Thursday, October 16, 2008

31.7 ကိုယ့်လဲ အလှည့်လေး ပေးပါအုံး

ကျွန်တော်တို့ အဖွဲ့ထဲမှာ မြန်မာ့မီးရထားမှာ အလုပ်လုပ်နေတဲ့ ဇော်ကြီး ဆိုတဲ့ လယ်ဝေးသား လဲ ပါတယ်..။ ကျောင်းပြီး အလုပ်အစောဆုံး ရတဲ့ သူငယ်ချင်း တွေထဲမှာ သူက ထိပ်ဆုံးကပေါ့..။ ကျွန်တော်တို့က ဟိုယောင်ယောင် ဒီယောင်ယောင်ဖြစ်နေချိန် သူက အလုပ်ဝင်ဖြေပြီး တခါတည်း တန်းအောင်သွား ခဲ့တယ်..။

ရတော့ လည်း officer level လက်ထောက်အင်ဂျင်နီယာ အနေနဲ့ အရာရှိပေါ့လေ..။ မနက်မနက် ၀တ်စုံပြည့်နဲ့ မောင်းမင်းကြီးသားက ခေါင်းမော့ ရင်ကော့နဲ့ အလုပ်သွားရင် ကျန်တဲ့ကောင်တွေကတော့ ပေါက်သင်ညိုခေါင်းထု ထားသလိုမျိုး.. ငေးငေးငိုင်ငိုင် အူတူတူနဲ့ ကျန်ခဲ့ကြရတယ်..။

ဇော်ကြီးက အရပ်ထောင်ထောင်မောင်းမောင်း လူကောင်ကြီးကြီး .. မျက်မှန်ကထူထူ.. သူတို့မီးရထား ယူနီဖောင်း အဖြူရောင်နဲ့ အတော့်ကို ကြည့်ကောင်းတာ..။ တိမ်ဦးလေပြေ မောင့်ကိုစေ ရုပ်ရှင်ထဲက ၀င်းဦးလိုလို ဘာလိုလို..။ ကုလား ၀င်းဦး စတိုင်ပေါ့..။ ဇော်ကြီးက အသားတော့ ညိုတယ်..။

တခါတလေ သူက အလုပ်သွား.. ကျွန်တော်တို့ကလဲ မြို့ထဲသွားဖို့ ကြုံလာ လို့ ဘတ်စ်ကား အတူစီးမယ် အတွေးနဲ့ “ ဇော်ကြီး အတူသွားကြတာပေါ့ ” လို့ ပြောမိရင် “ သူငယ်ချင်းတို့ ကိုယ်တို့အရာရှိတွေက ယူနီဖောင်းနဲ့ ဘတ်စ်ကား မစီးရဘူး .. သူငယ်ချင်းတို့ ဖာသာ စီးကြပါ ” လို့ ပြန်ပြောပြီး Taxi နဲ့ သူဒိုးတယ်..။

ကျွန်တော်တို့မှာ အောင့်သက်သက်နဲ့ ပေါ့..။ ဒါပေမယ့် နောက်မှ သိရတာက အရာရှိယူနီဖောင်းနဲ့ ဆိုက်ကားမစီးရ ဘတ်စ်ကားမစီးရ ဘူး ဆိုပဲ..။

ဇော်ကြီးက အခုအချိန်အထိ လူပျိုကြီး..။ လူပျိုသိုးကြီးပေါ့..။ မိန်းမလဲ ရမယ်မထင်တော့ပါဘူး..။ ကျွန်တော်တို့ကတော့ မိန်းမ မရ.. ယောက်ျားယူပစ်ကွာ လို့ တွေ့တိုင်း ဟာသလုပ်ကြတယ်..။ ကျွန်တော်တို့ အဲသလိုပြောတိုင်း သူ့မျက်လုံး ခပ်ပြူးပြူးကို အသားကုန် ထပ်ပြူးပြီး ဆဲတော့တာပဲ..။

သူကြီးက သူ့ကို နာမည်ပေးထားတယ်.. ။ A Man With Prawn Eye တဲ့..။ ပုဇွန်မျက်လုံးနဲ့ လူပေါ့..။ ဟားဟား..။

မိန်းမသာ မရသေးတာ..။ တစ်ယောက်ထဲ မတ်တပ်အိပ် လေးဘက်ထောက် ထိုင်နေရတယ် ဆိုတဲ့ လူမျိုး..။ အမြဲတမ်း ပြတ်လပ် နေတာပဲ..။ သူငယ်ချင်းတွေ ဆုံကြလို့.. သောက်ကြစားကြ .. ကာရာအိုကေ သွားကြတိုင်း.. တို့ကတော့ အောက်ပြုတ်ဆိုပြီး လိုက်လိုက်လာတယ်..။

(အောက်ပြုတ်ဆိုတာ.. ဖဲစကား နဲ့ ပြောတာ.. ရှိုးရိုက်ရာမှာ.. နောက်ထပ်လိုက်စရာ ပိုက်ဆံ မရှိတော့တဲ့ အခြေအနေကို ပြောတာပဲ )

စားသောက်ဆိုင် ပိုက်ဆံရှင်းတော့လည်း သူနဲ့မဆိုင်သလို နေတယ်..။ ကာရာအိုကေ မှာ ဘီလ်တောင်းတော့လဲ.. အသံမထွက်ဘူး..။ အဲ.. အားလုံး သောက်စားပျော်ပါးပြီးလို့ အိမ်အပြန်လမ်းမှာ တစ်ယောက်ယောက်က ကွမ်းယာလေးတော့ ၀ါးကြအုံးစို့ ဆိုတဲ့ အသံကြားလို့ကတော့ ဇော်ကြီးက သူ့အိပ်ထောင်ထဲ လက်နှိုက်ပြီး ဒေါကြီးမောကြီး နဲ့

“ သူငယ်ချင်းတို့ ငါလဲ အလှည့်လေးပေးကြပါအုံး မင်းတို့ချည်း ရှင်းနေတာ ” လို့ ပြောပြီး ကွမ်းယာဖိုး အတင်း လုရှင်းတော့တာပဲ..။

ပြီးပြောသေးတယ်..။

နောက်ဆုံးတော့ ငါပဲ ရှင်းလိုက်ရတာ .. ဆိုပဲ..။

No comments: