Friday, November 28, 2008

34.2 ငယ်ဘ၀ ညများရဲ့ကောင်းကင်

စီစဉ်တုံးက ညနေခြောက်နာရီခွဲလောက် ရန်ကုန်က ထွက်မယ်..။ ရန်ကုန် နေပြည်တော် အမြန်လမ်းကနေ မောင်းသွားရင် ပျဉ်းမနားကို လေးနာရီခွဲလောက်ပဲ မောင်းရမယ်..။ ပျဉ်းမနားမိတ္ထီလာ လွန်ရောကျွံရောကြာသုံးနာရီ ဆိုတော့ မြင်းခြံကို မနက်လင်းအားကြီး ရောက်ပြီ..။ မြင်းခြံမိတ္ထီလာက ၅၆ မိုင်ပဲ ရှိတာကိုး..။ မြင်းခြံကနေ ရွာရောက်ဖို့က ကတ္တရာလမ်း မိုင် ၂၀ နဲ့ မြေလမ်း ၈ မိုင် ထပ်မောင်းရုံပဲ..။ အေးအေးဆေးဆေး နားနားနေနေ မောင်းရင်တောင် ရွာနဲ့ ရန်ကုန် ဆယ့်ငါးနာရီ လောက်ပဲ ကြာမှာဆိုတော့ ရွာကို နောက်အကျဆုံး နောက်တနေ့မနက် ဆယ်နာရီ ဆယ့်တစ်နာရီအရောက် မှန်းထားလိုက်တယ်..။

ဒါပေမယ့် ရန်ကုန်က စထွက်ကတည်းက နဂိုရ်စီစဉ်ထားတဲ့အတိုင်း ခြောက်နာရီခွဲ မထွက်နိုင်ဘဲ ရှစ်နာရီခွဲလောက်မှ ထွက်ဖြစ်တော့တယ်..။ ဟိုလူ့ဝင်ခေါ် ဒီလူ့ဝင်ခေါ် ကြာတာရယ်.. နေပြည်တော် အမြန်လမ်းမှာ ဘာ စားသောက်ဆိုင်မှ မရှိဘူးဆိုတာနဲ့ မထွက်ခင် ၀ါးတီးပေးလိုက်ကြတာနဲ့ နောက်ကျသွားခဲ့ရတယ်..။ အမြန်လမ်းဆိုတာ ရန်ကုန်နဲ့ နေပြည်တော်ပျဉ်းမနားကို ပဲခူးရိုးမထဲကနေ ဖြတ်ဖောက်ထားတဲ့ ကွန်ကရစ်လမ်းမကြီးပဲ..။ အခုထိတော့ တရားဝင်မဖွင့်သေးပါဘူး..။ ဌာနဆိုင်ရာ ကားတချို့နဲ့ ကားငယ်လေးတွေလောက်သာ မေးမြန်းစစ်ဆေးပြီး မောင်းခွင့်ပေးထားသေးတယ်..။

ခရီးသည်တင် ဘတ်စ်ကားကြီးတွေနဲ့ ကုန်ကားတွေကတော့ လမ်းဟောင်းအတိုင်း လှည်းကူး၊ပဲခူး၊ညောင်လေးပင် လမ်းကနေ မောင်းနေရဆဲပဲ..။ အဲဒီလမ်းကသာ မောင်းရမယ်ဆိုလို့ကတော့ ပျဉ်းမနားရန်ကုန် ဆယ်နာရီလောက် မောင်းရမလားပဲ..။ အမြန်လမ်းကတော့ လမ်းအသစ်ဖြစ်တဲ့အပြင် ကွန်ကရစ်လမ်းဆိုတော့ ရန်ကုန်ပျဉ်းမနား လေးနာရီသာသာဆို ရောက်ပြီ..။ တိုက်ကြီးအလွန် Toll Gate အကျော်နားကနေ အမြန်လမ်း စတယ်..။ လှည်းကူးအထိတောင် မရောက်တော့ဘူး..။

လမ်းကတော့ ဖြူးလို့..။ တနာရီ မိုင်ခြောက်ဆယ်လောက် အသာလေး မောင်းလို့ရတဲ့ လမ်းပဲ..။ ကျွန်တော်တို့ အဲဒီလမ်း အ၀င်ဝ ရောက်တော့ ကိုးနာရီလောက် ရှိပြီ..။ အ၀င်ဂိတ်က လိုအပ်သလို မေးမြန်းတာကို ဖြေပြီးတာနဲ့ ကွန်ကရစ်လမ်းဖြူဖြူအတိုင်း မောင်းဝင်လာခဲ့ကြတယ်..။ လမ်းမီးမရှိ.. လမ်းဘေးရွာမမြင်.. မြို့မနီး.. တကယ့်တောထဲတောင်ထဲက လမ်းပါပဲ..။ ခေါင်ချက်ကတော့ မျက်စိတဆုံး ဘယ်ကြည့်ကြည့် မီးရောင်တောင် မမြင်ရဘူး..။ လက်စမသတ်ရသေးတဲ့ လမ်းဆိုတော့ လမ်းဘေးအန္တရာယ် သတိပေး ဆိုင်းဘုတ်ဆိုတာလည်း ဝေလာဝေး..။

အတော့်ကို သတိထားမောင်းရတဲ့ လမ်းပေါ့..။ သွားနေကျ လာနေကျ မဟုတ်တဲ့လမ်းဖြစ်တာရယ်.. လမ်းကကောင်းလွန်းတော့ ကီလိုကိုးဆယ်တစ်ရာ မောင်းနေတာရယ်.. ညဖြစ်တာရယ် ကြောင့်.. ကျွန်တော့်မှာ တကိုယ်လုံး ပြူးပြဲပြီး မျက်စိကိုဖွင့် နားကိုစွင့် မောင်းရတယ်..။ မောင်းလို့တော့ အကောင်းသား..။ တော်တော်လေး မောင်းလာလို့ မိုင်တစ်ရာ့ငါးဆယ်လောက် ရောက်တော့ ကားက လူးသလိုလို ဖြစ်လာတာနဲ့ ခဏရပ်လိုက်ရတယ်..။ အောက်ဆင်းကြည့်တော့ နောက် ညာဘက်ဘီးက ပြားလုလု ဖြစ်နေပြီ..။ ပါလာတဲ့ စပယ်ယာဘီးနဲ့ ဖြုတ်တပ် လဲလှယ်ရင်း နားလက်စနဲ့ အဲဒီနားမှာ.. ခဏတဖြုတ် နားကြတယ်..။

ကားမောင်းနေတုံးက မသိသာပေမယ့် အပြင်မှာ တောရိပ်တောင်ရိပ်နဲ့ နည်းနည်းအေးသလို ခံစားရတယ်..။ လဆန်းရက်ဆိုပေမယ့် လ ကို မမြင်ရဘဲ.. ကြယ်စုံတဲ့ ကောင်းကင်က ပိန်းပိတ်မမှောင်အောင် သူ့အလင်းနဲ့ အုပ်မိုးထွန်းညှိထားတယ်..။ အဲဒီအလင်းနဲ့ပဲ လမ်းဘေးဝဲယာ တောအုပ်အုပ် တောင်မို့မို့.. ၀ိုးတ၀ါးမြင်နေရတယ်..။ လက်က နာရီကိုကြည့်တော့ ညဆယ့်တစ်နာရီခွဲပြီ..။ ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်လို့..။ အအေးဓါတ်ပါတဲ့ လေကို အားရပါးရ ရှုရှိုက်ရင်း ကောင်းကင်ကို အမှတ်မထင် မော့ကြည့်မိတယ်..။ လှ လိုက်တာ..။ ဒီလို ကြယ်စုံတဲ့ ညတွေ ငါထိတွေ့ခွင့်မရခဲ့တာ အတော်ကြာခဲ့ပြီပဲလို့ အလန့်တကြား တွေးမိတယ်..။

ငယ်ဘ၀.. ညများရဲ့ ကောင်းကင်က အလိုလို ခေါင်းထဲ ရောက်လာခဲ့တယ်..။ ညီအကိုတတွေ အိမ်ရှေ့တလင်းမှာ “ ဟိုဟာက မောင်ရင်ဆိုင်ထမ်း.. ဒီဟာက ဖျောက်ဆိပ် ” နဲ့ အတော်ညဉ့်နက်သည်အထိ ကြယ်ကြည့်ရင်း ကစားခဲ့ကြတဲ့ ပုံရိပ်တချို့ အတွေးထင်လာခဲ့တယ်..။ ကစားရင်း ငြင်းကြခုန်ကြ စိတ်ကောက်ကြတာတွေ ပြန်မြင်ယောင်လာတယ်..။ ထူးထူးခြားခြား အဲဒီနေ့ညမှာ ကျွန်တော့်ရဲ့ ညီအကိုမောင်နှမတွေကို တအားလွမ်းနေ မိခဲ့တယ်..။

ခရီးဆက်ဖို့ ကားထဲပြန်ဝင် စတီယာရင် ကိုင်သည့်အထိ အလွမ်းက မပြေချင်ဘူး..။

အဲသလိုနဲ့ဆက်မောင်းလာတာ.. ပျဉ်းမနားရောက်တော့ မနက် တစ်နာရီ..။ အညာမြေ တ၀က်နင်းမိပြီ ပေါ့..။

2 comments:

လွတ်ငြိမ်းလေပြေ said...

ဟုတ်တယ်နော်၊ နယ်ကို ညဘက် ခရီးသွားရင် ”ငါဟာ ညထဲကို တိုးဝင်သွားနေတယ်” ဆိုတဲ့ ခံစားမှုမျိုး ရတယ်၊ ပြီးတော့ ညလေက တမျိုးပဲ၊ ငြိမ်းချမ်းတယ်၊

Zaw Min said...

အကိုကီး- အမြန်လမ်းက ထောက်ုကံ့ အလွန်က စတာ နော်။ တိုက်ုကီးကတော့ ပြည်လမ်းပိုင်းမှာ တော်တော်ဝေးသေးတယ်။ အကိုကီးရဲ့ ဘ၀ဇာတ်ေုကာင်းတွေ မနေ့ တစ်နေ့ လုံးဖတ်- အခုလည်းဖတ်နေတာ... အရမ်းသဘောကျတယ်။ အကိုကီးစာတွေဖတ်ရင်း ဆရာဦးမောင်မောင်လတ်(အခုတော့လူဆိုးထိန်းလုပ်နေတယ်)၊ ဒေါ်ဂွက်တို့ ကို သတိရသွားတယ်။ ဆက်ချအကိုကီးရေ...