Tuesday, September 2, 2008

21.5 ကယ်တင်ရှင်ကြီးကျွန်တော်

၁၉၉၇ ခုနှစ်လောက် ရောက်တော့ သိမ်ကြီးဈေးမှာ Galaxy ဆိုတဲ့ ဒစ်စကိုက အတော်လေး အောင်မြင်လာတယ်..။ ညဆို သိမ်ကြီးဈေးတ၀ိုက်မှာ အတော့်ကို စည်ကားခဲ့တဲ့ ကာလများပေါ့..။ တချို့ကဆို သိမ်ကြီးဈေးကို မြန်မာပြည်ရဲ့ ပက်ပုံးလို့တောင် အမွှန်းတင်ကြတယ်..။

ကျွန်တော့်သူငယ်ချင်းက အဲဒီဒစ်စကိုမှာ မင်ဘာလုပ်လိုက်တယ်..။ Member fees က တစ်သိန်းနီးနီး ပေးရတယ်..။ အခုနှုန်းနဲ့ဆို ဒေါ်လာ ၈၀၀ လောက် ရှိမှာပေါ့..။ ကျွန်တော်တို့လည်း နေ့တိုင်းနီးနီးလောက် လာနေကြတာမို့ တခါလာ တခါပေးနဲ့စာရင် မင်ဘာလုပ်လိုက်တာက တွက်ခြေပိုကိုက်မယ်ဆိုတဲ့ အတွေးနဲ့ပေါ့..။

မင်ဘာဖြစ်ရင်.. လူပိုနှစ်ယောက် .. အလကားခေါ်လို့ရတယ်..။ ဖရီးပေါ့..။ နောက်ပြီး ကလပ်က ဘလက်လေဘယ်ဖြစ်ဖြစ် ချီးဗတ်ဖြစ်ဖြစ် ၀မ်းလီတာတပုလင်း အလကား ပြန်ပေးသေးတယ်ဆိုတော့ မဆိုးဘူး လို့ ပြောနိုင်ပါတယ်..။

သို့သော် ကိုယ်က ဂလက်ဇီမှာ မင်ဘာဖြစ်နေလေတော့ ကျန်တဲ့ ကလပ်တွေဖက် အရောက်အပေါက်တော့ အရင်နဲ့စာရင် နည်းသွားတယ်..။

အဲဒီလိုနဲ့ ကျွန်တော်တို့ သူငယ်ချင်းတသိုက် ဂလက်ဇီမှာပဲ စက်ကျနေတုံး တစ်ညမှာ .. မျိုးမျိုး .. နဲ့ ဆုံဖို့ အခြေအနေက ဖန်လာခဲ့တော့တယ်..။ ( ဒန်တန်တန် လို့တော့ မပြောတော့ပါဘူး လေ.. အဟဲ )

တကယ်တော့ ဇာတ်က အစကတည်းက နည်းနည်းနာတယ် လို့ ပြောရမှာပဲ..။ ရုပ်ရှင်တွေထဲကလို ပြည်သူ့ရဲတွေ ၀ိုင်းထားပြီ ဆိုတာမျိုးပေါ့..။ တကယ်လည်း ဂလက်ဇီက တော်တော်လေး ဟော့ဖြစ်လာတော့ ရဲ ၀င်ဝင်ဖမ်းတာမျိုး မကြာခနဖြစ်လာတယ်..။ ရဲ ၀င်ဖမ်းတယ်ဆိုပေမယ့် ဒစ်စကိုထဲအထိတော့ ရဲက၀င်မဖမ်း ပါဘူး..။ ဒစ်စကိုတွေကို ညဆယ့်တစ်နာရီ မကျော်စေနဲ့ လို့ နယ်မြေရဲစခန်းကမှာထားတယ်..။ ဆယ့်တစ်နာရီ ကျော်ရင် ရဲတွေက ဒစ်စကိုအပြင်ဖက် သိမ်ကြီးဈေးလမ်းပေါ်မှာ ရောက်နေပြီ..။

ထွက်လာတဲ့ စကတ်တိုတို ဂါဝန်တိုတို ဘေးကွဲရှေ့ကွဲတွေကို ဆွဲစိတော့တာပဲ..။

အဲဒီညကလည်း ဆယ့်တစ်နာရီခွဲလောက်မှာ ရဲတွေ ဆိုင်ရှေ့ရောက်နေပြီဆိုတဲ့ သတင်းထွက်လာတယ်..။ အထဲက ညငှက်မလေးတွေ ပျာယာခတ်ကုန်တာပေါ့..။ တဆိုင်လုံးလဲ ရုတ်ရုတ်ရုတ်ရုတ်နဲ့ ဖြစ်ကုန်တယ်..။ ကျွန်တော်တို့လည်း ပြန်တာအေးပါတယ်ဆိုပြီး ထပြန်ကြတယ်..။ အထွက်ပေါက်နားရောက်တော့ ဆံပင်လိပ်ခွေလေးတွေ နဖူးပေါ်ချထားတဲ့ ကောင်မလေးတစ်ယောက်က ကျွန်တော့်ကို အကိုဆိုပြီး လက်လှမ်းဆွဲတာ ခံလိုက်ရတယ်..။


လှည့်ကြည့်လိုက်တော့ ..အကိုပြန်တော့မလို့လား.. အပမ်းမကြီးရင် ညီမကို တခုကူညီပါ အကိုရယ် .. နဲ့ ပြောလာတယ်..။ ဒီအတိုင်း အပြင်ထွက်သွားရင် သေချာပေါက် ရဲက ဆွဲစိတော့မှာမို့ ကျွန်တော်နဲ့သူနဲ့ သမီးရည်းစား ( သို့ ) လင်မယား အယောင်ဆောင်ပြီး အတူတူထွက်ကြဖို့ အကူအညီတောင်းတာပါပဲ..။

ကျွန်တော်လည်း သိပ်အပမ်းမကြီးတဲ့ ကိစ္စမို့ ရပါတယ်လို့ ပြောပြီး အတူထွက်ဖို့ လုပ်တယ်..။ အဲ ထွက်မလို့ လုပ်ပြီးမှ နေဦးဆိုပြီး ညည်းနာမည်ဘယ်လိုခေါ်လဲ ငါ့နာမည်လည်း မှတ်ထားအုံး.. တော်ကြာ အပြင်ရောက်မှ ရဲကစစ်လို့ တယောက်နာမည် တယောက်မှားပြောနေရင်း မကောင်းဘူး လို့ ပြောရင်း သူ့နာမည်မေးရတယ်..။

ညီမ နာမည် မျိုးမျိုး ပါ အကိုလို့ သူပြန်ပြောတယ်..။

နောက်တော့ ကျွန်တော့်လက်မောင်းကို ကယုကယင်သူမှီရင်း (သဏ္ဍာန်လုပ် သရုပ်တူရမှာကိုး) ကျွန်တော်တို့နှစ်ယောက် ရဲတွေရှေ့က ခပ်တည်တည်နဲ့ ဖြတ်လျောက်လာခဲ့ကြတော့တယ်..။

(ကိုမိုင်ဆက်ဖ်ကြီးက မကောင်းတဲ့မိန်းမကိုတောင် လက်တွဲပြီး ဒစ်စကိုကနေ ခေါင်းမော့ရင်ကော့ ထွက်လာတယ်တဲ့ အံ့ရော လို့ ဆွမ်းကြီးမလောင်းကြပါနဲ့ အုံး.. နောက်..ဒီထက်ဆိုးတာတွေ လာအုံးမယ်.. အဲငှယ်)

စိုးပိုင်သီချင်းထဲကလို '' နှစ်ကိုယ်ယှဉ်တွဲ ပျော်မြူးမယ့် .. ဒီပွဲရဲ့ .. .. '' ဆိုတာမျိုးတော့ မဟုတ်ဘူးပေါ့..။ ဒါပေမယ့် လက်တွဲကတော့ သိမ်ကြီးဈေး ကုန်းကျော်နားရောက်တဲ့ အထိ ဖြုတ်မရသေးဘူး..။

ကုံးကျော်အတက် လှေကားထစ်တွေနားမှာတော့ လက်တွဲဖြုတ်လိုက်ရင်း ဒီလောက်ဆိုရင်တော့ အန္တရာယ် ကင်းပြီမဟုတ်လား လို့ ကျွန်တော်ပြောလိုက်တယ်..။

'' ပို့မယ်ပို့ ကူးတို့အထိရောက်အောင် ပို့ပါ အကိုရယ်.. ညီမတို့ဖယ်ရီက ဆေးရုံနောက်ကျော မှတ်တိုင်နားမှ စောင့်နေမှာမို့ အဲဒီနားအထိ ရောက်အောင်တော့လိုက်ခဲ့ပေးပါ '' တဲ့..။

ကျွန်တော်လည်း ခုမှတော့ မထူးတော့ပါဘူးလေ ဆိုတဲ့အတွေးနဲ့ သက်ပြင်းမောတချက် မှုတ်ထုတ်ရင်း ကဲ.. ဒါဆိုလည်း သွားကြရအောင်ဆိုပြီး နှစ်ယောက်သား ဆက်လက်ချီတက်လာခဲ့တယ်..။

အရေးထဲ ကုံးတံတားအောက်နားက ဆိုက်ကားသမားတွေက ကြက်ကင်တွေ ရမယ် ကြက်ကင်တွေရမယ် နဲ့ မကြားတကြား လှမ်းအော်သေးတယ်..။ သူ့ကိုတောင် နည်းနည်းအားနာသလို ကျွန်တော့်မှာ ဖြစ်သွားသေးတယ်..။ ဒါပေမယ့် သူကတော့ ရည်းစားနဲ့ ညရှုခင်းအလှ ခံစားနေသလား အောက်မေ့ရတယ်..။ ပြုံးပျော်လို့..။

တကယ်လည်း ဆေးရုံနောက်ကျောက မှတ်တိုင်မှာ ဆလွန်းကားတစီးစောင့်နေတယ်..။ ကျွန်တော်တို့ နှစ်ယောက်ကားနားရောက်တော့ ကားထဲက ကောင်မလေးနှစ်ယောက်က '' မျိုးမျိုး ရယ်.. နင့်ကို ငါတို့ စိတ်ပူနေတာ.. ပါများသွားပြီလားလို့ .. '' ဆိုပြီး အတော့်ကို ၀မ်းသာအယ်လဲ နဲ့ ဆီးပြောကြတယ်..။

ကဲ.. မယ်မင်းကြီးမ .. ဒီလောက်ဆို ကျေနပ်ပြီမဟုတ်လား.. ငါလည်း ပြန်တော့မယ်လို့ လှည့်အထွက်မှာ.. အကို ခနနေပါအုံး လို့ သူမလှမ်းတားတယ်..။

'' ညီမ တို့ အင်ပါယာမှာ ညတိုင်းလိုလို ရှိပါတယ်.. ဂလက်ဇီက ၀င်ကြေးဈေးကြီးလို့ တခါတလေမှ ရောက်တယ်.. အကို့ကျေးဇူးမမေ့ပါဘူး.. ညီမကူညီနိုင်တာရှိရင် ပြောပါ .. တကယ့်ကို ကျေးဇူးအများကြီး တင်ပါတယ် ''

သူမရဲ့ ကျေးဇူးတင်စကားကို ပြုံးပြီး ခေါင်းတချက်ငြိမ့်ပြရင်း ကျွန်တော်လည်း ဂလက်ဇီဖက် ပြန်ထွက် လာခဲ့တယ်..။ ဟိုမှာက သူငယ်ချင်းများကို စောင့်နေဖို့ မှာထားခဲ့တာကိုး..။

ကျွန်တော်ကားနားရောက်တော့ '' ကွန်ဂရက်ကျုလေးရှင်း .. ၀ဲလ်ဒန်း '' နဲ့ သူငယ်ချင်းတွေက ကောင်းချီး ၀ိုင်းပေးတယ်..။ မအေပေးတွေလို့ ပြန်အော်ရင်း သူငယ်ချင်းတတွေ ကားမောင်းထွက်လာခဲ့ကြတယ်..။

No comments: