားရယ်လို့ ဖြစ်လာခဲ့ပါတော့တယ်..။

46.3 ဘွားတင်

အဘိုးဦးဘသိန်းနဲ့ အဘွားဒေါ်အေးတင်အကြောင်းကို ငယ်ငယ်တုံးက အိပ်ရာဝင်ပုံပြင်ဆန်ဆန်လို နားထောင်ရင်း ကျွန်တော်တို့ ကြီးပြင်းလာခဲ့ရပါတယ်..။ အဖေက စိတ်လိုလက်ရ ရှိရင် အဘိုးနဲ့ အဘွားအကြောင်း.. သူ့ညီအကို မောင်နှမ များ အကြောင်းကို စီကာပတ်ကုံး ပြောလေ့ ရှိပါတယ်..။ လက်ရှိဘ၀က ဆင်းရဲနေတဲ့အချိန် အဘိုးနဲ့အဘွားက တချိန်တုံးက မြေရှင်ယာရှင်ကြီးတွေလို့ သိရတော့ ဘာရယ်မဟုတ် ကလေးပီပီ အဲဒီအကြောင်းတွေ နားထောင်လို့ကို မ၀ခဲ့ပါဘူး..။

အဘိုး ဦးဘသိန်းက ကျွန်တော်မမွေးမီ ကတည်းက ဆုံပါးသွားတာမို့ သူ့ရုပ်ရည် ပုံပန်းသဏ္ဍာန်ကို အဖေ့အပြောလောက်နဲ့ပဲ မှန်းဆနိုင်ပါတော့တယ်...။ အဘွား ဒေါ်အေးတင်ကိုတော့ ကံအကြောင်းလှပြီး သူမဆုံးခင် တစ်နှစ်အလို ၁၉၈၉ ခုနှစ်မှာ.. ကျွန်တော် ဆုံတွေ့ခွင့် ရခဲ့ပါတယ်..။ ၁၉၈၈ ခုနှစ်မှာ ဆယ်တန်းအောင်ပြီး.. ကျောင်းတွေပိတ်တော့.. ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ ဖြစ်နေတဲ့ ကျွန်တော့်ကို အဖေက ရန်ကုန်က သူ့ညီအငယ်ဆုံး ဦးကျော်မြင့်အိမ် ပို့ပါတယ်..။

အဘွားဒေါ်အေးတင်က အဲဒီအိမ်မှာ နေပါတယ်..။

အဘွားရော ဘထွေးဦးကျော်မြင့်ရော အဲဒီကျမှ ကျွန်တော် စတွေ့ဖူးတာပါ..။ အဖေ့ဖက် ဆွေမျိုးများနဲ့ ကျွန်တော်တို့မိသားစုရဲ့ ဆက်ဆံရေးက နည်းနည်းစိမ်းတယ်လို့ ပြောနိုင်ပါတယ်..။ အနေဝေးတဲ့အပြင် အကူးအလူး အဆက်ဆံကလည်း မရှိသလောက်ပါပဲ..။ အဖေ ကိုယ်တိုင်က သူ့ညီအကိုမောင်နှမ တချို့နဲ့ အဆင်မပြေတာလေးတွေ ရှိတော့ .. သွေးကစကားပြောဖို့ အခွင့်အရေးကလည်း နည်းခဲ့ဟန် ရှိပါတယ်..။ ဒီကြားထဲ ကျွန်တော်တို့ ကိုယ်တိုင်က အဖေ့ရဲ့ သားကြီးသမီးကြီးတွေ မဟုတ်ပြန်တော့.. အလှမ်းက ပိုဝေးသွားခဲ့ရပါတယ်..။

အဘွားကတော့ ကျွန်တော့်ကို ချစ်ရှာပါတယ်..။ သူ့ခမျာလည်း အသက်ကကိုးဆယ်ကျော်.. အိပ်ရာထဲက ထဖို့တောင် အနိုင်နိုင်ဖြစ်နေချိန်မှာ အနီးကပ်ပြုစုမယ့် ကျွန်တော်ရောက်သွားတော့ အဆင်ပြေသွားခဲ့ပါတယ်..။

အဘွားနဲ့ နေခဲ့ရတဲ့ ရှစ်လလောက်မှာ ငယ်တုံးက အဖေ့တဆင့်ပြောနဲ့ သိခဲ့ရတဲ့ အဘိုးဦးဘသိန်းအကြောင်း၊ အဘွားအကြောင်း၊ သူတို့မိသားစုတွေအကြောင်း တော်တော်များများ ဃဂဏန သိခဲ့ရပါတယ်...။ အဘိုးက မိသားစု တာဝန်မယူတဲ့အပြင် သားသမီးတွေရဲ့ ပညာရေးအတွက် အဘွားက ကြွေးတင်ခံပြီး ကျောင်းထားတာကိုတောင် အတန်တန် တားခဲ့တယ်လို့ ဆိုပါတယ်..။

အဘွားနဲ့ အဘိုးပိုင်တဲ့ မြေတွေယာတွေက လွတ်လပ်ရေးရစပြီးစ ကွန်မြူနစ် ရဲဘော်ဖြူ ကြီးစိုးချိန်မှာ “မြေလုပ်သူ မြေရ ” လမ်းစဉ်နဲ့ ဆုံးရှုံးသွားတဲ့အပြင် တခြားစီးပွားရေးတော်တော်များများလည်း တော်လှန်ရေးကောင်စီ လက်ထက် ပြည်သူပိုင်လှိုင်းလုံးအောက် စုန်းစုန်းမြုပ်သွားခဲ့လေတော့ အဘွားဟာ သားသမီးတွေရဲ့ ပညာရေးအတွက် အတော်လေး ရုန်းကန်ခဲ့ရ ရှာပါတယ်..။ အဘိုးဦးသသိန်းကတော့ “ အေးတင်.. ကြွေးတင် ကျွန်ဖြစ်ခံပြီး နင့်သားတွေကို ကျောင်းမထားနဲ့ ” “နင့်သားတွေ ဆရာဝန်၊ အင်ဂျင်နီယာတွေဖြစ်တဲ့အခါ သူတို့မယားတွေပဲ ကောင်းစားမှာ ” လို့ အမြဲပြောရင်း သူ့ဖာသာ နေသာသလို နေသွားခဲ့ပါတယ်..။

ဒါပေမယ့် အဘွားကတော့ အဘိုးဘယ်လောက်ပဲ တားတား သူ့သားတွေရဲ့ ပညာရေးအတွက် နောက်ဆုံး မန္တလေးမြို့မှာ ဒေါနပန်းထိုင်ရောင်းတဲ့အထိ အပင်ပမ်းခံ ကြိုးကုတ်ခဲ့ပါတယ်..။ အဲဒီ အားထုတ်မှုတွေရဲ့ အသီးအပွင့်အဖြစ် အဖတ်တင်ကျန်ရစ်တဲ့ သားသမီးရှစ်ယောက်ထဲက နံပါတ်ခြောက် ဦးကံညွှန့်က ဒေါက်တာကံညွှန့်ရယ်လို့ ဖြစ်သွားပြီး သူ့အောက် ကပ်လျက် ဦးစိန်ထွန်းကတော့ ပုံနှိပ်ရေးနဲ့ စာအုပ်ထုတ်ဝေရေးမှာ ညွှန်ကြားရေးမှုးအဖြစ်နဲ့ ဘ၀ကို ရှင်သန်နေထိုင်နိုင်ခဲ့ပါတယ်..။ အငယ်ဆုံးသား ဦးကျော်မြင့်ဆိုလည်း ရန်ကုန်စက်မှုတက္ကသိုလ်ကနေ အင်ဂျင်နီယာတစ်ယောက်အဖြစ်ကို ရရှိစေခဲ့ပါတယ်..။

တကယ်တော့ သားသမီးဆယ့်သုံးယောက်ရဲ့ မွေးသမိခင်ဖြစ်ရတာ လွယ်မယ်မထင်ပါဘူး..။ ရိုးရိုးလေး စဉ်းစားကြည့်ရင်တောင် တစ်ယောက်နဲ့တစ်ယောက် တစ်နှစ်ခွဲကွာတယ် ထား..။ ဆယ့်သုံးယောက်ဆိုတော့ နှစ်ပေါင်း နှစ်ဆယ်လောက်က မီးဝင်မီးထွက်နဲ့ အဘွားခမျာ လုံးချာလည်လိုက်နေခဲ့မယ် ထင်ပါတယ်..။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆူးဖြူးကုန်းရွာမှာ ရာဇ၀င်တွင် ပြောစမှတ်တွင်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်..။

အဘွားကိုယ်တိုင် ရဟန်းခံပေးပြီး ကျောင်းဆောက်လှူဒါန်းထားတဲ့ ဆရာတော် ဦးပါဝရက သူ့ဒါယကာမကြီးကို တွေ့ချင်လို့ မေးတိုင်း “ မပေါ့မပါးဖြစ်နေလို့ပါဘုရား ” “ ကလေးငယ်သေးလို့ပါ ဘုရား ” “မပေါ့မပါးဖြစ်နေပြန်လို့ပါဘုရား ” “ ကလေးငယ်သေးလို့ပါ ဘုရား” နဲ့ချည်း တိုးနေလို့ နောက်ဆုံး သူကိုယ်တိုင် အိမ်ကြွပြီး အဘွားကိုသွားတွေ့တော့ အဘွားက ဗိုက်ကြီးကြီးနဲ့ ထိုင်ရှိခိုးသတဲ့..။

အဲသလိုမျိုး ဘ၀ကို ရှင်သန်နေထိုင်သွားခဲ့တဲ့၊ သားသမီးဆယ့်သုံးယောက် မွေးဖွားခဲ့သူ၊ လူလင်မယား စီးပွားတခြား အိမ်ထောင်ဖက်နဲ့ သစ္စာမပျက်ပေါင်းဖက်ခဲ့သူ၊ မြေးလေးဆယ့်သုံးယောက်ရဲ့ အဘွား ဖြစ်သူ (ဒေါ်) အေးတင် ခေါ် ကျွန်တော့်အဘွားဟာ ကျွန်တော့်လက်ပေါ်မှာပဲ.. ၁၉၈၉ ဒီဇင်ဘာလမှာ ဘ၀တပါးသို့ ထွက်ခွါသွားခဲ့ပါတော့တယ်..။