Monday, September 1, 2008

20.4 မြသွေး

အောင်အောင်က ဆရာရှိန်နဲ့သာ မတည့်တာ.. ဆရာရှိန့်မြေး မြသွေးနဲ့တော့ ချိတ်တိတ်တိတ်..။ မြသွေးက ကျွန်တော်နဲ့လည်းသူငယ်ချင်း..။ အိမ်ချင်းကလည်း သိပ်မဝေးတဲ့အပြင် အတန်းကလည်းတူတော့ ကျွန်တော်တို့အိမ်ကို အ၀င်အထွက်ရှိတယ်..။ အသားနည်းနည်းညိုပေမယ့် ရုပ်ကလေးက ချစ်စရာလေး..။ ဒါပေမယ့် နည်းနည်းတော့ ပေါကြောင်ကြောင်နိုင်တယ်..။ အိမ်လာတဲ့ တစ်ရက် နင်က အသားညိုတယ်နော် လို့ ကျွန်တော်ပြောတော့ အံမယ် ငါက အသားသာညိုတာ ပေါင်ကတော့ ဖြူပါတယ် ဆိုပြီး သူ့ပေါင်လှန်ပြတယ်..။ မြသွေးက အဲဒီလိုမျိုး..။

မြသွေးတို့က ညီအမတွေချည်း လေးယောက်ရှိတယ်..။ မြသွေးက တတိယမြောက်..။ သူ့အောက်မှာ ခင်ထားမေဆိုတဲ့ ညီမလေး တစ်ယောက်ပဲရှိတော့တယ်..။ သူ့အထက်က နွယ်နွယ်..။ အကြီးဆုံးအမက သင်းသင်းဆွေ တဲ့..။

မြသွေးကို ငါရည်းစားစာ ပေးချင်တယ်လို့ တစ်ရက် အောင်အောင်က ကျွန်တော့်တိုင်ပင်တယ်..။ ကြည့်လည်း လုပ်မောင်ရာ.. သူ့အဘိုးနဲ့ မင်းနဲ့က တစောင်းစေးနဲ့မျက်ချေးဗျ လို့ ကျွန်တော်ပြောတော့ ဟ .. ဘာဆိုင်လို့လဲ လို့ အောင်အောင်က ရယ်ကျဲကျဲနဲ့ ပြန်ပြောတယ်..။

အေး မင်းဇာတ် မင်းနိုင်ရင်လည်း လုပ်ပေါ့လို့ ကျွန်တော်ကပြောတော့.. ငါ့ဇာတ်ငါနိုင်ပါတယ်.. ဒါပေမယ့် ရည်းစားစာတော့ မင်းရေးပေးရမယ်လို့ ကိုယ်တော်ချောက ဂျီကန်ပါလေရော..။ ဒီလောက်ကတော့ ဖြစ်ပါတယ် လို့ ဆရာကြီးလေသံနဲ့ သူ့ကို ကျွန်တော်ကတိပေးလိုက်တယ်..။


တကယ်လည်း အဲဒီအချိန်မှာ ကျွန်တော်က ဆရာကြီးအဆင့်ဖြစ်နေပြီ..။ ငယ်ငယ်တုံးကတော့ မော်ကြီးကို ရည်းစားစောင်တစ်စောင် ရေနှစ်ထမ်းနှုန်းနဲ့ ခခယယ အကူအညီတောင်းခဲ့ရပေမယ့် အခုတော့ သူများကိုတောင် ပြန်ကူညီနိုင်တဲ့ အဆင့်ပေါ့..။

ကျေးဇူးရှင် အောင်အောင်က နောက်တနေ့မနက်အပြီး လိုချင်တယ်လို့ ပြန်ခါနီး ရာဇသံပေး သွားလေတော့ ကျွန်တော့်မှာ အဲဒီနေ့ညက ညည့်နက်တဲ့အထိ အငှားခံစားချက်နဲ့ မြသွေးအတွက် ရည်းစားစာကို ဖန်တီးနေခဲ့ရတယ်..။ အဖေ တရေးနိုးသေးထပေါက်တော့တောင် ငါ့သားကြီး စာကြိုးစားလှချည်လား လို့ အထင်တကြီး ချီးမွမ်းခန်းဖွင့်သွားတဲ့ အထိပဲ..။

နောက်နေ့မှာတော့ အောင်အောင့်ကို ပြေလည်ရင်ငါ့ကိုမမေ့နဲ့လို့ ပြောရင်း စာကိုပေးလိုက်တယ်..။ ကျေးဇူးရှင်က ချက်ခြင်းဖွင့်ဖတ်တယ်..။ မျော်လင့်ခြင်း ကောက်ရိုးတမျင်ကို ဆုပ်ကိုင်လျက် ဆိုတဲ့ စာသား ကိုတော့ ခိုက်သွားပြီ လို့ ဖတ်ရင်းတန်းလန်း သူပြောတယ်..။

ဒါပေမယ့် စာလည်း ဆုံးသွားရော ကျွန်တော့်ကို ခွေးမသား လို့ ဆဲပြီး လက်သီးနဲ့လိုက်ထိုးတော့တယ်..။ စာအဆုံးမှာ '' မြသွေးက အသားသာညိုတာ ပေါင်ကတော့ဖြူတယ် ဆို.. '' လို့ ကျွန်တော်က နောက်ရေး ရေးလိုက်တာကိုး..။ သူလိုက်ထိုးနေတာကို ရှောင်ရင်းတိမ်းရင်း ဟ.. ခွေးမသားရ.. မင်းမကြိုက်တဲ့ စာသားပြင်ရေးပြီး ပေးပေါ့ လို့ ပြောပြီး ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် ပြိုင်တူရယ်နေခဲ့ကြတယ်..။

အဲဒီနေ့ညနေမှာ မြသွေးကို စာပေးဖို့အရေး မြစ်ဆိပ်မှာ ကျွန်တော်နဲ့အောင်အောင် သွားစောင့်နေခဲ့ကြတယ်။ ကျွန်တော်တို့ ရပ်ကွက်ကမြစ်ကမ်းဘေး ရပ်ကွက်ဆိုတော့ အိမ်တိုင်းသောက်ရေ သုံးရေက မြစ်ရေပဲပေါ့..။ မြသွေးတို့လည်း ညနေဆိုရင် ရေခပ်ဆင်းလေ့ရှိတယ်..။

ကျွန်တော်ရှေ့မှာ ရေးခဲ့သလို.. ရွာမြစ်ဆိပ်က အရမ်းလှတယ်..။ မြစ်ကိုရောက်ဖို့ သဲသောင်ပြင်ကျယ်ကြီးကို တမေ့တမောဖြတ်ရတယ်..။ ညနေစောင်းနေကျချိန်ဆိုရင် အဲဒီသောင်ပြင်ကျယ်ကြီးမှာ ရေခပ်ဆင်းတဲ့ ရွာသူရွာသားတွေနဲ့ အရမ်းစည်တယ်..။

တချို့လည်း ရေတထမ်း တညနေကုန်အောင်ထမ်းတယ်..။ ရေထမ်းလေး ဘေးချပြီး လာသမျ ပျိုပျိုအိုအို ကို ထိုင်ငမ်းပြီး မိုးချုပ်မှ အိမ်ပြန်ကြတာလေ..။ ဘယ်အတန်းမှာသင်ခဲ့ရမှန်း တော့မသိဘူး.. '' ပျိုမေတွေ ရေခပ်ဆင်း၊ ခြင်းခတ်လို့ ချောင်း '' ဆိုတဲ့ ကဗျာလေး ရှိတယ်..။ ကျွန်တော်တို့အတွက်ကတော့ ''ပျိုမေတွေ ရေခပ်ဆင်း၊ ရှုးပေါက်လို့ချောင်း '' လို့ ပြင်ဆိုရလိမ့်မယ်နဲ့တူတယ်..။

ရွာသူ အလှပဂေးလေးတွေရဲ့ ရေအိုးရွက်ကိုယ်ဟန်နေထားကို မျက်စိအစာကျွေးရင်း ရှုးပေါက်ချင်ရင် ထိုင်ရာမထ ပုဆိုးလေး မသိမသာမပြီး ရွာသားတွေ ရှုးပေါက်လေ့ရှိတယ်..။ အောက်ကသဲပြင်ဆိုတော့ ပေါက်သမျ ရှုးရှုးကို သဲကစုပ်သွားရော..။ လမ်းဘေးရှုးပေါက်သလို ဟိုစီးဒီစီး ဘယ်ရှိမလဲ..။ ခြေထောက်နှစ်ချောင်း ရှေ့အသာထုတ် ပုဆိုးနောက်စကို ဖင်အောက်ရောက်အောင်အသာရွေ့ပြီး စကားပြောမပျက် အငမ်းမပျက် အပေါ့အပါးသွားတာကို မလုပ်တဲ့ မတတ်တဲ့ ရွာသားဆိုတာ ဘယ်ရှိမလဲ..။

တခါတလေဆိုရင် ကိုယ်နဲ့ဘေးချင်းယှဉ်ထိုင်နေတဲ့ကောင် ထသွားမှ အောက်ကသေးကွက်ကြည့်ပြီး ဒီကောင် သေးပေါက်သွားတယ် လို့ သိရတဲ့အထိ ပိရိတယ်..။

(ခင်ဗျားတို့လည်း ချောင်းသာတို့ငွေဆောင်တို့မှာ ကြုံရင် စမ်းကြည့်ပေါ့... direction မှား pressure များပြီး ခြေသလုံး သဲတွေပေကုန်ရင်တော့ ခင်ဗျားတို့ ညံ့လို့ပဲ .. ဟားဟား )

ကဲ ရှူးရှူးအကြောင်းတော့ ဂလောက်နဲ့ တော်မှပဲ..။ အောင်အောင့်ရဲ့ အသည်းလေး မြသွေးအကြောင်း ဆက်ဦးမှ..။

မြသွေးကလည်း မျော်သူရှိလို့နဲ့တူတယ်..။ ညနေအတော်စောင်းတဲ့အထိ ပေါ်မလာဘူး..။ အောင်အောင်ကတော့ မြသွေးဆင်းလာမယ့် လမ်းကြားကို ဘုရားတွေရှေ့က ခြင်္သေ့ရုပ်ကြီးလို မျက်နှာပေးနဲ့ တုတ်တုတ်မလှုပ်ဘဲ ကြည့်နေတယ်..။

ကျွန်တော်ကတော့ ရေငုပ်သင်္ဘောမှာ တပ်ထားတဲ့ ပယ်လီစကုတ်က အရှုံးပေးရမလောက် အရပ်ရှစ်မျက်နှာ မေတ္တာတွေဖြန့်နေခဲ့တယ်..။ အဲဒီလိုမျိုး ကျွန်တော်အလုပ်ရှုပ်နေတုံး အောင်အောင်က တံတောင်နဲ့ ကျွန်တော်ကို လှမ်းတွတ်တယ်..။ တဆက်တည်း လာပြီလို့ သူပြောတယ်..။

တကယ်လည်း ရေအိုးကို ခါးစောင်တင် ခေါင်းဖုကို လက်ကကိုင်ရင်း မြသွေးလာနေတာကို တွေ့လိုက်ရတယ်..။ ဒါပေမယ့် သူ့ရဲ့အမအကြီးဆုံး သင်းသင်းဆွေက နောက်ကကပ်ပါလာတယ်..။ ဟေ့ကောင် သူ့အမကြီးပါလာတယ် မင်းတော့ငတ်ပြီ လို့ ကျွန်တော်ပြောတော့ အောင်အောင်က သူတို့ကတစ်ခေါက်ထဲနဲ့ တော်ချင်မှတော်မှာ.. ကံကောင်းရင် နောက်အခေါက်တွေ သူ့အမ ပါချင်မှပါမှာ.. လို့ မျော်လင့်ချက်နဲ့ ပြန်ပြောတယ်..။

တဖြည်းဖြည်းနဲ့ သူတို့ညီအမ ကျွန်တော်တို့ ရှေ့နားရောက်လာတယ်..။ မြသွေးက ကျွန်တော့်ကိုမြင်တော့ ပြုံးပြတယ်..။ သူ့အမကတော့ ခပ်တည်တည်ပဲ..။ အောင်အောင်က မဆီမဆိုင်ကျွန်တော့်လက်ကို ဖျစ်တယ်..။ အမယ် သူကပဲရှက်နိုးနိုးဖြစ်နေသေးတယ်..။

စကားမရှိစကားရှာပြီး မသင်း တို့ ရေခပ်လာတာလားလို့ ကျွန်တော်က မြသွေးအမကို လှမ်းနှုတ်ဆက်လိုက် တယ်..။ ပုံမှန်လေသံနဲ့ အေးလို့ မသင်းက ကျွန်တော့်ကို တချက်ကြည့်ပြီး ပြန်ဖြေတယ်..။ အောင်အောင်ကတော့ ဆေးမိထားတဲ့ တရုတ်သရဲတစ်ကောင်လိုမျိုး ဂဏာန်းမျက်လုံးနဲ့ မြသွေးကို လိုက်ကြည့် နေတယ်..။

ကျွန်တော်တို့ရှေ့ကနေ သူတို့ညီအမဖြတ်လျောက်သွားတာ တကယ်တော့ ခနလေးပါပဲ..။ ဒူးခေါင်းမြုပ်လောက် အထိ ရေထဲဆင်းသွားတဲ့ မြသွေးကို ကြည့်ရင်း ချစ်ဖို့ကောင်းလိုက်တာကွာလို့ အောင်အောင်က မချင့်မရဲ ပြောတယ်..။ အသားတွေတောင် ပိုဖြူလာတယ်ကွ.. မင်းသတိထားမိလားလို့ ကျွန်တော့်ကိုပါ အဖော်ညှိတယ်..။

ကြည့်ရတာ မင်းကောင်မလေး မျက်နှာ လပြွတ်ရိုက်ထားတာနဲ့ တူတယ်လို့ ကျွန်တော်ကပြောတော့ ခွေးကောင် မယုတ်မာနဲ့ လို့ ဆဲရင်း ကျွန်တော့်ကို လှမ်းရိုက်တယ်..။ သူ့လက်ကို ရှောင်ရင်း အပြန်သေချာကြည့် ငါပြောတာ မမှားလောက်ဘူး.. မျက်နှာကြီးပဲဖြူပြီး လည်ပင်းကြီးကမည်းနေတာ လပြွတ်မရိုက်လို့ ဘာလဲ..လို့ ကျွန်တော်ပြောတော့ အောင်အောင်ကရယ်ရင်း ဟေ့ကောင် တော်တော့ လို့ ပြောတယ်..။

လပြွတ်ရိုက်ထားတယ်ဆိုတာနဲ့ ပတ်သက်လို့ ပြောရဦးမယ်..။ ကျွန်တော်တို့ရွာဖက်မှာ သစ်မြစ် တမျိုးရှိတယ်..။ အဲဒီအမြစ်ကို တပတ်လောက်မှန်မှန်သွေးလိမ်းရင် ပထမသုံးရက်လောက်မှာ မျက်နှာတပြင်လုံး အရေခွံတွေလန်ပြီး နောက်ရက်တွေမှာ နုချောသွားလေ့ရှိတယ်..။ ရွာမှာတော့ မိန်းမယောက်ျား တော်တော်များများလိမ်းကြတယ်..။

ကျွန်တော်တောင် တခါတလေ သနပ်ခါးနဲ့သွေးလိမ်းလေ့ရှိတယ်..။ ပူတော့ အတော်ပူတယ်..။ ရွာဖက်မှာတော့ အဲဒီအမြစ်ကို ခွေးလပြွတ်မြစ်လို့ပဲ ခေါ်ကြတယ်..။ အဲဒီအမြစ်လိမ်းထားလို့ မျက်နှာအရေခွံလန်နေတဲ့သူကို လမ်းမှာတွေ့ရင် '' ဟေ့ မင်းမျက်နှာ လပြွှတ်ရိုက်ထားတာလား '' လို့တောင် တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်လေ့ ရှိကြတယ်..။ ( စာပေါ်မှာတော့ ရိုင်းသလိုဖြစ်နေပေမယ့် တကယ့်လက်တွေ့မှာတော့ အားလုံး ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးပြောလေ့ရှိတဲ့ ရွာဓလေ့ တခုပေါ့ )

အသားဘယ်လောက်မဲမဲ အဲဒီအမြစ်ကို စွဲစွဲမြဲမြဲလိမ်းရင် မျက်နှာလေးတော့ ဖြူနုသွားလေ့ရှိတယ်..။ ဒါပေမယ့် လည်ပင်းကြီးကတော့မဲလျက်မဲလျက်ပေါ့..။ အခုလည်း မြသွေးမျက်နှာလေးက ဖြူဖြူနုနုလေး ဖြစ်နေတယ်..။ နဂိုရ်က မြသွေးမှ အဲဒီလောက် အသားမဖြူတာ ကျွန်တော်တို့သိတာပေါ့..။

တော်နေကြာတော့ ရေအိုးကိုယ်စီနဲ့ မြသွေးတို့ညီအမနှစ်ယောက် ကျွန်တော်တို့ရှေ့ရောက်လာပြန်တယ်..။ '' အပြန်.. အပြန်.. အပြန်လားကွဲ့.. အသွားအသွားအသွားပါကွဲ့ '' .. လို့ နောက်သလိုလိုနဲ့ ကျွန်တော် သီချင်းဆိုတော့ မသင်းက ကျွန်တော့်ကို မျက်စောင်းထိုးတယ်..။ မြသွေးကတော့ ခွိကနဲ ရယ်တယ်..။ အောင်အောင်ကတော့ ထုံးစံအတိုင်း ဖြူနုနု မြသွေးမျက်နှာကို မော့တက်တက်နဲ့ ကြည့်နေတယ်..။

အဲဒီနေ့က မိုးသာချုပ်သွားတယ်..။ မြသွေးတို့ ညီအမရေတစ်ခေါက်နဲ့ ရပ်သွားတာမို့ ကျွန်တော်တို့လည်း အောင်ဖျာလိပ်ပြီး ပြန်ခဲ့ကြတော့တယ်..။ ဒါပေမယ့် ကျေးဇူးရှင်က ရေခပ်လမ်းမှာစာပေးမယ့် အစီအစဉ်ကို စွန့်လွှတ်ပြီး ကျွန်တော့်ကို ပေးခိုင်းတော့တယ်..။

မြသွေးကို ပေးပေးဖို့ကို ငါမကြောက်ပေမယ့် သူ့အမ မသင်းကိုတော့ ငါဖြုံတယ်ကွ လို့ ကျွန်တော် ငြင်းတော့ မျက်နှာသေလေးနဲ့ ဒီတစ်သက်မင်းကျေးဇူးမမေ့ပါဘူးကွာ နဲ့ နားပူနားဆာလုပ်တော့တယ်..။ မသင်းကို ဖြုံတယ် ဆိုတာ တကယ်ပြောတာ..။ မသင်းက ကျွန်တော့်အမအကြီးဆုံးနဲ့ ဘော်ဒါ..။ အဲဒီတုံးက ကျွန်တော့်အမက တက္ကသိုလ် ပထမနှစ်ကျောင်းသူ..။ မသင်းနဲ့ အတူတူပေါ့..။

နောက်ရက်မှာ ထုံးစံအတိုင်း မြသွေး ကျွန်တော်တို့အိမ်လာလည်တယ်..။ ထမင်းစားနေရင်း တန်းလန်းမို့ မြသွေးရေ အိမ်ရှေ့က ခနစောင့်လို့ မီးဖိုချောင်ထဲက ကျွန်တော်လှမ်းအော်တယ်..။ ဒါပေမယ့် ဟဲ့ ဘာဟင်းချက်လဲ လို့ ပြောပြောဆိုဆိုနဲ့ မြသွေးက မီးဖိုချောင်ထဲ ၀င်လာတယ်..။

ထုံးစံအတိုင်းပေါ့ ဆီနဲ့ဆား နဲ့ လို့ ဆီပုလင်းမေးငေါ့ရင်း စားအုံးလေ လို့ ကျွန်တော် လောကွတ် လုပ်ရတော့တယ်..။ ခုလေးတင် စားခဲ့တာလို့ ပြောပြီး ကျွန်တော့်ဘေးနား သူဝင်ထိုင်တယ်..။

စားလက်စ ထမင်းပန်းကန်ကို လက်စသတ်ရင်း နင့်ကို အောင်အောင်က စာပေးခိုင်းလိုက်တယ်..။ ဖတ်မယ် မဟုတ်လား လို့ သူ့ကို သွေးတိုးစမ်းသလိုလိုနဲ့ ကျွန်တော်မေးတော့ အယ်.. တကယ်ကြီးလားလို့ သူပြန်မေးတယ်..။ အဟုတ်ပေါ့ဟ.. စာက ငါ့လွယ်အိပ်ထဲမှာ .. ပြီးရင် တခါတည်း ယူသွား .. လို့ လက်ဆေးဇလုံထဲ လက်နှိုက်ရင်း ကျွန်တော်ပြောတော့ .. အင်းမလုပ် အဲမလုပ်နဲ့ မြသွေး မိန်းမတေမိ လုပ်နေတယ်..။

ဒီလောက်ဆိုရင် သဘောပေါက်ပြီ..။ စားသောက်ထားတာတွေကို သိမ်းဆည်းပြီး သူနဲ့ ကျွန်တော် အိမ်ရှေ့ထွက်လာခဲ့ကြတယ်..။ ကျွန်တော့်လွယ်အိပ်ထဲက အောင်အောင့်စာကို ထုတ်ပြီး သူ့ကိုပေးလိုက်တယ်..။ ကျွန်တော့်လက်ထဲကစာကို ဇတ်ကနဲ လှမ်းယူပြီး သူ့အင်္ကျီအိတ်ထဲ ထိုးထည့်လိုက်ရင်း ငါပြန်တော့မယ်ဟာ လို့ မြသွေး ပြောတယ်..။

ဟ.. နင်ကလည်း.. အဲဒီလောက်တောင် ဖတ်ချင်နေပြီလား လို့ ကျွန်တော် စပ်ဖြဲဖြဲနဲ့ ပြောတော့ ကောင်စုတ်လို့ပြောရင်း ရှက်ကိုးရှက်ကန်းနဲ့ ကျွန်တော့်ကို လှမ်းရိုက်တယ်..။

သူ့လက်ကို ငုံ့ရှောင်ရင်း တဟားဟားနဲ့ ကျွန်တော်ရယ်နေခဲ့တယ်..။

နောက်များမတော့ သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်သွားကြတယ်..။ မီးကင်းစောင့် အလှည့်ကျတိုင်း အောင်အောင်တို့ သိပ်ပျော်တာပေါ့..။ တညလုံး မအိပ်တော့ဘူး..။ မြသွေးနဲ့တွေ့ဖို့ပဲချောင်းနေတော့ တယ်..။

No comments: