Wednesday, October 1, 2008

29.2 ကျွန်တော့်အခန်းဖော် တိုးကြီး (သို့) သိန်းတိုး

စက်မှု တက်ကသိုလ် နောက်ဆုံးနှစ်မှာ ကြို့ကုန်းအိုင်အာတီထဲက A ဆောင်မှာ ကျွန်တော်နေရတယ်..။ အခန်းနံပါတ်က (၃၅) လို့ ထင်တာပဲ..။ သိပ်တော့ မမှတ်တော့ဘူး..။ သုံးထပ်ဆောင်ရဲ့ အပေါ်ဆုံးထပ်ဆိုတာတော့ မှတ်မိနေတယ်..။

အခန်းဖော်က သူငယ်ချင်းအားလုံးက တိုးကြီးလို့ ခေါ်တဲ့ သိန်းတိုးဆိုတဲ့ ကောင်ပဲ..။ အခု မြောက်ဒဂုံမှာ ကျုရှင်ဆရာလုပ်နေတဲ့ ဘဲကြီးပေါ့..။ အရပ်အမောင်းက ၅ ပေ ၅ လက်မ လောက်၊ ခန်ဓါကိုယ် ခပ်ပြားပြား နဲ့ ဂိုက်ကောင်းကောင်း ယောက်ျားတစ်ယောက် လို့ မြင်တာနဲ့ သိနိုင်တဲ့ လူတစ်ယောက် ပဲ..။

နေတာထိုင်တာကတော့ ကျွန်တော့်လို စည်းမဲ့ကမ်းမဲ့..။ ဖြစ်သလို ဖြစ်ကတတ်ဆန်း သိပ်နေတဲ့ သူ..။ စကားပုံ ရှိတယ်မဟုတ်လား.. ချိုကုတ်ရှိရာ ချိုထောင်မလာ တဲ့..။ သူတော် အချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်ကြတာပေါ့..။

သူ့ကောင်မလေးက အင်္ဂပူမြို့က..။ သူ့အဖေ မြို့နယ်တရားသူကြီးအနေနဲ့ အင်္ဂပူမြို့မှာ တာဝန်ကျတော့ သူတို့မိသားစု အဲဒီမှာ လိုက်နေကြရင်း အဲဒီကောင်မလေးနဲ့ ကြိုက်ခဲ့တာပဲ..။ သူ့စာကြည့်စားပွဲမှာ အဲဒီကောင်မလေးရဲ့ ဓါတ်ပုံ တင်ထားတယ်..။

ဓါတ်ပုံနောက်ကျောမှာ ''ချစ်တဲ့ ကိုကိုအတွက်.. အမှတ်တရ ငယ်လေး .. အင်္ဂပူ '' လို့ ရေးထားတယ်..။

မုံရွာသား မိုးဟိန်းက အင်္ဂပူ လို့ရေးထားတာကို မျက်စိလျှမ်းပြီး စင်္ကာပူ လို့ ထင်သွားတယ်..။

အမယ် တိုးကြီးဆိုတဲ့ကောင် လူကသာ စုတ်တိစုတ်ပဲ့ရယ်..သူ့ကောင်မလေးက စင်္ကာပူကဗျ လို့ ကျန်တဲ့သူငယ်ချင်းတွေကို အံသြသလိုလိုနဲ့ မိုးဟိန်းလည်ပြောတော့.. တိုးကြီးဆော်က စင်္ကာပူကလို့ ကျောင်းမှာ နာမည်တွေကို ကြီးလို့..။

သိန်းတိုးကလဲ ဟုတ်သလိုလို အထာနဲ့ ရောယောင် လုံးချပြီး အထင်ကြီးနည်းလား ဆိုသလိုမျိုး ငြိမ်နေတယ်..။

သိန်းတိုးက ကျွန်တော့်ကို ဗိုလ်မှုး လို့ ခေါ်တယ်..။ အဲဒီနာမည် တွင်သွားရခြင်း နောက်ခံ ရာဇ၀င်က သိပ်တော့ လှလှပပ ဆွတ်ဆွတ်ပျံ့ပျံ့ မရှိလှပါဘူး..။ ပြန်ပြောရတာတောင် ခပ်ခက်ခက် ဆိုတာမျိုး ..။

အဆောင်ကျောင်းသား ဘ၀ ဖတ်ကြရှုကြတဲ့ အပြာစာအုပ်တွေထဲက ဇာတ်လိုက် တစ်ယောက်ရဲ့ နာမည်ကို ဘာရယ်မဟုတ် ပြောင်ခေါ် တာကနေ နာမည်တွင်သွားတာပဲ..။ ဗိုလ်မှုး တဲ့..။ ခေါ်ရင်း ခေါ်ရင်းကနေ နှုတ်ကျိုးတဲ့အထိ ဖြစ်သွားတယ်..။

မုန့်ဟင်းခါးဆိုင် ထိုင်လည်း သိန်းတိုးက ကျွန်တော့်ကို ဗိုလ်မှုး ဘာစားမလဲ လို့ မေးတယ်..။ အာစီတူးဖက် သွားချင်တော့လည်း ဗိုလ်မှုး အာစီတူးသွားရအောင်တဲ့..။ နှုတ်ကျိုး ချက် ပြောပါတယ်..။

ဗိုလ်မှုး အခေါ်ကောင်းလို့ တိုရှည်ရောင်းတဲ့ ကုလားမကြီးက မျက်ရည်စက်လက် နဲ့ အကူအညီတောင်းတာ ခံရသေးတယ်..။ အိုင်အာတီ ဘေးနား ညောင်ကန်အေး သာသနာရိပ်သာနားမှာ တိုရှည်ရောင်းတဲ့ ကုလားမကြီး တစ်ယောက်ရှိတယ်..။ သိန်းတိုးက တိုရှည်ကြိုက်တယ်..။

ကျွန်တော်နဲ့သိန်းတိုး တစ်ရက် တိုရှည် ၀ယ်စားကြတယ်..။ ထုံးစံအတိုင်း သိန်းတိုးက ကျွန်တော့်ကို ဗိုလ်မှုး ဗိုလ်မှုး နဲ့ တမှုးထဲ မှုးနေတော့ ကုလားမကြီးက ကျွန်တော့်ကို တကယ့်ဗိုလ်မှုး ထင်သွားတယ်.။

စားစရာရှိတာ စားပြီး ပိုက်ဆံပေးတော့ ''ပိုက်ဆံ မပေးပါနဲ့ ဗိုလ်မှုးရယ်.. ကျွန်မယောက်ျား အိမ်ပြန်မအိပ်တာ သုံးရက်ရှိပါပြီ.. အဲဒါလေး ဗိုလ်မှုးအနေနဲ့ ကူညီနိုင်ရင် ကူညီပေးပါ.. ကျေးဇူး အများကြီးတင်ပါတယ် '' လို့ မျက်ရည်လေး စမ်းတန်းစမ်းတန်းနဲ့ ပြောလာတယ်..။

ဟာ.. အမကြီး ကျွန်တော်က တကယ့်ဗိုလ်မှုး မဟုတ်ဘူး..။ သူငယ်ချင်းတွေက ပြောင်ခေါ်တာ..။ တကယ့်ဗိုလ်မှုး ဖြစ်တော့လည်း အမကြီး ယောက်ျား အိမ်ပြန်မအိပ်တာ ဘာမှ လုပ်မပေးနိုင်လောက်ဘူး နဲ့ မနည်း ပြောဆိုရှင်းပြပြီး တိုရှည်ဖိုး အတင်းပေးခဲ့ရတယ်..။

သိန်းတိုးကတော့ အဆောင်အပြန်လမ်းမှာ '' မင်းကို သူ့အိမ်လိုက်အိပ်စေချင်တာ နေမှာ '' လို့ တခွိခွိနဲ့ လုပ်နေသေးတယ်..။ မအေပေး.. မင်းသွားအိပ်ပါ့လား မင်းက တိုရှည်ကြိုက်တော့ မင်းတို့နှစ်ယောက်ကမှ နေနဲ့လ ရွှေနဲ့မြ လို့ ကျွန်တော်ပြန်ပြောတော့ အဲဒီကောင် တဟားဟားနဲ့ ရယ်လိုက်တာ..။

1 comment:

min said...

စာရေးဆရာ ရေ။
ကျနော်ကပဲ ဆရာရေးထားသမျှ အကုန်မဖတ်မိလို့ လား တော့ မသိပါဘူး။ နာမည်ကို ဘယ်လိုခေါ်ရမယ်။ဘာအဓိပ္ပါယ် ဆိုတာ စဉ်းစားမရဘူး ဖြစ်နေတယ်ဗျ။
အခု လေးငါးပုဒ်လောက် ဖတ်မိတယ်။ အေးဗျ။ တကယ်တော့ စာရေးကောင်းဆိုတာ ဘာမှ မဟုတ်တဲ့ အကြောင်း လူစိတ်ဝင်စားအောင်၊ဖတ်ချင်စိတ် ရှေ့ တိုးလာ အောင် လုပ်နိုင်တာကို မှဆိုလိုတာ။ ခင်ဗျား အဲဒီ စာရင်းမှာ ပါတာ သေချာတယ်ဗျာ။