Wednesday, October 1, 2008

29.15 YIT စတိတ်ရှိုး

ကျွန်တော်တို့ ရန်ကုန်ရောက်ရောက်ခြင်းနှစ်မှာ စတိတ်ရှိုး တခုလုပ်တယ်..။ အာစရိယ ပူဇော်ပွဲနဲ့ အတူကျင်းပတာလား Annual Dinner မှာလား၊ သပ်သပ် လုပ်တာလား သေချာမမှတ်မိတော့ဘူး..။

ဒီတခါတော့ ကျွန်တော် သီချင်းတက်ဆိုတယ်..။ အလွမ်းသီချင်း အဆွေးသီချင်း မဆိုဘဲ ထုံးစံအတိုင်း ပေါ့..။ အပြောင်အပျက် သီချင်းတပုဒ် ကျွန်တော်ရွေးလိုက်တယ်..။ ဒါပေမယ့် ကိုယ့်ဖာသာ သီချင်းရွေးပြီး ဆိုမယ်လုပ်လို့ မရဘူး..။ အသံ စစ်ရသေးတယ်..။

အသံ အောင်မှ .. စင်ပေါ်တက်ခွင့် ရတယ်..။ သိတယ်မဟုတ်လား..။ ညတိုင်း အဆုပ်လေ့ကျင့်ခန်း လုပ်တဲ့ ကျော်ထိုက်တို့ လဂွန်းတို့နဲ့ အခန်းချင်းကပ်လျက် နေတဲ့ကောင်ပဲ..။

အသံစစ်တာ.. သီချင်းဆုံးအောင်တောင် မဆိုလိုက်ရဘူး..။ အောင်ပြီ တော်တော့တဲ့..။ စစ်တဲ့ ဆရာသမားများက ကျွန်တော့်ကို စင်ပေါ်တက်ခွင့် ပါမစ် ပေးလိုက်တယ်..။

ဆိုမယ်ဆိုပြီး ရွေးထားတဲ့ သီချင်းက ကြားသာကြားဖူးပြီး အစအဆုံး မရသေးလို့ တိပ်ခွေလည် ရှာရတယ်..။ သီချင်းက လူကြိုက်များလွန်းတဲ့ သီချင်းမို့လား မသိ..။ တကျောင်းလုံး ဘယ်ကောင်ဆီမှာ မှ မရှိလို့.. နောက်ဆုံး ခ၀ဲခြံ အခွေငှားဆိုင်ကနေ ငှားခဲ့ရတယ်..။

ဒါတောင် ၀င်းဦး အော်ရဂျင်နယ် မရဘဲ.. စိုင်းထီးဆိုင် ပြန်ဆိုခွေပဲ ရခဲ့တယ်..။

သီချင်းနာမည်က မေဓါဝီ..။ '' ဘူး မမှုတ်နဲ့ သမီးရယ် ဖေဖေ့ကို ချစ်တယ်ဆို ဖေဖေလေးကို ချစ်တယ်ဆို.. ဆိုဆိုဆို..” ဆိုတဲ့ သီချင်း..။

မေဓါဝီ ရသေ့နဲ့ သူ့ရှုရှုးကနေ မွေးလာတဲ့ မဗေဒါ ဇာတ်ကို ဖွဲ့ညွှန်းထားတဲ့ ၀င်းဦး သီချင်း..။

အဲဒီဇာတ်ကလည်း တမျိုး နော်..။ ရသေ့ ပေါက်တဲ့ ရှုရှုးကို သောက်မိတဲ့ သမင်မ က ကိုယ်ဝန်ဆောင်ပြီး မဗေဒါကို မွေးတာ..။

ရသေ့ ရှုရှုးကလည်း စွမ်းလိုက်တာ..။ သမင်မကလည်း ဘယ်လိုများ သောက်တယ် မသိပါဘူး..။ ပါးစပ်ကသောက်လို့ကတော့ အစာအိမ်ထဲပဲ ရောက်တော့မပေါ့..။ ကျွန်တော်ဖြင့် တခါတခါ တွေးမိတယ်..။ ရှေးခေတ်ရသေ့ နဲ့ ရှေးခေတ် သမင်တွေ ထူးဆန်းပ လို့..။

ကဲ.. ဒါ ထားပါတော့ ( ပြီးခဲ့တာတွေ ပြီးပါစေတော့ လေ )

သီချင်းရွေးကတည်းက အပြောင်အပျက် လုပ်ချင်လို့ ရွေးတာဆိုတော့ သီချင်းစာသား တချို့ကို ကျွန်တော် ပြောင်းပစ်လိုက်တယ်..။ တီးဝိုင်းနဲ့ သီချင်းတိုက်တုံးကတော့ မူရင်းအတိုင်း ပဲ ဆိုပါတယ်..။ အဆောင် ထမင်းဟင်းကျွေးတဲ့ Dinning Hall မှာ နှစ်ရက်လောက် သီချင်း တိုက်ကြရတယ်..။

စင်ပေါ်မှာ တကယ်လည်း ဆိုရော.. '' သြဇာ ညောင်းမယ့် သမက်လောင်းလေးကို နတ်သကြား မစပါ... ရှင်ကြီးရှင်ကောင်းမစပါ .. ပြုပြုသမျှ ကုသိုလ် အမျှအမျှယူပါဗျို '' ဆိုတဲ့ စာသားကို '' သြဇာညောင်းမယ့် သမက်လောင်းလေးကို အဆောင်မှုး မစပါ.. ပါမောက္ခများ မစပါ.. ပြုပြုသမျှ အကုသိုလ် အမျှအမျှ ယူပါဗျို ''လို့ ကျွန်တော် ဆိုပစ်လိုက်တယ်..။

''ဘူးမမှုတ်နဲ့ သမီးရယ် ဖေဖေ့ကို ချစ်တယ်ဆို ဖေဖေလေးကို ချစ်တယ်ဆို '' ဆိုတဲ့ Chorus
ပိုဒ်ရောက်တိုင်း ဇော်ဝင်းထွဋ် တို့ လေးဖြူ တို့ လို ကိုယ်တိုင်မဆိုတော့ဘဲ မိုက်ကို ပရိတ်သတ်ဖက် ထိုးပေးလိုက်ရင်တောင် ရနိုင်တယ်..။

အောက်က မူးနေတဲ့ ကောင်တွေ ကျွန်တော့်သီချင်း လိုက်ဆိုရင်းနဲ့ မြူးပစ်ကြ တာ ကုလားထိုင်တွေတောင် ကျိုးကုန်တယ်..။

အဲဒီတုံးက ကျောင်းသားတွေချည်း ဆိုတာမဟုတ်ပဲ.. တကယ့် ပရော်ဖက်ရှင်နယ် အဆိုတော်တွေလဲ လာတယ်..။ ခင်မောင်တိုး၊ ထူးအိမ်သင်၊ ဘိုဘို၊ စိမ်းလဲ့လဲ့ တို့ပါတယ်..။ တခြားတော့ မမှတ်မိတော့ဘူး..။

မှတ်မှတ်ရရ ကိုတိုးကြီး (ခင်မောင်တိုး) က သီချင်းနှစ်ပုဒ်ဆိုပြီး စိတ်ဆိုးဆင်းသွားလို့ ပွဲစီစဉ်တဲ့ ကျောင်းသားတွေ နောက်ကနေ တပြုံကြီးလိုက် အတင်းတောင်းပန်ပြီး ပြန်ခေါ်လာရတယ်..။

အစ စာရင်းပေးထားတာက နှစ်ပုဒ်ပဲ ဆိုမယ် ပေါ့..။ Announcer လုပ်တဲ့ ကျောင်းသူကလည်း နှစ်ပုဒ်ဆိုပြီး ကိုတိုးကြီးအလှည့်ပြီးပြီ အထင်နဲ့ နောက်တစ်ယောက် ကြေငြာလိုက်တယ်..။ ကိုတိုးကြီးက ဆက် ဆိုချင်နေတုံး.. ''ကျေးဇူးတင်ပါတယ် ယခုတဖန် သီဆိုဖို့ အလှည့်ကျတာကတော့'' ဆိုပြီး ထ ကြေငြာလိုက်တော့ စိတ်ဆိုးသွားတယ်..။

ကြေငြာတဲ့ ကျောင်းသူက နန္ဒာလှိုင်ရဲ့ အမ.. သိမ့်သိမ့်လှိုင်လို့ ထင်တာပဲ..။

ကျောင်းသားတွေကတော့ ကိုတိုးကြီး ဆင်းသွားရကောင်းလားဆိုပြီး ကြေငြာတဲ့သူကို မေတ္တာ အတုံးလိုက် အတစ်လိုက် ပို့ကြတယ်..။ သူတင်မကဘူး..။

ကိုတိုးကြီးဆင်းသွား ပြီး တက်လာဆိုတဲ့ ကျောင်းသူ ကိုလည်း '' ကောင်မ.. ကြည့်ကြသေးတာပေါ့.. မကောင်းလို့ကတော့ အဆဲ ပဲ '' နဲ့ အော်ကြ ဟစ်ကြ တယ်။

ဒါပေမယ့် အဲဒီကျောင်းသူ ဆိုတာ အတော်ကောင်းဗျာ..။ စိုင်းထီးဆိုင်ရဲ့ ''ကလေးဘ၀ တုံးက ပျော်မြူး၊ ကစားရင်း စိတ်မှာ၊ ဂုဏ်ရည် မတူမှန်း မသိခဲ့ပါဘူး '' ဆိုတဲ့ သီချင်းကို ပရိုအဆင့်လောက် ဆိုသွားတယ်..။ အဆဲခံ လဲ လွတ်သွားတယ်..။

သူပြီးတော့ ကိုတိုးကြီး ပြန်တက်လာ တယ်..။ ''ကျွန်တော် ဆိုချင်လွန်းလို့ ပြန်တက်လာတာပါ'' လို့ ပြော ပြီး ဝေးခဲ့ပြီ ပန်းခရမ်းပြာ ဆိုတယ်..။

အဲဒီသီချင်း ပြီးလည်း သွားရော ကျောင်းသားတွေက Announcer လုပ်တဲ့ တစ်ယောက်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး '' ဟေ့ ကောင်မ ပါးစပ်ပိတ်ထား '' နဲ့ ၀ိုင်းအော်ကြပြန်တယ်..။

အစောတုံးကလို ''ကျေးဇူးတင်ပါတယ်ရှင် ယခု တဖန် သီဆိုဖို့ '' ဆိုတာမျိုး ထပ်လုပ်မှာကို သူတို့က စိုးရိမ် နေကြတယ်...။

ဒါပေမယ့် အဲဒါမျိုး နောက်တခါတော့ ထပ်မဖြစ်တော့ပါဘူး..။

နောက် ထူးအိမ်သင် ဆိုတယ်..။ ဘိုဘို ဆိုတယ်..။

ထူးအိမ်သင်က နာရီပေါ်ကမျက်ရည်စက်များ စဆိုတယ်..။ '' နာရီသံတွေ ဆူညံလွန်းနေ၊ ရင်ခုန်သံတွေ မြန်တယ် အချစ်ရေ .. '' အဲသလောက် ဆိုရသေးတယ်..။ ရှုပ်ကြီးဘော်ဒါ ထွန်းဇော်က '' ကိုငှက်ကြီးရေ.. ကောင်းလိုက်တာဗျာ.. ယောက်ျားချင်း ခင်ဗျား ကြိုက်သလိုသာ လုပ်သွားပါတော့ '' နဲ့ မအောင့်နိုင် မအီးနိုင် ထအော်တယ်..။

မင်း offer ကလည်း တမျိုးကြီး.. လို့ ကျွန်တော်ပြောတော့ ငါကြိုက်လွန်းလို့လို့ပါ တဲ့ ထွန်းဇော် ပြန်ပြောတယ်..။

3 comments:

တန်ခူး said...

ဒီပို့ စ်လေးက ရယ်စရာလဲကောင်းသလို လွမ်းစရာလဲကောင်း…

kyaw said...

တကယ်ကိုလွမ်းမိတယ်ဗျာ...ကျောင်းကြီးကို
ကိုနဗနရေ

thu thu win said...

ကျောင်းကိုသတိရလိုက်တာဗျာ။ ငသော်တို့က ဘစ်ဘတ်ခေတ်ပေါ့။ လွမ်းသဗျို့။