Sunday, September 14, 2008

27.2 ထမင်းချိုင့် တစ်လုံးရဲ့ ပုံပြင် ( သို့ ) စန်းအောင်

စက်ရုံရဲ့ ၀န်ထမ်းအသစ် အင်တာဗျုးတိုင်း ကျွန်တော် ဗျုး ရလေ့ရှိတယ်..။ လူတစ်ယောက်အကြောင်းကို သူပေးသိတဲ့ အချက်အလက် အနည်းငယ်နဲ့ ဆယ့်ငါးမိနစ် ( တခါတလေ ငါးမိနစ် ) လောက်အချိန်အတွင်းမှာ ဆုံးဖြတ်ရတာဆိုတော့ အရည်အချင်းအစစ်အမှန်ကို အနီးစပ်ဆုံး အကဲဖြတ်နိုင်တာတွေ ရှိခဲ့သလို ဖွတ်ထွက်မှန်း တောင်ပို့မှန်း သိရတာတွေလဲ ဒုနဲ့ဒေးပဲ..။

တချို့က အင်တာဗျုးမှာ ရွှန်းရွှန်းဝေလို့..။ မေးသမျ မြန်းသမျ ဒိုးကနဲ ဒေါက်ကနဲ ပြန်ဖြေနိုင်ပေမယ့် တကယ့်အလုပ်ကျတော့ ဟိုယောင်ယောင် ဒီယောင်ယောင် ယောင်ခြောက်ဆယ် သမား..။

တချို့ကတော့ မရှိသုံးသုံးကြည့်မယ် စိတ်ကူးနဲ့ ခန့်လိုက်ပေမယ့် ရွက်ပုန်းသီး အရည်အချင်းတွေ တပုံကြီးနဲ့ အစွမ်းထပြ ကြပြန်တယ်..။

စန်းအောင် ကတော့ နဂိုရ်ကတည်းက အူကြောင်ကြောင်..။ အလုပ်ထဲမှာလည်း အူလည်လည် ပါပဲ..။ ဒါပေမယ့် သူ့ကို ကျွန်တော် ခန့်ခဲ့တယ်..။

သူ အလုပ်ဝင်ပြီး သိပ်မကြာခင်မှာပဲ တခြားသူတွေနဲ့ မတူတဲ့ သူ့ အကြောင်းလေးတွေ သိလာရတယ်..။
အထူးခြားဆုံးကတော့ သူ့ ထမင်းချိုင့်ပဲ..။

နေ့လည်ပိုင်း အလုပ်နားချိန်မှာ ၀န်ထမ်းတွေ စုပြီး ထမင်းစားကြတယ်..။ တခါတရံ ကျွန်တော်လည်း သူတို့နဲ့ အတူဝိုင်း ဖြစ်တယ်..။ စုစားတဲ့ အကျိုးက ဟင်းစုံစားကြရတယ်..။ ကိုယ့်ဟာ နည်းနည်းမျှ သူ့ဟာ နည်းနည်းယူစား နဲ့ အတော့်ကို မြိန်တဲ့ ထမင်းဝိုင်းမျိုး..။

ဒါပေမယ့် စန်းအောင်ဆီက မျှစားဖို့ကတော့ ယုန်ချို၊ လိပ်မွှေး ရှာတာထက် ခက်ဖို့ ရှိတယ်..။

ကျန်တဲ့ ၀န်ထမ်းတွေ.. ကိုယ့်ဟင်းသူ့ဟင်း စားပွဲပေါ် ပစ်တင်၊ စုပေါင်းစားသောက်ဖို့ပြင်ဆင်တိုင်း စန်းအောင်ကတော့ ခပ်လှမ်းလှမ်းမှာ သီးခြားစားဖို့ လုပ်လေ့ရှိတယ်..။

တခါကနှစ်ခါ အဲသလိုမျိုး ထူးထူးခြားခြားလေး ဖြစ်နေတာကို ကျွန်တော်သတိထားမိတော့ '' ကိုစန်းအောင် ဒီဖက်လာ ခဲ့လေဗျာ.. အတူတူ ပေါင်းစားကြတာပေါ့ '' လို့ ကျွန်တော် ပြောမိတယ်..။

'' ရပါတယ် ဆရာ၊ ဒီနားမှာပဲ ကျွန်တော်စားပါ့မယ် '' လို့ ခပ်တိမ်တိမ်အသံနဲ့ သူပြန်ဖြေတယ်..။

ကျန်တဲ့သူတွေကလည်း '' လာပါ စန်းအောင် .. တို့အတူတူ စားကြတာပေါ့ '' လို့ ၀ိုင်းပြောမှ မထချင်ထချင် ပုံစံနဲ့ ခပ်လေးလေး စန်းအောင် ထလာတယ်..။

စစ်တပ်သုံး ဟန်းကော ဆန်ဆန် သူ့ထမင်းချိုင့် မရင်း ကျွန်တော့်ဘေးနား သူ့ဝင်ထိုင်တယ်..။

ကျွန်တော့်ချိုင့်ထဲက ဟင်းတစ်တုံး ခပ်ပြီး သူ့ဟန်းကောထဲ ကျွန်တော်ထည့်ပေး တော့ ... '' ကျွန်တော့်ဆီမှာတော့ ဆရာ့ကို ပြန်မျှဖို့ ဘာဟင်းမှာ မပါဘူးနော် '' လို့ အားနာတဲ့ မျက်နှာနဲ့ သူပြောပြန်တယ်..။

ရပါတယ်ဗျာ ..ကဲစား လို့ ပြန်ပြောရင်း သူ့စားနေတဲ့ ဟန်းကောကို အမှတ်တမဲ့ ကြည့်မိမှ.. သူ့မှာ ဘာဟင်းမှ ပါမလာဘူးဆိုတာ ကျွန်တော် သတိထားမိတော့တယ်..။

ရုတ်တရက် ကျွန်တော်လည်း ဘာပြောရမှန်းကို မသိအောင် ဖြစ်သွားခဲ့ရတယ်..။

စိတ်မကောင်းခြင်းများစွာနဲ့ ကျွန်တော်ကြည့်နေဆဲမှာပဲ.. သူ့အိပ်ထောင်ထဲက အဖြူရောင်ပလတ်စတစ် ပုလင်းလေးတစ်လုံး ထုတ်ပြီး သူ့ထမင်းပေါ် ကို ဖြူးတယ်..။

စားပွဲပေါ်တင်ထားတဲ့ ရေခွက်ထဲက ရေကို ငံပြာရည် ဖျန်းသလိုမျိုး ဝေ့၀ိုက်ပြီး ထမင်းပေါ် ဖျန်းတယ်..။ နောက် ဇွန်းနဲ့ သုံးလေးချက် မွှေလိုက်ပြီး တစ်လုတ်ပြီးတစ်လုတ် သူစားတော့တာပဲ..။

ခေါင်းကြီးငုံ့လို့ သုံးလေးလုတ် ဆက်တိုက် ပလုတ်ပလောင်း သူ စားနေတာကို ကျွန်တော်အပါအ၀င် ကျန်တဲ့ သူအားလုံး မင်သက်မိစွာနဲ့ ၀ိုင်းကြည့်နေစဉ်မှာပဲ ဖျတ်ကနဲ သူမော့ကြည့်တယ်..။

ဝမ်းနည်းနေတာလား အားငယ်နေတာလား မကွဲပြားတဲ့ သူ့မျက်ဝန်းတွေ စိုစွတ်လာတာကို ကျွန်တော် သတိထားမိလိုက်တယ်..။

နောက်တော့ '' ၀ပြီဆရာ '' လို့ ခပ်တိုးတိုး ရေရွတ်ရင်း ကောက်ကနဲ သူထသွားခဲ့တော့တယ်..။

အဲဒီနေ့က ကျွန်တော် နေ့လည်စာ ဆက်မစားဖြစ်ခဲ့ ဘူး..။

စန်းအောင် ထမင်းကို ဆားဖြူး ရေဖျန်းပြီး စားနေတာ နေ့တိုင်းလိုလိုပဲ လို့ နောက်မှ ကျွန်တော်သိရတော့တယ်..။

1 comment:

Anonymous said...

စက်ရုံမိသားစုဘ၀ကို စက်ရုံမိသားစုတစ်ယောက်အဖြစ်တကယ့်ကို ကြေကွဲစွာခံစားရပါတယ်။ ထမင်းမရှိလို့ထမင်းချိုင့်ပါမထည့်နိုင်တယ့် ၀န်ထမ်းတွေကို တွေ့တိုင်းမျက်ရည်ဝိုင်းမိတယ်။ ၀န်ထမ်းသားသမီးတွေရဲ့ ခြိုးခြံချွေတာတဲ့ ဘ၀တွေကိုတွေ့တိုင်း ငယ်ဘ၀တွေ အဟောင်းကနေအသစ်ဖြစ်ရပါတယ်....