Tuesday, September 2, 2008

21.4 သံပုရာသီးတွေ

ဲဒီကာလတွေမှာ နေ့ခင်းဆိုရင် ကျောင်းတက်.. ညနေဆို ဘောလုံးကန်.. ညဆို ဒစ်စကိုသွား နဲ့ အတော့်ကို အလုပ်ရှုပ်ခဲ့တယ်..။ ၁၉၉၆ ခုနှစ်မှာ ကျွန်တော် ကျောင်းပြီးသွားတယ်..။ အလုပ်ကလည်း ဘာလုပ်ရမှန်း မသိသေး.. ရွာလည်း မပြန်ချင်.. ဆိုတော့ လူက ပိုအားသွားတယ်..။

သူငယ်ချင်းသူဌေးသားကလည်း ပြန်မနေပါနဲ့တော့ ရန်ကုန်မှာပဲ နေ.. လို့ ပြောတာနဲ့ တာမွေဖက်မှာ တိုက်ခန်းငှားနေဖြစ်တယ်..။ ကျောင်းကသူငယ်ချင်းတွေနဲ့ စုငှားကြတာပဲ..။ ဒါပေမယ့် ကျွန်တော့်က အခန်းမှာ မနေဖြစ်တာများတယ်..။ မနက်ဆို သူဌေးသားက ကားနဲ့ လာခေါ် တခါတလေ မိုးချုပ်မှ ပြန်ရောက် တခါတလေ ညတောင်ပြန်မအိပ်ဖြစ်ဘူး..။

ဒစ်စကို ဇာတ်လမ်းတွေကတော့ အများကြီးပေါ့..။ အလုပ်သဘော တွေချည်းပါပဲ..။

အဲ ထူးထူးခြားခြား အဖြစ်အပျက်တခုတော့ ရှိခဲ့တယ်..။ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် ကားနဲ့ ပြည်လမ်းအတိုင်း မာလာဆောင်ရှေ့ မီးပွိုင့်မှာ ရပ်နေတုံး ကန်ဘောင်ဖက်ကို ကောင်မလေးနှစ်ယောက် လမ်းဖြတ်ကူးတယ်..။

သူငယ်ချင်းက ဟွန်းတီးလိုက်တော့ သူတို့လှည့်ကြည့်ပြီး ပြုံးပြတယ်..။ ခြေဦးတည့်ရာ ကားလျောက်မောင်း နေမယ့်အစား သူတို့နောက် လိုက်တာကမှ တော်သေးတယ်လို့ နှစ်ယောက်သားတွေးပြီး ကားကို ကန်ဘောင်ဖက် ကျွန်တော်တို့ ချိုးလိုက်တယ်..။

ဝင်းထဲရောက်တော့ သူတို့ထိုင်တဲ့ ဆိုင်မှာပဲ မလှမ်းမကမ်းဝင်ထိုင်ရင်း ဘူးသီးကြော် မှာစားတယ်..။ ခနနေတော့ သူတို့ ဘီလ်ထရှင်းတယ်..။ ကောင်တာထိုင်နေတဲ့ အမကြီးက ကျွန်တော်တို့ကို လက်ညှိုးထိုးပြတယ်..။ ကျွန်တော်တို့ ရှင်းလိုက်ပြီ ပေါ့..။

ဒီယုံမြင်လို့ ဒီခြုံထွင်လိုက်တာပဲ..ဟဲဟဲ။ ဆိုင်ထဲ ၀င်ကတည်းက ကျွန်တော်တို့က ကောင်တာကို မှာခဲ့ပြီးသား ။ သူတို့ဝိုင်းကို ကျွန်တော်တို့ ရှင်းမယ်လို့..။ နည်းနည်းတော့သူတို့ အံ့သြသွားတဲ့ ပုံရှိတယ်..။ ဆိုင်ပေါက်ဝမှာ ကျေးဇူးတင်ပါတယ်ရှင်.. လို့ သူတို့က စောင့် ပြောတယ်..။ ရပါတယ်ဗျာ.. ဘယ်သွားမလဲ.. လို့ ကျွန်တော် ကမေးတော့ .. တောင်ဥက္ကလာ လို့ ပြန်ဖြေတယ်..။

တောင်ဥက္ကလာ ဆိုလမ်းကြုံတာပဲ..(အတင်းကြီးကိုကြုံပစ်လိုက်တယ် )။ ကျွန်တော်တို့ နဲ့ လိုက်ခဲ့ လို့ ပြောတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး သူတို့ တွေဝေနေကြသေးတယ်..။ ဒါပေမယ့် ကားတံခါးကို အသင့်ဖွင့်ပေးပြီး တက်လိုက်ပါ.. ခင်မင်မှုအနေနဲ့ပေါ့ ဆိုမှ.. နှစ်ယောက်သား နောက်ခန်းမှာ ၀င်ထိုင်တယ်..။ ဇာတ်လမ်းကတော့ ချောနေတာပဲ..။

သူတို့သွားချင်တဲ့ လမ်းကို မေးပြီး တောင်ဥက္ကလာဖက် ကျွန်တော်တို့ မောင်းခဲ့ကြတယ်..။ ကားပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ရင်း ဟိုရောက်ဒီရောက် ပြောကြတယ်..။ သူငယ်ချင်းက ဒစ်စကို ရောက်ဖူးလားလို့ ကားမောင်းနေရင်း သူတို့ကို မေးတယ်..။

ဟင့်အင်း မရောက်ဖူးဘူး.. သွားတော့သွားချင်သားလို့ တစ်ယောက်က ပြန်ဖြေတယ်..။ သူတို့ကလည်း မခေဘူး ကိုး..။ အဲဒါဆို ဒီနေ့ည လိုက်ပို့ပေးမယ်လေ ဆိုတော့.. ဟင် မဖြစ်ဘူး အိမ်ကိုဘာမှ မပြောရသေးဘူးနဲ့ တစ်ယောက်က ၀င်ပြောတယ်..။

အခု အိမ်ပြောလိုက်ပေါ့.. ကျွန်တော်တို့ စောင့်နေမယ်.. ဆိုတော့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကြပြန်တယ်..။ နောက်ဆုံးတော့ အိမ်မပြန်တော့ဘူး .. ညဥ့်မနက်ရင်ပြီးရော ဆိုပြီး ဒစ်စကို လိုက်မယ် ဖြစ်သွားကြတယ်..။

ဒါပေမယ့် ဒီအ၀တ်အစားတွေနဲ့ ဒစ်စကိုသွားလို့ သင့်ပါ့မလားလို့ သူတို့က ညည်းတယ်..။

သူငယ်ချင်းက ကားကို ပျော်ပျော်ကြီး ယုဇနစူပါမားကတ်ဖက် မောင်းတော့တယ်..။ အဲဒီတုံးက ရန်ကုန်တမြို့လုံး ပြေးကြည့်မှ မြေနီကုန်းက ယုဇနစူပါမားကတ်တခုပဲ ရှိသေးတယ်..။ ဟိုရောက်တော့ အ၀တ်အစားတန်းဖက် သူတို့နှစ်ယောက်ကို ခေါ်သွားပြီး နည်းနည်းဟော့ရှော့ လေးဝတ်ပြီးမှ ဒစ်စကို သွားကြတာပေါ့ လို့ ပြောရင်း အင်္ကျီအ၀တ်အစားတွေ ရွေးခိုင်းပြီး ဒေါက်ဖိနပ်ကအစ ၀ယ်ပေးလိုက်လေရဲ့။

အဲဒီနေ့ညက ပိုင်အိုးနီးယား ကိုသွားကြတယ်..။ အတွဲလည်း မဟုတ်..သူငယ်ချင်းလည်း မဟုတ်တဲ့ ယောက်ျားလေးနှစ်ယောက် မိန်းကလေးနှစ်ယောက်ပေါ့..။ အထဲရောက်တော့ ကျွန်တော်တို့နှစ်ယောက်က ၀ီစကီသောက်တယ်..။ မိန်းကလေးတွေကိုတော့ ဂျင်တောနစ်တခွက်စီ မှာပေးလိုက်တယ်..။

စကားတွေဖောင်ဖွဲ့ကြ ရယ်ကြမောကြ သူများတွေကတာ ငေးကြနဲ့ အချိန်တစ်နာရီလောက် ကုန်သွားတယ်။ သူငယ်ချင်းက မိန်းကလေးနှစ်ယောက်ထဲက ခပ်သွက်သွက်ကောင်မလေးကို လက်ဆွဲပြီး ကဖို့ ထွက်သွားတယ်..။

ကျွန်တော်နဲ့ ကျန်ခဲ့တဲ့ ကောင်မလေးလည်း မရှေးမနှောင်းပဲ ၀င်ကကြတယ်..။ အမယ် သူတို့က ဒစ်စကို မရောက်ဖူးဘူး သာပြောတာ ကတာတော့ ကိုယ့်ထက်တောင် ဟုတ်နေသလိုပဲ..။ ဒီကောင်မလေးတွေ မူးနေလို့နဲ့ တူတယ် လို့တောင် တွေးမိတယ်..။

ဒစ်စကိုတီးလုံး နဲ့ ကလို့ ကောင်းနေတုံး ဟေး ဟန်နီ ဘယ်သူနဲ့လာတာလဲ လို့ အော်ရင်း ဘဲတပွေ..ကျွန်တော်နဲ့ ကနေတဲ့ ကောင်မလေးကို လာနှုတ်ဆက်တယ်..။

အဲဒီကျမှ သိတော့တယ်..။ မယ်မင်းကြီးမများက ဒစ်စကိုမင်းသမီးတွေကိုး..။ အပြန်ခါ သူတို့ကို လိုက်မပို့တော့ဘဲ ကိုယ့်ဖာသာ ပြန်ခဲ့ကြတော့တယ်..။ လိုက်ပို့စရာလည်း မလိုဘူးလေ..။ ကျွန်တော်တို့ ပြန်မယ့်အချိန်အထိ ဆွေတော်မျိုးတော် ခုနှစ်သောင်းနဲ့ သူတို့မှာ ပျော်ပါးလို့ မ၀သေးဘူး..။

အပြန် ကားပေါ်မှာ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် တော်တော်နဲ့ စကားမပြောဖြစ်ကြဘူး..။ ရှက်နိုးနိုးဖြစ်ပြီး ဘာပြောရမှန်းမသိနေကြတာ..။ တော်နေကြာတော့ သူငယ်ချင်းက '' ကပ္ပတိန် ..ကိုယ့်ကိုယ်ကိုလည်း လျာနဲ့ လျက်ကြည့်အုံး .. '' လို့ စပြောတယ်။

နှစ်ယောက်သား အဲဒီတော့မှာ ဟားတိုက်ကို ရယ်လိုက်ကြတော့တယ်..။

( ကိုယ့်ကို သူများက အချဉ်လုပ်သွားတာမျိုးကို ကျွန်တော်တို့ သူငယ်ချင်းတွေကြားထဲမှာ '' ကိုယ့်ကိုယ်ကိုလည်း လျက်ကြည့်အုံး ချဉ်နေသလား လို့ '' လို့ ပြောလေ့ရှိတယ် )

2 comments:

ဂျူနို said...

အံ့သြစရာပါလား။
routersi တဲ့ ရိုက်ရပြန်ပြီ။

kyaw said...

ဟဟဟ..ခံလိုက်ရပေါ့ ကိုနဗန တို့ 
ဟီးး