Saturday, November 24, 2012

50.1 ဘ၀ထဲ ရွာလည်ကြသူများ

ကျွန်တော့်မှာ.. နိုင်ငံခြားသား မိတ်ဆွေတစ်ယောက်ရှိတယ်..။ သူက.. အင်ဒိုနီးရှားလူမျိုး။ စက်မှုဇုန်က စက်ရုံတစ်ရုံမှာ.. အလုပ်လုပ်တယ်..။ မြန်မာပြည်ရောက်နေတာ အနည်းဆုံးဆယ့်လေးငါးနှစ်ရှိပြီ..။

စလာတုံးကတော့.. တစ်နှစ်-နှစ်နှစ်လောက်ဆိုပြီး လာတာပဲ..။ ဒီရောက်တော့.. နီးစပ်ရာအ၀န်းအ၀ိုင်းထဲက မြန်မာမလေးတစ်ယောက်နဲ့ အကြောင်းပါပြီး အခုထိ မပြန်နိုင် ရှာတော့ဘူး..။ အင်ဒိုနီးရှားမှာ..မယားကြီးနဲ့ သမီးနှစ်ယောက်ရှိတယ်..။

သမီးအကြီးက.. လွန်ခဲ့တဲ့ နှစ်နှစ်လောက်က.. မင်္ဂလာဆောင်တယ်..။ အဖေဖြစ်တဲ့သူ့ကို.. မင်္ဂလာပွဲ ပြန်လာချီးမြှင့်စေချင်တယ်..။ သူကလည်း ပြန်သွားချင်ရှာတယ်..။

ဒါပေမယ့် ဒီကမိန်းမက.. ပြန်သွားပြီး ပြန်မလာမှာကို ကြောက်တော့.. ပေး-မပြန်ဘူး..။ ဒီမှာကလည်း.. သမီးတစ်ယောက်-သားတစ်ယောက် ထွန်းကားနေပြန်တယ်..။ သားလေးက အတော်ငယ်သေးတယ်..။ အရင်မွေးသမျှက သမီးတွေချည်း ဆိုတော့ သားယောက်ျားလေးကို သူအတော်သဲတယ်..။

နောက်ဆုံးတော့.. သူ မပြန်ဖြစ်လိုက်ဘူး..။

ပြန်သွားဖြစ်ရင်လည်း. ဟိုဖက်မိသားစုက သူ့ကို မြန်မာပြည်ပြန်ခွင့် ပေးချင်မှ ပေးမှာဆိုတာ သူသိတယ်...။ ဟိုဖက်ရောက်သွားပြန်တော့လည်း ဟိုဖက်ကို သိပ်ကြီး ပစ်ပစ်ခါခါ လုပ်ပြီး ပြန်လာဖို့ ခက် ထင်ပါရဲ့ ..။ ဒါကြောင့်.. ခမျာ့.. ပြန်ချင်ပေမယ့်.. မပြန်လမ်းကိုပဲ ရွေးရှာတယ်..။

ဒီက မိန်းမကတော့.. ပျော်တာပေါ့..။ ဒီမှာက.. ယောက္ခမတွေရော-ခယ်မတွေရော-ယောက်ဖတွေရော.. သူ့လစာပေါ် မှီခိုနေကြတာ။

ဒီက မိန်းမက.. အသားလတ်လတ်-တောင့်တောင့် ကြည့်ပျော်ရှုပျော်ရှိတယ်..။ ဒါပေမယ့် အတော့်ကို ဆင်းရဲရှာတယ်..။ သူအလုပ်လုပ်တဲ့စက်ရုံမှာ.. သန့်ရှင်းရေးဝန်ထမ်း လုပ်ထင်ပါရဲ့ ..။

အဲဒါကို မောင်မင်းကြီးသားက.. နှစ်ခြိုက်တော်မူပြီး.. ယူမယ်ဆိုပြီး ယူခဲ့တာပဲ..။ ယူပြီး မိန်းခလေးဖက်က.. တဆွေလုံး-တမျိုးလုံး အိမ်ပေါ်တက်နေတော့.. မောင်မင်းကြီးသား ခွကျနေတယ်..။

သူက အင်္ဂလိပ်လို တစ်လုံးစ နှစ်လုံးစပဲ ပြောတတ်တယ်..။ သူ့မိန်းမက.. အဲဒီ တစ်လုံးစ-နှစ်လုံးစ ကိုတောင် နားမလည်ဘူး..။

ယောက္ခမတွေ အိမ်ပေါ်တက်နေတဲ့ဒဏ်ကို သူမခံနိုင်တဲ့ အကြောင်း သူ့မိန်းမကို အခုလို ပြောလေ့ရှိတယ်..။ '' အိုင် မဲရစ်ယူ- အိုင်နိုးမဲရစ် ယူအာပါးပါး-ယူအာမားမား '' တဲ့..။

အဲဒါထက်လည်း သူ ရှေ့ဆက် မပြောတတ်တော့ဘူး..။ ဟိုကလည်း အဲဒီ '' အိုင် နိုး မဲရစ် ယူအာပါးပါး '' ဆိုတာတောင် ဘာပြောမှန်းမသိတော့ ဒီထက် ရှေ့ဆက်လည်း အလကားပဲ..။

အဲဒါထက်ပိုပြီး ..သိပ်စိတ်ဆိုးလွန်းအားကြီးရင်တော့.. သူလုပ်တာ တစ်ခုရှိတယ်..။ အဲဒါက သူ့ပတ်စ်ပို့ ပြေးယူတော့တာပဲ..။

မိန်းမလုပ်သူကလည်း.. အဲဒါကို အထာက နပ်နေပြီ..။ ဒီယောက်ျား.. အ၀တ်တစ်ထည်-ကိုယ်တစ်ခုအပြင် ပတ်စ်ပို့ ကိုင်လိုက်တာနဲ့ သိပ်စိတ်ဆိုးနေပြီဆိုတာ.. သိတယ်..။ အဲသလိုတော့ မဖြစ်ချေဘူး ဆိုပြီး
စကားလုံးကလွဲပြီး ကျန်တဲ့နည်းမျိုးစုံနဲ့ ချော့တော့တာပဲ..။

ယောက်ျားက စိတ်ဆိုးတိုင်း ပတ်စ်ပို့ ပြေးယူတော့.. မိန်းမက စိတ်ဆိုးရင်ရော.. ဘာလုပ်တယ်လို့ ထင်လဲ..။ သူလည်း.. ပတ်စ်ပို့ ပြေးယူတာပဲ..။

ဒင်းကို ငါသိပ်ဒေါသထွက်တယ်.. ဒင်းဒုက္ခရောက်သွားအောင် ဒင်းပတ်စ်ပို့ကို ငါတစ်ခုခု လုပ်ပစ်လိုက်မယ်ဆိုတဲ့ သဘောပေါ့..။ ဒီတစ်ခါကျ.. ယောက်ျားက ချော့တဲ့အလှည့်..။

သူ့မိန်းမ တော်ရုံ စိတ်ဆိုးရင် ပတ်စ်ပို့မကိုင်ဘူးဆိုတာလဲ..သူက နောကျေပြီးသား..။

အဲသလိုနဲ့ပဲ.. ပတ်စ်ပို့လုရင်း- ပတ်စ်ပို့လက်ဝယ်ရှိသူကို ကျန်တဲ့သူက အလျော့ပေးချော့မော့ရင်းနဲ့ သူတို့ လင်မယား.. အခုထိ အတူတကွ ရှိနေခဲ့တယ်..။ သူတို့ရဲ့  မျိုးဆက်ကလေးတွေလည်း ကုန်ဆုံးသွားတဲ့
အချိန်တွေအတိုင်း တသွေမတိမ်း ကြီးပြင်းလာခဲ့တယ်..။

သူတို့ ညားခါစက.. ကိုယ့်မြန်မာမိန်းကလေး.. အဖေအရွယ် နိုင်ငံခြားသား ယူရကောင်းသလားဆိုပြီး ကရုဏာဒေါသော ဖြစ်မိသေးတယ်..။ ဒီဘဲကြီးလည်း.. ဒီမှာနေစဉ်.. ယာယီမယားတစ်ယောက်
အတည်လိုလိုနဲ့ သူ့ဆန္ဒအာသာပြေဖို့ တွကကိန်းနဲ့ယူပြီး အချိန်တန်အိမ်ပြန်သွားမှာပါလို့ တွေးခဲ့ဖူးတယ်..။

အခုတော့.. ကျွန်တော့်အထင်.. လွဲပြီထင်ပ..။ တော်ရုံလင်မယား တွဲလက်မမြဲနိုင်တဲ့ ဆယ့်ငါးနှစ်တာကာလကို သူတို့ကျော်လွှားပြခဲ့တယ်..။ ဘဲကြီးရဲ့  အဆင်ကလည်း ဒီသောင်ယံက မောင်မခွါတော့မယ် အခြေအနေရှိမို့ ယနေ့မှစ.. နောင်နှစ်ပေါင်းများစွာ .. သူတို့လင်မယား ပတ်စ်ပို့အပြိုင်လုနေကြဦးမယ် ဆိုတာလည်း
သေချာသလောက်ပါ..။

ကိုယ့်မြန်မာအမျိုးသမီးတစ်ယောက်ကို သားမှတ်မှတ်-မယားမှတ်မှတ် ပေါင်းသင်းလို့ ကျေနပ်မိပေမယ့်.. ဖခင်နဲ့လင်-အရှင်လတ်လတ် ဆုံးရှုံးလိုက်ရတဲ့ သူ့အရင်မိသားစုအတွက်တော့.. ကျွန်တော်စိတ်မကောင်းပါ..။

ကျွန်တော်နဲ့ ဆုံတိုင်း.. အင်ဒိုနီးရှားက သူ့သမီးတွေ အရွယ်ရောက်နေပြီလို့ တမ်းတမ်းတတ-လွမ်းလွမ်းဆွတ်ဆွတ် အခုလို သူ အမြဲ ပြောလေ့ ရှိပါတယ်..။ '' မိုင် ဒေါ့တား .. အော ဘစ် ( my daughters .. all big ) '' တဲ့..။

သူ့ရဲ့  တောင်တစ်ခွန်း-မြောက်တစ်ခွန်း အင်္ဂလိပ်စကားက.. ရယ်စရာကောင်းပေမယ့်.. ကျွန်တော် မရယ်ဖြစ်ပါ..။

9 comments:

thetnaung said...

welcome back ကိုနဗန. စာတွေပြန်ရေးပါဗျာ။ Blog မရေးတောင် Facebook Page လေးတော့ လုပ်ထားပါဗျာ။

navana said...

ဟုတ်.. ကျွန်တော့်ဖေ့စ်ဘွတ် အကောင့်ရှိပါတယ်..။ Ko Navana ပါပဲ..။ အဲဒီမှာတချို့ ရေးပြီး .. ဒီမှာလည်း တင်ဖို့ စိတ်ကူးထားပါတယ်..။

NSA said...

မြရွာက နဝဒေးသကြားစက်စီမံကိန်းမှာ သွားအလုပ်လုပ်တုံးက စီမံကိန်းကာလ လာအလုပ်လုပ်တဲံ ထိုင်းတွေလဲ အဲလိုပဲ.. မြရွာထဲက အမျိုးသမီးအနည်းငယ်နဲ့ အိမ်ထောင်ကျ ကြတယ်။ ဒါမယ့် စီမံကိန်းပြီးတော့ ယိုးဒယားကို ပြန်ကြတယ်။ ၃၅ လောက် တစ်ယောက်ကတော့ ပြည်မြို့ထဲက ၁၇-၁၈ လောက် မိန်းကလေးကို မင်္ဂလာဆောင်ပြီး ယူလိုက်တယ်.. မြန်မာလို တော်တော် တတ်တယ်။ ပြီး သူ့ကုမ္ပဏီကို ခွင့်တောင်းပြီး မြရွာမှာပဲ ဆက်အလုပ်လုပ်တယ် ပြောတာပဲ..။ သူလဲ ယိုးဒယားမှာ မိန်းမနဲ့ ကွဲနေတာတဲ့။ နောက်ပိုင်းတော့ ဝေးသွားတော့ မသိတော့ဘူး..
ကိုနဗန ပို့စ်အသစ်တက်တော့ ဝမ်းသာသွားတာ.. ဒါမယ့် ဖေ့ဘွတ်က စတေးတပ်စ်နဲ့ တူတူဖြစ်နေတယ် :D

navana said...

ဟဲဟဲ.. ဟိုဖက်ဒီဖက် သီးသန့်ခွဲမရေးတော့ဘူးလားလို့..။

khin said...

always happy to see you are back once a year on your blog or whatever...please keep forward...may we see you on FB?

Shwe Aung San said...

I like your posts and writing style, Ko Navana.
I read your posts since 2008 but never leave comments.

T T Sweet said...

ကိုနဗန စာပြန်ရေးတာ ၀မ်းသာလိုက်တာ။မဖတ်ရတာကြာတော့ အရင်လက်ရာ လက်ရေးလက်သားအတိုင်း ဖတ်ကောင်းဆဲပါ။ ဘလော့ဂ်ဆက်ရေးပါ ကိုနဗန။ ပိတ်သတ်တွေအများကြီးရှိတယ်နော်။

san htun said...

အရင်လို ဖတ်ရတာ သွက်လက်နေတုန်း..

Ko Htet said...

ဖတ်လို့ ကောင်းတယ်ဗျာ။ အကိုဘလော့ကိုအားပေးလာတာကြာပြီ။ ၂၀၀၈ ကတည်းကစဖတ်လာတာ။ အကိုကရေးဖြစ်လိုက်မရေးဖြစ်လိုက်နဲ့ ဆိုတော့ဖတ်ရတာသိပ်အားမရဘူး။ ဒီလိုစာမျိုးတွေဖတ်ခွင့်ရတဲ့အတွက်ကျေးဇူး.....