Wednesday, September 3, 2008

22.1 ချောင်ကျကျ တက္ကသိုလ်မြေမှာ

မန္တလေးရန်ကုန် စက်မှုတက္ကသိုလ်နှစ်ခုစလုံးမှာ.. ၁၉၉၁ ခုနှစ်ကနေ ၁၉၉၆ ခုနှစ် အထိ.. ပညာရင်နို့ သောက်စို့ပြီးသကာလ ၁၉၉၆ ခုနှစ်မှာ ကျွန်တော်.. အီလက်ထရောနစ် အင်ဂျင်နီယာ ဘွဲ့ကို ရရှိခဲ့ပါတယ်..။

နောက်ဆုံးနှစ် မပြီးဆုံးခင်ကလေးမှာ.. တွေ့ဆုံကြုံခဲ့ရတဲ့ တက္ကသိုလ်ကျောင်းတော်သား သူငယ်ချင်းများ အမှတ်တရဖြစ်စေမယ့်.. Address book လေးလုပ်ကြတယ်..။

အဲဒီစာအုပ်လေးမှာ ကျွန်တော် ကဗျာတစ်ပုဒ် သီကုံးခဲ့တယ်..။ မန္တလေး ရေတံခွန်တောင်ခြေ နဘေးက.. ကျွန်တော်တို့ရဲ့ အမြဲထာဝရ .. စက်မှုတက္ကသိုလ် ရဲ့ ရွှေရောင်နေ့ရက်များ.. အကြောင်း တစေ့တစောင်းပေါ့..။ အလွမ်းခြေရာ လို့ ပြောရင်လည်း ပြောနိုင်ပါကြောင်း..။

အမှတ်တရ တောင်ရိပ်ညို

တွေ့ဆုံခဲ့တယ်
ပြည့်စုံတဲ့ ခင်မင်မှုတွေနဲ့
တို့လူစု မောင်နှမတတွေ
ချောင်ကျကျ တက္ကသိုလ်မြေမှာ
ဖြစ်သလိုနေခဲ့....။

အချိန်တန်ပြီ
အိမ်ပြန်ရန်ပြင်ကြတော့
မေ့မကုန်မှတ်စရာအနန္တရယ်
ကပ်ကမ္ဘာတဖန်ပြန်စတော့
ဆုံးဖွယ်မမြင်...။


ကျွန်တော့်ရဲ့ ကဗျာကိုဖတ်ပြီး ဆရာတစ်ယောက်က မှတ်ချက်ပေးတယ်..။ '' ချောင်ကျကျ တက္ကသိုလ်မြေမှာ ဖြစ်သလိုနေခဲ့ '' ဆိုတဲ့ စာသားကတော့ ကဗျာမဆန်ဘူးကွ... တဲ့။ မတတ်နိုင်ဘူး ဆရာရေ..။ တကယ်လည်း ချောင်ကျခဲ့တယ်..။ တကယ်လည်း ဖြစ်သလိုနေခဲ့ကြရတယ်..။ ဒါဟာ ကျွန်တော်တို့အတွက်ကတော့ ကဗျာတစ်ပုဒ်ပဲ လို့ ပြန်ပြောခဲ့တယ်..။

ရေတံခွန်တောင်ဆိုတာ.. မန္တလေးရွှေမြို့တော်ကြီးကနေ နည်းဆယ်မိုင်လောက် ဝေးတယ်..။ အခုလို မိုးတွင်းဆိုရင်.. မှိုင်းပြပြတောင်တန်းကြီးရဲ့ ခါးလယ်လောက်က တောင်ခါးပန်းမှာ ရေဒလဟော စီးနေတဲ့ ရေတံခွန်ကြီးတစ်ခုကို အဝေးက မြင်နေရတယ်..။

တွေ့ကရာ ပို့စ်တွေမှာ ပေါက်ကရ ဘယ်လောက်ရေးရေး.. သူ့ဝါသနာ ဓါတ်ပုံဆိုင်ရာ တော့ပစ်တွေမှာတော့ အတည်အခန့်အလွန်ရေးတဲ့ ဂျေအယ်လ် ဆိုတဲ့ကောင်ရယ်.. ကိုအေးရေ ကိုအေးရေ.. အို ကိုအေးကိုရဲ့ နဲ့.. တသသလွမ်းချင်ယောင်ဆောင်ပြီး တောင်စဉ်ရေမရ သူ့စိတ်ထဲရှိတာတွေ.. နင်းကန်ရေးနေတဲ့ စာပတီး ဆိုတဲ့ ကောင်ရယ်.. နောက်ကဘွတ်ဇ်ဆိုတဲ့ ချာတိတ်ရယ်.. ဇူဇု ဆိုတဲ့ ကလေးမလေးရယ်.. အားလုံးဟာ.. အဲဒီ ရေတံခွန် တောင်ခြေမှာ တခါတုံးက ရှိခဲ့ဖူးတဲ့.. မန္တလေးစက်မှုတက္ကသိုလ် ကျောင်းတောင်မဟာကြီးက မွေးထုတ်ပေးလိုက်တဲ့ ဘာညာကွိကွတွေ ပေါ့..။

တခါတုံးရှိခဲ့ဖူးတဲ့ တက္ကသိုလ်လို့ ပြောသလဲ ဆိုတော့ အခုမရှိတော့လို့ပါပဲ..။ မျိုးဆက်ကိုးဆက် မွေးထုတ်ပေးပြီးသကာလ.. မရှိရှာတော့ဘူး တဲ့..။ တခါက ပြောခဲ့ဖူးသလို.. ကျွန်တော်က အဲဒီမန္တလေး စက်မှုတက္ကသိုလ်ဆိုတာကြီးရဲ့ ပထမဦးဆုံး အသုတ် ကျောင်းသား တစ်ယောက်..။ ကျွန်တော်တို့ ကျောင်းရောက်တော့ ကျွန်တော်တို့ထက်ကြီးတာဆိုလို့ ထမင်းဆိုင်က ဒေါ်ဂွက်ဆိုတဲ့ အဒေါ်ကြီးနဲ့ သူ့ယောက်ျားပဲရှိတယ်..။

ရှေ့က နောင်တော့် နောင်တော်ကျောင်းတော်သားကြီးများ မရှိလေတော့ အစဉ်အလာဆိုင်ရာ ပွဲလမ်းသဘင်အခန်းအနား ဆိုတာလည်း မရှိသလောက် ပဲ..။ (ဂျေအယ်တို့စာပတီးတို့ ခေတ်မှာတော့ ဈေးပွဲတော်တွေ ဘာတွေ လုပ်လို့ ဗျ )

မှတ်မှတ်ရရ ပွဲဆိုလို့ ကျွန်တော်တို့ ခေတ်မှာတော့ အာစရိယပူဇော်ပွဲ ပဲ လုပ်ခဲ့ကြတယ်..။ ဆရာကန်တော့ပွဲ ဆိုတာမျိုးကတော့ ကျောင်းသားဘ၀တလျောက်လုံး လုပ်ခဲ့ကြတာ ဆိုတော့.. ပထမနှစ်မပြီးခင်မှာ.. ဘယ်သူကစလိုက်မှန်းတောင် မသိဘူး.. ဆရာကန်တော့ကြမယ် ဆိုပြီး အသံထွက်လာခဲ့တယ်..။

ပူဇော်ပွဲဖြစ်မြောက်ရေး အဖွဲ့ ဘာညာဆိုတာမျိုး သိပ်ကြီး သပ်သပ်ခတ်ခတ် ဖွဲ့စည်း လိုက်တာမျိုး မဟုတ်ဘဲ.. မင်း ဘာလုပ် ငါဘာလုပ် ဆိုတာမျိုးနဲ့ ပဲ ပူဇော်ပွဲဖြစ်မြောက်ရေး လုံးပမ်းကြရတယ်..။

ကျွန်တော်ကတော့ ဘယ်ထဲမှာ မပါဘူး.. ။ ဖြစ်နိုင်ရင် ကန်တော့ပွဲကြေး ပေးရတဲ့ အထဲတောင် သိပ်ပါချင်တာမဟုတ်ဘူး.. ဟဲဟဲ..။ တောက တက်လာတဲ့ မျက်စိသူငယ်နားသူငယ်ဆိုတော့ တက္ကသိုလ်ရဲ့ ပွဲလမ်းသဘင်ဆိုင်ရာ အတွေ့အကြုံကလဲ ရှိမှမရှိတာကိုး..။

သို့သော်.. တောက်မယ့်မီးခဲ တရဲရဲ ဆိုသလို.. ဆရာကန်တော့ပွဲမှာ သီချင်းဆိုမယ့်သူ စာရင်း လာကောက်တဲ့ အခါမတော့.. အခြေအနေက ဇာတ်ဆရာလူပျက် ဖြစ်ဖို့ ဖန်လာတော့တယ်..။

အထက်တန်းကျောင်းသားဘ၀ တုံးကတော့ တခန်းရပ်ပြဇာတ် ( မြမြ၀င်းနဲ့လေ တရုတ်ပြေးမင်းဇာတ် ) ကခဲ့ဖူးပါရဲ့..။ ဒါတောင် သိတော်မူကြတဲ့အတိုင်း တခန်းမပြီးဘဲ မြမြ၀င်း စိတ်ဆိုးဆင်းသွားလို့ .. တခန်းဝက်နဲ့ နိဌိတံသွားခဲ့ရတယ်..။

ပြောရရင် အငြိမ့်တွေ ဇာတ်တွေ ရယ်လို့ ပီပီပြင်ပြင် ဘယ်မှာမှ ကျွန်တော် မကခဲ့ဖူးဘူး..။ ရပ်ကွက်ဘုရားပွဲတွေမှာ ရွာသားတွေ မြို့ကမင်းသမီးငှားပြီး ကဲကြတာမျိုးကတော့ ရင်းနှီးနေတာပေါ့..။ ကိုယ်တိုင်သာ မကဖူးတာလေ..။

ဒါပေမယ့် တက္ကသိုလ်ဆိုတာကြီး ရောက်စမှာ အငြိမ့်တက်ကလောက်အထိတော့ ရိုးရိုးသားသားဝန်ခံရရင် ကျွန်တော်မရဲသေးဘူး..။ သို့သော်.. မရွယ်ဘဲ.. မဖြစ်မနေအငြိမ့်ကဖို့က ဖြစ်သွားတယ်..။

3 comments:

puluque said...

brother ရေ..
ကဗျာလေးကို လဲ ကြိုက်တယ်. စာတွေကလည်းမိုက်တယ်. အာဆင်နယ်လည်းခိုက်တယ်. တက္ကသိုလ်ကြီးကို တော့လွမ်းတယ်. အားလုံးအမှတ်တရတွေပေါ့.

nyilay said...

အကိုရေ
လွမ်းစရာမရှိသော်လည်း လွမ်းမိပါကြောင်းခင်ဗျာ၊
ချောင်ကတော့ ကျတာမှ သူထက် ချောင်ကျတာ မရှိတော့လောက်အောင်ပါဗျာ။
အမိတက္ကသိုလ်ကြီးကို မလွမ်းချင်ပေမဲ့ သတိတော့ရမိတယ်ဗျာ

myatnoe said...

ကျောင်းတုန်းက အငြိမ့်တွေကိုလွမ်းတယ်...
ဖတ်လို့အရမ်းကောင်းတာပဲ

မန္တလေးက အီးစီဆိုတော့ နောက်ဆုံးရန်ကုန်ကို လာတက်ရတာကိုး