Sunday, September 14, 2008

27.7 ခြေနှစ်ချောင်း အကယ်ကောင်းသူ

အလုပ်ကနေ မိတ်သစ်ဆွေသစ်တွေ ရခဲ့ပြီး ခင်မင်မှုကို ရေရှည်တည်ဆောက်နိုင်ခဲ့တာတွေ ရှိသလို..အဲဒီအလုပ်ကြောင့်ပဲ ငယ်သူငယ်ချင်းတစ်ယောက် ကျွန်တော်ဆုံးရှုံးခဲ့ရပြန်တယ်..။

မဒမ်နဲ့ ညားခါစ.. ရွာပြန်ဖြစ်တယ်..။ ဆွေပြမျိုးပြပေါ့..။ ဂျပန်ဖက်စပ် စက်ရုံတစ်ရုံမှာ ရာထူးလေးအထိုက်အလျောက် နဲ့ အလုပ်လုပ်နေကြောင်း သိကြတော့ .. ရွာကလူများက.. ကုမ္ပဏီပိုင်ရှင်လောက်ထင် ပစ်လိုက်ကြတယ်..။

ဒီကောင် ခေါ်သွားလိုက်စမ်းကွာ.. ရွာမှာနေလဲ လတ်လျားလတ်လျားနဲ့ မျက်စိနောက်တယ်..။ မင်းစက်ရုံမှာ သင့်တော်တဲ့ တနေရာရာ ခန့်ထားလိုက်လို့ .. တောင်းဆိုသူတွေကို .. လက်မလည်အောင် ရှင်းပြတောင်းပန်ရတာသာ ကြည့်တော့..။

သူတို့အတွေးထဲမှာ.. စက်ရုံအလုပ်ရုံ ကုမ္ပဏီများရဲ့ အနေအထား မကြုံဖူး မကြားဖူးတော့ ကျွန်တော် ပြီးရင် ကုမ်ပဏီမှာ အားလုံးပြီးတယ် ထင်နေကြတယ်..။

ကိုယ်ကိုယ်တိုင် ၀န်ထမ်းဘ၀..သူများခန့်လို့ အလုပ်ရနေတာကို.. ဘယ်လောက်ပဲ ရှင်းပြရှင်းပြ.. တချို့ ဆို ဒီကောင် ..တာဝန်မယူချင်လို့ မကူညီချင်လို့ ရှောက်ပြောနေတယ် အထင်နဲ့ ဘ၀င်မကျ ကြဘူး..။

ရွာမှာနေစဉ်တုံးက ကိုယ့်အပေါ် အထိုက်အလျောက် ကျေးဇူးရှိခဲ့ဖူးသူဆိုရင်.. ရှင်းပြရတာ ပိုဆိုးသေး တယ်..။

သူ့အလှည့်ကျတော့ ကျေးဇူးကန်းတယ် ဆိုတဲ့ ပုဒ်မက အတော်ကြီးတာကိုး..။

ဒါတောင်မှ.. ရွာကပြန်ပြီး သုံးလေးလလောက် ကြာတော့ သူငယ်ချင်းတစ်ယောက် စက်ရုံရောက်လာခဲ့တယ်..။ ငယ်သူငယ်ချင်းဆိုတော့ တွေ့တာနဲ့ ၀မ်းသာအားရ ပေါ့..။ အိမ်မှာ အိပ်ကွာလို့ ပြောပြီး ညနေအလုပ်ဆင်းတော့ ဘီယာဆိုင်ရောက်ကြတယ်..။

အေးအေးဆေးဆေး သောက်စား ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း.. '' မင်းစက်ရုံမှာ ငါအလုပ်လုပ်ချင် တယ် '' လို့ သူ စကားစတယ်..။

ဖြစ်မယ်မထင်ပါဘူးကွာ.. မင်းက ဆယ်တန်းလဲ မအောင်တော့.. ငါခန့်နိုင်လှ အလုပ်သမားပေါ့..။ အလုပ်သမားတော့ မလုပ်ပါနဲ့ကွာ လို့ ကျွန်တော်ပြောပေမယ့်.. အလုပ်သမား လုပ်ဖို့ပဲ ငါကလည်း တောင်းဆိုနေတာပါလို့ မရမက ဇွတ်ပြောနေတာနဲ့ နောက်ဆုံးတော့ ကျွန်တော်ခေါင်းညိမ့်လိုက်ရပါလေရော..။

ဇာတ်လမ်းက အဲဒီမှာ စတာပဲ..။

စကတည်းက ယဉ်သကို

အလုပ်ခန့်ဖို့ ကျွန်တော်သဘောတူလိုက်တာနဲ့ မပြီးသေးဘူး..။ ပို့မယ့်ပို့ ကူးတို့ရာက်အောင်ပို့ သူငယ်ချင်း.. ငါ့အတွက် နေစရာလေး စီစဉ်ပေးအုံးတဲ့..။

နေစရာတင်မက.. စောင်ခေါင်းအုံး တစ်စုံ၊ သင်ဖြူးဖျာတစ်ချပ် နဲ့ သမိုင်းလမ်းဆုံက အဆောင်ကို ကျွန်တော်လိုက်ပို့ ပေးလိုက်တယ်..။ နောက်နှစ်ရက်လောက်ကြာတော့ သူအလုပ်စဆင်းတယ်..။

သူအလုပ်ဝင်ပြီး မကြာခင် စက်ရုံထဲမှာ ၀န်ထမ်းများကို ကျွန်တော် စကားပြောဖို့ ဖြစ်လာတယ်..။ ထုံးစံအတိုင်း စက်ရုံမှုး စကားပြောမယ်ဆိုရင် ၀န်ထမ်းတွေ အရင်တန်းစီကြတယ်..။

အားလုံးအဆင်သင့်ဖြစ်ပြီလို့.. ကျွန်တော့်ဆီ အကြောင်းကြားတာနဲ့ စက်ရုံထဲ ဆောင်းတဲ့ ( ဦးထုပ်) ကောက်ဆောင်းပြီး စက်ရုံထဲ ကျွန်တော်ဆင်းသွားလိုက်တယ်..။

ကျွန်တော်ဝင်လာတာ မြင်တာနဲ့ ဖြစ်သလို နေတဲ့ ကိုယ်ဟန်တွေကို အားလုံးက ပြင်ကြတယ်..။ ခါးမတ်သူ မတ်.. ဦးထုပ်ဆောင်းသူဆောင်းပေါ့..။ သူကတော့ အင်္ကျီရင်ပတ်ဟောင်းလောင်းနဲ့ ကျွန်တော့်ကို ရယ်ပြတယ်..။

ကျွန်တော်လည်း အသိအမှတ်ပြုတဲ့ အနေနဲ့တချက်ပြုံးပြရင်း.. ပြောစရာရှိတာကို ပြောဖို့ လည်ချောင်းအရင် ရှင်းတယ်..။

အဟမ်း အဟမ်းပေါ့..။

အဟမ်းဆုံးလို့ .. စကားစပြောမလို့ ကြံနေတုံး.. '' သူငယ်ချင်း မနက်ဖန် အားလား '' တဲ့..။ ကျွန်တော်လည်း အံ့အားသင့်.. ကျန်တဲ့ ၀န်ထမ်းတွေလည်း ကြောင်သွားတယ်..။ သူကတော့ မေးရိုးမေးစဉ် မေးလိုက်တဲ့ ပုံစံနဲ့ ခပ်ပြုံးပြုံးပါပဲ..။

အားပါတယ်.. မင်းဘာလုပ်ချင်လို့ လဲ.. ညနေအလုပ်ဆင်းရင် အိမ်လာခဲ့လေ .. အေးအေးဆေးဆေး ပြောတာပေါ့ လို့ စကားဖြတ်ပြီး ပြောစရာရှိတာ ကျွန်တော်ပြောရတယ်..။

ပြောစရာရှိတာတွေ ပြောပြီးတာနဲ့ထုံးစံအတိုင်း ၀န်ထမ်းတွေကို ပြောတာနားလည်လား လို့ နိဂုံးချုပ် ကျွန်တော်မေးတော့.. အားလုံးက နားလည်ပါတယ် လို့ တညီတညွှတ်တည်း ပြန်ဖြေကြတယ်..။

သူကတော့ '' အေး '' တဲ့.။

No comments: