Thursday, September 11, 2008

24.3 သိမ်ကြီးဈေး ရှေ.က ကားတိုက်ပွဲ

နောက်တစ်ခါ အလုပ်ပြုတ်ကိန်း ကြုံရသေးတယ်..။ သိမ်ကြီးဈေး ဂလက်ဇီ ဒစ်စကို ကို.. အလုပ်အားတဲ့ တစ်ရက် ထိုင်းတွေနဲ့ ကျွန်တော် ချီတက်ကြပြန်တယ်..။ ပျော်ပါး မြူးတူး သောက်စား ပြီး ပြန်မယ်ဆိုပြီး ဒစ်စကိုရှေ့ကနေ ကျွန်တော်တို့ကား စထွက်တယ်..။

အဲဒီတုံးက သိမ်ကြီးဈေးဆိုတာ ညဖက် သိပ်စည်တဲ့ နေရာပဲ..။ ညလုံးပေါက်နီးနီး ကားနဲ့လူ သိပ်ပြတ်တယ်ရယ်လို့ မရှိဘူး..။ မေဟွှား.. အင်ပါယာ.. အစရှိတဲ့ ကလပ်တွေကလည်း အရှိန်အဟုန် သိပ်ကောင်းနေတဲ့ ခေတ်ပေါ့..။

ဂလက်ဇီက သူတို့ထဲမှာ အစည်ကားဆုံး ဆိုပါတော့..။ သူငယ်ချင်းတစ်ယောက်က ဂလက်ဇီကို CHICKEN PARADISE လို့တောင် နာမည်ပေးထားတယ်..။ ဗမာလိုဆိုရင်တော့ ကြက်တို့၏ ကောင်းကင်ဘုံ လို့ ခေါ်ရမယ်နဲ့တူတယ်..။

ကားတွေကများ အသွားအလာတွေက ရှုပ်ဆိုတော့ ကျွန်တော်တို့ကား စထွက်လို့မှ သိပ်မကြာဘူး.. နောက်က ကားတစ်စီးက အရှိန်နဲ့ ဒုံးကနဲ ၀င်အောင်းတယ်..။ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းက ရှေ့ခန်းမှာ ထိုင်တယ်..။ နောက်ခန်းမှာက ထိုင်းလေးယောက် ပါတယ်..။

နောက်က၀င်တိုက်တဲ့အရှိန်နဲ့ ထိုင်းတစ်ယောက် ခေါင်းထိသွားတယ်..။ ကားမောင်းနေတဲ့ ကျွန်တော်သူငယ်ချင်းက ကားတံခါးဖွင့်ပြီး အောက်ဆင်းမလို့ လုပ်တုံး ၀င်တိုက်တဲ့ကားက ကျွန်တော်တို့ကားကို ကျော်တက်မောင်းပြေးတယ်..။

သူငယ်ချင်းလည်း ကပျာကယာ ကားပေါ်ပြန်တက်ပြီး မောင်းပြေးတဲ့ ကားကို ဘေးတိုက် ပိတ်မောင်းတယ်။ နိုင်ငံခြားကားထဲက ကားနှစ်စီး လမ်းလုပြီး မောင်းနေသလိုမျိုးပဲ..။ ဒါပေမယ့် သိပ်မကြာလိုက်ပါဘူး..။ ကျော်တက်မောင်းပြေးတဲ့ကားက နောက်ထပ် လေးစီး ထပ်တိုက်ပြီး ရပ်သွားတော့တယ်..။

ပွဲကတော့ ပွဲကြီးပွဲကောင်းပဲ..။ အဲဒီနားတ၀ိုက်လုံးလဲ ပွက်လောကို ညံကိုရော..။ သိပ်မကြာလိုက်ဘူး.. ၀န်ထမ်းကောင်းပီသတဲ့ မော်တော်ပီကယ်ကလည်း ညမအိပ်ဘဲ စောင့်နေသလားတောင် ထင်ရတယ်.. ချက်ခြင်းရောက်လာတယ်..။

သွေးထွက်နေတဲ့ ထိုင်းကို နီးရာ ကားတစ်စီးငှားပြီး ဆေးရုံလိုက်ပို့ ၊ တိုက်တဲ့ ကောင်တွေနဲ့ ရှင်းဖို့ လုပ်ရတယ်..။ ထုံးစံအတိုင်း သကောင့်သားများကလည်း အတော့်ကို မူးနေပြီ..။ မောင်းတဲ့ကောင်က ကားပိုင်ရှင်မဟုတ်ဘဲ ပိုင်ရှင်သူငယ်ချင်း ဖြစ်နေပြန်တယ်..။

ကားပိုင်ရှင်ငတရဲ့ အဖေက အဲဒီခေတ်တုံးက နာမည်ကြီးတဲ့ ပညာရေးဝန်ဆောင်မှု အဖွဲ့အစည်းတစ်ခုရဲ့ ဥက္ကဌ။ မော်တော်ပီကယ်ကြီးခမျာလည်း ထုံးစံအတိုင်း ကြီးတဲ့အမှုငယ်အောင် လုပ်ရှာပါတယ်..။

ကျေရာကျေကြောင်း နဲ့ ဒီနေရာမှာပဲ ပြတ်နိုင်ရင်လည်း ပြတ်ကြဖို့ ၊ သူ့အတွက်ကတော့ အိပ်ရေးပျက်ခ အာရကေ လေး နည်းနည်း ရရင်ဖြစ်ပါတယ်ပေါ့..။

သို့သော်.. လျော်ရမယ့်ကားတွေကများ.. အပေးအယူတွေကမတည့် ဆိုတော့ နောက်ဆုံးတော့ ၅၁ လမ်းရုံးကိုပဲ ချီတက်ကြရတယ်..။ ကျွန်တော်တို့ နဲ့မရှေးမနှောင်းမှာ ကားပိုင်ရှင်ချာတိတ်ရဲ့ အဖေ.. တိုက်ပုံကြီး တကားကားနဲ့ ရောက်လာတယ်..။

အဘိုးကြီးကတော့ အတော့်ကိုမွန်မွန်ရည်ရည် လူကြီးလူကောင်း ပါပဲ..။ သားလုပ်တဲ့သူကသာ ရုံးရောက်တဲ့ အထိ မလျော်နိုင်ဘူး ဘာလုပ်ချင်လဲ ညာလုပ်ချင်လဲ.. မူးမူးနဲ့ ကြမ်းနေသေးတယ်..။

ယာဉ်မှုစစ်က အတိုက်ခံရတဲ့ကားတစ်စီးချင်းကို မှတ်တမ်းယူတယ်..။ ဒုရဲအုပ်အဆင့်ရှိတဲ့ တစ်ယောက်ကတော့ ဒီကိစ္စ အမှုဖွင့်ကို ဖွင့်ရမယ်ပဲ ။ တာဝန်အရလိုလို ခြိမ်းခြောက်တာလိုလို နဲ့ အတင်းပြော တယ်။

ကျွန်တော့်သူငယ်ချင်းကို အဖေနာမည် ဘယ်သူ၊ လိုင်စင်သက်တမ်းရှိမရှိ၊ အခင်းဖြစ်ပွားပုံ အသေးစိတ် စစ်ချက်ယူပြီး ကျွန်တော်တို့လိုပဲ အတိုက်ခံရတဲ့ တက်က်စီ ဒရိုင်ဘာကို ဆက်မေးတယ်..။ အသားဖြူဖြူ အရပ်ပိန်ရှည်ရှည်နဲ့ ရိုးအေးပုံရှိတဲ့ ဒရိုင်ဘာက ယာဉ်မှုစစ်ရဲ့ ရှေ့က ထိုင်ခုံမှာ ၀င်ထိုင်တယ်..။

ယာဉ်မှုစစ်က ခပ်ပြတ်ပြတ် နာမည်ပြော၊ လိုင်စင်ပြ လို့ တောင်းတယ်။ ဒရိုင်ဘာက သူ့နာမည်ကို ပြောရင်း အိပ်ထောင်ထဲက လိုင်စင်ထုတ်ပြတယ်..။ ယာဉ်မှုစစ်က အဖေနာမည်ပြော လို့ ဆက်မေးတယ်..။ တက်က်စီ ဒရိုင်ဘာက ဒုတိယဗိုလ်ချုပ်ကြီး .. ... '' လို့ ခပ်အေးအေး ပြန်ဖြေတယ်။

အဲဒီမှာ တခန်းလုံး ငြိမ်ကျသွားတယ်..။ အဲဒီခေတ်ရဲ့ အနေအထားနဲ့ မျော်လင့်မထားတဲ့ စကားတစ်ခွန်းကို ကြားလိုက်ရသလိုမျိုး ဆိုတော့ အားလုံး မင်သက်မိသွားတာပေါ့..။

ကျွန်တော်ကတော့ အခြေအနေကို စိတ်ဝင်စားတာနဲ့ အားလုံးကို နည်းနည်းအကဲခတ်ကြည့် နေမိတယ်..။

စောစောက ဟောင်ဖွာဟောင်ဖွာနဲ့ ဟိုလူ့ငေါက် ဒီလူ့ငေါက် လုပ်နေတဲ့ ဒုရဲအုပ်လည်း နည်းနည်း ကုတ်သွား တယ်..။ ငါ့အဖေက အကောင်ကွ လို့ သူကလည်း တိုက်သေးတယ်.. သူကလည်း မာ နေတဲ့ ငတလေး လည်း ငြိမ်သွားတယ်..။

ကျွန်တော်တို့ကတော့ ကိုယ့်ကိစ္စ ကိုယ်ပြတ်ဖို့ အရေးကြီးတာမို့ အလျော်ပေးမယ့်အဘိုးကြီး နဲ့ ပြေလည်အောင်ပဲ ညှိတော့တယ်..။ တိုက်တဲ့ ငတ နဲ့ အဘိုးကြီးက ကြိုက်တဲ့ ၀ပ်ရှော့ပြောပါ.. ပကတိအကောင်းအတိုင်း ပြန်လုပ်ပေးပါ့မယ် လို့ ကမ်းလှမ်းတယ်..။

ကျွန်တော့်သူငယ်ချင်းကတော့ ကားသော့ သာယူလိုက်ပါ..။ ပြန်ပြင်ပေးတာလည်း မလိုချင်တော့ပါဘူး..။ ကားရဲ့ ပေါက်ဈေးနဲ့ သာ ဖြတ်ယူလိုက်ပါတော့လို့ ပြန်ညှိတယ်..။ နောက်ဆုံးတော့ ကျွန်တော်တို့ ပြောတဲ့ အတိုင်း နဲ့ သူတို့ သဘောတူလိုက်တယ်..။

နောက်တနေ့ ရုံးတက်တော့ လူကြီးတွေက သိနှင့်နေပြီ..။ တစ်ညလုံး မအိပ်ရလို့ ပင်ပမ်းနေရတဲ့ အထဲ လူကြီးတွေက စစ်ဟယ်ဆေးဟယ် လုပ်တာခံရတော့တယ်..။ သူငယ်ချင်းသူဌေးသားက ခေါင်းဆောင်လို ဖြစ်နေတာမို့ ထူးထူးခြားခြားကြီး အရေးယူတာတော့ မခံခဲ့ရပါဘူး..။

နောက်ပိုင်းတော့ ကျွန်တော်တို့ နည်းနည်းငြိမ်သွားတယ်..။ မငြိမ်လို့လည်း မရတော့ဘူး..။ ထိုင်းတွေလည်း သုံးလလောက် နေပြီးတော့ ပြန်သွားခဲ့တယ်..။ ကျွန်တော်တို့ပဲ ကျန်ခဲ့တော့တာမို့ အလုပ်ကို အရင်ကထက် ပိုကြိုးစားရတော့တယ်..။

No comments: