Monday, October 20, 2008

32.1 မမ သို့ ကျေးဇူးတင်လွှာ

ကျွန်တော့်ဘ၀ တွေ့ကြုံခဲ့ရသမျှကို ၂၀၀၄ ခုနှစ်လောက်က ပုဂံဖိုရမ်မှာ စရေးခဲ့တယ်..။ စရေးတုံးကတော့ ဘာရယ်မဟုတ်.. ကိုယ့်ဘ၀ကိုယ့်အကြောင်း လေး ရေးကြည့်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ရေးခဲ့တာပါပဲ..။

ရေးရင်းရေးရင်းနဲ့ တတ်နိုင်သမျှ ရိုးသားပွင့်လင်းမှုကို အခြေခံပြီး လူတစ်ယောက်အကြောင်း လူတစ်ယောက်ရဲ့ သမိုင်း ကို လက်ကုန်ထုတ် ရေးမယ်လို့ အတွေးဝင်လာခဲ့တယ်..။ မျှော်လင့်မထားတဲ့ စာဖတ်ပရိတ်သတ်များရဲ့ အားပေးမှုကို ရရှိလာခဲ့တာကြောင့်လဲ ပါပါတယ်..။

နောက်.. ပုဂံဖိုရမ် ပျက်သုဉ်းတော့ နေးတစ်ဖိုရမ်ကို ပတ်စာခွါဖျာလိပ်ပြီး ကျွန်တော်တို့ ပြောင်းလာခဲ့ကြတယ်..။ နေးတစ်ကို စီစဉ်ကျသူများက.. ပုဂံက ပို့စ်အဟောင်းတွေကို စိတ်လိုလက်ရ အပင်ပမ်းခံ ပြောင်းရွှေ့ပေးခဲ့လို့ နေးတစ်မှာ ရေးဖို့ အားတွေ ဖြစ်လာခဲ့ရတယ်..။

အဲသလိုနဲ့ နေးတစ်မှာ ကျွန်တော့်ဘ၀ကို ဆက်ရေးခဲ့တာ.. ဒီနေ့အထိ တိုင်အောင်ပေါ့..။

နေးတစ်မှာ အာရုံလာ လာသလို ရေးနေခဲ့တာ.. သုံးနှစ်လောက် ရှိတဲ့ အခါမတော့ အွန်လိုင်းကနေ စသိခင်မင်ခဲ့ရတဲ့ ညီငယ်တစ်ယောက်လို ဖြစ်နေတဲ့ နားခိုရာဘလော့ဂ် ပိုင်ရှင် ထွန်းခိုင်က “ခင်ဗျား စာတွေ ပို့လိုက် ကျုပ် ဘလော့ဂ်လုပ်ပေး မယ် ”လို့ ပြောလာတယ်..။

ကျွန်တော်က စာရေးရင် တခါတည်း ပို့စ်ရီပလိုင်း ဘောက် ဖွင့်ပြီး ရေးလေ့ရှိတာမို့.. လက်ခံကော်ပီ ရှိတာက ရှိ၊ မရှိတာက မရှိနဲ့ ထွန်းခိုင် အတော်လေး ဦးနှောက်ခြောက်ခံ အချိန်ပေးပြီး ဒီ ကြုံခဲ့ရနဗနဘ၀ ဆိုတဲ့ ဘလော့ဂ်လေး ကို ဖန်တီးပေးခဲ့ရပါတယ်..။

သူ့ကျေးဇူးနဲ့ ပဲ.. ကျွန်တော့်ရဲ. ဒီဘလော့ဂ်လေး ဖြစ်တည်လာခဲ့တာ ဆိုရင် မမှားပါဘူး..။

ရိုးရိုးသားသား ၀န်ခံရရင်.. လွန်ခဲ့တဲ့ တစ်လလောက်အထိ ဘလော့ဂ်တွေဆိုတာ.. ကျွန်တော်နဲ့ တော်တော်လေး စိမ်းပါတယ်..။ မြန်မာပြည်ကနေ ပုံမှန်အတိုင်း ၀င်လို့လဲ မရတဲ့အပြင် အပင်ပမ်းခံ အားထုတ်ပြီး သွားကြည့်ရမှာကိုလဲ ပျင်းတော့. ဘလော့ဂ်ယဉ်ကျေးမှုနဲ့ ကြုံကြိုက်ဖို့ ခက်နေခဲ့ပါတယ်..။

ဆိုတော့ မျှော်လင့်မထားတဲ့ အနေအထားကနေ ဘလော့ဂါလောကထဲရောက် လာခဲ့ပြီး မမျှော်လင့်တဲ့ အားပေးမှုကို ရရှိခဲ့ရလို့ ကျွန်တော့်မှာ အတော့်ကို ၀မ်းမြောက်ဝမ်းသာ အံ့သြတကြီး ဖြစ်ရပါတယ်..။

နောက် ကျွန်တော့်ရဲ. အံ့သြ၀မ်းမြောက်မှုတွေကို အဆုံးစွန်အထိ ပီတိလွှမ်းစေတဲ့ အဖြစ်အပျက်တစ်ခုက ဒီရက်ပိုင်းမှာ ဖြစ်လာခဲ့ပြန်တယ်..။

အဲဒါကတော့ ကျွန်တော့် ဘလော့ဂ်က တဆင့် အတွေးရွက်လွှင့်ပြီး ဆီမီးခုံကို အရောက်သွားခဲ့တဲ့ စေတနာရှင် စာဖတ်ပရိတ်သတ် တစ်ယောက်က ကျွန်တော်စာသင်ခဲ့တဲ့ ရွာကျောင်းလေးကို တမံတလင်း ခင်းဖို့ စင်ကာပူကနေ ငွေသုံးသိန်းခွဲ ပို့လိုက်တာပါပဲ..။

ကျွန်တော် လုပ်အားပေး ဆရာလေးအဖြစ် စာသင်ပေးခဲ့တာ နှစ်ပေါင်း နှစ်ဆယ် နီးပါး ရှိသည့်တိုင် မြေကြီးကို မွေ့ယာလုပ်၊ ဖုန်ထဲ သဲထဲ ဖင်ခုထိုင်ပြီး စာသင်နေဆဲ ရွာက ကလေးငယ်များအတွက် တော့ တကယ့်ကို လိုအပ်နေတဲ့ အရာတစ်ခု သူမက ဖန်ဆင်းပေးခဲ့တာပါပဲ..။

ဘလော့ဂ်တွေမှာ ရေးလေ့ရေးထရှိတဲ့ “ ပထမဆုံးများ ” ဆိုတာမျိုး ဆန်ဆန် ပြောရရင်တော့ သူမရဲ.အလှူ သူမရဲ.စေတနာဟာ ဆီမီးခုံသမိုင်း ဆီမီးခုံရာဇ၀င်မှာ ဆီမီးခုံရွာသူရွာသား မဟုတ်သူ တစ်ယောက်ရဲ. အဦးဆုံး အစဆုံး ပထမဆုံး အလှူ တစ်ခုပါပဲ..။

ပီတိဆိုတာ ကူးစက်တတ်ပါတယ်..။ အဲဒါလေးကို ကျန်တဲ့ ဘလော့ဂ်ကြွလာ ညီကိုမောင်နှမများပါ ကြည်နူးခံစားစေချင်တဲ့ စိတ်နဲ့ ကျွန်တော့်ဘလော့ဂ်မှာ ကာယကံရှင်ကို ခွင့်တောင်းပြီး ရေးလိုက်ရပါတယ်..။

အလှူရှင်နဲ့ပတ်သက်လို့ ကျွန်တော့်ဘလော့ဂ် စီဘောက်ထဲမှာ “မမ ” လို့ သူ့ကိုယ်သူ သုံးနှုန်း ရေးနေတာကလွဲလို့ ကျွန်တော်တခြား ဂဃနဏ မသိသေးပါ ..။

“ မမ ” ကို အရမ်းကျေးဇူးတင်မိပါကြောင်း..။ ဆမိတ်ခုံက ခုံခုံအငယ်စားလေးတွေ ကိုယ်စား ပြောကြားပါရစေခင်ဗျား..။

7 comments:

ဒူကဘာ said...

ခုံကြီးရဲ့ စေတနာရှင် ချင်ကပူ က မမ ကို အံသြခြင်း ကြီးစွာနဲ့ ခုံကြီး ဘလော့ဂ် ကောင်တာအမှတ် ၁၀၂ ဒူကဘာမှ သာဓုပါဗျားးးးးး သာဓုပါ ... ခုံလေးများလဲ ခုံကြီးလို ထူးချွန်ကြပါစေ ဗျား !

Nanda said...

ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွ။

GreenGirl said...

သာဓု သာဓု သာဓု

တန်ခူး said...

ကိုနဗနရေ… အဲဒါချစ်စရာကောင်းတဲ့ ဘလော့ဂ်ယဉ်ကျေးမှုပေါ့နော်…ရင်ထဲကလှိုက်လှိုက်လှဲလှဲ ဖတ်ပြီး နှလုံးသားနဲ့ ကူညီခဲ့တဲ့ မမ က တကယ့်ကို ချစ်ခင်လေးစားစရာပါ…အဲဒါကိုနဗနရဲ့ ပွင့်လင်းရိုးသားမှုတွေရဲ့ ရလာဒ်ပေါ့…အရှိကိုအရှိတိုင်း ဖွင့်ဟချပြရဲတဲ့ ပထမဆုံးဘလော့ဂ်ပါပဲ… ဂုဏ်ယူပါတယ်…

sin dan lar said...

သာဓုပါရှင်

tattlu said...

ဘာပဲပြောပြောဗျာ..ကိုနဗနဝရဲ့ အားထုတ်မှုက အတိုင်းအတာတစ်ခုထိတော့သက်ရောက်ခဲ့တာ အမှန်ပဲလေ။ ဒါကသက်သေထူပြလိုက်တာပါပဲ။ အပင်ပန်းခံရကျိုးနပ်ပါတယ်။

MYO HAN HTUN said...

“မမ” ဆိုတာ မြန်မာ့ မီးရထားကို ပြောတာပါ။ ကျွန်တော့်အထင်ကတော့ မြန်မာ့ မီးရထားက ၀န်ထမ်းတွေများ လာလှူသွားတာလား ..