Wednesday, October 1, 2008

29.1 သူတို့အကြောင်း ထွေရာလေးပါး


ရေးပြီးသမျှ အကြောင်းတွေ ပြန်ဖတ်ကြည့်မိတယ်..။ တော်တော်များများ ရေးပြီးတယ်လို့ ထင်ပေမယ့် တကယ်တမ်းပြန်ဖတ်ကြည့်မှ ရေးစရာတွေ ကျန်နေသေးတာ တွေ့ရတယ်..။

အထူးသဖြင့် စက်မှု တက္ကသိုလ် ကျောင်းတော် မဟာမှ လွမ်းမောဖွယ်သူငယ်ချင်းများအကြောင်း၊ အမှတ်ရဖွယ် နေ့ရက်များအကြောင်း ရေးမယ်ဆို တမေ့တမော ရှိသေးတာပ..။

၂၀၀၆ ခုနှစ်အကုန် ၂၀၀၇ ခုနှစ်အကူး New Year မှာ ကျွန်တော် တို့ သူငယ်ချင်းတသိုက် ချောင်းသာ သွားကြတယ်..။

စင်ကာပူမှာအလုပ်လုပ်နေတဲ့ စိုးဝင်း ဆိုတဲ့ကောင်ရယ်၊ မုံရွာမှာ ရေနံချက်နေတဲ့ မိုးဟိန်းဆိုတဲ့ လူပျိုကြီးရယ်..၊ ဆောက်လုပ်ရေးက ဂျီတီရယ်၊ ကျွန်တော်ရယ်၊ ကလေးခေါ် သန်းဝင်းနိုင်ရယ်၊ မန္တလေး သားလေး ပြည်မိုးရယ် ပေါ့..။

အားလုံးMIT ပထမအသုတ်က ကျောင်းသားတွေ..။ မိန်းမတွေ ကလေးတွေ အားလုံး အိမ်မှာထားခဲ့။ ဟိုအရင်အချိန် ကျောင်းသားဘ၀ လွတ်လပ်ပျော်ရွှင်မှု အလွမ်းပြေ ခရီး လို့ ကြွေးကြော်ပြီး ကျွန်တော်တို့ချည်း ချောင်းသာ ထွက်ခဲ့ကြတယ်..။

တည်းတော့ ဟိုတက်မက်စ်..။ သောက်လိုက်ကြတာလဲ နေ့စဉ်ရက်ဆက်..။ သောင်ပြင်မှာ ဘောလုံးခွဲကန်ကြတာကလဲ ညနေတိုင်းလိုလို..။ ကျောင်းတုံးက အကြောင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်အစဖော်.. တယောက်နဲ့တယောက် စကြနောက်ကြ နဲ့ အတော့်ကို ပျော်ခဲ့ကြရ တာပေါ့..။

မှတ်မှတ်ရရ အဲဒီခရီးကအပြန် မုံရွာသား မိုးဟိန်းက ကျွန်တော့်ကို ပြောတယ်..။ ဘ၀မှာ ကျွန်တော်တို့လို သူငယ်ချင်းတွေနဲ့ တွေ့ဆုံကြုံခွင့် ရခဲ့တာကို သူ ကျေနပ်ပီတီ ဖြစ်ရကြောင်း..။ ဘ၀ရဲ့ ဂုဏ်ယူထိုက်တဲ့ အဆစ်အပိုင်း တစ်ခု လို့ သူအမြဲ မှတ်ယူထား တဲ့ အကြောင်း တခုတ်တရ အတည်အတန့် သူပြောတယ်..။

တကယ်လည်း ရှေ့ဘ၀ နောက်ဘ၀ဆိုတာတွေ မေ့ထားပြီး စဉ်းစားကြည့်ရင် လက်ရှိပစ္စုပ္ပန် ဘ၀မှာ သူငယ်ချင်းအပေါင်းအရောင်း ဆိုတာ မရှိမဖြစ် တန်ဘိုးထားသင့်တဲ့ လောကရဲ့ လက်ဆောင်မွန် တစ်ခုပါပဲ..။

ဆိုတော့ မိုးဟိန်း ပြောသလို ပြောရရင်တော့ ကျွန်တော်ခမျာ့လည်း ဂုဏ်ယူထိုက်တဲ့ ၀မ်းသာထိုက်တဲ့ သူငယ်ချင်းများစွာ စက်မှုတက်ကသိုလ် ကျောင်းတော်မဟာမှာ တွေ့ဆုံကြုံခဲ့ ရပါကြောင်း..။

သူတို့အကြောင်း ထွေရာလေးပါး ရောက်တတ်ရာရာ ပေါ့..။

1 comment:

eyeblack said...

ချောင်းသာတောင်သွား ချင်လာပြီဗျို့