Monday, October 27, 2008

33.4 ဘာလာလာ ချစ်ပြီးသား

တဖြည်းဖြည်းနဲ့ သမီးလေးကိုယ်ဝန် သက်ရင့်လာတော့ မဒမ်ကို အလုပ်ထွက်ခိုင်းလိုက်တော့တယ်..။ အလုပ်ကတဖက် အိမ်ရဲ့ ဝေယျာဝစ္စက တဖက် နဲ့ ဆိုတော့ မဒမ်ရဲ. ကျန်းမာရေး ထိခိုက်မှာမျိုးလဲ စိုးရိမ်မိတယ်..။

သူတို့အလုပ်ကလဲ စည်းမရှိ ကမ်းမရှိ တော်ကြာ All night ဆင်းရတာနဲ့ တော်ကြာ Overtime ရှိပြန်ပြီ ဆိုတော့ ကြာရင် လုံးပါးပါးကိန်း ရှိတယ်..။

လင်ကိုမယား နှစ်ယောက်ထဲ နေကြတာဆိုတော့ ကျွန်တော်အလုပ်သွားရင် မဒမ်က အိမ်မှာ ကျန်ခဲ့ပြီး ချက်ပြုတ်လျှော်ဖွပ်ပေါ့..။ အိမ်က စက်ရုံထဲမှာပဲ ဆိုတော့ နေ့လည် ထမင်းစားချိန် ကျွန်တော်အိမ်ပြန်စားလိုက်တယ်..။

ကျွန်တော်က အစားအသောက် ဂျီးမများဘူး..။ မဒမ်ချက်ကျွေးသမျှ မညည်းမညူ အကုန်စားတာပဲ..။ လူပျိုဘ၀ကတည်းက ဖြစ်သလို နေခဲ့တာဆိုတော့ .. ဘယ်လိုချက်မှ.. ဘာဟင်းမှ ဆိုတာမျိုး ကျွန်တော့်မှာ မရှိဘူး..။

ဗိုက်ပြည့် ပြီးကရော ပဲ..။

မဒမ်ကတော့ ကြိုးစားပမ်းစား ဖွယ်ဖွယ်ရာရာ ဖြစ်အောင် ချက်ကျွေးရှာတယ်..။ တခါတရံတော့ ကျွန်တော့်တသက် မစားဖူးတဲ့ အထူးအဆန်း အစားအစာလေးတွေ စားရတတ်တယ်..။ မဒမ်က ဘီလင်းက ဆိုတော့ တာလပေါ လို ကရင်စာလေးတွေ ချက်တတ်တယ်..။

ကျွန်တော်တို့အညာမှာ တာလပေါ ဆိုတာ.. ဘယ်ရှိမလဲ..။ နောက် ချဉ်ဖတ်မျိုးစုံ စားရတယ်..။ ရွာမှာနေစဉ်က ချဉ်ဖတ်ဆိုတာ.. နှမ်းဖတ်ချဉ်.. ပဲပင်ပေါက်ချဉ်.. ကတက်ချဉ်.. ဟင်းကလာချဉ်.. ဇောင်းဂျမ်းချဉ်.. လောက်ပဲ စားဖူးတာ..။ ( ဇောင်ဂျမ်းပင်ဆိုတာ ရန်ကုန်က လူတော်တော်များများ သိတောင်မသိကြဘူး )

ထမင်းဟင်းကို ဖွယ်ဖွယ်ရာရာ ဖြစ်အောင် စီစဉ်ပေးတယ်ဆိုပေမယ့် တခါတလေတော့ အပေါက်အလမ်း မတည့်တာလေးတွေ ကြုံရတတ်တယ်..။ သူချက်ထားတဲ့ ဟင်းကို စားကောင်းတယ်လို့ တခါ ပြောမိထားရင် မဒမ်က အသေမှတ်ထားပြီး နေ့တိုင်း လောက် ချက်ကျွေးတော့တာပဲ..။

သင်္ဂဇာ ဆရာတော်ရဲ. “ ရွှေချဉ်ပေါင် တုံးခါမှ မောင်ဘုန်း ပြန်လာမယ် ” ဆိုတာမျိုး ဆန်ဆန်ပေါ့..။

တခါကလဲ ပုဇွန်ချဉ်သုပ်.. မန်ကြီးရွက်ချဉ်ရည်.. ပုဇွန်ခြောက်ချဉ်ပေါင်ကြော်..ချက်ထားတယ်..။ စားစရာရှိတာ စားပြီး မဒမ့်ကို “ သံပုရာရည်လေး သောက်ရ ကောင်းမှာ ” လို့ နောက်မိတယ်..။ “ အခုဖျော်လိုက်မယ် ခဏစောင့် ” လို့ မဒမ်က အဟုတ်ထင်ပြီး ဖျော်မယ်လုပ်လို့ မနည်းတားရတယ်..။

အဲသလို နေ့ရက်တွေ တရက်ပြီး တရက် ကူးဖြတ်ပြီး မဒမ့်ဗိုက်က ပူသထက် ပူလာခဲ့တယ်..။

သားဦးယောက်ျားလေး လိုချင်တယ် ဆိုပေမယ့် ဘာဖြစ်ဖြစ် ကိုယ့်သွေးကိုယ်သားပဲ ဆိုတဲ့ အသိနဲ့ သမီးမွေးမွေး သားမွေးမွေး ထူးပြီးတော့..ဘယ်ဟာ လိုချင်တယ် စိတ်ထဲ မရှိပါဘူး..။ မိန်းကလေးမွေးရင်တော့ သူငယ်ချင်းများကြား အစအနောက် ပိုခံရဖို့ တော့ ရှိတယ်..။

သူကြီးက အဲဒီတုံးက မိန်းမ မရသေးဘူး..။ မိန်းမရပြီးသား သူငယ်ချင်းတွေ ဘာမွေးလဲ လိုက်စပ်စုပြီး “ လူယုတ်မာတွေ များ မွေးလိုက် သမီးချည်းပဲ ” လို့ လည်ပြောနေတဲ့ အချိန်ပေါ့..။ တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်းများကလဲ မွေးလိုက် သမီးချည်း ဖြစ်နေတော့ ရယ်စရာ တခုကို ဖြစ်လို့..။

1 comment:

ကိုပေါ said...

ဖတ်နေတာ မပြီးသေးခင် မနေနိုင်လို့ ဖြတ်ပြီး ကွန်မင့်ရေးလိုက်ဦးမယ်။ ကျနော်တို့ ပွင့်ဖြူဖက်မှာလည်း ဇောင်ဂျမ်းချဉ် ရသဗျား။ ကျနော် အင်မတန်ကြိုက်ပေါ့။ အကြိုက်ဆုံးချက်နည်းကတော့ ငရုပ်သီး၊ ကြက်သွန်တို့နဲ့ ကြော်တာပါဗျိုး။ ပုဇွန်ချဉ်ကို ကြော်ထားသလိုဘဲ မွှေးမွှေးလေးနဲ့ အင်မတန်စားလို့ကောင်းတယ်။ ဒီတခါ ရွာပြန်ရင် စားဖို့ အားခဲထားတယ်။