Thursday, September 11, 2008

24.2 ပွကြီး ရဲ.မပြီးဆုံးနိုင်တဲ့ အရှုပ်ထုတ်တွေ

အဲဒီနိုင်ငံခြားသားတွေကို ရှစ်မိုင်လမ်းဆုံက (ဟိုတုံးက အခေါ်) ရန်ကုန်စီးတီး ဟိုတယ်မှာ ထားတယ်..။ ဘန်ကောက်မှာ ကတည်းက သူတို့နဲ့ ကျွန်တော် အတော့်ကို ရင်းနှီးခဲ့တာမို့ မြန်မာ အင်ဂျင်နီယာတွေထဲမှာ ကျွန်တော်က သူတို့နဲ့ တတွဲတွဲအရှိဆုံး ဖြစ်ခဲ့တယ်..။

သူငယ်ချင်းသူဌေးသား ကောင်းမှုနဲ့ အလုပ်အားတဲ့ ညတွေမှာ ရှိသမျ ဒစ်စကို. သူတို့နဲ့ သွားကဲ တယ်..။ ခေါင်းဆောင်လုပ်တဲ့ ထိုင်းစက်ရုံမှုးက လွဲလို့ ကျန်တဲ့သူတွေအားလုံးက သူတို့ဆရာ လစ်ရင်လစ်သလို ညငှက်အဖမ်းထွက်ကြတယ်..။

ကျွန်တော့်မှာလည်း.. ခေါင်း တပိုင်းကို ဖြစ်လို့ပေါ့..။ ဘာသာစကားကလည်း အိညှောင့်အိညှောင့် နဲ့ သူပြောတာ ကိုသေချာမသိ..ကိုယ်ပြောတာ သူနားမလည်ဆိုတော့ အလုပ်ဖြစ်မယ်ထင်ပြီး ညည့်ငှက်မလေး တွေကိုခေါ်..ပြီးမှ အဆင်မပြေလို့ ပြန်လွှတ်နဲ့ ကြားထဲက ကျွန်တော် ( ကန်တော့ပါရဲ့ ) ဖာခေါင်းတွေနဲ့ မျက်နှာပျက်ရပေါင်းလဲ မနည်းပြန်ဘူး..။

သူငယ်ချင်းတွေကို ဖာခေါင်းနဲ့ငါ မျက်နှာပျက်ရတယ်ကွာ လို့ ပြန်ပြောတိုင်း သူတို့ မကြားဖူးတဲ့ ပျက်လုံး တစ်ခုလို သဘောထားပြီး တအားရယ်လေ့ရှိကြတယ်..။

ဒါတင်ပဲလားဆိုတော့ မကပြန်ဘူး..။ ဟိုတယ်က ငနာလေးတွေနဲ့လည်း ညှိရသေးတယ်..။ အခုခေတ်လိုမျိုး ညည့်ငှက်မလေးတွေကို ဟိုတယ်ရှေ့တခါးကနေ ပေါ်တင် ခေါ်သွင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး..။

နောက်ဖေးပေါက်လိုဟာမျိုးကနေ ခေါ်ရတယ်..။ မနက်လင်းအားကြီးနဲ့ ညပိုင်းလောက်ပဲ သူတို့ကို ၀င်ထွက်ခွင့်ပြုတယ်..။

စက်ရုံက ၂၄ နာရီကို အဆိုင်း သုံးဆိုင်းနဲ့ လည်တာဆိုတော့ သူတို့နဲ့ ညလုံးပေါက် ကျွန်တော်မနေနိုင်ဘူး..။ ကျွန်တော့်အဆိုင်းက မနက် ခုနှစ်နာရီကနေ ညနေသုံးနာရီ ကျတာမျိုးဆိုရင်တော့ ပြသာနာမရှိဘူး..။ ကျွန်တော် ညဆိုင်းကျတဲ့ အခိုက်အတန့်မျိုးမှာတော့ သူတို့တတွေနဲ့ မယ်မင်းကြီးမတွေကို သေချာမှာပြီး စက်ရုံကို ကျွန်တော်ဒိုးရတယ်..။

ညနေဆိုင်း ဆိုရင် ညနေ သုံးနာရီကနေ ညဆယ့်တစ်နာရီ အထိ အလုပ်လုပ်ရတယ်..။ ညကြီးဆိုင်း ဆိုရင်တော့ ညဆယ့်တစ်နာရီကနေ နောက်တနေ့မနက် ခုနှစ်နာရီအထိ လုပ်ရတယ်..။ ညဆယ့်တစ်နာရီ အလုပ်ပြီးရင် အိပ်ရေး သိပ်မပျက်ပေမယ့်.. ညကြီးဆိုင်းကျရင်တော့ .. အတော်ပြိုင်းတယ်..။

အလုပ်ကလည်း ခွန်နဲ့အားနဲ့ လုပ်ရတဲ့ အလုပ်မျိုး ဆိုတော့ မနက်လင်း အလုပ်ပြီးချိန် သိပ်အိပ်ချင်တယ်..။
ပုံမှန်ဆိုရင်တော့ စက်ရုံရုံးခန်းက အလုပ်စားပွဲခုံတွေအောက်မှာ ကျွန်တော်အိပ်လိုက်တာပဲ..။

ဒါပေမယ့် တစ်ရက်မှာ အလုပ်မပြီးသေးဘူး..ဟိုတယ်က ဖုံးဆက်လာတယ်..။ လူကြီးမင်းတို့ စက်ရုံက ထိုင်းအင်ဂျင်နီယာ အခန်းထဲမှာ ညကခေါ်ထားတဲ့ မယ်မင်းကြီးမနဲ့ ပြသာနာတက်နေလို့ အမြန်လာပါ တဲ့..။ အလုပ်ပြီးပြီးချင်း မျက်နှာမသစ်..ယူနီဖောင်းမလဲဘဲ ကျွန်တော် ဟိုတယ်ကို ပြေးရတော့တယ်..။

တကယ်တမ်းကျတော့ ပြသာနာတက်နိုင်တယ်ဆိုတာ ကျွန်တော်ကြိုသိတယ်..။ အဲဒီကောင်မလေး နဲ့ ထိုင်းသကောင့်သားမှာ ကျောင်းတော်က ရန်စလေးတွေရှိခဲ့ဖူးတယ်..။ ပထမဦးဆုံးအကြိမ် ကောင်မလေးကို ခေါ်ပြီး နောက်တနေ့မနက်မှာ ကောင်မလေးက သကောင့်သားရဲ့ ကုတ်အင်္ကျီကို မ သွားခဲ့ဖူးတယ်..။

ကုတ်အင်္ကျီကလည်း ရိုးရိုးကုတ်အင်္ကျီမဟုတ်ဘူး..။ သူတို့နိုင်ငံမှာ ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းဆင်းပွဲမှာ ထုတ်ပေးတဲ့ Safety Officer စာတမ်းပါ ကုတ်အင်္ကျီဆိုတော့ နှမျောတာပေါ့..။

ဒီအတိုင်း ပြန်တောင်းဖို့ကလည်း သိပ်မလွယ်တော့ ကုတ်အင်္ကျီယူသွားတာကို မသိချင်ယောင် ဆောင်..၊ နောက်တစ်ကြိမ်ထပ်ခေါ်.. မနက်လင်းတော့မှ ငါ့ကုတ်အင်္ကျီပြန်မပေးရင် ပိုက်ဆံမပေးဘူး.. လုပ်တယ်။
အဲဒီမှာ ပြသာနာတက်တော့တာပဲ..။

ကိုယ်ကလည်း ဒီအရှုပ်ထုတ်ထဲမှာ တစိတ်တပိုင်း ပါနေတော့ လူကြီးတွေ သိသွားရင် အလုပ်ပြုတ်ကိန်းက လည်း ရှိသေးတယ်..။ အားလုံး ပြေရာပြေကြောင်းဖြစ်အောင် ကျွန်တော် ကြားဝင်ဖျန်ဖြေ စေ့စပ်ရတယ်.။ ဒါတောင် မယ်မင်းကြီးမက သူမယူဘူး လုပ်နေလို့ အတော်လေး ပွဲကြမ်းလိုက်ရသေးတယ်..။

နောက်ဆုံးတော့ အင်္ကျီပြန်ယူတဲ့ TAXI ခကို ငါပေးပါမယ်အေ လို့ ချော့မောပြီး မယ်မင်းကြီးမကို ပြန်ယူခိုင်းရတယ်..။ ပုံမှန်ဆိုရင်.. မနက်လင်းတာနဲ့ သူတို့ပြန်ပြီ..။ ပြသာနာတက်နေတော့ မိုးစင်စင်လင်းတဲ့ အထိ မယ်မင်းကြီးမက မပြန်နိုင်သေးဘူး..။

ဟိုတယ်ထုံးစံအရ.. ညပိုင်း Reception ကောင်တာကို ကောင်လေးတွေ ထိုင်တယ်..။ မနက်ခင်း ကိုးနာရီကနေ ညနေငါးနာရီအထိ.. ကောင်မလေးတွေ ထိုင်တယ်..။ ဖြစ်ချင်တော့ အဲဒီ Reception ထိုင်တဲ့ ကောင်မလေး တွေထဲက တစ်ယောက်ကို ကျွန်တော်က ကြိုက်နေတယ်..။

ကျွန်တော့်မှာလည်း ကျွန်တော့်အပူနဲ့ကျွန်တော်..။ အခုလိုမျိုး ညည့်ငှက်မလေးတွေနဲ့ အဆက်အသွယ် ရှိတာကို Reception က ကောင်မလေးကို မသိစေချင်ဘူး..။ ဒါပေမယ့် အခြေအနေက ကိုယ်ဖြစ်စေချင် သလိုမျိုး ဖြစ်မလာဘူး..။

မယ်မင်းကြီးမက ဟိုတယ်ရှေ့ကို အင်္ကျီလေး ဝှေ့ယမ်းပြီး ဒုံးယိမ်းကသလိုမျိုး နဲ့ ပြန်ရောက်လာတယ်..။ ဖရိုဖရဲ မျက်တွင်းဟောက်ပက် နဲ့ လှချင်တိုင်းလဲ လှနေတာပေါ့..။ ကျွန်တော်လည်း မထူးဇာတ်ခင်းပြီး ဟိုတယ်ရှေမှာပဲ.. အင်္ကျီယူ ပိုက်ဆံပေး လုပ်ရတော့တယ်..။

Reception က ကျွန်တော့်ကောင်မလေးကလဲ စပ်စုတဲ့အကြည့်နဲ့ လှမ်းကြည့်နေပြန်တယ်..။

ပိုက်ဆံပေးပြီး ကျွန်တော်လှည့်အထွက်မှာ မယ်မင်းကြီးမက ကျွန်တော့်လက်မောင်းကို ဖတ်ကနဲ လှမ်းဆွဲပြီး '' အကို့ မုံ့ဖိုးပေးအုံး '' လို့ မခို့တရို့နဲ့ လုပ်တော့ ကျွန်တော့်မှာ ခွေးအကြီးလှည်းနင်းသလို ဖြစ်သွားရတယ်။

ရှက်ရှက်နဲ့ ထူပူပြီး အိပ်ထဲက ငါးရာတန်တစ်ရွက် နှိုက်ထုတ်ပေးလိုက်မှပဲ ဇာတ်လမ်းက ပြီးသွားတော့တယ်။

No comments: