Monday, September 1, 2008

20.3 မီးကင်းသမားလေးကျွန်တော်

ပြောရရင် ဆရာရှိန်နဲ့ ကျွန်တော်တို့နှစ်ယောက်က ရေစက်ပါတယ်..။ တနည်းမဟုတ်တနည်း ပတ်သက်နေကြရတယ်..။ ပြောခဲ့သလို.. ဆရာရှိန်တို့က ဘုရားလူကြီး ရပ်ကွက်လူကြီး ဆိုတော့ ရပ်ရေးရွာရေးမှာ သူကထိပ်ဆုံးက..။ စီးပွားရေးကပြည့်စုံ အသက်အရွယ်အရလည်း မယ်မယ်ရရ လုပ်စရာ မရှိလေတော့ ရပ်ရေးရွာရေးပဲ ဖိလုပ်နေဟန်တူပါတယ်..။

ဆရာရှိန်က လည်လည်း လည်တယ်..။ ရပ်ကွက်လုံခြုံရေးကင်းဆိုပြီး ရပ်ကွက်သားတွေ အလှည့်ကျ ကင်းစောင့် ကြရတယ်..။ ညတိုင်းပေါ့..။ အဲဒါ ကင်းရုံကိုသူ့အိမ်ရှေ့တည့်တည့်မှာလုပ်ထားတယ်..။ အလှည့်ကျကင်းသမားက သူ့အိမ်စောင့် ပေးနေရသလိုမျိုးဖြစ်အောင်ကို လုပ်ထားတယ်..။ တခြားအိမ်တွေတော့ မသိဘူး..။ သူ့အိမ်ကတော့ လုံခြုံသွားရော..။

ဒါပေမယ့် ကျွန်တော်နဲ့ အောင်အောင် ကင်းအလှည့်ကျရင်တော့ ဆရာရှိန် ဒေါခွီးရတာချည်းပဲ..။ ရပ်ကွက်ထဲမှာ ကင်းအလှည့်ကို လူငှားစောင့်လို့ရတယ်..။ တစ်ည ကို နှစ်ကျပ်ပေးရတယ်..။ တတ်နိုင်တဲ့သူတွေကတော့ ငှားစောင့်လိုက်ကြတာပဲ..။

ဒါပေမယ့် ကျွန်တော်တို့အိမ်နဲ့ အောင်အောင်တို့အိမ်ကတော့ ငွေနှစ်ကျပ်လည်း နှစ်ကျပ်ပဲ..။ မင်းတို့လည်း ဘာသောက်လုပ်သောက်ကိုင်မှ မရှိတာ.. သွားစောင့် ဆိုတာနဲ့ အလှည့်ကျတိုင်း ဆရာရှိန်တို့အိမ်ရှေ့က မဟာကင်းစခန်းကို ချီတက်ကြရတယ်..။

အဲဒီလိုညမျိုးမှာ ၉နာရီလောက်ဆိုရင် ကျွန်တော်နဲ့အောင်အောင် စောင်ခေါင်းအုံး ကိုယ်စီပိုက်ပြီး ကင်းတာဝန်ထမ်းဆောင်ဖို့ သွားကြရတယ်..။ ဆောင်းတွင်းဆိုရင် စောင်ထူထူယူ သွားရတယ်..။ နောက် ဆရာရှိန်ကို ရောက်ရှိကြောင်း သတင်းပို့.. ကင်းသံချောင်းစွဲပြီး ရပ်ကွက်တပတ်လှည့်လိုက်တယ်..။

သံချောင်းက တစ်ခါခေါက်ရင် ငါးချက်ခေါက်ရတယ်..။ နှစ်ချက်တွဲ နှစ်ခါနဲ့ နောက်ဆုံးတစ်ချက် .. နည်းနည်းလေး ခြားခေါက်ရတယ်..။ '' တန်တန်.... တန်တန်... တန် '' ဆိုတာမျိုးပေါ့..။

သံခေါင်းငါးချက် ခေါက်ပြီးရင် '' နိုးနိုးကြားကြား အိပ်ကြပါ... .. ဗျို့ '' လို့ သုံးကြိမ်ကုန်းအော်ရတယ်..။ တခါတရံ '' မင်းရဲကျော်စွာရပ်ကွက် အတွင်းရှိ လုပ်သားပြည်သူများခင်ဗျား လူကြီးမင်းတို့၏ လုံခြုံရေးအတွက် ကျွန်တော်များကင်းအဖွဲ့မှ လိုက်လံ စောင့်ရှောက်လျက်ရှိပါတယ် ခင်ဗျား '' လို့လည်း အော်ရသေးတယ်..။ တစ်နာရီတစ်ကြိမ်လှည့် ရတာပေါ့..။

အဲ.. နိုးနိုးကြားကြား အိပ်ကြပါဗျို့ လို့ ကျွန်တော်အော်တိုင်း တွေးမိတာတစ်ခုရှိတယ်..။ ဘယ်နှယ့် ငါတို့ ကင်းသမားတွေက အိပ်နေတဲ့ လူတွေကို နိုးနိုးကြားကြားအိပ်ခိုင်းနေရတာလဲ .. လို့..။ အမှန်ဆို ကင်းစောင့်နေတဲ့သူတွေရှိနေတာပဲ.. အိပ်တဲ့သူတွေ စိတ်ချလက်ချအိပ်သင့်တာပေါ့.. အခုတော့ .. ကင်းသမားတွေက အိပ်နေတဲ့ လူတွေကို တစ်နာရီတစ်ကြိမ်လောက် .. အိပ်ရေးပျက်အောင် အသံပြဲ နဲ့ နိုးနိုးကြားကြား အိပ်ကြပါဗျို့..ကုန်းကုန်းအော်နေတာ မဟုတ်သေးပါဘူး နဲ့ အူကြောင်ကြောင် အမြဲတွေးမိတယ်..။

တခြားကင်းသမားတွေတော့ မသိဘူး..။ ကျွန်တော်နဲ့ အောင်အောင်နဲ့ကတော့ မနက်စော နှစ်ချက်တီး သုံးနာရီလောက်ဆိုရင် ကျိုးနေအောင်အိပ်တော့တာပဲ..။ သူခိုးခိုးကောင်းတဲ့အချိန်ပေါ့..။ တစ်ရက်ဆို.. နောက်တနေ့မနက် ဆရာရှိန် နှိုးမှ နိုးတဲ့အထိပဲ..။

အဲဒီနေ့က သူခိုးနင်းသေမယ့် ကင်းသမားတွေ လို့ ဆရာရှိန်က ကျွန်တော်တို့ကို တွယ်သေးတယ်..။ ကျွန်တော်တို့ လည်း ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့ စောင်ခေါင်းအုံးတွေကို လုံးထွေးပြီး ခပ်ကုပ်ကုပ်ပဲ အိမ်ပြန်ခဲ့ကြတယ်..။

No comments: