Thursday, October 9, 2008

30.12 အမေ ဘယ်တုံးကမှ မနိုင်တဲ့ အဖေ

အမေနဲ့ အဖေ ညားခါစ နေ့ရက်တွေမှာ ဘယ်လိုရှိခဲ့သလဲ ဆိုတာ မသိပေမယ့် ကျွန်တော်လူမှန်းသိတတ် စ အချိန်တွေမှာတော့ အမေ့ခမျာ မျက်ရည်နဲ့ မျက်ခွက် နေခဲ့ရတာ ခပ်များများ ရယ်..။ အဖေက သိပ်နိုင်စားတယ်..။ ရိုက်ဟယ် နှက်ဟယ်လဲ မကင်းဘူး..။

ကျွန်တော်တို့ငယ်စဉ်မှာ ရိုက်တာနှက်တာကို မောင်နှမတတွေ ဘာမှ ၀င်မပြောကြပေမယ့်.. နည်းနည်းလေး သိတတ်လာတဲ့ အချိန်မှာတော့ .. အဖေ စိတ်ရှိလက်ရှိ အမေ့ကို မရိုက်ရဲတော့ဘူး..။ အထူးသဖြင့် ကျွန်တော့်အကိုက.. အဖေ့ကို .. ၀င်ဝင်တားတယ်..။

အကိုက အဲသလိုမျိုး ကိစ္စတွေမှာ မရဘူး..။ ရန်ဖြစ်ရခြင်း အကြောင်းအရင်း ဘယ်သူမှားမှား ဘယ်သူမှန်မှန် အမေ့ကို အဖေရိုက်လို့ကတော့ “ အဖေ ခင်ဗျား အမေ့ကို မရိုက်နဲ့ နော်.. ရိုက်လို့ကတော့ ကျုပ်အဆိုးမဆိုးနဲ့ ” လို့ ထထကြမ်းတယ်..။

တကယ်တမ်း ထိပ်တိုက်တွေ့တဲ့အဆင့် အထိ တော့ မရောက်ကြပါဘူး..။ ဒါပေမယ့် အဖေ အလျော့ပေးသွားတာ များတယ်..။

အဖေက ဒေါသသိပ်ကြီးတယ်..။ အမေကတော့ ရိုက်လည်းခံ ဆဲလည်း ခံ.. ဆူလည်း ခံ ပဲ..။ အဲသလိုမျိုး အမေချည်း ခံနေရတာကို အဖေက သူပဲ ခံနေရသလိုမျိုး ငါးဖယ်လှယ် ပြောင်းပြန်လှန် ပြောတတ်သေးတယ်..။

သူကပဲ အနစ်နာခံပြီး အမေ့ကို ဆက်ပေါင်းနေရသယောင် ယောင်.. အမြဲပြောတယ်..။ ဒီတိုင်းပြောတာတောင် မဟုတ်ဘူး..။ ကဗျာ နဲ့ ပြောတာ..။ အဖေပြောပါများလို့ ကျွန်တော်တို့ မောင်နှမတတွေ အဲဒီကဗျာကို အားလုံး အရွတ်ရကြတယ်..။

အဖေကတော့ အဲဒီကဗျာကို မူးလာရင်လဲ ရွတ်တယ်..။ အမေနဲ့ ကတောက်ကဆဖြစ်ရင်လဲ ရွတ်တယ်..။ အပြောင်အပျက် သဘောမျိုးနဲ့ လဲ.. ရွတ်တယ်..။ ကဗျာ နာမည်က ခံခြင်း ရှစ်ပါး တဲ့..။ ကဲ ရှုလော့..။

ခံခြင်း ရှစ်ပါး

အခံ၊ အူခံ
ချစ်ခံ၊ ကြောက်ခံ၊
မသိခံ၊ သိခံ
ထုံခံ ၊ နုံ ခံ

အဖေက အဲဒီခံခြင်း ရှစ်ပါးကို အစအဆုံး ရွတ်ပြီး “ ခံခြင်းကြီး ရှစ်ပါးထဲက.. ကြောက်လို့ ခံနေတာလဲ မဟုတ်ဘူး အလို့ မသိလို့ ခံနေတာလည်းမဟုတ်ဘူး.. နင့်ကို ချစ်လွန်းလို့ ငါခံ နေရတာ ဟေ့ ” လို့ အမြဲပြော တော့တာ..။

အမေကတော့ အမယ်လေး ငါးဖယ်လှယ်က ပြောင်းပြန်လှန် .. တော်ကများ ပြောရသေး လို့ .. ချက်ခြင်း ပြန်ပြန်တွယ်တာပေါ့..။

No comments: