Thursday, October 9, 2008

30.7 ဆိတ်ဖြူကုန်းမှ ထွက်ပြေးခြင်း

တခါတလေ ညနေပိုင်း ပေါက်တူးပေါက် အပြန် ရွာလမ်းမှာ ဘကြီးဟန်စိန်နဲ့ တွေ့တတ်တယ်..။ အဲဒီအချိန်ဆို သူက မူးနေပြီ..။ ဘကြီးဟန်စိန်က အရက်ကို အိမ်မှာ ချက်သောက်တာ..။ တနှစ်စာ အရက်ချက်ဖို့ ထန်းဖိုဦး ထန်းလျက်ကို သူက ထန်းခ ရတဲ့ အထဲက ဖယ်ထားလေ့ ရှိတယ်..။

ထန်းဖိုဦးဆိုတာ.. ထန်းရာသီ စချိန် အရင်အဦးဆုံး ထွက်လာတဲ့ ထန်းလျက်ကို ခေါ်တာ..။ ထန်းလျက်ဆိုတာမျိုးက ရာသီချိန်နဲ့ ထွက်တာ..။ တစ်နှစ်ပတ်လုံး ထွက်နေတာမျိုးမဟုတ်ဘူး..။

ထန်းခ ဆိုတာ.. ထန်းပင်ပိုင်ရှင်က ကိုယ်တိုင် ထန်းမတက်ဘဲ သူများတက်ခိုင်းပြီး ထွက်လာတဲ့ ထန်းလျက်ကို အချိုးနဲ့ ခွဲယူတာ..။ ကိုယ်မတက်ပေမယ့် အငှားတက်သူက ပေးလာတဲ့ အဘိုးအခ မို့ ထန်းခ လို့ ရွာဖက်မှာခေါ်တယ်..။

အဖေ ပဲ ပြန်သွားတော့ လို့လား မသိဘူး..။ ဘကြီးက ကျွန်တော့်တွေ့တိုင်း ပြုံးပြုံး ရွှင်ရွှင်နဲ့ နှုတ်ဆက်လေ့ ရှိတယ်..။ တခါတရံ သူနှုတ်ဆက်နေတာကြား တဲ့ ရွာသူရွာသားတွေက အဲဒီကောင်လေးက ဘယ်သူလဲ လို့ စပ်စုရင်လည်း “ ဟာ.. ဒါ အုံးဖေသား ကျုပ်တူ ပေါ့ ” နဲ့ အော်ကြီးဟစ်ကျယ် မိတ်ဆက်ပေး တတ်သေးတယ်..။

အဲသလို နေ့ရက် တွေ တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားတာ တစ်လလောက် ရှိတော့.. ကျွန်တော် မခံစားနိုင်တော့ဘူး..။ အိမ်ရောက်လို့ အဖေ စိတ်ဆိုးချင် ဆိုးပစေတော့.. ရိုက်ချင်လည်း ရိုက်ပစေတော့.. ဆီမီးခုံကို ပြန်တော့မယ်လို့ ဆုံးဖြတ်ချက် ချလိုက်တယ်..။

ဒါပေမယ့် ပြန်ဖို့ ပိုက်ဆံက လိုလာပြန်တယ်..။ ဆိတ်ဖြူကုန်းကနေ နွားထိုးကြီးကို ထွန်စက်ခက ခုနှစ်ကျပ်ပေးရတယ်..။ နွားထိုးကြီး မြင်းခြံ ကားခက တစ်ဆယ်..။ မြင်းခြံကနေ ဆီမီးခုံကတော့ ကိစ္စမရှိ.. ။ ရွာကား စပယ်ယာများက ကျွန်တော့်ဘော်ဒါတွေ ဆိုတော့ ဖရီး ပေါ့..။

အနည်းဆုံး လက်ထဲမှာ တစ်ဆယ့်ခုနှစ်ကျပ်ရှိရင် ရွာပြန်ရောက်ပြီ..။ လမ်းမှာ စားတာသောက်တာ အငတ်ခံ မယ် တွေးထားလိုက်တယ်..။

လိုနေတဲ့ အဲဒီဆယ့်ခုနှစ်ကျပ်ကို ဘယ်သူ့ဆီက ချေးရပါလိမ့်လို့ ကျွန်တော့်မှာ ခေါင်းခြောက်မတတ် စဉ်းစားရပြန်တယ်..။ မချေးနိုင်လောက်တဲ့ သူကို သွားပြောမိလို့.. ကျွန်တော် ပြန်တော့မယ့်အကြောင်း သတင်းပေါက်သွားမှာလည်း မဖြစ်စေချင်ဘူး..။

အထူးသဖြင့် စာသင်ပေးနေတဲ့ ကလေးတွေကို ဒီအတိုင်း ထားခဲ့ပြီး ထွက်ပြေးတာမျိုးဆိုတော့ ပြေးကာမှ ပြေးရော.. မပြေးခင် ဘယ်သူမှ မသိစေချင်ဘူး..။

အဲဒါနဲ့ ကျွန်တော်နေတဲ့ အိမ်က ၀မ်းကွဲအမ အကြီးဆုံး မသန်းဆင့် ကို .. တိုးတိုးတိတ်တိတ်.. အကူအညီတောင်း ၇တယ်..။ မသန်းဆင့်က ကျွန်တော့်ကို ချစ်တယ်..။ အိမ်မှုကိစ္စမှန်သမျှ ကျွန်တော်ကူညီလုပ်ကိုင် ပေးနေတော့ သူက သဘောကျတယ်..။

သူ့ကိုတော့ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တော့တယ်..။ အမ.. ကျွန်တော် မနေနိုင်တော့ဘူး.. ရွာပြန်ချင်တယ်.. အဲဒါ.. အမ ကျွန်တော့်ကို ဆယ့်ခုနှစ်ကျပ်လောက် ချေးပါ .. လို့..။ မသန်းဆင့်က တားတော့ မတားဘူး.. ဒါပေမယ့် ငါ့မှာ ဆယ့်ငါးကျပ်ပဲ ရှိတယ်.. အဲဒါယူသွားဆိုပြီး ထုတ်ပေးတယ်..။ ( အဲဒီအကြွေး ခုထိ မဆပ်ရသေး )

နောက်နေ့မနက်အစောကြီး နွားထိုးကြီးသွားမယ့် ထွန်စက်ပေါ် ကျွန်တော် တက်ထိုင်နေလိုက်တယ်..။ သူတို့ ထွန်စက်ကလည်း လင်းအားကြီး ထွက်တယ်..။ ဒါမှ ရွာသူရွာသားတွေ.. မြို့ ပေါ် ဈေးဖွင့်ချိန် အမီ ရောက်.. ၀ယ်ခြမ်းစရာ ရှိတာ ၀ယ်ခြမ်း နိုင်ကြတယ်..။

မိုင်လေး သုံးလေးဆယ် ဝေးတာ .. လမ်းပန်းဆက်သွယ်ရေးက မကောင်းတော့ ခမျာများ တနေကုန် အချိန် ပေးကြရရှာတယ်..။

ကျွန်တော့်အတွက်တော့ ကောင်းသွားတယ်..။ မနက်စော ဆိုတော့ ဘယ်သူမှ မမြင်တော့ဘူး လေ..။

ဒါပေမယ့် စိတ်ထဲမှာ ပါလာတဲ့ ပိုက်ဆံက.. ရွာရောက်ဖို့ နှစ်ကျပ်လိုနေလို့ အတော်လေး သောက ရောက်နေရတယ်..။

နောင်ခါလာနောင်ခါဈေး သဘောထားပြီး ထွန်စက်ခ လာတောင်းတာနဲ့ ခုနှစ်ကျပ်ထုတ်ပေးလိုက်တယ်..။

မြို့မရောက်ခင် လမ်း ရွာတစ်ရွာမှာ ထွန်စက်က ခန နားတယ်..။ နားနေကျ နေရာနဲ့ တူပါတယ်..။ လမ်းဘေးမှာ အကြော်ဖိုလေး တစ်ခု ရှိတယ်..။

ခရီးသည်တွေ အပေါ့အပါး သွားကြ.. အကြော်စားကြပေါ့..။ အားလုံးက မနက်ဝေလီဝေလင်း ထွက်လာကြတာဆိုတော့ အဲဒီနေရာ ရောက်မှပဲ.. အဆာပြေ စားကြရဟန် တူပါတယ်..။ အကြော်သည် လက်တောင် မလယ်ဘူး..။

ကျွန်တော်ကတော့ အနံ့ပဲ ရှုနေလိုက်တယ်..။ ကျန်တဲ့ ပိုက်ဆံက.. နွားထိုးကြီးမြင်းခြံ ကားခတောင် မလောက်တော့ဘူး မဟုတ်လား..။

အဲဒါနဲ့ အကြော်ဆိုင်ရှေ့က ကွတ်ပျစ်ပေါ်မှာ တစ်ယောက်တည်း ထိုင်နေလိုက်တယ်..။ ဒါပေမယ့် ကံက ကောင်းချင်တော့ ကျွန်တော့်ဘေးနားမှာ ထွန်စက်မောင်းတဲ့ ဦးလေးကြီး လာထိုင်တယ်..။ ကွတ်ပျစ်က ခပ်သေးသေး ဆိုတော့ သူ သက်တောင့်သက်သာ ထိုင်ဖို့ ကျွန်တော်ဖင်ကို ဘေးဖက် နည်းနည်းရွှေ့ပေးလိုက်မိတယ်..။

ကျွန်တော်ဖယ်ပေးလိုက်တဲ့ နေရာမှာ ၀င်ထိုင်ရင်း “ ကောင်လေး ဘယ်ပြန်မှာလဲ ” လို့ အဲဒီဦးလေးကြီးက ပြုံးရင်း မေးတယ်..။

ဆီမီးခုံ ပြန်မှာ လို့ ကျွန်တော်ဖြေတော့ “ ဟ.. မင်းက ဆီမီးခုံကလား ” လို့ စိတ်လိုလက်ရ သူ မေးတယ်..။

တဆက်တည်း.. “ ဆီမီးခုံမှာ ငါ့ညီ ရှိတယ်.. သန်းလွင်တဲ့ သိလား ” လို့ ပြောတယ်..။

သံဖြူ လုပ်တဲ့ ဦးသန်းလွင်လား သိတာပေါ့.. ကျွန်တော့်အဖေနဲ့ သူနဲ့ ရင်းနှီးတယ် လို့ ကျွန်တော်ပြန်ဖြေတော့.. မင်းအဖေက ဘယ်သူလဲ လို့ မေးပြန်တယ်..။

ဦးအုံးဖေ လို့ ကျွန်တော် ပြန်ပြောလိုက်တော့ အော်.. ကိုလေးအုံး သားပဲ..မင်းအဖေနဲ့ ငါနဲ့ ရင်းနှီးတယ်ကွ.. လာကွာ.. အကြော်စား.. ငါကျွေးပါ့မယ် လို့ ပြောပြောဆိုဆို ကျွန်တော့်ကို လက်ဆွဲခေါ်တယ်..။

သူဆွဲခေါ်တဲ့နောက် ကျွန်တော်လည်း ထလိုက်လာခဲ့တယ်..။ ဆိုင်ထဲရောက်တော့ အကြော်စုံ တစ်ပွဲမှာလိုက်ပြီး အကြော်ပွဲရောက်လာတာနဲ့ ကျွန်တော့်ကို ကောင်လေး စား ဆိုပြီး ကျွေးတယ်..။

ဒါပေမယ့် ဒီလူကြီးငါ့ကို အကြော်မကျွေးဘဲ.. သူ့ထွန်စက်စီးခ ပြန်ပေးရင် ကောင်းမှာလို့ ပဲ ကျွန်တော်က တွေးနေတော့ အကြော်ပွဲကို လက်လှမ်းဖို့ တွန့်နေခဲ့တယ်..။

ကျွန်တော် တုန့်ဆိုင်းဆိုင်းဖြစ်နေတာကို ကြည့်ပြီး ကောင်လေးစားလေ လို့ သူထပ်ပြောတယ်..။

ဒီလူက ငါ့အဖေနဲ့လဲ ရင်းနှီးတယ်..။ နောက် ပိုက်ဆံအကုန်ခံပြီး အကြော်တောင် ကျွေးနေသေးတယ်..။ ပြီးတော့ သူက ထွန်စက်မောင်းတဲ့သူ.. ။ အဲဒီတော့ ငါပေးထားတဲ့ ပိုက်ဆံ ပြန်တောင်းရင် ရနိုင်တယ်..။ တောင်းကြည့် ရင် ကောင်းမလားလို့ တွေးရင်း ပြောသင့်မပြောသင့် ကျွန်တော်မဝေခွဲနိုင် ဖြစ်ပြီး.. ကောင်လေးစားလေ လို့ သူပြောလိုက်တာ ကြားပေမယ့် ကျွန်တော့်လက်က အကြော်ဆီ မရောက်နိုင် ဖြစ်နေရတယ်..။

ကျွန်တော်အဲသလိုမျိုး အေးတိအေးစက် ဖြစ်နေတာကို သူကြည့်ပြီး ကောင်လေး ဘာလဲ အားနာလို့လား စားစမ်းပါကွ .. မင်းအဖေနဲ့ ငါနဲ့က မိတ်ဆွေတွေပါ .. မင်းကလဲ အားနာနေပြန်ပါပြီ.. ကိုလေးအုံးသားကလဲ.. တကယ့်ကောင် ပဲ လို့ ထပ်ပြောရင်း အကြော်ပန်းကန်ကို ကျွန်တော့်ရှေ့နား ရောက်တဲ့ အထိ လှမ်းတွန်းပို့ တယ်..။

အနားရောက်လာတဲ့ အကြော်ပန်းကန် ကို တချက်ကြည့်ပြီး ကျွန်တော်လည်း မထူးတော့ဘူး ဆိုတဲ့ အတွေးနဲ့ “ ဦးလေးနဲ့ အဖေနဲ့ တော်တော်ရင်းနှီးလား ” လို့ သူ့ကို မော့ကြည့်ရင်း မေးလိုက်တော့တယ်..။ နည်းနည်း အံ့သြသွားတဲ့ ပုံနဲ့ “ ဟ.. ရင်းနှီးတာပေါ့.. မင်းကို ငါက နောက်ပြီး အကြော်ကျွေးနေတယ်များ မှတ်လား ” လို့ ပြန်ပြောတယ်..။

နောက်တယ်မထင်ပါဘူး ဦးလေးရာ.. အဖေနဲ့ ရင်းနှီးရင် ကျွန်တော့် ထွန်စက်ခလေး ပြန်ပေးပါ.. ကျွန်တော့်မှာ မြင်းခြံကားခ ပေးဖို့ မလောက်တော့လို့ .. ကျွန်တော်လည်း ကပျာကယာ ပြန်ပြောရတယ်..။

အဲဒီတော့မှ.. တဟားဟား သူရယ်ပြီး သူ့စပယ်ယာ လှမ်းခေါ်တယ်..။ စပယ်ယာဆီက ခုနှစ်ကျပ်တောင်း ကျွန်တော့်ကို ပြန်ပေးရင်း အကြော်လည်း စားပါကွာ.. ထွန်စက်လည်း အလကားစီးပေါ့ ဟုတ်ပြီလား လို့ သူပြောတယ်..။

ကျွန်တော့်မှာ အတော့်ကို ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ဖြစ်သွားခဲ့ရတယ်..။

အိမ်ပြန်ရောက်တော့ အဖေက မရှိ..။ ခရီးထွက်သွားသတဲ့..။ ကောင်းလေစွ..။

No comments: