Wednesday, October 1, 2008

29.11 ဂျီဟောရှေ့က ချံပီယံကြီး

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စက်မှုတက္ကသိုလ် ကျောင်းတွင်းအားကစား ပြိုင်ပွဲတွေလုပ်တော့ ကျွန်တော်နဲ့တိုးကြီး ၀ငိနွှဲကြတယ်..။ မှတ်မှတ်ရရ အားကစား လေးမျိုးမှာ ကျွန်တော် ပထမ ရတယ်..။ ဘောလုံးကန်တာ အသင်းလိုက် ပထမရတယ်..။

ရေသောက်ပြိုင်ပွဲမှာလည်း ကျွန်တော်ပထမပဲ..။ အခုနေ ပြန်တွေးကြည့်တော့ မသေတာ ကံကောင်းရယ်..။ စပါကလင်ပုလင်းတွေထဲ ရေထည့်ပြီး ကဒ်လိုက် ချပေးထားတယ်..။ ပြိုင်ပွဲဝင် ကျောင်းသား တစ်ယောက်ကို တစ်ကဒ်နှုန်း ပေးထားတယ်..။

ဒိုင်လုပ်တဲ့သူက ပြိုင်ပွဲစနိုင်ပြီ လို့ ပြောတာနဲ့ ကိုယ့်ရှေ့ ကဒ်ထဲက ပုလင်းတစ်လုံးပြီး တစ်လုံး ယူသောက်ကြ ရတယ်..။ များများ မြန်မြန်သောက်နိုင်တဲ့ ကောင် နိုင်တာပဲ..။ သတ်မှတ်ချိန် ဘယ်လောက်ဆိုတာ မမှတ်မိတော့ပေမယ့် စုစုပေါင်း ဆယ့်တစ်လုံးသောက်ပြီး ကျွန်တော်ဗိုလ်စွဲတယ်..။

သောက်တုံးကတော့ နိုင်ချင်ဇောနဲ့ အတင်းမျိုဆို့ သောက်ပစ်လိုက်ပေမယ့် ပြိုင်ပွဲလဲ ပြီးရော ဝေါကနဲ သောက်ထားသမျှ အကုန်အန်ထွက်ကုန်တာပဲ..။

နောက် ပထမရတဲ့ ပြိုင်ပွဲက လက်လှဲပြိုင်တာ..။ ကျွန်တော်က စက်မှုတက္ကသိုလ် လက်လှဲချံပီယံ..။

အမြဲတမ်း အလေးမနေတဲ့ ၀ိတ်တာတွေတောင် ကျွန်တော့်မနိုင်ဘူး..။ ပြိုင်ဖက်တွေနဲ့ ပွဲကြည့် ပရိတ်သတ် ကျောင်းသားတွေကအစ ကျွန်တော်တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူနေတာကို အံသြမဆုံး ဖြစ်နေကြတယ်..။

ဒီကောင်က လူကသာ ပိန်တာ..။ လက်ကောက်ဝတ် အတော်သန်တာပဲ လို့ သူတို့ မှတ်ချက်ချကြတယ်။

ဖားကန့်မှာ ထော်လာဂျီ စပယ်ယာလုပ်တုံးက တရုတ်နီ ဆယ့်ရှစ်ကောင် အင်ဂျင်ကို မနားတမ်းဂေါက်လှည့်ခဲ့ရလို့ လက်ကောက်ဝတ်က သန်နေတာ သူတို့မှ မသိဘဲ..။

နောက်ဆုံးပြိုင်တာက မာရသွန်အပြေးပြိုင်ပွဲ..။ ပင်မ ကျောင်းဆောင်ကြီး နောက်ကျော ၀ပ်ရှော့တွေနားက စပြီး တာလွှတ်တယ်..။ ယောက်ျားလေး ဆောင် အေဘီစီဒီအီးအက်ဖ် အစဉ်လိုက် ဖြတ်ပြီး ကျောင်းကန်တင်းတွေဖက် ပြန်ကွေ့..။ အဲဒီကမှ စက်မှုတက်ကသိုလ်ရဲ့ အထင်ကရ အလှပဂေးတွေ စုစည်းရာ နာမည်ကျော် ဂျီဟော ရှေ့ကို ဖြတ်ရတယ်..။

ဂျီဟောရှေ့ဖြတ်ပြီးတာနဲ့ ကျောင်းဘောလုံးကွင်း တစ်ပတ်ပတ်..။ နောက် ဂျီဟောရှေ့ ပြန်လာပြီး ပန်းဝင် ရတယ်..။ ဂျီဟောရှေ့က ပန်းတိုင်ပေါ့..။

စထွက်ကတည်းက ပြိုင်ပွဲဝင် သုံးဆယ်လောက် ထဲမှာ ကျွန်တော် ရှေ့ဆုံးက ဦးဆောင်တာ ပန်းဝင်တဲ့ အထိ ပဲ..။

ကျွန်တော် ပြေးလာတာ ဂျီဟောရှေ့ ရောက်တော့ အမ်အိုင်တီက ကျောင်းသူ တချို့ ကျွန်တော့်နာမည် အော်ဟစ်ပြီး အားပေး နေကြတယ်..။ ၀ိုင်အိုင်တီက ကျောင်းသူ တချို့လည်း သူတို့ ခင်ရာမင်ရာ အားပေးနေကြတော့ ဂျီဟော ရှေ့မှာ အဲဒီနေ့က အတော့်ကို စည်စည်ကားကားပဲ..။

ကျွန်တော့်ကို အားပေးတဲ့ အထဲမှာ လဲ့နှင်းဇင် လို့ခေါ်တဲ့ သဲတောဝမ်းတွင်းသူက အားကြိုးမာန်တက်အရှိဆုံးပဲ..။

သူ့ လက်ထဲက လက်ကိုင်ပုဝါကို ကရင်ဒုံးယိမ်းကသလိုမျိုး ဝေ့ယမ်းခုန်ပေါက်ပြီး အပြတ် အားပေးတယ်။

ဘောလုံးကွင်း တစ်ပတ်ပတ် ပြန်လာပြီး ဂျီဟော ရှေ့ ကျွန်တော် ပန်းဝင်လာတော့ အားလုံးက လက်ခုပ်တီးကြတယ်..။

အားပေးသူတွေကို ကျေးဇူးတင်စကားတောင် ကျွန်တော်ပြန်မပြောနိုင်ဘူး..။ လူက တအားမောနေတာမို့ သူတို့ရှေ့နားက သဲပုံပေါ်မှာပဲ ပစ်လှဲချလိုက်ရတော့တယ်..။ မျက်စိတောင် မဖွင့်နိုင်ဘူး.. ငါးမိနစ်လောက် ဟောဟဲဟောဟဲ နဲ့ ပက်လက်နေရတယ်..။

ပုံမှန်ဖြစ်လို့ မျက်စိဖွင့်ကြည့်တော့ လဲ့နှင်းဇင်ရဲ့ လက်ကိုင်ပုဝါက ကျွန်တော့်ပေါင်ကြားရောက်နေပြီ..။ အားလုံးက ပြုံးစိပြုံးစိနဲ့..။

ခြေပစ်လက်ပစ် ကျွန်တော် သဲပုံပေါ်လှဲလိုက်တဲ့အချိန် ၀တ်ထားတဲ့ ဘောင်းဘီက ခပ်ပွပွဆိုတော့ အမြင်မတော် ဖြစ်ကုန် တူပါရဲ့..။ လဲ့နှင်းဇင်ခမျာ သူ့လက်ကိုင်ပုဝါ နဲ့ ကျွန်တော့်အရှက်ကို ဖုံးပေးရတဲ့ အဖြစ်ရောက်သွားခဲ့တော့တယ်..။

ကပျာကယာ မတ်တပ်ထပြီး လက်ကိုင်ပုဝါ ကျွန်တော်ပြန်ပေးတော့ '' နေပါစေ နေပါစေ နင်ယူလိုက်တော့ အဲဒီလက်ကိုင်ပုဝါ '' ခြေခါခါခေါင်းခါခါ နဲ့ လဲ့နှင်းဇင် အတင်း ငြင်းတယ်..။

2 comments:

khine said...

ဟားဟား...ချံပီယံကြီး...
ဂုဏ်ပြုပါတယ်...

sin dan lar said...

ဟီဟီ..
တောင်ငူအိတ်ချိန်းက မလဲ့နှင်းဇင်လား အစ်ကို