Tuesday, February 24, 2009

41.6 Theory & Practice

ကျွန်တော် စက်မှုတက္ကသိုလ်နောက်ဆုံးနှစ်.. ကြို့ကုန်းအာအိုင်တီ မှာ စာပေဟောပြောပွဲတစ်ခု ကြုံခဲ့ရတယ်..။ လာရောက်ဟောပြောသူတွေက ကာတွန်းဆရာ အော်ပီကျယ်၊ စာရေးဆရာမ ဂျုး တို့ပဲ..။ ဆရာအော်ပီကျယ်က.. လက်သည်းညှပ် အလုပ်လုပ်ပုံကို .. လက်တွေ့နဲ့ဝေးတဲ့ စာတွေ့အသိဟာ နားလည်နိုင်ဖို့ ခဲယဉ်း ကြောင်း အခုလိုလေး ပြောသွားခဲ့တယ်..။

“အရှည် တစ်လက်မလောက်ရှိတဲ့ ကျောပေါ်က မောင်းတံလေးကို ဦးစွာပထမ တစ်ရာ့ရှစ်ဆယ် ဒီဂရီလှည့် ရပါမည်..။ ၄င်းနောက် အဆိုပါမောင်းတံလေးအား မတူညီတဲ့ ၀န်ရိုးအတိုင်း တစ်ရာ့ရှစ်ဆယ်ဒီဂရီလှည့်ကာ လှန်ချပြီးသကာလ၊ မူလနေရာရောက်အောင် ပြန်လှည့်ရပါမည်..။ ထိုအခါ.. အောက်ခံပြားနှင့် မောင်းတံကြားတွင် လက်မ၀က်ခန့်ရှိသော နေရာလပ်တစ်ခုဖြစ်ပေါ်လာကာ ထိုနေရာလပ်အား အောက်သို့ဖိနှိပ်ချခြင်းအားဖြင့် ရှေ့ပါးစပ်ထဲ ထည့်ထားသော လက်သည်းသည် တိကနဲ ပြတ်သွားပေလိမ့်မည်..။ ”

တကယ့်လက်သည်းညှပ်ကို ချပြပြီး.. လက်သည်းညှပ်ဆိုတာ ဒီလို အလုပ်လုပ်တာပဲလို့ လက်တွေ့ပြလိုက်ရင် မည်သူမဆို လွယ်လွယ်ကူကူပဲ နားလည် သဘောပေါက်သွား နိုင်ပေမယ့်.. လက်သည်းညှပ်မမြင်ဖူးသူတွေအတွက်ကတော့ အပေါ်က စာတွေ့လောက်ပဲ သိခွင့်ရခဲ့ရင် ဆိုလိုရင်းကို နားလည်နိုင်ဖို့ အတော့်ကို အားထုတ်ရဖို့ ရှိပါတယ်..။

အဲဒါလေးတွေကိုလည်း ကလေးငယ်တွေ တင်ကြိုသိမြင်ပြီး သင်ကြားလေ့လာရသမျှ စာတွေ့တွေကို လက်တွေ့နဲ့ နီးနိုင်သမျှ နီးအောင်ကြိုးစားကြစေချင်တယ်..။

မန္တလေးက ချင်းတွင်းကောလိပ်ဆိုတဲ့ private college လေးတစ်ခုကို.. visiting speaker အနေနဲ့ လွန်ခဲ့တဲ့ လေးလလောက်က ကျွန်တော် စကားသွားပြော ရတယ်..။ စာကြီးပေကြီး သီအိုရီအကြီးကြီးတွေကို ခန့်ခန့်ကြီး ပြောတာတော့ မဟုတ်ပါဘူး..။ ကျောင်းသားမောင်မယ်လေးတွေ နောင်တချိန် လုပ်ငန်းခွင်ထဲ ရောက်ရင် ကြုံရဆုံရဖို့ ရှိတဲ့.. real life challenges ဆိုတာလေးတွေ ကိုပဲ အဓိကထား ပြောတာပါ..။


ဆယ်နှစ်ကျော် ဆယ့်တစ်နှစ်လောက် စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်ထဲမှာ ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရတဲ့ အလွဲလွဲအမှားမှား ဆောင်ရန်ရှောင်ရန်တွေကို သူတို့လေးတွေ သိစေချင်တယ်..။ အဲဒါတွေဟာ သူတို့လက်ရှိသင်ကြားနေရတဲ့ စာအုပ်စာတမ်းတွေထဲမှာ မပါနိုင်တာတွေပဲ..။

ကျွန်တော်တို့တတွေဟာ ကျွန်တော်တို့ ဘိုးဘေးတွေရဲ့ အမှားတွေကတဆင့် ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးတွေ ရခဲ့ကြတယ်..။ အရာရာ အမှန်သိရမှ အဖိုးတန်တာမဟုတ်ပါဘူး..။ အမှားဆိုတာ အမှန်ရဲ့ တခြားတဖက်ဖြစ်တာမို့ အမှားကို သိရတာဟာ အမှန်သိရတာထက် တန်ဖိုးလျော့စရာ မရှိပါဘူး..။ အဲဒါကြောင့် ကျွန်တော်ရဲ့ ကိုယ်တွေ့အမှားတွေကို အိပ်သွန်ဖာမှောက် အားပါးတရ သူတို့လေးတွေ သိအောင် ပြောမိတယ်..။

ဒါပေမေယ့် ကိုယ်ပြောချင်တာတွေကို အတင်းနင်းကန်ပြီး အတုံးလိုက်အတစ်လိုက် ပြောလိုက်တာမျိုး မဖြစ်အောင်လည်း သတိထားရသေးတယ်..။ ကျွန်တော်စကား ပြောမှာကို ကလေးတွေက ကြားချင်လွန်းလို့ လာကြတာမှ မဟုတ်တာ..။ ကျွန်တော့်ကိုလည်း မမြင်ဖူး၊ ဘာကောင်မှန်းလဲမသိ၊ ပြောမယ့် ခေါင်းစဉ်ကလည်း သူတို့ နဲ့ မရင်းနှီး..၊ ကျောင်းအုပ်ချုပ်သူတွေ စီစဉ်လို့ မလွှဲသာလို့ လာကြတာပဲ..။

ကလေးတစ်ယောက်ဆိုရင်.. “ လခွီးတဲ့မှ.. ဘာတွေ လာပွားအုံးမလဲ မသိဘူး .. သောက်ရမ်းစိတ်ပျက်ဖို့ကောင်းတယ် ” လို့ အချိန်ကျလို့ အခန်းထဲ နေရာယူ ခိုင်းတော့ မအောင့်နိုင်မအီးနိုင် ပြောတဲ့အထိပဲ..။ ကျောင်းအပြင်ဖက်မှာ မတ်တပ်ရပ်နေတဲ့ ကျွန်တော်ဘေးနားကနေ ဖြတ်လျှောက်သွားရင်း အချင်းချင်း အဲသလို ပြောသွားတာ ကျွန်တော်ကလည်း ကြားဖြစ်အောင် ကြားလိုက်မိတယ်..။ သဘောထားအမှန်တွေ ပေါ့လေ..။

အခန်းထဲရောက်တော့ အဲဒီကိစ္စလေး အရင်ရှင်းရတယ်..။ ရှင်းတယ်ဆိုလို့ ခုနက အဲသလို ပြောသွားတာ ဘယ်ကောင်လဲကွ ဆိုတာမျိုး ရှင်းတာ မဟုတ်ပါဘူး..။

ကလေးတွေကို တရုတ်ကား တွေ ကြည့်ဖူးလားလို့ မေးပြီး.. တရုတ်ကားတွေထဲမှာ ကိုယ်မွေးထားတဲ့ သမီးကိုတောင် “ မင်းလိုသမီးမျိုး ငါမမွေးခဲ့ဘူးလို့ မှတ်လိုက်မယ် ”..၊ ကိုယ်သိရဲ့သားနဲ့ “ ဒီလိုအဖြစ်အပျက်မျိုး ရှိခဲ့သလား ”..၊ ကိုယ်ကြားရဲ့သားနဲ့ “ ဒီလိုစကားမျိုး ငါမကြားခဲ့ဘူး လို့ပဲ မှတ်လိုက်မယ် ” စသဖြင့် မသိချင်မမြင်ချင်မကြားချင် တဲ့ ကိစ္စတွေကြုံတိုင်း တရုတ်တွေ ပြောတတ်ကြတယ်..။ အခုလဲ အပြင်မှာ မင်းတို့ထဲကတစ်ယောက်က “ ဒီကောင် ဘာတွေလာပွားအုံးမလဲ မသိဘူး ” လို့ ပြောသံ ကြားလိုက်တယ်..။ ဒါပေမယ့် “ အဲဒါ ငါမကြားခဲ့ဘူးလို့ပဲ မှတ်လိုက်ပါတယ် ” ပေါ့..။

ကျွန်တော်က ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ ပြောနေတာဆိုတော့ ကာယကံရှင်ချာတိတ်ကိုယ်တိုင် “ ဆရာ ဆောရီးပါ၊ အဲဒါ ကျွန်တော်ပြောမိတာ ”တဲ့..။ ထပြောတယ်..။

ဟ.. အဲဒီလိုကြီး ၀န်မခံရဘူး..။ “ ဒီလို အဖြစ်အပျက်မျိုး ရှိခဲ့သလား ” လို့ မင်းကရုပ်တည်ကြီးနဲ့ မေးရမှာ လို့ ကျွန်တော်ပြန်ပြောတော့ အားလုံး တသောသောနဲ့ ရယ်ကြတယ်..။

သူတို့လေးတွေကို Theory & Practice တနည်းအားဖြင့် စာတွေ့နဲ့ လက်တွေ့ မတူကြောင်းလေးကိုလည်း မှတ်မှတ်ရရဖြစ်သွားအောင် ကျွန်တော် ပြောခဲ့တယ်..။

အိုင်းစတိုင်းက စာတွေ့နဲ့ လက်တွေ့ကွာပုံကို အခုလို ပြောတယ်ပေါ့..။

Albert Einstein: “In theory, theory and practice are the same. In practice, theory and practice are different."

သူတင်မက.. kurt lewin လို့ခေါ်တဲ့ ဂျာမန်တွေးခေါ်ပညာရှင်ကလည်း အခုလို ပြောပါတယ်ပေါ့..။

Kurt Lewin: “There is nothing as practical as a good theory.”

အဲသလို စာတွေ့နဲ့လက်တွေ့ ကွာတာကို သိပြီးပြီဆိုတော့ မင်းတို့လေးတွေရဲ့ တကယ့်ဘ၀လုပ်ငန်းခွင်မှာ မင်းတို့ မျှော်လင့်မထားတာတွေလည်း ရင်ဆိုင်ကြုံတွေ့ရဖို့ ရှိတယ်... ဒါကြောင့် expect the unexpected လို့ ကမ္ဘာကျော်ပညာရှိကြီးတစ်ယောက်က အခုလိုပြောသွားခဲ့လေရဲ့ ဆိုပြီး.. အောက်ကစာကို ရေးပြီး အဲဒီပညာရှိကြီးကို သိကြလားလို့ ကျွန်တော်မေးမိတယ်..။

Gnian Nut Nit: “ Expect the Unexpected “

ကလေးအားလုံးက သိဖို့ဝေးလို့ အသံထွက်တောင် ခပ်ခက်ခက်ပဲ လို့ ပြန်ဖြေကြတယ်..။ မဟုတ်ပါဘူး မင်းတို့သူ့ကိုသိပါတယ်.. သေချာစဉ်းစားပါလို့ ကျွန်တော် ပြောတော့ သူတို့ဇဝေဇ၀ါနဲ့ စဉ်းစားနေကြတယ်..။ ဒါပေမယ့် နောက်ဆုံးပိတ် အတွေးအခေါ် expect the unexpected ဆိုတာကို ပြောသွားတဲ့ ဂုရုကြီးကို သူတို့ စဉ်းစားလို့ မရနိုင်ဖြစ်နေခဲ့တယ်..။

ဘယ်လိုမှ စဉ်းစားလို့ မရတော့ဘူးဆိုမှ.. အဲဒီ အတွေးအခေါ်ပညာရှင်ကြီးဆိုတာ တခြားသူဟုတ်ရိုးလား.. ငါ့နာမည် ပြောင်းပြန်ရေးထားတာပဲ လို့ ကျွန်တော်ပြောလိုက်တယ်..။

မင်းတို့ ငါ့ကို အဲသလောက် မပေါဘူး ထင်နေတယ်မဟုတ်လား.. အမှန်က ပေါတယ်ဗျ.. ဒါကြောင့် မင်းတို့ကို ပြောတာ.. မမျှော်လင့်ထားတာတွေနဲ့ကြုံရမှာကို မျှော်လင့်ထားပါ လို့... expect the unexpected ပေါ့..။

တချို့ကလေးတွေဆို ခုံကို လက်ဝါးနဲ့ရိုက်ပြီး ရယ်တယ်..။ ကျွန်တော်လည်း ပျော်ရပါတယ်..။

အဓိကကတော့ ကျွန်တော်တို့ မျိုးဆက်သစ်တွေကို နားလည်လက်ခံ သဘောပေါက်ပြီး ကိုယ်ပေးချင်တဲ့ မက်ဆေ့ခ်ျကို သူတို့နားဝင်အောင် ကျွန်တော်တို့ ဘယ်လို ပြောကြမလဲ ဆိုတာပါပဲ..။ ပေါပေါလောလောလေး ပြောဖို့ လိုရင်လည်း ပေါကြတာပေါ့..။ ဒါ ကောင်းပါတယ်..။

7 comments:

Nyi Maung said...

ကိုကြီးရေးလိုက်ရင် မှတ်သားစရာတွေကြီးပဲ

Summer Field said...

'ပေါပေါလောလောလေး ပြောဖို့ လိုရင်လည်း ပေါကြတာပေါ့..။ ဒါ ကောင်းပါတယ်..။'
ဟုတ်တယ် ဒါသိပ်ကောင်းပြီး ကိုယ်ပေးချင်တဲ့ မက်ဆေ့ခ်ျကို ကလေး(နားထောင်သူပရိဿတ်) တွေဆီ သေချာပေါက်နည်းပါး ရောက်စေတဲ့ ဟောပြောနည်းလို့ ယုံကြည်ပါတယ်။ မြန်မာပြည်မှာ စာရေးဆရာ/မတွေကလွဲလို့ ဒီလို ဟာသနှောပြီး ပေါ့ပေါ့ပါးပါး ဟောပြောတဲ့ဓလေ့ သိပ်မရှိဘူးလို့ထင်ပါတယ်။ အထူးသဖြင့် ကျောင်းတွေမှာ ကျောင်းအုပ်ကြီးတွေက Assembly Hall မှာ ရုပ်တည်ကြီးတွေနဲ့၊ လုပ်ငန်းခွင် ဌာနဆိုင်ရာတွေမှာလည်း မာန်နေဂျာ အရာရှိကြီးတွေက ဆွေးနွေးပွဲတွေမှာ မာန်ထယ်တဲ့ မျက်နှာပေါက်ကြီးတွေနဲ့၊ သတင်းစာတွေ TVတွေမှာ တွေ့ရတဲ့ ဝန်ကြီးတွေကလည်း မျက်နှာစုံညီစည်းဝေးပွဲတွေမှာ ရာဇအိနြေ္ဒ အိုက်စင်ခရင်ကြီးတွေ တခွဲသားနဲ့ တွေ့ မြင်ကြားသိ ကြုံနေကျလေ။

ကိုနဗနရဲ့ဟောပြောတဲ့နည်းက နိုင်ငံခြားရောက်တော့မှ လုပ်ခွင်မှာရော TVတွေမှာပါ နေ့တဓူဝ ကြုံတွေ့ နှစ်သက်ခဲ့ရတဲ့နည်းပေါ့။ သာမန်အရာရှိ ဝန်ကြီးတွေမဆိုထားနဲ့ နိုင်ငံတော်သမ္မတကြီးတွေလည်း တကယ့် နိုင်ငံတော်မင်းစိုးရာဇာပွဲတွေ၊ သတင်းစာရှင်းလင်းပွဲတွေ၊ အင်တာဗျူးတွေမှာ အပျော်အပျက်၊ အရွှန်းအသောဖောက်တာတွေ တွေ့ဖူး ကြားဖူးကြမှာပါ။ အပျော်အပျက် နောက်ပြောင်ပြောဆိုတာကို (တစုံတဦး၊ တဖွဲ့ ဒါမှမဟုတ် sensitive ဖြစ်တဲ့ ဘာသာ လူမျိုးရေးကိုစော်ကား နောက်ပြောင်မိတာကလွဲလို့) အတည်ယူလေ့မရှိပဲ၊ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး တော်တော်သောကြတာ အားကျဖို့ကောင်းလှပါတယ်။

အခုတော့ မြန်မာပြည်က ရုပ်ရှင်အကယ်ဒမီပွဲမျိုးလိုတောင်မှ အတည်ပေါက်နဲ့ လေးပင်ထိုင်းမှိုင်းလိုက်တာ နိုင်ငံတော်ဈာပနပွဲနဲ့ မှားလောက်တယ်။

Htoo Myat said...

အမလေး... အခုနေများ နိုင်ငံတော် ဈာပဏ ပွဲတစ်ပွဲသာ မြန်မာပြည်မှာ ဖြစ်လိုက်ရင် မိုးပျံပူပေါင်းတွေ လွှတ်၊ ပျော်ပွဲ ရွှင်ပွဲတွေ ကျင်းပ ကုန်ကြမှာပေါ့... အဟီး... :D

Summer Field said...

ဟုတ်တယ် ကိုထူးမြတ်..။ အဲ့ဒီအခါကျတော့ လေးပင်ထိုင်းမှိုင်းတာရဲ့ ပြောင်းပြန်ပေါ့။ ဂျနရေးရှင်း ၂ဆက်စာဆိုတော့ အတိုးချ ကျင်းပကြမှာ ဧကန်မလွဲပါ။

Ngwe Ain San said...

Gnian Nut Nit: “ Expect the Unexpected “

:haha

very nice!
very nice!
very nice!

JulyDream said...

နပ်နစ် တွေ ဖြစ်အောင် ဖတ်မိလိုက်သေးတယ်။ ဘယ်လို အမည်ကြီးလဲပေါ့။ ထွင်လည်း ထွင်ပါပေတယ်ဗျာ။

တော်တယ်ဗျာ....

ဖောင်းဖောင်းဖောင်း...
:P

kyaw said...

ဘယ်က ဂုရုကြီးပါလိမ့်လို့ ဗျာ..
ခေါင်းတွေတောင်ခြောက်သွားတယ်