Wednesday, October 1, 2008

29.9 ဇော်ဌေး နဲ့ ထင်ကျော်

ဇော်ဌေးဆိုတာ ကျောက်ပန်းတောင်းသား..။ အသားဖြူဖြူ ပိန်ပိန်သွယ်သွယ် နဲ့ အတော့်ကို ရွှတ်နောက်နောက် နိုင်တဲ့ ကောင်ပဲ..။ သူ့ကိုယ်သူ တွမ်ခရုခ် နဲ့ တူတယ်လို့လဲ မကြာခဏ ပြောတတ်တယ်..။

အဲဒါကြောင့်လားတော့မသိဘူး ကျောင်းမရောက်လာခင်ကတည်းက မိန်းမရလာခဲ့တယ်..။

လွန်ခဲ့တဲ့ လထဲက သူ့မိသားစုနဲ့ ရန်ကုန်ရောက်လာလို့ ခနတွေ့လိုက်ရသေးတယ်..။

သူ့သမီးအကြီးဆုံးဆို.. ဆယ်တန်းတောင်ရောက်နေပြီ..။ မုံရွာသား မိုးဟိန်းနဲ့တောင် သူ့သမီးနဲ့ ကျွန်တော်တို့ ၀ိုင်းစနေကြသေးတယ်..။

ကျောင်းမှာတုံးက ဇော်ဌေးရဲ့ အခန်းဖော်က ပခုက္ကူသား ထင်ကျော်..။ အခုတော့ နေပြည်တော် ပျဉ်းမနားမှာ အိမ်ထောင်ကျပြီး ကန်ထရိုက်တဖက် ကုန်စုံဆိုင် တဖက်နဲ့ ကြီးပွားနေပါပြီ..။ ထင်ကျော်က အေးတယ်..။ ဇော်ဌေးက လည်တယ်..။

ကျွန်တော်တို့ တက္ကသိုလ်အဆောင်တွေမှာ အဆောင်သာယာကြေး ကောက်တယ်ဆိုတာ ရှိတယ်..။ အစိုးရကို တရားဝင်သွင်းရတဲ့ အဆောင်ကြေး နဲ့မဆိုင်ဘဲ အဆောင်ရဲ့ ရေမီးသန့်ရှင်းရေးအစရှိတာတွေ အတွက် ကိုယ်ထူကိုယ်ထ ကောက်တဲ့ ငွေပေါ့..။

ဇော်ဌေးက စာအုပ်တအုပ်နဲ့ အဆောင်သာယာကြေး လိုက်ကောက်ချင်ယောင်ဆောင်တယ်..။ ကောက်တာက သူ့အခန်းဖော် ထင်ကျော့်ကို..။ စာအုပ်ထဲမှာ.. ကျန်တဲ့ ကျောင်းသားတွေရဲ့ နာမည်နဲ့ အလှူငွေကို ခပ်တည်တည် ထည့်ရေးထားတယ်..။

အခန်းဘယ်လောက်က ကျောင်းသား ဘယ်သူ က ၂၀၀..။ နောက်တခန်းက ၂၅၀ ဆိုတာမျိုးကို တကယ်မထည့်ဘဲနဲ့ လံကြုတ်လုပ် ရေးထားတာပေါ့..။

ပြီးတော့မှ သူ့အခန်းဖော် ထင်ကျော်ကို '' ဟေ့ ထင်ကျော် အဆောင်သာယာကြေး တဲ့.. ဘယ်လောက် ထည့်မှာလဲ '' လို့ ဇော်ဌေး မေးတယ်..။ ထင်ကျော်လည်း အဟုတ်ထင်ပြီး သူများတွေ ထည့်သလောက် ထည့်ရမှာပေါ့ .. သူများတွေ ဘယ်လောက်ထည့်လိုက် လို့ အူတိတူကြောင်နဲ့ ဇော်ဌေးကို ပြန်ပြောတယ်..။

သူများတွေထည့်တာတော့ ဒီမှာကြည့် ဆိုပြီး ဇော်ဌေးက သူလုပ်ကြံထားတဲ့ စာအုပ်ထဲက စာရင်းကို ထုတ်ပြတယ်..။

ထင်ကျော်လဲ စာအုပ်လှန်ကြည့်ပြီး ၂၅၀ ထည့်လိုက်တော့တယ်..။ လက်ထဲ ပိုက်ဆံ ရတာနဲ့ ဇော်ဌေးက ''သူငယ်ချင်း ကန်တင်း သွားရအောင်ကွာ.. ငါတိုက်ပါ့မယ် '' ဆိုပြီး ထင်ကျော်ကို ခေါ်တယ်..။

အမြဲတမ်း ငါကချည်း တိုက်နေရတာ.. ဒီနေ့ ဒီကောင် ကြားသားမိုးကြိုး သဘောတွေ သိပ်ကောင်းနေပါ့လားလို့ တွေးပြီး ထင်ကျော်လည်း ဇော်ဌေးနောက် လိုက်သွားတော့တယ်..။

ကန်တင်းရောက်တော့ ဇော်ဌေးက ထင်ကျော့်ကို ''သူငယ်ချင်း မှာသာမှာ.. မင်းကချည်း ငါ့ကို ကျွေးနေရတာ.. အခု ငါ့အလှည့်.. ကိုယ့်ပိုက်ဆံနဲ့ကိုယ် စားသလို သဘောထားပြီး စား '' လို့ ပြောတယ်..။

ထင်ကျော်ကတော့ ဇော်ဌေးအဲသလို ပြောတာတောင် ဓါတ်မပေါက်ဘဲ.. ဇော်ဌေး ကျွေးတယ်ပဲ ထင်နေခဲ့တယ်..။

စားသောက်ပြီးလို့ ပိုက်ဆံရှင်းပြီးတော့မှ ဇော်ဌေးက အကြောင်းစုံ ပြောပြတယ်..။ ထင်ကျော့်မှာ ရီရခက် စိတ်ဆိုးရခက် ပေါ့..။

ဒါပေမယ့် ထင်ကျော်ကလည်း အခွင့်ကြုံတော့ လက်စားပြန်ချေတယ်..။ ကျောင်းနောက်က ရေတံခွန်တောင် ကို ကျောင်းသားတွေ ပိတ်ရက် တက်ကြတော့ ဇော်ဌေးရဲ့ ဆင်ခြောက်ကောင် ဖိနပ်အသစ်ကို ဇော်ဌေးအိပ်နေတုံး ခိုးစီးသွားတယ်..။

တောင်တက်တယ်ဆိုတော့ ဖိနပ်က စုတ်ပြတ်သပ်သွားတယ်..။ ဇော်ဌေးခမျာ.. မရှိမဲ့ရှိမဲ့လေးနဲ့ ၀ယ်ထားတဲ့ ဆင်ခြောက်ကောင်.. ထင်ကျော်သမတာ ခံလိုက်ရတယ်..။

ဇော်ဌေးကလဲ.. ထင်ကျော်ကို ပညာပေးပြန်တယ်..။ ထင်ကျော့်မှာ ဆိုင်ကယ်ရှိတယ်..။ အဲဒီဆိုင်ကယ်ကို ထင်ကျော်မသိအောင် ခိုးစီးပြီး ကန်တင်းသွားတယ်..။ ကန်တင်းမှာ ဆိုင်ကယ် နှိုးရက်ကြီးနဲ့ လဘက်ရည်ထိုင်သောက်နေလိုက်တယ်..။

ကျွန်တော်တို့က ဟ ဇော်ဌေးရ.. ဆိုင်ကယ်စက်သတ် ထားလိုက်ပါ.. ဆီကုန်ပါတယ် ဆိုတော့. နေပါစေ..ထင်ကျော်ဆိုတဲ့ကောင် ငါ့ဆင်ခြောက်ကောင်နဲ့ ရေတံခွန်တောင် တက်လို့ ပြန်ပြီး ပညာပေး နေတာတဲ့..။

ဇော်ဌေးက အဲသလိုမျိုး..။

နောက် ဇော်ဌေးနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရ ရယ်ရတာ ရှိသေးတယ်..။ ကျောင်းက ရယ်စရာမဟုတ်ပါဘူး..။ ဇော်ဌေးရဲ့ ငယ်ဘ၀က ရယ်စရာပါ..။ ဇော်ဌေးငယ်ငယ်တုံးက သူ့အိမ်က ဆေးဝယ်ခိုင်းလိုက်တယ်..။

ဆေးက ကရိုလိုဖင်နီကော ဆိုတဲ့ ဆေး..။

ကျွန်တော်တို့ ငယ်ငယ်တုံးကလည်း ဇော်ဌေးလိုမျိုး မိဘများက ဆေးဝယ်ခိုင်းရင် အတော်စိတ်ညစ်ရတယ်..။ ဆေးတွေက အင်္ဂလိပ်ဆေးတွေ..။ ဆေးနာမည်တွေက ကလေးတွေနဲ့ ဘယ်လိုမှ မရင်းနှီးတဲ့နာမည်တွေ ဆိုတော့.. ဆေးဆိုင်ရောက်မှ မေ့မေ့သွားလို့ အိမ်ပြန်ရပေါင်း မနည်းဘူး..။

တချို့ဆို.. ဆေးဆိုင်သွားတဲ့ လမ်းတလျှောက် ဆေးနာမည်ကို အော်ရွတ်ပြီး သွားကြတယ်..။ မေ့မှာစိုးလို့ တဲ့..။ ဒါတောင်မှ လမ်းမှာ ခလုတ်တိုက်လိုက်ရင် မေ့သွားပြန်ရော..။

ဇော်ဌေးလည်း ကလိုရိုဖင်နီကော..ကလိုရိုဖင်နီကော နဲ့ တတွတ်တွတ်ရွတ်ပြီး ဆေးဆိုင်ရောက်သွားတယ်..။ တလမ်းလုံး ရွတ်လာခဲ့တာတော့ ချောလို့ ပဲ..။ ဆေးဆိုင်ရောက်လို့ ဆိုင်ရှင်က ကောင်လေး ဘာဆေးဝယ်မှာလဲ လို့ မေးတော့မှ သောက်တလွဲ ပြောတော့တယ်..။

'' ဦးလေး ဦးလေး .. ကိုဘိုနီဖင်နီကော ရှိလား '' တဲ့..။

ဖြစ်ချင်တော့ ဆေးဆိုင်ပိုင်ရှင်ရဲ့ နာမည်က တိုက်တိုက်ဆိုင်ဆိုင် ကိုဘိုနီ ဖြစ်နေတယ်..။

'' ဟေ့ကောင်လေး မင်း လူကြီးကို နောက်စရာလားကွ.. ဘာဆေးလဲ တစ်ခေါက်ပြန်ပြောစမ်း ''

ကိုဘိုနီ အဲသလိုမျိုး မျက်နှာထားတင်းတင်း နဲ့ ဇော်ဌေးကို ဟောက်လိုက်တော့ မှ ပိုဆိုးသွားတယ်..။

'' ဟိုဟို.. ကိုဘိုနီ ဖင် ..ဖင်.. ဖင်နီ ကော ပါ ''

ထစ်ထစ်ငေါ့ငေါ့ နဲ့ ဇော်ဌေး ပြန်ပြောတယ်..။

'' ဟေ့ကောင် ပြန်ပြန် မင်းအိမ်ပြန်ပြီးမင်းမိဘတွေကို သေချာပြန်မေးခဲ့.. မင်းပြောတဲ့ ကိုဘိုနီဖင်နီကော ဆိုတာ ငါ့ဆိုင်မှာ မရောင်းဘူး ကွ ..သွားသွား ''

ဇော်ဌေးလဲ.. တချိုးတည်း အိမ်ပြန်ပြေးခဲ့ရတော့တယ်..။

5 comments:

sin dan lar said...

ဆေးအသစ်ပေါ့..ရီရတယ်

ဒူကဘာ said...

အဲဒီလိုမျိုး အဖြစ် ကချင်မှာလည်း ရှိပါ့ဗျား .. ...ကလေးကို ဘတ်စပရို ဝယ်ခိုင်းလိုက်တာ ဆိုင်ရောက်တော့ မေ့ပြီး ပစ္စတို လို့ပြောတော့ ငါ့ဆိုင်မှာ သေနတ်မရောင်းဖူး ပြောလွှတ်ရတယ်။

khine said...

ha ha is it new medicine..

ကောင်းကင်ပြာ said...

very nice post

Libra said...

ညီမ ကရယ်ရင်တွေးတွေးပြီးရယ်တတ်တယ် ခုဆေးအသစ် ကိုတွေးပြီးရယ်လိုက်ရတာ ဟား ဟား