Wednesday, October 1, 2008

29.12 ရှုပ်ကြီး

စက်မှုတက္ကသိုလ် ကျောင်းသားဘ၀ မှာ ကျွန်တော် မျက်နှာပြောင်တယ်ဆိုတာ ရှုပ်ကြီး အိပ်နေသလောက် ပဲ ရှိလိမ့်မယ်..။ ရှုပ်ကြီးက မြင်းခြံသား..။ ကျွန်တော်က ဆီမီးခုံက..။ ပြောရရင် ကျွန်တော်တို့နှစ်ယောက်က တနယ်ထဲသားတွေ..။

ရေခံမြေခံ လိုက်လို့လားတော့ မသိ..။ ပထမနှစ် တခန်းရပ်ပြဇာတ်ကတော့လည်း ကျွန်တော်တို့နှစ်ယောက် ခေါင်းဆောင်ပဲ..။ တတိယနှစ် အငြိမ့်ကတော့လည်း ကျွန်တော်တို့ပဲ ဦးစီးတယ်..။

ရှုပ်ကြီးက ဟာသဥာဏ် တော်တော်ရွှင်တဲ့ အထဲမှာ ပါတယ်..။ အချိန်ရှိသမျှ သူ့ကြည့်လိုက်ရင် ပြုံးပျော် ပေါ့ပါးနေတာပဲ..။ ဒါပေမယ့် ထိထိရှရှ ခံစားရမယ်ဆိုလည်း သူ့အပြင် နှစ်ယောက် မရှိဘူး ဆိုတဲ့ လူမျိုး..။

ပထမနှစ်တခန်းရပ် ပြဇာတ်မကခင်.. သီချင်းဆိုရင်း စင်ပေါ်ကနေ ငိုပြီး ဆင်းလာတဲ့ လူရွှင်တော် ဆိုတာ သူပေါ့..။

သူ့နာမည်ရင်းကို သိတဲ့ ကျောင်းသားဆိုတာ ကျွန်တော်တို့ကျောင်းမှာ သိပ်မရှိလှဘူး..။ ကျောင်းရောက် ပြီး သိပ်မကြာခင် သူ့နာမည်အရင်းစာလုံး ဇော်နဲ့တွဲပြီး အားလုံးက ဇော်ရှုပ်လို့ ခေါ်ကြတော့တယ်..။ နောက်.. အားလုံး တရင်းတနှီးဖြစ်လာကြတော့ ဇော်ရှုပ်ကနေ ရှုပ်ကြီး ဖြစ်သွားတော့တယ်..။

နာမည်ရင်း အစအနတောင် မကျန်တော့ဘူးပေါ့..။

ပထမနှစ် စစချင်း တက္ကသိုလ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျောင်းသားက ဆရာဟန်ဆောင်ပြီး စာသင်တာမျိုး ရှုပ်ကြီး လုပ်တယ်..။ အားလုံးက ဆရာမဟုတ်မှန်းတော့ သိပါတယ်..။ ဒါပေမယ့် ရှုပ်ကြီး ပြောတာတွေက သိပ်ရယ်ရတယ်..။

လည်ကတုံးအဖြူ ယောပုဆိုးနဲ့ အတန်းရှေ့ ခပ်တည်တည် နဲ့ ထွက်ပြီး ''တပည့်တို့ ဒီနေ့ ဆရာသင်မှာက ပေါက်တတ်ကရ ဇေရှင်း နဲ့ ကြံတန်ဖန်တန် လိုက်ဇေးရှင်း အကြောင်းပဲ ဖြစ်တယ် '' လို့ သူစပြောတယ်..။

စာသင်တယ်ဆိုတာ ဆရာတွေ သင်ရင် နှစ်လုံးထဲ နဲ့ ကပ်ကပ်ရှုပ် နေတတ်ပြီး ဆရာမတွေ သင်ရင်တော့ တကြောင်းထဲ နဲ့ ရှင်းတယ်ကွဲ့.. ဒါပေမယ့် ဆရာသင်ရင်တော့ နှစ်လုံးထဲနဲ့ ကပ်မရှုပ်စေရပါဘူး.. ငယ်ငယ်တုံးက နွားခွေ့ ခံရလို့ ဆရာ့မှာ တစ်လုံးပဲ ကျန်တော့ လို့ပါ..။

တကယ့်ဆရာမဟုတ်မှန်း ကျန်ကျောင်းသားတွေ အကုန် သိနေပေမယ့် ရှုပ်ကြီးက အဲသလို ပြောတော့ အားလုံး မရယ်ပဲ မနေနိုင်ကြဘူး..။

တခါတလေ ကျောင်းအလာလမ်းမှာ ကျောင်းသူလေးငါးယောက် ရင်ပေါင်တန်းလျှောက်လာတာ တွေ့ရင် ရှုပ်ကြီးက သူတို့အလည်တည့်တည့်က ဖြတ်လျှောက်တယ်..။ ကျောင်းသူတွေ သူ့ကို ရှောင်ပေးလိုက်ရလို့ ဟိုဖက်ဒီဖက် လူစုကွဲသွားရင် “ ငါလုပ်လိုက်တာ ကောင်မလေးတွေ နှစ်ခြမ်း ကွဲသွားပြီ ”

စပ်ဖြဲဖြဲ နဲ့ ရှုပ်ကြီးပြောတာကို ကောင်မလေးတွေမှာ ရယ်ရခက် စိတ်ဆိုးရခက် ဖြစ်ကြရတယ်..။ အားလုံးက ရှုပ်ကြီးအကြောင်း သိနေတာမို့.. ပြသာနာကြီးကြီးမားမားတော့ မဖြစ်ပါဘူး..။

ရန်ကုန်ရောက်တော့ ကျွန်တော်နဲ့ ရှုပ်ကြီး အာစီတူးသွားကြတယ်..။ အာစီတူး အဆောင်တွေကြား ကားလမ်း တစ်ခုမှာ “နေရာမှ ကျော်လွန်ပြီး ကားမ၀င်ရ ” ဆိုတဲ့ ဆိုင်းဘုတ်လေး တစ်ခုထောင်ထားတယ်..။

ရှုပ်ကြီးက အဲဒီဆိုင်းဘုတ်ကို သေချာ မမြင်ချင်ယောင်ဆောင်ပြီး ၀င်တိုက်တယ်..။ မျက်နှာချင်းဆိုင်က လျှောက်လာတဲ့ ကောင်မလေးတွေကို အငမ်းလွန်ပြီး ၀င်တိုက်တဲ့ ပုံမျိုး တမင် လုပ်ပစ်လိုက်တာပဲ..။

ဝင်တိုက်လိုက်တော့ ကတ်တရာလမ်းပေါ်မှာ လေးဘောက်ထောက်ရက်ကြီး ပေါ့..။ နောက် အူတိအူကြောင် ဟိုကြည့်ဒီကြည့် လုပ်နေတော့ ကောင်မလေးတွေက မှတ်တာကောင်းတယ်.. ဒီလောက်ငမ်းကြောထတဲ့ ဘဲ.. ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်သွားတာကို သူက ပျော်တာ..။

ကျွန်တော်တောင် သူ့ကိုလိုက်မမီ ဘူး..။

နောက် ကျွန်တော်တို့ နှစ်ယောက် အာစီတူးစာသင်ဆောင်တွေထဲ နောက်ပေါက်ကနေ ၀င်ပြီး ဖွန်ကြောင်ကြတယ်..။ တကယ်တမ်းကတော့လည်း ကောင်မလေးတွေ ခုံနောက်ဝင်ထိုင်ပြီး အောက်ကလိအာ ပေါက်တတ်ကရ တွေ ပြောတာပါပဲ..။

ရှုပ်ကြီး ပြောရင်.. ဆရာရှေ့က ဘယ်လောက်သဲကြီးမဲကြီး စာသင်နေပစေ...။ မပြုံးဘဲ မရယ်ဘဲ မနေတဲ့ ကျောင်းသူမရှိဘူး..။ တခစ်ခစ် တခွိခွိနဲ့ ဖြစ်ကုန်တော့တာပဲ..။ တခါမှ မတွေ့ဘူး မသိဘူးကြပေမယ့်.. မရယ်ချင်ရယ်ချင်အောင် ရှုပ်ကြီးက ပြောနိုင်တယ်..။

တခါက ကျွန်တော်တို့ ရှေ့မှာ ကောင်မလေးတစ်ယောက် ထိုင်နေတယ်..။ အရပ်မြင့်မြင့် ဖြူဖြူ ချောချောလေး ပဲ..။

ရှုပ်ကြီးက နောက်ကနေ.. “ညီမလေး .. ညီမလေး ” နဲ့ စတယ်..။ ဟိုက ဘယ်လှည့်ကြည့်မလဲ..။ ဒါပေမယ့် ရှုပ်ကြီးက ဆက်ပြောတယ်..။ “ညီမလေးက အခုမှ ဒုတိယနှစ်ဆိုတော့ ကိုယ့်ထက် အများကြီးငယ်တယ်.. အဲဒါကြောင့် ညီမလေး လို့ ခေါ်မယ် နော် ”

ကောင်မလေးက မလှုပ်ဘူး..။ သူ့ပြောနေမှန်းတော့ သိတယ်..။

“ ကိုယ့်ထက် ငယ်လို့ ညီမလေးလို့ ခေါ်ရပေမယ့် ညီမလေးက အရပ်ကျ ကိုယ့်ထက်မြင့်ပြန်တယ် .. ဒါကြောင့် မမမြင့် လို့ ခေါ်မှ တင့်တယ်မယ် .. ညီမလေးမမမြင့်.. ညီမလေးမမမြင့် ” နဲ့ ရှုပ်ကြီး သုံးလေးခွန်းလောက်လည်းခေါ်ရော.. ကောင်မလေး မနေနိုင်တော့ဘူး..။ တခွိခွိနဲ့ ရယ်တော့တာပဲ..။

1 comment:

MANORHARY said...

ကဗျာဆရာကိုချောနွယ်ကလည်း သူ့မိန်းမကို ညီမလေး မမမြင့်လို့ခေါ်တယ်..