Wednesday, October 1, 2008

29.6 ကျော်ထိုက်ရဲ့ ဂန္တ၀င်မြောက်စာတစ်စောင်

A ဆောင် ကျွန်တော်တို့ ဘေး ညာဖက်ခန်းမှာ Mechanical က ကျော်ထိုက် နဲ့ EC က စွန်လွတ်လဂွန်း ဆိုတဲ့ ကချင် နေတယ်..။ ဘယ်ဘက် ခန်းမှာတော့ ဇော်လွင်ဦး နဲ့ မြင့်ခိုင်နေတယ်..။ သူတို့က နှစ်ယောက်စလုံး EC က..။

ကျော်ထိုက်က MIT ကနေ ရန်ကုန်ကို ကျွန်တော်တို့ထက် စောပြီး ပြောင်းခွင့် ရသွားတဲ့ သူ..။

မိဘအလုပ်အကိုင်အရွှေ့အပြောင်း လိုမျိုး နဲ့ ကျောင်းပြောင်းခွင့်ရတာဆိုတော့ ကျွန်တော်တို့လို အသုတ်လိုက် ပြောင်းလာတာမျိုး မဟုတ်ဘူး..။ သူနဲ့ စွန်လွတ်လဂွန်းနဲ့က MIT မှာကတည်းက အခန်းဖော်တွေ ..။

အမ်အိုင်တီ ကတည်းက အခန်းဖော်တွေ ဖြစ်ခဲ့ကြတော့ ကျော်ထိုက်နဲ့ လဂွန်းက ရန်ကုန်ကျောင်းမှာလဲ အတူနေကြတယ်..။

ကျော်ထိုက်က သီချင်းဆိုကောင်းတယ်..။ လဂွန်းကလည်း ကချင်ဆိုတော့ သီချင်းဆို ဂစ်တာတီးတာ မဆိုးလှဘူး..။ ဒါပေမယ့် သူတို့နှစ်ယောက် အသံကျင့် ရင်တော့ အတော်နားကလောဖို့ကောင်းတယ်.။

အသံကောင်းဖို့ ကီးမြင့်မြင့်နဲ့ဆိုနိုင်ဖို့ဆိုတာ အဆုပ် အားကောင်းမှ ဖြစ်မယ်ဆိုပြီး သံသေးသံကြောင် မျိုးစုံ အော်ဟစ်ပြီး သူတို့နှစ်ယောက် အဆုပ်လေ့ကျင့်ခန်း လုပ်ကြတယ်..။

သတ်သတ်ခတ်ခတ် သီချင်းတပုဒ် ဆိုပြီး ကျင့်တာမျိုးမဟုတ်ဘဲ အားအီးအု ၀ိုးဟား စတဲ့ အသံမျိုးစုံ အော်ဟစ်တာဆိုတော့ ညည ကြားရလေ့ ရှိတဲ့ ကြောင်တွေမိတ်လိုက် တာကမှ နားထောင် ကောင်းသေးတယ်..။

သူတို့ လေ့ကျင့်ခန်းက အဲဒီကြောင်မိတ်လိုက်ပွဲ ထဲ ခွေးဝင်ကိုက်သလို မျိုး..။ စဉ်းစားသာ ကြည့်ပေတော့..။

ဒါပေမယ့် တရက်မဟုတ် နှစ်ရက်မဟုတ် ကြားနေရတော့လဲ ကျန်တဲ့သူငယ်ချင်းများ အနေနဲ့ ရိုးသွား တာပါပဲ..။ ငယ်ငယ်တုံးက ရပ်ကွက်ထဲ အသံမစဲ ပဌာန်းပွဲ တွေလုပ်တော့ စတဲ့ရက်သာ နားငြီးပေမယ့် နောက်ရက်တွေကျ နားယဉ်သွားသလို မျိုး ပေါ့..။

ကြာတော့ ကြားနေကျ အသံမကြားရရင်တောင် အဆောင် တခုလုံး တိတ်ဆိတ်ပြီး တမျိုးကြီးကို ဖြစ်လို့..။

တခါက ကျော်ထိုက် picnic တစ်ခု လိုက်သွားလို့ လဂွန်းတစ်ယောက်ပဲ အခန်းမှာ ကျန်ခဲ့တယ်။ လဂွန်းလည်း တစ်ယောက်ထဲ ဆိုတော့ အဆုပ်လေ့ကျင့်ခန်း မလုပ်တော့ဘူး..။ အဲဒါကို သတိထားမိတဲ့ ကျွန်တော်တို့က လဂွန်းကို " ကျော်ထိုက်မရှိဘူးလား ဘယ်သွားလဲ " လို့ ၀ိုင်းစပ်စုကြတယ်..။

လဂွန်းက ကျွန်တော်တို့အမေးကို နှုတ်နဲ့မဖြေဘဲ ဒါ ဖတ်ကြည့်ဆိုပြီး စာလေး တစ်စောင် ထုတ်ပေးတယ်။

စာက ကျော်ထိုက်ရေးထားတဲ့ စာ..။ သူ့အခန်းဖော် လဂွန်းကို သူ picnic လိုက်သွားတဲ့ အကြောင်း အသိပေးတဲ့ စာပါပဲ..။ လိုရင်းတိုရှင်း နဲ့ ထိထိမိမိ ခပ်သောသောလေး အခုလို ရေးထား တယ်..။ ရှုလော့..။

သို့

လဂွန်း

ခင်ဗျားအင်္ကျီ၊ မြင့်ခိုင် မျက်မှန်၊ ဖိုးခွါး ဦးထုတ်၊ ရာဂျာ့ ဘောင်းဘီ နဲ့ ကျွန်တော် မောင်ကျော်ထိုက် ပစ်ကနစ် လိုက်သွား ပါသည်..။





4 comments:

sin dan lar said...

အဲဒီကြောင်မိတ်လိုက်ပွဲ ထဲ ခွေးဝင်ကိုက်သလို ...
အဲဒီနေရာရောက်တော့ အသံထွက်အောင်အော်ရီမိလို့
မနည်းပါးစပ်ပိတ်ထားရတယ်....
နောက်ဆုံးမှာတမ်းလေးကလည်း ရသမြောက်ပါပေ့

ရွှန်းမီ said...

ဦးကျော်ထိုက်က အနုပညာဗီဇ ပါသူမို့လား မသိပါဘူး။ ရေးထားတဲ့ စာက တိုတိုလေးနဲ့ မိတယ် =)

တန်ခူး said...

တကယ့် လိုရင်းတိုရှင်းပါပဲလား… ခုထိမှတ်မိသေးတာကို ကျေးဇူးတင်ရမယ်…

phyo said...

ခင်ဗျားတော်တော် မှတ်ဥာဏ်ကောင်းတာပဲ
အားလုံးကို မှတ်မိနေတယ်
စီကုံးပြီးရေးနိုင်တာတော့
ပါရမီရှင်ပါပဲ