Monday, February 2, 2009

39.3 ၀ိုင်နတ်သမီး ပြုစားတဲ့ည

မင်္ဂလာခရီး ဆယ်နှစ်တာကာလမှာ .. စိတ်သဘောထားခြင်းမတိုက်ဆိုင်တာ၊ ကတောက်ကဆဖြစ်ရတာ လေးတွေ မကြာခဏ ကြုံရပါတယ်..။ ဒါပေမယ့်တစ်ယောက်နဲ့တစ်ယောက် အဖုအထုံး၊ အကြိတ်အခဲတွေဖြစ်ပြီး တစ်ရက်ကနေနှစ်ရက် မပြောနိုင်မဆိုနိုင် ဖြစ်ရတာမျိုးတော့ မရှိခဲ့သလောက်ပါပဲ..။ လင်မယား နှစ်ယောက် တစ်ယောက်အပေါ်တစ်ယောက် tolerate လုပ်နိုင်တာကလည်း ကြီးကြီးမားမား ပြဿနာမဖြစ်တဲ့ အကြောင်းရင်း တစ်ခုဖြစ်မယ် ထင်ပါတယ်..။

တကယ်တော့ အိမ်ထောင်သည်ဘ၀ အချစ်ဆိုတာ ဘက္ထရီအိုး တစ်လုံးလိုပါပဲ..။ သုံးပါများ အချိန်ကြာရင် ဘက္ထရီအား ကုန်ခမ်းသွားသလို မျိုး လင်မယားကြား က အချစ်ဆိုတာတွေကလည်း ရန်ဖြစ်လိုက် စိတ်ကောက်လိုက် အမြင်မကြည်မလင်ဖြစ်လိုက်နဲ့ တဖြည်းဖြည်းနဲ့ အားပျော့လျော့နည်းလာတတ်ပါတယ်..။ အဲသလို အားပျော့လာတဲ့ အချစ်တွေကို အချိန်မီ recharge ပြန်မလုပ်နိုင်ရင် အခန်းပျက်တဲ့ ဘက္ထရီအိုးလို ဖြစ်သွားပြီး အိမ်ထောင်ရေးမှာ ထိထိခိုက်ခိုက်လေးတွေ ဖြစ်လာတော့တာပဲ..။

သိပ်ကဗျာမဆန်ပေမယ့် အချစ်ဆိုတာ rechargeable ပဲ..။

ကျွန်တော်တို့ လင်မယားကတော့ စိတ်အခန့်မသင့် ဖြစ်ရတာလေးတွေ ရှိတိုင်း တနည်းနည်းနဲ့ တစ်ယောက်ယောက်က အလျော့ပေးပြီး ပြန်လည် သင့်မြတ်အောင် ကြိုးစားဖြစ်ကြတယ်..။ recharge လုပ်တဲ့ သဘောပေါ့..။ တခါတရံမှာ အဲဒါမျိုးလေးတွေက ပျော်ဖို့တောင် ကောင်းပါတယ်..။ တခါတရံကျတော့လည်း ငိုအားထက် ရယ်အားသန်အဖြစ်မျိုးလေးတွေနဲ့ ကြုံရပြီး ကြည်ကြည်နူးနူး ဆွတ်ဆွတ်ပျံ့ပျံ့ ခံစားရတဲ့ အထိ ပဲ..။

လွန်ခဲ့တဲ့ သုံးလလောက်က အဖြစ်အပျက်ဆိုရင် အိမ်ထောင်သက်ဆယ်နှစ်မှာ ပြန်တွေးမိတိုင်း လင်မယားနှစ်ယောက်စလုံး မရယ်ပဲမနေနိုင်တဲ့ အဖြစ်အပျက် တစ်ခုပဲ။

ဇာတ်လမ်းက ကျွန်တော်ရုံးကအပြန် သားနဲ့သမီးကို ကျုရှင်ဝင်ကြိုဖို့ မဒမ်က ဖုံးလှမ်းဆက်တာကနေ စတာပဲ.။ ဟမ်းဖုံးများကလည်း သိတော်မူတဲ့အတိုင်း connection က လွှတ်ကောင်းတော့ မဒမ်ပြောတာ ကျွန်တော်မကြား.. ကျွန်တော်ပြောတာ မဒမ်မကြားနဲ့ ဖြစ်ကုန်တာပေါ့..။

အရေးထဲ ဘုရင့်နောင်ပွိုင့်မှာ ကားတွေကပိတ်ပြီး အဲဒီနေရာက connection မမိတော့ မဒမ့်ဆီ ကျွန်တော်ခေါ်မရသလို.. ကျွန်တော့်ဆီလည်း ဘယ်လိုမှ မဒမ် ခေါ်မရတော့ဘူး။ connection ပြန်မိတော့လည်း နှစ်ယောက်စလုံး စိတ်အခံတွေက မကောင်းနေကြတော့ တစ်ယောက်နဲ့တစ်ယောက် စကားလုံးတွေနဲ့ ပစ်ပေါက်မိကုန်တဲ့အထိ ဖြစ်ကုန်ကြတယ်..။

မဒမ်ကလည်း ဒေါသထွက်နေတော့ “တော်.. အချိန်ရှိသရွေ့ ဆက်သွယ်မှုဧရိယာပြင်ပချည်း သွားနေတယ်.. ကလေးတွေ ကျောင်းကြိုမယ့်အချိန်တော့ ဆက်သွယ်မှု ဧရိယာထဲ လာပါအုံး ” တဲ့ .. ခပ်ငေါ့ငေါ့လေး ပြောတယ်..။

ကျွန်တော်လည်း စိတ်ကအချဉ်ပေါက်နေပြီမို့ “ ဟ.. မင်းကြီးဒေါ် ဆက်သွယ်ရေးကိုက လိုင်းမမိတာကွ..ငါကပဲ အားအားယားယား ဆက်သွယ်မှုဧရိယာပြင်ပချည်း သွားနေတယ်ဖြစ်ရသေးတယ်.. ခွီးတဲ့မှ ” လို့ ပြန်ကော မိတယ်..။ နောက်ဆုံးတော့ ဖုံးထဲမှာ မင်းကဘာငါကဘာ နဲ့အော်ကြဟစ်ကြရင်း မဒမ်က ဖုံးကို ဆောင့်ကြီး အောင့်ကြီးနဲ့ ချသွားခဲ့တယ်..။

ခဏနေ ကျွန်တော်အိမ်ပြန်ရောက်တော့.. လှေကားမှာ မဒမ်နဲ့ အတက်အဆင်း တွေ့တယ်..။ စောစောက တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ထားကြတာဆိုတော့ ကျွန်တော်လည်း ဖာသိဖာသာပဲ အပေါ်တက်လာခဲ့တော့တယ်..။ မဒမ်ကလည်း စကားတစ်ခွန်းမှ မဟဘဲသုတ်သုတ် သုတ်သုတ်နဲ့ ဆင်းသွားတယ်..။

တော်နေကြာတော့ ကျွတ်ကျွတ်အိတ်တွေ တပွေ့တပိုက်နဲ့ မဒမ် ပြန်ရောက်လာတယ်..။

စီးတီးမတ် ကနေ ဘီယာနဲ့ ၀ိုင်တွေ ၀ယ်ချလာတာပဲ..။ မြည်းဖို့ ဆိတ်သားကြော် သုံးလေးထုတ်နဲ့ အာလူးကြော် နှစ်ထုတ်လောက်လည်း ပါတယ်..။ ကျွန်တော် စိတ်တအားဆိုးသွားတာ သိလို့ ပြန်လည်ငြိမ်းချမ်းရေးအတွက် ဘီယာတွေ ၀ယ်လာတာပဲ..။ သူ့အတွက်က ၀ိုင်ပေါ့..။ လင်မယားနှစ်ယောက် ရန်ဖြစ်ပြီး ပြန်လည် သင့်မြတ်ရေး သောက်ပွဲသဘင် ဆင်ယင်ကျင်းပမယ်ဆိုတဲ့ အထာနဲ့ ပဲ..။

ဒါပေမယ့် သူကလည်း အစောက အရှိန်နဲ့ ကျွန်တော့်ကို ဘီယာသောက်ပါလို့ ပြောဖို့ ခက်နေတော့ သူ့ဖာသာ ၀ိုင်တပုလင်းပြီးတပုလင်း ဖောက်သောက်နေတော့တယ်..။ ကျွန်တော်လည်း သိသိနဲ့ အမြင်ကကတ်နေတော့ မသိချင်ယောင် ဆောင်ပြီး ဘီယာမသောက်တော့ပဲ တီဗွီထိုင်ကြည့်နေလိုက်တယ်...။

မဒမ်ကတော့ အိပ်ခန်းထဲမှာ ဘီရိုကို ခြေကန်ပြီး အာလူးကြော် တဂျွမ်းဂျွမ်းနဲ့ သောက်နေတာ အတော့်ကိုရေချိန်က ကိုက်နေပြီ..။

အချိန်တန်လို့ ကျွန်တော်အိပ်ရာထဲ ရောက်တဲ့အထိ သောက်လို့ သူမပြီးသေးဘူး..။ ကျွန်တော်လည်း နေပေ့စေ ဆိုတဲ့ အတွေးနဲ့ မျက်စိအတင်းမှိတ်ပြီး အိပ်ဖို့ လုပ်တယ်..။ ခပ်မှေးမှေးလေး ဖြစ်မလို့ ရှိသေးတယ် အိကနဲ ငိုသံက ထွက်လာတယ်..။ ဗုဒ္ဓေါ.. ငိုဟယ်ယိုဟယ်တော့ ဖြစ်ကုန်ပြီ ..ကလေးတွေ နှိုးကုန်ရင် ခက်ရချည်ရဲ့ လို့ တွေးမိတာနဲ့ အိပ်ယာက ကပျာကယာ ထပြီး “ အိပ်ကြရအောင်.. ဘာလို့ငိုတာလဲ .. လာလာ ” နဲ့ ချော့ရတော့တာပေါ့..။

သူကလည်း အချော့စောင့်နေတာဆိုတော့ ကျွန်တော် အဲသလိုမျိုး ပြောလိုက်တာနဲ့ပဲ.. ဆင်ရိုင်းချွန်းလွှတ်လိုက်သလိုမျိုး၊ ပိတ်ဆို့ကာဆီး ထားတဲ့ ရေကာတာကြီး ကျိုးပေါက်သွားသလိုမျိုး သူ့စိတ်ကို လွှတ်ပေးလိုက်ပြီး ကျွန်တော့်ကို ဖက်၊ တအီးအီး နဲ့ ငို၊ ကိုရီးယားပြောပြောရရင် အငမ်းမရ အကြင်နာတွေ ပေးတော့တာပဲ..။

အမယ်မင်း ချဉ်တူးတူး ချဉ်စုပ်စုပ်နဲ့ နံလိုက်တာဆိုတာ မပြောပါနဲ့တော့..။ ကိုယ်ကသောက်မထားတော့ ပိုဆိုးတာပေါ့..။

အခြေအနေက “နံတယ်ကွ.. ဂလောက်ဆို တော်ရောပေါ့” လို့လည်း တားရဖို့ လမ်းမမြင်တော့ ကျွန်တော့်မှာ လက်ဝှေ့သမားတွေ ခေါင်းထိုးခံသလိုမျိုး သူ့ချိုင်းအောက်ကို ခေါင်းအတင်းတိုးခွေ့ နေရတော့တယ်..။

အိပ်ရာထဲ ရောက်တဲ့အထိ ခြင်ထောင်အမိုးကို မျှော်ကြည့်ရင်း “ ဘုရား ဘုရား ဒီမိန်းမ ငါ့ကို နောက်ထပ် မနမ်းပါစေနဲ့ ” လို့ တိတ်တိတ်ကြိတ် ဆုတောင်းနေခဲ့ရတယ်။

နောက်တနေ့မနက် မှာ အဲဒီအကြောင်း ကျွန်တော် ပြန်ပြောတော့ “ မှတ်ပြီလား .. ကိုယ်ချင်းစာတတ်ပြီလား ” တဲ့..။ မဒမ်က ပြုံးစေ့စေ့နဲ့ ပြန်ပြောတယ်..။

ကုန်ခမ်းသွားတဲ့ အချစ်တွေကို recharge ပြန်လုပ်တာမှာ over-charge လုပ်မိရင်လည်း အိုးနာတယ် အရပ်ကတို့ရေ..။

12 comments:

strike said...

ဟ ဟ ဟ...န န ဘ၀...helpless

Ko Boyz said...

ဇတ်လမ်းလေးများ ပါမလားလို့...။ ဟိ...။

sin dan lar said...

ရယ်လိုက်ရတာ ဖတ်ဖတ်မော....

မီးတောင် said...

ပြုံးသွားသည် ။း)းDးP
အိမ်ထောင်ရေးဆိုတာ အဲလိုကြီးလားး)

ကေကေ said...

ဟားဟား... ကိုရီးယားမင်းသား/သမီးတွေပေါ့

s0wha1 said...

ရယ်လိုက်ရတာ ပြောမနေနဲ့။ ;))

wai said...

Bro,
So pity of u.
But u like it?
:)

Thant said...

ဟိ ဟိ...... ဒီနေ့ ကံမကောင်းပါလားလို့ ရော တွေးမိခဲ့သေးလားးP

May Burma said...

Wine is romantic. Very funny to read your post. Nice!

Nu Thwe said...

အမလေး ရယ်လိုက်ရတာ၊ သီးတောင် သီးသွားတယ်။
ဘက်ထရီအိုးနဲ့ ဥပမာ ပေးတာကလည်း ထိမိပါပေရဲ့။ ကဗျာမဆန်သော အမှန်တရားတွေပေါ့လေ။ နှောင်းလူများ သတိထားဖို့ပေါ့နော။ ထောက်ခံပါ၏။ နောက်ဆုံးစာကြောင်းကတော့ အနောက်ဆုံးပဲး)

zaw tun said...

ha ha ha ha .......very nice ....

kyaw said...

ကျွန်တော့်ကောင်မလေးကို ဖတ်ခိုင်းရမယ်
အဲဒီလို ချာချာပြန်သွင်းတာမျိုးဆို
ကျွန်တော်က သိပ်ကြိုက်...ဘယ်နှယ် ဟိုကဘီယာတွေပါဝယ်လာပေးတာ..ဒါမျိုး
နှစ်ခါမမူနိင်ပေါင်ဗျာ