Thursday, October 9, 2008

30.11 လှိုဏ်ခေါင်းထဲက ဘုရား

အမေက ညတိုင်းနီးနီးလောက် ဘုရား ရှိခိုးပြီးမှ အိပ်လေ့ရှိတယ်..။ အဖေ ဘုရားရှိခိုးတာတော့ တခါမှ မတွေ့ဖူးဘူး..။ အဖေက သူ ရှိမခိုးတဲ့အပြင် ရှိခိုးနေတဲ့ အမေ့ကို တောင် ကပျက်ယပျက် လုပ်ချင်သေးတယ်..။

“ မိန်းမ လှိုင်ဏ်ခေါင်းထဲက ဘုရား သွား ရှိခိုးမနေနဲ့ ငါ့ရှိခိုး.. ငါ့ရှိခိုးမှ ညည်းကို လုပ်ကျွေးမှာ ” ဆိုတာမျိုး မကြာခဏ ပြောတယ်..။

ကျွန်တော်တို့ ခပ်ငယ်ငယ်ကဆို အိမ်မှာ ဘုရားစင်တောင် မထားရဘူး..။ အဖေ့ရဲ့ ကွန်မြူနစ်မှိုင်းက ဘယ်လောက်အထိ ဆိုးခဲ့သလဲ ဆိုရင် အမေ့မှာ အ၀ါရောင် အင်္ကျီလုံချည် လုံးဝမရှိခဲ့ဘူး..။ မယ်သီလရှင် ဘုန်းကြီးတွေကို ဆွမ်းလောင်းဖို့ဆိုတာ ဝေးလို့..။

အခုတော့လည်း အဖေ့မာန်တွေ မရှိရှာတော့ပါဘူး..။ အသက်တွေကကြီး.. လောကဓံမုန်တိုင်းက ပေးတဲ့ သင်ခန်းစာတွေ ရဆိုတော့.. အဖေလည်း အရင်လိုစိတ်မျိုး မဟုတ်တော့ဘဲ.. ကျန်ရှိနေတဲ့ အချိန်လေး ကို အေးအေးလူလူပဲ ဖြတ်ကျော်သွားတော့မယ်လို့ ပိုင်းဖြတ်လိုက်ဟန် တူပါတယ်..။

တကယ်တမ်း လောက ဓမ္မ ထုံးတမ်းစဉ်လာတွေနဲ့ တွက်ကြစတမ်းဆိုရင်တော့ အဖေ နဲ့ ရတာ အမေ့ဖက်က တောင် နာ အုံးမယ်..။ အဖေက အမေနဲ့ မရခင်ကတည်းက အကြီးက ငုတ်တုတ်.. ကလေးရှစ်ယောက်အဖေ..။ အမေက အပျို.. အသက်ကျတော့လဲ အဖေ့ထက် ဆယ့်သုံးနှစ်ကြီးများတောင် ငယ်တယ်..။

ဖူးစာပေါ့လေ..။ ကျွန်တော်ကတော့ အဲဒီဖူးစာကို ကြံဖန်ကျေးဇူးတင်မိတယ်..။ နို့မို့ ဆို.. ကျွန်တော်ဆိုတာ ဒီလောကကြီးထဲ ဘယ်ရှိလာနိုင်မလဲ..။ မဟုတ်ဘူးလား..။ သူတို့ဖာသာ သာတာနာတာ .. အိမ်ကြီးပေါ် အိမ်လေးဆင့်တာ .. အသာထား..။ သူတို့အဲသလိုမဖြစ်ခဲ့ရင် ကျွန်တော့်ဘ၀ ဘယ်ရောက်လို့ ဘယ်ပေါက်နေမလဲ မသိဘူးနော်.. ဟားဟား..။

သူတို့ဖူးစာကလည်း တမျိုး..။ အမေက တောက တက်လာပြီး အလုပ်လျှောက်တယ်..။ အဖေရဲ့အထက်လူကြီးက အမေ့ကို အင်တာဗျုးတယ်..။ အဖေက လက်ထောက် ပေါ့..။ အလုပ်လျှောက်လွှာတွေ ကြည့်ပြီး အဖေက အမေ့ကို သဘောကျသွားတယ်..။

အဲဒါနဲ့ မေးမယ့်မေးခွန်းအားလုံးကို အဖေက လက်သိပ်ထိုးပြီး အမေ့ကို ကြိုပေးထားတယ်..။

အမေ.. ဖြေနိုင်ပြီပေါ့..။ အဲသလောက် တင်လားဆိုတော့ မကသေးဘူး..။ အင်တာဗျုး မေးခွန်းတစ်ခု အမေဖြေလို့ မှန်တိုင်း တစ်မှတ်ပေးရမယ့် ဟာကို အဖေက နှစ်မှတ်နှစ်မှတ်ပေးပစ်လိုက်တယ်..။

အင်တာဗျုးမေးတဲ့ အဖေ့ ဆရာက .. အမေ့အဖြေ မှန်တယ်၊ အုံးဖေ တစ်မှတ်ပေးလိုက်ဆိုတဲ့သဘောနဲ့ လက်တစ်ချောင်း ထောင်ပြရင်.. အဖေက နှစ်မှတ်လို့ ချရေးလိုက်သတဲ့..။ အမေတို့ အင်တာဗျုးမှာ အဖေက အမှတ်မှတ်ရတယ်..။

“ ငါက လက်တချောင်း ထောင်ပြပြီး မင်းကို တစ်မှတ်ပဲ ပေးခိုင်းတာ မင်းက ဘာလို့ နှစ်မှတ်ပေးရတာလဲ အုံးဖေ ” လို့ အဖေ့ဆရာက အဖေ့ကို မေးတော့..

“ ဆရာ ထောင်ပြတာတော့ လက်တချောင်းထဲပါပဲ.. ဒါပေမယ့် ဆရာ့လက်က အရိပ် ပါ ကျွန်တော် ထည့်တွက်ထားတာ ” လို့.. အဖေက ပြန်ပြောတယ်..။

အဲသလိုနဲ့ ခင်ဗျားတို့ ဖတ်နေရတဲ့ ပေါက်တတ်ကရ စာတွေ ရေးတဲ့ နဗန ဆိုတဲ့ ငနဲ လူ့လောကကြီးထဲ ရောက်လာ တာပေါ့ဗျာ..။

No comments: