Thursday, September 10, 2009

46.4 ဘွားတင်ဆီက ရတဲ့ အမွေ

တသက်လုံး တခါမှ မတွေ့ဖူးတဲ့ အဘွားကို မသေခင်မှာ အကြောင်းတိုက်ဆိုင်ပြီး ကျွန်တော်တွေ့ရတယ်..။ နောက် အနီးကပ် ချေးသေးကအစ ပြုစုရတော့ ဆွေမျိုးသားချင်းတချို့က “ မြေးတွေထဲမှာ ဒီကောင် ကံအကောင်းဆုံး၊ အဘွားကို ပြုစုခွင့်ရတာ နည်းတဲ့ ကံမဟုတ်ဘူး ” နဲ့ မြှောက်ပြော ပြောကြပါတယ်..။ အဖေတူ အမေတူ ညီအကိုမောင်နှမ ငါးယောက်မှာ ဘ၀အနေအထိုင်နဲ့ အလုပ်အကိုင် တခြားသူတွေထက် ကျွန်တော်က အဆင်ပြေနေပြန် တော့လည်း “ အဘွားပြုစုတဲ့ ကံကြောင့် အခုလို ကြီးပွားတာ ” လို့ ပြောသူတွေက ပြောကြပြန်ပါတယ်..။

သူတို့ဘယ်လိုပြောပြော အဲဒီတုံးက အဘွားကို ပျော်ပျော်ကြီး ပြုစုပေးခဲ့သလားလို့ မေးသူက မေးခဲ့ရင်.. မဟုတ်ပါဘူးလို့ပဲ ကျွန်တော် ရိုးသားစွာ ၀န်ခံပါ့မယ်။

ကျွန်တော်နဲ့ ဆုံတွေ့ချိန်မှာ အဘွားဟာ မီးစာကုန် ဆီခမ်းလုနေတဲ့ အရွယ်.။ အပေါ့သွားဖို့တောင် အိပ်ရာက မထနိုင်တော့လို့ အပေါ့သွားချင်တိုင်း သူ့ကို ကျွန်တော် ချိုင်းကြားကနေမပြီး အိုးပေါ် တင်ပေးရတဲ့ အခြေအနေ..။ အဘွားခုတင်နဲ့ ကျွန်တော့်ခုတင်ကြားမှာ ထိုင်လို့ရတဲ့ ဆီးအိုးတစ်လုံးက ever ready!..။ ဒီကြားထဲ ဆီးကလည်း မကြာခဏ သွားတာမို့ အိုးပေါ်တင် အိုးပေါ်ချ အလုပ်တင် တနေ့တနေ့ အကြိမ်သုံးလေးဆယ်ထက် မနည်း လုပ်ပေးရပါတယ်..။

ဆီးက နေ့ခင်းထက် ညပိုသွားတော့ အိပ်ရေးဝတဲ့ ညဆိုတာလည်း မရှိသလောက် ဆိုပါတော့..။

တခါတခါကျတော့လည်း အဘွားကိုယ်တိုင် ဆီးသွားချင်မှန်း မသွားချင်မှန်း မသေချာတတ်ပြန်ပါဘူး..။ “ ဟဲ့ လုပ်ပါအုံး ..ထွက်ကျတော့မယ် ထွက်ကျတော့မယ် ” ဆိုလို့ ကပျာကယာ ထပြီး အိုးပေါ်တင်ပေးလိုက်တယ်..။

ဆီးက တစ်စက်မှ မထွက်..။ တစ်မိနစ်စောင့်လည်း မထွက်.. နှစ်မိနစ်စောင့်လည်း မထွက်.. ငါးမိနစ်စောင့်လည်း မထွက်..။ နောက်ဆုံး “ ခုနက တကယ် ထွက်ကျတော့မယ့်ဟာ.. အိုးပေါ်ရောက်မှ မထွက်တာကွယ်.. ငါ့ကို ခုတင်ပေါ်သာ ပြန်တင်ပါတော့ ” ဆိုတော့ ပြန်တင်ပေးရပြန်ပါတယ်..။

ခုတင်ပေါ်ရောက်လို့ ခေါင်းအုံးနဲ့ခေါင်း ထိရုံရှိသေး.. “ သေးက ပေါက်ချင်လာပြန်ပြီ ငါ့မြေးရယ် ” တဲ့..။

“ အဘွား.. တော်တော့ဗျာ.. ဟုတ်တာလည်း မဟုတ်ဘူး.. ဒီလောက်ပေါက်ချင်နေရင်လည်း အိပ်ရာထဲသာ ပေါက်ချလိုက်တော့ ”

ဘယ်လိုမှ မရှည်နိုင်တော့တဲ့ စိတ်အလိုအတိုင်း အဘွားကို ငြိုငြိုငြင်ငြင် ကျွန်တော် ပြန်ပြောမိတတ်ပြန်ပါတယ်..။ ဒါပေမယ့် ပြောလို့မှ စကားက မဆုံးသေးဘူး “ဗျော..ဗျော.. ဗျော.. ဗျော ” နဲ့ ဆည်ကျိုးသလား အောက်မေ့ ရတယ်..။ အဟုတ် ထွက်ကျကုန်တာမျိုးလည်း ကြုံခဲ့ရပြန်ပါတယ်..။

အဲဒီတော့လည်း ထမိန်လဲပေး..၊ သုတ်သင်ပေး..၊ အိပ်ရာခင်း လဲပေး ပေါ့..။ ပျော်တယ်မဟုတ်ပေမယ့်.. ဒီအလုပ်က ငါလုပ်ရမှာ ဆိုတဲ့ အတွေးနဲ့ပဲ ကျော်ဖြတ်ခဲ့ရပါတယ်..။

တခါတခါလည်း.. အဘွားခေါ်နိုးတာကို နိုးရဲ့သားနဲ့ ပေအိပ်နေဖို့ ကြိုးစားမိတတ်ပြန်တယ်..။ ဒါပေမယ့် အဲသလို ပေအိပ်နေရင် အဘွားက ခုနှစ်သံချီဟစ်ပြီး အိမ်ရှိလူုကုန်ခေါ်နိုးလို့.. အိမ်ကလူတွေပါမက တရပ်ကွက်လုံး နိုးကုန်ပါတော့တယ်..။ “ အဘွားကလည်းဗျာ.. အဲသလောက်ကြီး အော်ရလား ” လို့ အိပ်မှုန်စုန်မွှားနဲ့ ကျွန်တော်ပြောတော့ ပြုံးစိစိနဲ့ “ မင်းမှ မထတာကွယ် ” တဲ့..။

အဲဒါအပြင် တခြားနိစ္စဓူဝအလုပ်တွေအနေနဲ့ကတော့ မနက်စော အဘွားအိပ်ရာထတာနဲ့ အိမ်ရှေ့ ရေကန်နားခေါ်သွား၊ မျက်နှာသစ်ပေး သွားတိုက်ပေး ရပါတယ်..။ နေ့လည် ဆယ့်တစ်နာရီလောက် ရောက်တာနဲ့ အဘွားရေချိုးဖို့ ပြင်ဆင် ရပါတယ်..။ အတူနေဘထွေး(ဦးလေး) ဦးကျော်မြင့်က မြန်မာဆေးဆရာ လုပ်တော့ (သူက အင်ဂျင်နီယာဆိုပေမယ့်.. မြန်မာဆေး ဗေဒင်လည်း အတော်တတ်ပါတယ်) ရေချိုးတာကအစ.. ဆေးရွက်ပြုတ်ရည်နဲ့ စပ်ချိုးစေပါတယ်..။

ဂန့်ဂလာရွက်ကို အရင်ပြုတ်..၊ ပွက်ပွက်ဆူပြီဆိုမှ.. အဘွားချိုးမယ့်ရေဇလုံထဲ တည့်..၊ နောက် ရေအေးနဲ့ ရော..၊ ကိုင်ကြည့် မပူမအေးဆိုမှ အဘွားကို သွားခေါ်..၊ တကိုယ်လုံး ရေသုံးသပ် ပေးတော်မူရပါတယ်..။

ရေမျိုးချိုးပြီး တာနဲ့ ခါးလယ်က ကျိုးနေတဲ့ သစ်သားဘီးကျိုးတစ်ချောင်းနဲ့ အဘွားခေါင်းကို ရှင်းလင်းပေးရပါတယ်..။ နောက်.. ကြက်ဥနှစ်လုံး၊ ဖီးကြမ်းငှက်ပျောသီး (ဇောင်းလွတ်) တစ်လုံး၊ ထန်းဖိုဦးထန်းလျက် နှစ်ခဲ ကို ရောသမမွှေလုပ်ပြီး အဘွားစားဖို့ ပူတင်းဖုတ်ရပြန်ပါတယ်..။

ပူတင်းကျက်တော့ အဘွားကိုခွံ့.. ပိုတာ ကိုယ်စားပေါ့..။

တစ်ပတ်တစ်ခါ သားဆရာဝန်နဲ့ ညွှန်မှုးလာတွေ့လို့ သူတို့အမေကို သာကြောင်းမာကြောင်း မေးရင်း “ အမေ ဘာလိုလဲ ” လို့ မေးတိုင်း “ ငါ့မြေးလေးအတွက် ပုဆိုးတစ်ထည်လောက် ၀ယ်ပေးလိုက်စမ်းပါ ” လို့ အဘွားပြောတတ်ပါတယ်..။ တခါတရံ သူ့သားတွေ ကန်တော့တဲ့ ပိုက်ဆံ ကျွန်တော်ရတတ်ပြန်ပါတယ်..။

တခါတလေကျတော့လည်း ဂျေညီညီရဲ့ “မျက်စိကို ဖွင့်ကြည့်လိုက်ရင် မင်းရှိနေမှ ” သီချင်းကို “ မျက်စိကိုဖွင့်ကြည့်လိုက်ရင် ဘွား ရှိနေမှ ” လို့ ကျွန်တော် စိတ်လိုလက်ရ ဆိုမိပြန်ပါတယ်..။

တခါတလေကျတော့လည်း.. “ အဘွားပဲ ပေါက်နိုင်မလား.. ကျွန်တော်ပဲ သေးအိုးပေါ်တင်ပေးနိုင်မလား.. ပြိုင်ကျတာပေါ့ ” ဆိုပြီး မြေးအဘွားနှစ်ယောက် ဆီးအိုးတင်ပြိုင်ပွဲ လုပ်တတ်ပါသေးတယ်..။

အဲသလိုနဲ့ပဲ အဘွားနဲ့ကျွန်တော်ရဲ့ တွေ့ဆုံမှုက ရှစ်လလောက်အကြာမှာ နိဂုံးချုပ်ခဲ့ရပါတယ်..။

အဘွားအခြေအနေ ပုံမှန်မဟုတ်ဘဲ.. ဆိုးလာတဲ့နေ့က.. အိမ်မှာ ကျွန်တော်နဲ့ ကလေးတွေပဲ ရှိနေခဲ့ပါတယ်..။ ဘထွေး(ဦးလေး)ကျော်မြင့်က အဲဒီတုံးက မရမ်းကုန်း အထည်စက်ရုံအမှတ်လေးရဲ့ စက်ရုံမှုးအဖြစ်နဲ့ တာဝန်ထမ်းဆောင်နေလို့ သူ့စက်ရုံကို ရုံးဆင်းချိန်အထိ မစောင့်ဘဲ လှမ်းဆက်ရပါတယ်..။ အိမ်က ကျိုက်ဝိုင်းဘုရားလမ်းမှာ ရှိလို့ ဆယ်မိနစ်လောက်အတွင်းပဲ ဦးလေး ရောက်လာပါတယ်..။

ဦးလေးရောက်ပြီး နာရီဝက်လောက်ကြာတော့.. အဘွား ဆုံးသွားခဲ့ပါတယ်..။ မျက်ရည်တွေစီးကျရင်း ဦးလေးက အဘွားရင်ဘတ်ပေါ် လက်နှစ်ဖက်မှောက်ခုံထပ်ပြီး နှလုံးပြန်ခုန်လိုပြန်ခေါ်ငြား ကြိုးစားပါတယ်..။

ကျွန်တော်ကတော့ ကြောင်စီစီနဲ့ ရပ်ကြည့်နေခဲ့မိပါတယ်..။ ဒါပေမယ့် ဘွားတင်ကတော့ သူ့ထုံးစံအတိုင်း ခေါင်းမာမာနဲ့ ပြန်မလာတော့ပါဘူး..။ နောက်တော့ ဆူဖြူးကုန်းရွာက ဒေါ်အေးတင်ရဲ့ သားသမီးမြေးမြစ်တွေ တဖွဲဖွဲနဲ့ ရောက်လာခဲ့ကြ ပါတော့ တယ်..။ ရပ်ကွက်ထဲက မိတ်ဆွေတချို့လည်း ရောက်လာကြပါတယ်..။

ဧည့်သည်တွေကို ဧည့်ခံရင်း ဦးလေး ဦးကျော်မြင့်က “ ဘွားတင်က သူပိုင်တာတွေ အားလုံးကို သူ့ပေးသွားတယ် ” လို့ ပြောတော့ အားလုံးက ကျွန်တော့်ကို ဘွားတင်ဘာတွေ ပေးသွားပါလိမ့်ဆိုတဲ့ အတွေးနဲ့ ၀ိုင်းကြည့် ကြပါတယ်..။

“ သေးအိုး နဲ့ ဘီးကျိုး ပေးသွားတာလေ ”.. လို့ ဦးလေးဆက်ပြောတော့မှ အားလုံး ပြုံးကြပါတယ်..။

နောက်နှစ်ရက်မြောက်မှာ အသံလွှင်ရုံနောက်ကျောက ကြံတောသုဿန်မှာ ဘွားတင်ကို သင်္ဂြိုလ်ပါတယ်..။ မီးမသင်္ဂြိုလ်ခင်.. ရေခဲတိုက်ကထုတ်ပြီး.. နောက်ဆုံးခရီးနှုတ်ဆက်ကြပါတယ်..။ ပင့်ထားတဲ့ ဘုန်းကြီးတွေက လိုအပ်တဲ့ ရွတ်ဖတ်မှုတွေ လုပ်ပြီး.. သားသမီးတွေ ကန်တော့ကြပါတယ်..။

သားသမီးတွေပြီးတော့ မြေးတွေ ကန်တော့ ကြပါတယ်..။ ကျွန်တော့်တ၀မ်းကွဲ အမတွေ တအစ်အစ်နဲ့ ကြိတ်ငိုနေတဲ့အချိန် ကျွန်တော် ကန်တော့တာက လိုအပ်တာထက် ပိုကြာနေခဲ့ပါတယ်..။ ဦးလေးဦးကျော်မြင့် ပုခုံးလာညှစ်မှ ကြမ်းနဲ့ကပ်နေတဲ့ ကျွန်တော့်ခေါင်း ပြန်မော့လာမိပါတယ်..။

ဒါပေမယ့် အဲဒီနေ့က ကျွန်တော် ၀မ်းနည်းနေခဲ့သလား ဆိုတာတော့ ကျွန်တော်ကိုယ်တိုင် မဝေခွဲနိုင်ခဲ့ပါကြောင်း...။

15 comments:

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

ရိုးရိုးစင်းစင်း..တင်ပြသွားတာ.ကိုက..
ဖတ်တဲ့သူတိုင်း..သိတ်သဘောကျတာပဲ..

Rita said...

အရှိအတိုင်းပဲ bro!

ကောင်းမွန်ဝင်း said...

ကိုနဗနရေ၊
အဘွားက သူ့ကိုဘယ်သူက၊ ဘယ်လိုပြုစုတယ်ဆိုတာလည်း၊ သိတယ်နော်။ သေးတွေဒီလောက်ပေါက်နေတဲ့ကြားက၊ ကိုနဗနမှာ၊ ပုဆိုးအသစ်လိုနေပြီဆိုတာလဲ၊ သူသိတယ်။

မောင် said...

အဲသလို ၀န်ခံစိတ်ရဲရဲ နဲ့ ဟန်တွေ ဖယ်ပြီးရေးတတ်တဲ့ ၊ နောက်ပြီး အကို့စိတ်ထားကို ကျနော် သဘောကျတယ် ။ တချို့တချို့တွေနဲ့တော့ ကွာပဗျာ ။
မောင် မိုးသည်း

navana said...

comments အားလုံးအတွက် ကျေးဇူးပါ.. အချိန်ရတာနဲ့.. ရည်ရွယ်ရင်းအဖေ့အကြောင်းလေး.. ရေးပါ့မယ်..။

Vista said...

အရမ်းဖတ်ကောင်းပါတယ် အကုန်ကုန်ပီးအသစ်တင်တိုင်းလည်းဖတ်ပါတယ် Bro

မောင်မိုး said...

ပို့စ်တိုင်းကို သဘောကျတယ်ဗျာ..ကျွန်တော် ဟိုးးးးးအရင်ကတည်းက Bro ဘလော့ကိုလာဖြစ်ပါတယ်။

ဂျူနို said...

အရင်းခံတိုင်းပဲ။
သဘောကျတယ်။
မအယ်

တောင်ပေါ်သား said...

အကိုရေ စာတွေ ဖတ်ပြီး ပီတိတွေ ဖြစ်ရပါတယ်။ ဒီမှာဆို အသက်ကြီးလို့ အပစ်ပယ်ခံနေရတာတွေ မြင်ရတော့ အရမ်းဝမ်းနဲမိတယ်။ အခု အကိုစာလေးတွေ ဖတ်လိုက်ရတော့ ပေါ့ပါးသွားတယ်ဗျာ ကျေးဇူးပါ

လေးစားလျက်
တောင်ပေါ်သား

ဆောင်း said...

နောက်ဆုံးအပိုဒ်လေး ဖတ်ပြီး မျက်ရည်တောင် ၀ိုင်းတယ်

တန်ခူး said...

အရှိကိုအရှိအတိုင်း ရိုးသားစွာရေးတတ်လွန်းတဲ့ ကိုနဗနကို လေးစားမိပါတယ်… ကိုနဗနတို့ မိသားစုလေး နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ …

Dominant said...

ကိုနဗန...ခင်ဗျားစာတွေကို စာအုပ်ထုတ်ပါလားဗျာ။ ဒါမှမဟုတ် မဂ္ဂဇင်းတွေမှာ ပါစေချင်ပါတယ်။

dominant

စကားမစပ် ခင်ဗျား facebookရော ၀င်သေးလား။

rgn said...

အကိုဖတ်လို့အရမ်းကောင်းတယ်ရိုးရိုးလေးေ၇းထားတာကိုကကောင်းနေတာ

nanda said...

when I come and see your block, you always wirte about yourself, i no like this condition, i think that u did ur block to write urself only. I no interest about yourself.

ကိုဇော် said...

အဲဒီလို အဘွားတစ်ယောက် အခုထိ ကျနော့်မှာ ရှိနေပါသေးတယ်။ အဲဒီလောက်ထိတော့ မပြုစုခဲ့ရပါဘူး။ ညီမတွေ ရှိနေလို့ သူတို့က အဓိက ပြုစုကြတယ်။ စိတ်အလိုရှိရင် ဟိုးအရင်ကတည်းက သူသိမ်းထားတဲ့ ၁၀ တန်အဟောင်းလေးထုတ်ပြီး အမွေဆိုပြီး ပေးဖူးတယ်။