Thursday, September 10, 2009

46.3 ဘွားတင်

အဘိုးဦးဘသိန်းနဲ့ အဘွားဒေါ်အေးတင်အကြောင်းကို ငယ်ငယ်တုံးက အိပ်ရာဝင်ပုံပြင်ဆန်ဆန်လို နားထောင်ရင်း ကျွန်တော်တို့ ကြီးပြင်းလာခဲ့ရပါတယ်..။ အဖေက စိတ်လိုလက်ရ ရှိရင် အဘိုးနဲ့ အဘွားအကြောင်း.. သူ့ညီအကို မောင်နှမ များ အကြောင်းကို စီကာပတ်ကုံး ပြောလေ့ ရှိပါတယ်..။ လက်ရှိဘ၀က ဆင်းရဲနေတဲ့အချိန် အဘိုးနဲ့အဘွားက တချိန်တုံးက မြေရှင်ယာရှင်ကြီးတွေလို့ သိရတော့ ဘာရယ်မဟုတ် ကလေးပီပီ အဲဒီအကြောင်းတွေ နားထောင်လို့ကို မ၀ခဲ့ပါဘူး..။

အဘိုး ဦးဘသိန်းက ကျွန်တော်မမွေးမီ ကတည်းက ဆုံပါးသွားတာမို့ သူ့ရုပ်ရည် ပုံပန်းသဏ္ဍာန်ကို အဖေ့အပြောလောက်နဲ့ပဲ မှန်းဆနိုင်ပါတော့တယ်...။ အဘွား ဒေါ်အေးတင်ကိုတော့ ကံအကြောင်းလှပြီး သူမဆုံးခင် တစ်နှစ်အလို ၁၉၈၉ ခုနှစ်မှာ.. ကျွန်တော် ဆုံတွေ့ခွင့် ရခဲ့ပါတယ်..။ ၁၉၈၈ ခုနှစ်မှာ ဆယ်တန်းအောင်ပြီး.. ကျောင်းတွေပိတ်တော့.. ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ ဖြစ်နေတဲ့ ကျွန်တော့်ကို အဖေက ရန်ကုန်က သူ့ညီအငယ်ဆုံး ဦးကျော်မြင့်အိမ် ပို့ပါတယ်..။

အဘွားဒေါ်အေးတင်က အဲဒီအိမ်မှာ နေပါတယ်..။

အဘွားရော ဘထွေးဦးကျော်မြင့်ရော အဲဒီကျမှ ကျွန်တော် စတွေ့ဖူးတာပါ..။ အဖေ့ဖက် ဆွေမျိုးများနဲ့ ကျွန်တော်တို့မိသားစုရဲ့ ဆက်ဆံရေးက နည်းနည်းစိမ်းတယ်လို့ ပြောနိုင်ပါတယ်..။ အနေဝေးတဲ့အပြင် အကူးအလူး အဆက်ဆံကလည်း မရှိသလောက်ပါပဲ..။ အဖေ ကိုယ်တိုင်က သူ့ညီအကိုမောင်နှမ တချို့နဲ့ အဆင်မပြေတာလေးတွေ ရှိတော့ .. သွေးကစကားပြောဖို့ အခွင့်အရေးကလည်း နည်းခဲ့ဟန် ရှိပါတယ်..။ ဒီကြားထဲ ကျွန်တော်တို့ ကိုယ်တိုင်က အဖေ့ရဲ့ သားကြီးသမီးကြီးတွေ မဟုတ်ပြန်တော့.. အလှမ်းက ပိုဝေးသွားခဲ့ရပါတယ်..။

အဘွားကတော့ ကျွန်တော့်ကို ချစ်ရှာပါတယ်..။ သူ့ခမျာလည်း အသက်ကကိုးဆယ်ကျော်.. အိပ်ရာထဲက ထဖို့တောင် အနိုင်နိုင်ဖြစ်နေချိန်မှာ အနီးကပ်ပြုစုမယ့် ကျွန်တော်ရောက်သွားတော့ အဆင်ပြေသွားခဲ့ပါတယ်..။

အဘွားနဲ့ နေခဲ့ရတဲ့ ရှစ်လလောက်မှာ ငယ်တုံးက အဖေ့တဆင့်ပြောနဲ့ သိခဲ့ရတဲ့ အဘိုးဦးဘသိန်းအကြောင်း၊ အဘွားအကြောင်း၊ သူတို့မိသားစုတွေအကြောင်း တော်တော်များများ ဃဂဏန သိခဲ့ရပါတယ်...။ အဘိုးက မိသားစု တာဝန်မယူတဲ့အပြင် သားသမီးတွေရဲ့ ပညာရေးအတွက် အဘွားက ကြွေးတင်ခံပြီး ကျောင်းထားတာကိုတောင် အတန်တန် တားခဲ့တယ်လို့ ဆိုပါတယ်..။

အဘွားနဲ့ အဘိုးပိုင်တဲ့ မြေတွေယာတွေက လွတ်လပ်ရေးရစပြီးစ ကွန်မြူနစ် ရဲဘော်ဖြူ ကြီးစိုးချိန်မှာ “မြေလုပ်သူ မြေရ ” လမ်းစဉ်နဲ့ ဆုံးရှုံးသွားတဲ့အပြင် တခြားစီးပွားရေးတော်တော်များများလည်း တော်လှန်ရေးကောင်စီ လက်ထက် ပြည်သူပိုင်လှိုင်းလုံးအောက် စုန်းစုန်းမြုပ်သွားခဲ့လေတော့ အဘွားဟာ သားသမီးတွေရဲ့ ပညာရေးအတွက် အတော်လေး ရုန်းကန်ခဲ့ရ ရှာပါတယ်..။ အဘိုးဦးသသိန်းကတော့ “ အေးတင်.. ကြွေးတင် ကျွန်ဖြစ်ခံပြီး နင့်သားတွေကို ကျောင်းမထားနဲ့ ” “နင့်သားတွေ ဆရာဝန်၊ အင်ဂျင်နီယာတွေဖြစ်တဲ့အခါ သူတို့မယားတွေပဲ ကောင်းစားမှာ ” လို့ အမြဲပြောရင်း သူ့ဖာသာ နေသာသလို နေသွားခဲ့ပါတယ်..။

ဒါပေမယ့် အဘွားကတော့ အဘိုးဘယ်လောက်ပဲ တားတား သူ့သားတွေရဲ့ ပညာရေးအတွက် နောက်ဆုံး မန္တလေးမြို့မှာ ဒေါနပန်းထိုင်ရောင်းတဲ့အထိ အပင်ပမ်းခံ ကြိုးကုတ်ခဲ့ပါတယ်..။ အဲဒီ အားထုတ်မှုတွေရဲ့ အသီးအပွင့်အဖြစ် အဖတ်တင်ကျန်ရစ်တဲ့ သားသမီးရှစ်ယောက်ထဲက နံပါတ်ခြောက် ဦးကံညွှန့်က ဒေါက်တာကံညွှန့်ရယ်လို့ ဖြစ်သွားပြီး သူ့အောက် ကပ်လျက် ဦးစိန်ထွန်းကတော့ ပုံနှိပ်ရေးနဲ့ စာအုပ်ထုတ်ဝေရေးမှာ ညွှန်ကြားရေးမှုးအဖြစ်နဲ့ ဘ၀ကို ရှင်သန်နေထိုင်နိုင်ခဲ့ပါတယ်..။ အငယ်ဆုံးသား ဦးကျော်မြင့်ဆိုလည်း ရန်ကုန်စက်မှုတက္ကသိုလ်ကနေ အင်ဂျင်နီယာတစ်ယောက်အဖြစ်ကို ရရှိစေခဲ့ပါတယ်..။

တကယ်တော့ သားသမီးဆယ့်သုံးယောက်ရဲ့ မွေးသမိခင်ဖြစ်ရတာ လွယ်မယ်မထင်ပါဘူး..။ ရိုးရိုးလေး စဉ်းစားကြည့်ရင်တောင် တစ်ယောက်နဲ့တစ်ယောက် တစ်နှစ်ခွဲကွာတယ် ထား..။ ဆယ့်သုံးယောက်ဆိုတော့ နှစ်ပေါင်း နှစ်ဆယ်လောက်က မီးဝင်မီးထွက်နဲ့ အဘွားခမျာ လုံးချာလည်လိုက်နေခဲ့မယ် ထင်ပါတယ်..။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆူးဖြူးကုန်းရွာမှာ ရာဇ၀င်တွင် ပြောစမှတ်တွင်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်..။

အဘွားကိုယ်တိုင် ရဟန်းခံပေးပြီး ကျောင်းဆောက်လှူဒါန်းထားတဲ့ ဆရာတော် ဦးပါဝရက သူ့ဒါယကာမကြီးကို တွေ့ချင်လို့ မေးတိုင်း “ မပေါ့မပါးဖြစ်နေလို့ပါဘုရား ” “ ကလေးငယ်သေးလို့ပါ ဘုရား ” “မပေါ့မပါးဖြစ်နေပြန်လို့ပါဘုရား ” “ ကလေးငယ်သေးလို့ပါ ဘုရား” နဲ့ချည်း တိုးနေလို့ နောက်ဆုံး သူကိုယ်တိုင် အိမ်ကြွပြီး အဘွားကိုသွားတွေ့တော့ အဘွားက ဗိုက်ကြီးကြီးနဲ့ ထိုင်ရှိခိုးသတဲ့..။

အဲသလိုမျိုး ဘ၀ကို ရှင်သန်နေထိုင်သွားခဲ့တဲ့၊ သားသမီးဆယ့်သုံးယောက် မွေးဖွားခဲ့သူ၊ လူလင်မယား စီးပွားတခြား အိမ်ထောင်ဖက်နဲ့ သစ္စာမပျက်ပေါင်းဖက်ခဲ့သူ၊ မြေးလေးဆယ့်သုံးယောက်ရဲ့ အဘွား ဖြစ်သူ (ဒေါ်) အေးတင် ခေါ် ကျွန်တော့်အဘွားဟာ ကျွန်တော့်လက်ပေါ်မှာပဲ.. ၁၉၈၉ ဒီဇင်ဘာလမှာ ဘ၀တပါးသို့ ထွက်ခွါသွားခဲ့ပါတော့တယ်..။

10 comments:

ကောင်းမွန်ဝင်း said...

ကိုနဗနအဘွားက၊ သိပ်လေးစားစရာကောင်းတဲ့ မိခင်ကောင်းတစ်ယောက်ပဲနော်။ ကျွန်မအဘွားလည်း ၁၁ယောက်မွေးခဲ့တယ်။ ကိုနဗနပြောသလိုဆိုရင်၁၀နှစ်နီးပါးက ဗိုက်ကြီးပြီး မီးတွင်းထဲမှာနေခဲ့တာနော်။ ကိုနဗန အဘွားရဲ. ချမ်းချမ်းသာသာဘ၀နဲ.ကော ပန်းရောင်းခဲ့တဲ့ ဘ၀နဲ. ကော။ လောကဓံတရားကို သတ္တိရှိရှိရုန်းကန်ရင်ဆိုင်ခဲ့တာ တကယ်ခံစား လေးစားမိပါတယ်။

Rita said...

အဲဒီလို အကြောင်းအရာမျိုးတွေ ကြားရရင် အားရမိပါတယ်။

Summer Field said...
This comment has been removed by the author.
Summer Field said...
This comment has been removed by the author.
Summer Field said...
This comment has been removed by the author.
Summer Field said...

သားသမီးတွေရဲ့ ပညာရေးအတွက် အနစ်နာခံ၊ အပင်ပန်းခံခဲ့တဲ့ အဖွားကို၊ သွားလေသူ ကျနော့်အမေနဲ့ တူလို့ အမေ့ကို အရမ်းသတိရ တမ်းတမိပါတယ်..။ အမျိုးသမီး တစ်ယောက်ရဲ့ အခွင့်အရေးတွေကို ထိုက်ထိုက်တန်တန် မရခဲ့၊ လင်ယောင်္ကျားရဲ့ သမရိုးကျ အကာအကွယ်လည်း မရခဲ့ရှာတဲ့ အဖွားရဲ့ ဒုက္ခတွေ အတွက် ကိုယ်ချင်းစာမိပါတယ်..။ သူ့ခမျာ ကလေးတွေ မွေးဖို့နဲ့ အဲ့ဒီကလေးတွေ လူလားမြောက် ပညာတတ်ဖြစ်ဖို့လောက်သာ လူ လာဖြစ်ရသလိုပဲ..။

phyoaung said...

အကို့ အဖွားကို လေးစားချီးကျူးမိပါတယ်။
အဘိုးပြောသလို သားတွေပညာတတ်ဖြစ်တော့
သူတို့မိန်းမတွေကောင်းစားဖို့ပဲ တကယ်ဖြစ်သွားလား။ ဒါမှမဟုတ် အမေကိုရော သားမယားကိုပါ ညီမျှစွာ ခံစားစေလား ရေးပါဦးဗျာ။ (ယောင်္ကျားပီပီ စပ်စုသွားပါတယ်ခင်ဗျာ၊ အတုယူတန် ယူရအောင်ပါ )

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

ရှေးလူကြီးများတယ်မွေးနိုင်တာ....
ကျနော့အမေလည်း..၉.ယောက်မွေးတာ..အဟဲ

rgn said...

အကိုရဲ့အဖွားကိုသနားလိုက်တာခလေး၁၃ယောက်တောင်မွေးလို့တယောက်တောင်အနိုင်နိုင်ပါအကိုရယ်၊

kyaw said...

အကို့ အဖွားရဲ့ သားသမီးတွေချစ်ပုံ
ပညာကိုအားပေးပုံကတော့လေးစားပါတယ်ဗျာ