Monday, October 27, 2008

33.13 ပြောင်းရပြန်ပေါ့ နောက်တစ်ကြိမ်

ဘုရင့်နောင်ရိပ်သာမှာ အဖေတို့အမေတို့ စိတ်အေးချမ်းစွာ နေလို့မှ အသားမကျသေးခင် အရေးတော်ပုံက ပေါ်လာပြန်တယ်..။

တိုက်ခန်း ရထားတဲ့ အရာရှိတွေက

တကယ်မနေဘဲ ပြန်ငှားတော့ တကယ်နေချင်ရှာတဲ့ အရာရှိတွေက တိုင်တယ်..။

စစ်ဆေးရေးအဖွဲ့တွေ လာပြီး အခန်းတိုင်းလိုက်စစ်ကြတယ်..။

ရှိသမျှ အခန်းတွေရဲ့
ငါးဆယ်ရာခိုင်နှုန်းကျော်က အငှားတွေဖြစ်နေတာ တွေ့ရတယ်..။

တချို့ဆို အဲဒီမှာ အိမ်ငှားနေတာ ဆယ်နှစ်လောက်တောင် ကြာပြီတဲ့..။

အဖေတို့နေတာ သူတို့နဲ့စာရင် ဘာရှိလိမ့်မလဲ..။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်တဲ့ နေရာဆိုတော့ အဖေတို့အမေတို့ ပြောင်းဖို့ ကျွန်တော် စီစဉ်ရတော့တယ်..။

အိမ်ငှားနေရတဲ့ ဘ၀ကိုလည်း စိတ်ကပျက်နေပြီ..။

ဝယ်နေရအောင်လည်း လက်ထဲရှိတာက မဖြစ်စလောက်..။

ဒါပေမယ့် မထူးတော့ဘူးဆိုပြီး မဒမ့်ကို ချော့ရတယ်..။

သူ့လက်ဝတ်လက်စား တွေ ရောင်းမယ်.. လိုတာ
နည်းနည်း ချေးငှားပြီး လှိုင်သာယာမှာ အိမ်လေးဝိုင်းလေး ၀ယ်မယ် ဆိုတဲ့ စိတ်ကူးနဲ့ပေါ့..။

သိပ်တော့ မချော့လိုက်ရပါဘူး..။

မဒမ်က ချွင်းချက် တစ်ခု တောင်းဆိုပြီး ကြည်ကြည်ဖြူဖြူ နဲ့ သဘောတူလိုက်တယ်..။

အိမ်နဲ့ဝိုင်းကို သူ့နာမည်နဲ့ စာချုပ်ပေးရမယ်
တဲ့..။ အဲဒီတောင်းဆိုချက်လောက်ကတော့ ကိစ္စမရှိ..။

ဒါပေမယ့် ကျွန်တော့်နာမည်လေး ပါ ထည့်ချုပ်လို့ ရမလားလို့ အတွန့်တက် မေးကြည့်သေးတယ်..။

မရဘူး ..
သူ့နာမည် တစ်ခုထဲနဲ့ ချုပ်ရမယ် လို့ မဒမ်က ရာဇသံပေးတာနဲ့ မဒမ်သဘောကျ စာချုပ်ချုပ် ၀ယ်လိုက်တော့တယ်..။

အလျား ပေခြောက်ဆယ်.. အနံ ပေလေးဆယ် မြေကွက်ပေါ်မှာ ဘုန်းကြီးကျောင်းလိုလို ဓမ္မာရုံလိုလို တောစတိုင် ပျဉ်ခင်းပျဉ်ထောင် သွပ်မိုးအိမ် အပါ.. သိန်းအစိတ်
နဲ့ တည့်တယ်..။

ဝယ်ကတည်းက အသင့်နေနိုင်မှ အဆင်ပြေမှာမို့ အိမ်ပါတဲ့ ၀ိုင်းကို ၀ယ်ရတာပဲ..။

မဒမ့်ခမျာလည်း ၀ါဝါ၀င်းရွှေကနေ နားပေါက်ဟောင်းလောင်း
မဖြစ်ရုံတမယ်ပေါ့..။ (မဒမ်က ရွှေကို ခုံမင်တော့ လက်ကောက်ဆွဲကြိုး ဟမ်းချိန်း..foot chain အစုံဝတ်လေ့ ရှိလို့ ကျွန်တော်က သူ့ကို ၀ါဝါ၀င်းရွှေလို့
အမြဲနောက်တယ်)

အရောင်းအ၀ယ်စာချုပ်မှာ မဒမ်တစ်ယောက်တည်း နာမည်နဲ့ ချုပ်ထားတာကိုတော့ အဖေတို့ ပြောမနေတော့ပါဘူး..။

သူတို့သိတော့လည်း ဘာထူးမှာလဲ..။

အရေးကြီးတာက .. အိမ်ငှားနေရတဲ့ ဘ၀ကနေ .. အေးရာအေးကြောင်း နေရဖို့ပဲ မဟုတ်လား..။ ဒါက ကျွန်တော့်အတွေး..။

လက်တွေ့က အဲသလို မဟုတ်ပြန်ဘူး..။

အဖေတို့အမေတို့က သန်းခေါင်စာရင်း လုပ်မယ်ဆိုပြီး အရောင်းအ၀ယ်စာချုပ် ခဏတောင်းလို့ ပေးလိုက်မိတယ်..။

စာချုပ်ထဲမှာ သူ့သားရွှေသွေး နာမည်မပါရကောင်းလားဆိုပြီး အဖေအမေတို့တင်မက.. ညီမနဲ့ အမကပါ.. မပြောနိုင် မဆိုနိုင်တွေ ဖြစ်ကုန်တယ်..။

ထုံးစံအတိုင်း လင်မယားနှစ်ယောက် ပိတ်ရက်သွားလည်တုံး အဖေက စပြောလာတယ်..။ “ မင်းမိန်းမ နာမည်နဲ့အိမ်မှာ ငါတို့က နေရမှာလား ” တဲ့..။

မျှော်လင့်မထားတော့ ကျွန်တော်လည်း ရုတ်တရက် ကျွဲမြီးတိုသလို ဖြစ်သွားခဲ့တယ်..။ အဲဒါနဲ့ စစ်ကူတောင်းတဲ့အနေနဲ့ မီးဖိုချောင်ထဲမှာ ကြက်သွန်လှီးနေတဲ့အမေ့ကို
“ အမေ ” လို့ ကျွန်တော်ခေါ်မိတယ်..။

အမေကပါ “ ဘာ တုံး ” လို့ မကျေမနပ်နဲ့ ပြန်ထူးတယ်..။ မဒမ့်မျက်နှာကတော့ ဆီးစေ့လောက်ပဲ ရှိတော့တယ်..။

အဖေနဲ့
အမေ့ကို ဒေါသမထွက်စဖူး အဲဒီနေ့က ကျွန်တော် တော်တော် ဒေါသထွက်မိတယ်..။

အမနဲ့ ညီမကတော့ ကျွန်တော့်ကို ကြည့်တောင် မကြည့်ကြတော့ဘူး..။

ကျွန်တော်လည်း သည်းမခံနိုင်တော့တဲ့ အဆုံး မဒမ်ကို လက်ဆွဲပြီး “ လာပြန်ကြမယ် ” ဆိုပြီး ပြန်လာခဲ့ကြတော့တယ်..။

လမ်းမှာ မဒမ့်ကို တောင်းပန်ရသေးတယ်..။ ဒီကိစ္စ သူ့အပြစ်မရှိဘဲ.. ကျွန်တော့်မိသားစု အလွန် ဆိုတာ ပြောရင်း ပေါ့..။

တကယ်တမ်းပြောရရင် မဒမ့်အမေလည်း အဲဒီတုံးက နေစရာ မရှိနေဘူး..။ သူ့ဖက်ကိုယ့်ဖက် တွက်ကြစတမ်းဆိုရင် သူ့မိဘအတွက်လည်း စီစဉ်ပေးရဖို့ ရှိတယ်..။

ဒါပေမယ့် ကျွန်တော့်မိဘများအတွက် မိန်းကလေးတိုင်းမက်မောတဲ့ လက်ဝတ်လက်စား ရောင်းချပြီး မဒမ်က ကြည်ကြည်ဖြူဖြူ အိမ်ဝယ်ခွင့်ပေးကတည်းက မဒမ့်ကို
ကျေးဇူးတင်နေပြီ..။

ကျွန်တော့်လုပ်စာအများစု ကနေ ၀ယ်နိုင်တာဆိုပေမယ့် ကျွန်တော့်နာမည်ပါတာမပါတာက အရေးမကြီးဘူးလို့ ကျွန်တော်ခံယူတယ်..။

မိဘမောင်နှမများက
သူတို့သားသူ့တိုမောင် နာမည်ပါစေချင်တာ နားလည်ပေမယ့် အဓိက က နေရဖို့လို့ ကျွန်တော် လက်ခံထားတော့ သူတို့တတွေ မခေါ်နိုင်မပြောနိုင် ဖြစ်တာ..
ဒေါသထွက်ရပါတယ်..။

အဲဒီကိစ္ဒဖြစ်ပြီး တစ်လလောက် အဖေတို့အိမ်ဖက် ခြေဦးတောင်မလှည့်တော့ဘူး..။

နောက်မှ အဖေ စက်ရုံလိုက်လာတယ်..။

ဖြစ်သင့်ဖြစ်ထိုက်တာတွေ
သားအဖနှစ်ယောက် အခြေအတင်ပြောကြပြီး အဖေလက်ခံသွားတယ်..။

ကျွန်တော့်မိန်းမနာမည်နဲ့ အိမ်မှာ သူတို့နေရတာ ဘာမှ အရေးမကြီးဘူးဆိုတာကို..။

အခုတော့ အရာအားလုံး အေးဆေးဖြစ်သွားခဲ့ပါပြီ..။

ချွေးမကို ချစ်လိုက်တာ တခါတခါ ကျွန်တော်တောင် အပြင်လူ ဖြစ်ဖြစ်သွားတယ်..။

8 comments:

Wut said...

ကျနော်တုန်းကတော့ မိန်းမ နံမည်နဲ့ ချုပ်ခိုင်းလို့မဟုတ်ဘူး ကျနော်က လူပျိုလေ ။ ကျနော့်နံမည်နဲ့ ချုပ်ခိုင်းလို့ အခြေအတင် တော်တော်ဖြစ်လိုက်သေးတယ် ။ ပြသနာကိုသိတဲ့သူတိုင်းကတော့ ကျနော့်ကို အပြစ်တင်ကြတယ် ။ တကိုယ်ကောင်းဆန်တယ်တဲ့ ။ ဒါပေမယ့် ကျနော် စကားခံထားတာရှီတယ် ။ မိဘ တသက် ကြိုက်သလိုလုပ်ပါ ။ နေချင်သလိုနေပါ ။ မိဘ မရှီတော့တဲ့ နောက်ပိုင်း အမွေကိစ္စအရှုပ်အရှင်းဖြစ်မှာစိုးလို့ ဆိုတာ ပေါ့ ။ ဒါပေမယ့် ကျနော့်ကိုကျနော်တော့ မှားတယ်လို့ မယူဆဘူး ။ မထင်ဘူး ။ အများအမြင်မှာယနေ့အထိ ကျနော်တကိုယ်ကောင်းသမားပဲ ။

မီယာ said...

အကို့ကိုချီးကျူးပါတယ်။ မိန်းမအပေါ်နားလည်မှုရှိလို့။ တချို့သူတွေကမညီမျှဘူး။

kk said...

thks for ur new post

thawna said...

သားလုပ်စာနဲ့ ဝယ်တဲ့ အိမ်မှန်း သိတာကို ချွေးမက သူ့နာမည်နဲ့ စာချုပ်ပြီးမှ ပေးနေတယ်ဆိုတော့ မိဘတွေ ဘက်က ခံစားကြည့်ရင် စိတ်မကောင်းစရာပဲ။ မဒမ်လဲ ဒီလောက် မတင်စီးသင့်ဘူးလားလို့။
ကိုနဗန နာမည်နဲ့ စာချုပ်ထားလဲ ကိုနဗန သေရင်တောင် ဥပဒေကြောင်းအရ မိန်းမနဲ့ ကလေးပဲ အမွေရမှာ။ ဓမ္မသတ်ကြောင်းအရလဲ မယား သားသမီး ရှိနေရင် မိဘနဲ့ မောင်နှမ ရစရာ အကြောင်းမှ မရှိတာ။ ခု သားကျေးဇူး မဟုတ်ဘဲ ချွေးမကျေးဇူးဖြစ်အောင် တမင် လုပ်ထားသလို ဖြစ်မနေဘူးလား။

Aung San said...

သင်ခန်းစာတွေ သင်ခန်းစာတွေ..ဒါမျိုးဆိုတာ ရှင်းရှင်းလေး လို့ ထင်ရပေမယ့် ဒီလိုလဲ ရှုပ်တတ်တယ်နော..။
Nanda

navana said...

နှစ်ယောက်စလုံး နာမည်နဲ့ ချုပ်ရရင် ပိုကောင်းမယ်ဆိုတာ သိပေမယ့် ကျွန်တော့်နာမည်မပါလို့လဲ ထူးတော့ စိတ်မပျက်မိပါဘူး..။ အိမ်တောင်သည်ဖြစ်နေမှတော့လည်း သူ့လုပ်စာ ကိုယ့်လုပ်စာ သိပ်ခွဲမနေခြင်တော့ပါဘူးဗျာ..။ ငွေက ကိုယ်ရှာရတာဆိုပေမယ့် မဒမ့်ခမျာလည်း အိမ်ထောင်တာဝန်ထိမ်းသိမ်းရ.. ကလေးတွေကို ပြုစုစောင့်ရှောက်ရ နဲ့ ဘယ်လိုလုပ် ငွေရှာနိုင်တော့မှာလဲ..။ အခြေအနေအရ သူ့ဝင်ငွေ မရှိတိုင်း ကိုယ့်လုပ်စာချည်း လုပ်ရင် တရားရုံးကတောင် လက်မခံဘူးမဟုတ်လား..။ လက်ထက်ပွားပစ္စည်း ဘယ်သူ့ဝင်ငွေနဲ့ ပွားပွား နှစ်ယောက်စလုံး ပိုင်စေသတည်း တဲ့..။

s0wha1 said...

ကိုနဗနရေ... ဒါကြီး ဖတ်ပြီး စိတ်ထဲ တမျိုးတော့ တမျိုးပဲ။ ဒါမဲ့ ကိုနဗနက တကယ့်ခင်ပွန်းကောင်းတော့ ပီသတယ်။ မဒမ် ကံကောင်းတာပေါ့။

ဂျူနို said...

ဘာပဲ ဖြစ်ဖြစ် နောက်ဆုံးတော့ ညားသွားကြလေသတည်း ဆိုသလိုပေါ့ ပြန်ပေါင်းထုတ်သွားတယ် နားလည်သွားကြ ချစ်သွားကြတယ်ဆိုတော့ ၀မ်းသာပါတယ်။
ပြသာနာတွေကို စဉ်းစဉ်းစားစား ကိုင်တွယ်ခဲ့တဲ့ နဗနကိုလည်း ချီးကျူးပါတယ်။
မဒမ်ကလည်း သဘောထားကြီးသူပါပဲ။ တော်ယုံဆိုရင် ပေးရကောင်းလား ပြောရ ကောင်းလားတွေ ရှိတတ်ပါတယ်။
အားလုံး အမြဲ အစဉ်ပြေ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပါတယ်