Friday, November 28, 2008

34.8 လက်ပံပွင့်ချိန် ခွေးရူးချိန်

မိတ္ထီလာမြို့ထဲ ပြန်မ၀င်တော့ဘဲ.. မြို့ပြင်နားမှာပဲ ဘီးဖာဆိုင် လိုက်ရှာကြရပြန်တယ်..။ အနီးဆုံးတွေ့တဲ့ ဆိုင်မှာ ကျန်နေတဲ့ ဘီးပေါက် ကို ဖာရင်း ရွာကို ဖုံးဆက်လိုက်တယ်..။ အစီအစဉ်တွေက နဂိုရ်အတိုင်းမဖြစ်တော့ပဲ လွဲချော်ကုန်ပြီဆိုတဲ့ အကြောင်းကို လှမ်းပြောရတာပဲ..။ ရွာမှာ ရှိတဲ့ ဖုံးများက ရေဒီယိုဖုံးတွေ.. မြင်းခြံ တို့ မန္တလေးတို့ကနေ ပွားထားတဲ့ ဖုံးတွေပဲ..။ ရှေ့က ဧရိယာကုဒ်က အဲဒီမြို့ တွေရဲ့ ကုဒ်နဲ့ စတာပဲ..။ တရွာလုံးမှ သုံးလေးလုံး လောက် ရှိတာပါ..။

သိပ်မကြာသေးခင် နှစ်များက အဲသလို ဖုံးတွေ ကျေးလက်တောရွာအထိ သုံးလို့ ရသွားခဲ့တယ်..။ ဟိုးအရင့်အရင်က မရှိခဲ့ဘူးတာတွေ ရှိလာခဲ့တာကို တိုးတက် တယ်လို့ ပြောရင်တော့ တိုးတက်လာတယ်ပေါ့..။ တိုးတက်သင့်သလောက် မတိုးတက်ဘူးဆိုတဲ့ ရှုထောင့်က ကြည့်ရင်တော့ ကြည့်သူစိတ်ကြိုက် ခံစားခွင့် ရှိပါတယ်..။

စပယ်ယာဘီးဖာပြီးလို့ မိတ္ထီလာနယ်နမိတ်က စထွက်တော့ ဆယ့်တစ်နာရီခွဲလောက် ရှိပြီ..။ ဘယ်မှာမှ မနားဘဲ.. ရွာအထိ တန်းမောင်းတောင် အစောဆုံး မွန်းလွဲ နှစ်ချက်ခွဲလောက်မှ ရောက်တော့မယ်..။ ရွာကျောင်းက ညနေသုံးနာရီ ဆင်းတာဆိုတော့ ကိုးတန်းဆယ်တန်းကလေးများကို ကျွန်တော် စကားပြောမယ့် အစီအစဉ်က မမီနိုင်တော့..။

နောက်တစ်ရက်က စနေ ကျောင်းပိတ်ရက်..။ ဖြစ်နိုင်ရင်တော့ ရောက်တုံးရောက်ခိုက်မို့ စနေနေ့မှာလည်း ကျောင်းသားတွေ စိတ်ဝင်စားရင် ပြောချင်ပါတယ်လို့ ဖုံးပေါ်ကနေတဆင့် ကျောင်းအုပ်ဆရာမကြီးကို ပူဆာမိတယ်..။ ဆရာမကြီးက သူဖြစ်အောင် စီစဉ်ပေးမယ်လို့ ပြောတယ်..။ စိတ်ထဲ.. နည်းနည်းတော့ နေသာထိုင်သာ ရှိသွားခဲ့တယ်..။

စနေတနင်္ဂနွေ ကျောင်းပိတ်ရက် ကြိုမြင်လို့ ရန်ကုန်ကနေ တစ်ရက်စော ထွက်လာခဲ့တယ်..။ ရွှေပေါ်ကျွန်းဖက် ချော်တော့်ငေါ့သွားလို့ စောထွက်လာတဲ့ အဲဒီတစ်ရက် ဘုရားသခင် ပေးလိုက်ရတယ်..။ ဖြစ်သမျှ အကြောင်း အကောင်းပေါ့..။

မင်းခြံရောက်တော့ နေ့လည် နှစ်ချက်တီးလုပြီ..။ အားလုံးဗုိက္ထဲ တဂြီဂြီ တဂွမ်ဂွမ်မြည်နေပြီမို့ နီးစပ်ရာ ထမင်းဆိုင်တဆိုင်မှာ နေ့လည်စာ စားကြတယ်..။ မစားခင် ပမ်းသမျှ နွမ်းသမျှတွေ လန်းစေဖို့ ဘီယာလေး မြုံ့လိုက်သေးတယ်..။ အားလုံးစားသောက်ပြီးလို့ မြင်းခြံကနေ ထွက်လာကြတော့ ညနေသုံးနာရီ ရှိပြီ..။ ကျောက်ပြုတ်၊ တရွင်းပို့၊ သစ်ရုံ၊ ကုက္ကဲ စတဲ့ ရွာစဉ်အလိုက် ကျော်ဖြတ်လာခဲ့ပြီးတဲ့ နောက်မှာတော့ မြို့သာ၊ တံတားဦးကတဆင့် သွားနိုင်တဲ့ မန္တလေး လမ်းခွဲကို ရောက်တယ်..။

အဲဒီလမ်းအတိုင်း မလိုက်ဘဲ ရွာဖက်ချိုးတဲ့ မြေနီလမ်းအတိုင်း မောင်းဝင်လာခဲ့တယ်..။ ဧရာဝတီရေ ကိုယ်လာခဲ့ပြီ..။

မိုးကုန်ခါစ မို့လား မသိ..။ လမ်းက ထင်ထားတာထက် ဆိုးနေတယ်..။ ချိုင့်တွေခွက်တွေကို ရှောင်မောင်းနေရတာနဲ့ ခရီးက မတွင်ချင်ဘူး..။ လမ်းဘေး သိပ်ချပြီးတော့လည်း မမောင်းရဲဘူး..။ ကန္တာရဆူးကိုင်း တချို့က တခါတရံ လမ်းပေါ်မှာတောင် တွေ့တွေ့နေရတယ်..။ ကန်နီဆိုတဲ့ ရွာကို ကျော်လာတော့ ဥယျာဉ်မှုး လို့ ခေါ်တဲ့ ဘလော့်ဂါညီလေး ရဲ့ ကျောက်တိုင် ဆိုတဲ့ ရွာ ရောက်တယ်..။

လမ်းတလျှောက် တမာတန်းက စိမ်းစိမ်းစိုစို ရှိလှတာ သတိထားမိတယ်..။ မိုးခေါင်ပြီး နွားစာရှားတဲ့နှစ်တွေမှာ အဲဒီခါးသက်သက် တမာရွက်တောင် နွားတွေ ချေးမများနိုင် စားကြရတာ ပြန်တွေးမိတယ်..။ ဒီနှစ်ကတော့ ရွာဖက် မိုးကောင်းထင်ပါရဲ့..။ မြင်မြင်ရာရာ စိမ်းစိုအုပ်မှိုင်းလို့..။ ကြိုကြားကြိုကြား တွေ့ရတဲ့ လက်ပံပင်ကြီးတွေကလည်း ဆောင်းအမီ တပင်လုံး နီစွေးသွားအောင် ပင်လုံးညွှတ်ပွင့်ဖို့ အားယူနေကြတယ်..။

ခပ်ငယ်ငယ်ကလေးဘ၀ လက်ပံပွင့်ချိန်မှာ အော်ဟစ်သီဆိုခဲ့တဲ့ “ လက်ပံပွင့်ချိန်၊ ခွေးရူးချိန် ” ဆိုတဲ့ စာသားတချို့ နဲ့ အတူ အဆိုတော် သန်းထွန်းလေး ရဲ့ “ လက်ပံပွင့်တွေ လေတိုက်ကြွေလိုက်တဲ့အခါ၊ တ၀ဲဝဲလွင့်လို့ နေပြန်တာ၊ သြော် ချစ်စရာ ချစ်စရာ ” ဆိုတဲ့ သီချင်းက ခေါင်းထဲမှာ အပြိုင် ပေါ်လာခဲ့တယ်..။ ကျွန်တော်တို့ ငယ်စဉ်ဘ၀ တရှိုက်မက်မက် ဆိုခဲ့ဟစ်ခဲ့တဲ့ သီချင်း ပေါ့..။

အခုခေတ်ရွာက ကလေးတွေ.. ခေတ်ရေစီးကြောင်းလိုက်ပြီး .. ဟစ်ဟော့ နဲ့ပေါင်းစပ် ရောသမမွှေပြီး အဲဒီသီချင်းကို ဆိုချင်ဆို နေမှာလို့ လှမ်းတွေးရင်း ပြုံးမိတယ်..။
အခုလိုပေါ့..။

“ လက်ပံပွင့်တွေ၊ လေတိုက် ကြွေလိုက်.. မကျေနပ် လဲသေလိုက် ( အမ်ဟမ်း.. အမ်ဟမ်း) ၊ တ၀ဲဝဲ လွင့်လို့ လေမှာမနေ.. အသဲထဲ ပွင့်လို့ မြေမှာသေ (ယို့..ယို့.. ယို့.. ယို့ ).....။ ခွေးလေး ရူးပါဟေ့.. ခွေးလေးရူးပါဟေ့ (အိုးလေး လှုပ်ပါဟေ့ကဲ့သို့ ဆိုရန်) ”

8 comments:

sin dan lar said...

အိမ်ကိုလွမ်းကောင်းနေတုံး.. သန်းထွန်းလေး ဟစ်ဟော့က ၀င်လာတော့ ဘာဆက်လုပ်ရမှန်းတောင်မသိတော့ဘူး

တက်တူ said...

ကျောင်းသွားကျောင်းပြန် လက်ပန်ပွင့်ကောက်ပြီး အိမ်ရောက်ရင် အမေကိုပြုတ်ခိုင်းပြီး ခရမ်းချင်သီးငါးပိချက်နဲ့ အားပါး.... ကောင်းမှကောင်း.... လွမ်းတယ်ဗျာ...

Ngwe said...

ဟားဟား..ငါ့ အကိုက
Hip Hop လည်း
ရတာပဲလား..
လာထား..
ညီမလေးက
စိန်ခြူးကြာညောင် နဲ့ 
က မယ်... :P

တက်လူငယ် said...

အညာဒေသအကြောင်းလေးဖတ်ရတာ ကောင်းလိုက်တာဗျာ။ ဟစ်ဟော့သီချင်းလေးကလည်း ဘယ်ဆိုးလို့တုန်းဗျ။ ပြုံးမိပျော်မိပါတယ်။

Aye Myat Myat Ko said...

ဇောင်ချမ်းချဉ် !!! ဇောင်ချမ်းချဉ် !!!

ကျွန်မရဲ့ favorite ရှင့် မစားရတာ ကြာလှပေါ့
ဘူးချဉ်ကတော့ ရေစကြိုကနေ ရန်ကုန်ထိ လူကြုံနဲ့ မှာစားနေကျ
စင်ကာပူရောက်တော့ အိပ်မက်ထဲပဲ ထည့်မက်ပြီး စားရတော့တယ်

Libra said...

အကို ပြောတဲ့ ဇောင်းချမ်းချဉ်ကို စားဖူးချင်လိုက်တာ
ညီမက ချဉ်ဖတ်ဆိုအသေကြိုက်တာ
ပြောရင်းသွားရည်တောင်ကျလာ ပီ
ဟီးဟီး
Hip-Hop သီချင်းကိုတော့ ဆိုကြည့်ရင်းနဲ့ရီလိုက်ရတာ အရမ်းပဲ

kyaw said...

ကိုနဗနရဲ့  ရောသမမွှေပေါ့ဗျာ

NiNi said...

ဟစ်ဟော့သီချင်းကို .. ရင်တွင်းဖြစ်ကော်ပီ လုပ်ဖို့ .. ကူးသွားပါတယ်ဗျို့ ..
:P