Tuesday, September 2, 2008

21.1 ရေအိုးစင်လေးရဲ့နိဒါန်း

မျိုးမျိုး@လမ်းဘေးရေအိုးစင်အား သော့ခတ်ရန်ကြံစည်ခဲ့သူတစ်ယောက်၏အကြောင်း

ဒီအကြောင်းကို ရေးမယ်လို့ မကြာခန စိတ်ဖြစ်မိတယ်..။ သို့သော်.. အကြောင်းအမျိုးမျိုးက ရှေ့မှာပိတ်ဆို့ ကာဆီးနေလို့ ချရေးတဲ့အဆင့်အထိတော့ မရောက်ခဲ့ရဘူး..။

ဒါပေမယ့် .. ကိုယ့်ဘ၀ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ်.. တကယ်ဖြစ်ပျက်ခဲ့တာမို့ လုံးဝမေ့လျော့သွားတဲ့ အထိတော့ မတတ်နိုင်ခဲ့ဘူး.. ။ အကြောင်းတိုက်ဆိုင်တိုင်း ထိထိရှရှ မဟုတ်တော့သည့်တိုင် ရင်ကိုလာရောက် ရိုက်ခတ်လေ့ရှိတဲ့ ဇာတ်လမ်းတပုဒ်ပေါ့..။

ကိုတိုးကြီး (ခင်မောင်တိုး) လေသံနဲ့ ပြောရရင် ရင်ခတ်အလွမ်းပေါ့..။

ကိုတိုးကြီး သီချင်းထဲက ဇာတ်လိုက်ကတော့ ဦးနှောက်ကျပ်မပြည့်သူလေးပေါ့..။ ကျွန်တော့်ဇာတ်လိုက်ကတော့ ဘ၀ကျပ်မပြည့်သူ လို့ တချို့က သမုတ်ကောင်း သမုတ်မယ့် ကြေးစားမလေး တစ်ယောက် ပါပဲ..။

ရွာမှာနေစဉ်က.. အဖေ့ရဲ့ သားတပည့်တစ်ယောက်ရှိခဲ့ဖူးတယ်..။ ကိုအောင်မင်းလို့ ခေါ်ပါတယ်..။ ဖြူဖြူနွဲ့နွဲ့ အရပ်ရှည်ရှည်နဲ့ သမ၀ါယမလူကြီး နှစ်နှစ်လောက် ဖြစ်လိုက်တော့ သူ့ကိုကြိုက်တဲ့ ရွာသူ မနည်းလှဘူး..။

ဘွဲ့ရ ပညာတတ် ဥစ္စာပေါ တဲ့ ရွာသူတွေကို ဘေးချိတ်ပြီး နာမည်ပျက်အတော်ရှိတဲ့ မယ်မငြင်းတစ်ယောက်ကိုပဲ သူ တမ်းတမ်းစွဲဖြစ်သွား ခဲ့တယ်..။

ကျွန်တော်က ခပ်ငယ်ငယ် .. အဖေက ကိုအောင်မင်းကို အခုလို ပြောခဲ့တာ မှတ်မိနေသေးတယ်..။

'' ဟ.. အောင်မင်းရ.. မင်းက လမ်းဘေးရေအိုးစင်ကို သော့ခတ်မလို့လား '' တဲ့..။

လမ်းဘေး ရေအိုးစင် ဆိုတာ ဘယ်သူသောက်သောက် သောက်လို့ ရပါတယ်..။ သောက်ချင်သပ ဆိုရင်ပေါ့..။ ကိုယ်သောက်တဲ့ရေ ဘယ်လောက်သန့်သလဲ ဆိုတာကတော့ .. ကိုယ်ထင်ကုတင်ရွှေနန်း ပါပဲ..။

ကျွန်တော်.. တခါက.. တကယ့်ကိုတခါကပေါ့..။ လမ်းဘေး ရေအိုးစင်လေး တစ်လုံးကို သော့ခတ်ဖို့ ကြံခဲ့ဖူးပါ ကြောင်း..။

1 comment:

ဂျူနို said...

မြန်မာပြည်မှာတော့ ဘယ်မိန်းမမှ လမ်းဘေးရေအိုးစဉ် မဖြစ်ချင်ပါဘူး။
ဥရောပမှာတော့ မိန်းကလေးများ တမင်တကာကိုပဲ ပြည့်တန်ဆာ လုပ်ချင်လို့ သင်တန်းတက်ပြီး လုပ်ကြပါတယ်။
သိက္ခာ မရှိတာချင်းတူတူဆိုရင်တောင် လမ်းဘေးရေအိုးစဉ်က အများပိုင်ကို မောင်ပိုင်စီးထားကြတဲ့သူတွေထက်တော့ သာတယ်ထင်ပါတယ်။
သူခိုးတွေက ဘုရားလူကြီးဖြစ် လူရာဝင်နိုင်ကြတယ် ဆိုရင် လမ်းဘေးရေအိုးစဉ်တွေကိုလည်း
သယ်သွားမဲ့လူရှိရင်လည်း အိမ်ဝန်းထဲ ရောက်သွားနိုင်ပါတယ်။