Wednesday, September 10, 2008

23.4 အဆောင်ပေါ်က နှင်ချခံရသူတို့ အကြောင်း


ကဲ.. အငှားတိုက်ခန်းနေ ဘ၀အကြောင်းလေးတွေ ပြန်ဆက်မယ်..။

ပြောခဲ့သလို တာမွေဖက်က တိုက်ခန်းက ခြောက်လ စာချုပ်ပေမယ့် ငါးလနဲ့ ဆင်းပေးဖို့ ဖြစ်လာခဲ့တယ်..။ အတူနေထဲမှာ မုံရွာက သူငယ်ချင်းတစ်ယောက်ပါတယ်..။ စက်မှုကျောင်း ခြောက်နှစ်လုံးလုံး အခန်းတူ မေဂျာတူ ဆိုတော့ ကျွန်တော်နဲ့ သိပ်ခင်တယ်..။

များများစားစား မရှိလှတဲ့ အခင့်တကာ အခင်ဆုံး တွေထဲက တစ်ယောက်ပေါ့..။ ဘောလုံးကန် ၀ါသနာကလည်း တူတော့ ပိုတွဲဖြစ်ကြတယ်..။ သူကတော့ အခုထက်ထိ လူပျိုကြီးပဲ..။ မလေးရှားမှာ ခြောက်နှစ်လောက် သွားအလုပ်လုပ်ပြီး အခုတော့ မုံရွာမှာပဲ မိဘလက်ငုတ်လက်ရင်း စီးပွားရေး ဦးစီးနေတယ်..။

သူ့ သူငယ်ချင်း တစ်ယောက်ကြောင့်ပဲ ကျွန်တော်တို့ အိမ်ရှင်နဲ့ပြဿနာတက်တယ်..။ ပြဿနာကလည်း ရာဇ၀တ်အိုး တုတ်နဲ့ထိုးတာထက် ဆိုးသေးတယ်..။ သူ့သူငယ်ချင်းက ကျွန်တော်တို့နဲ့ အတူနေတာတော့ မဟုတ်ဘူး..။ တခါတလေ လာလည် တယ်..။

တိုက်ခန်းငှားနေတဲ့ ဘွဲ့ရ အလုပ်လက်မဲ့ လူငယ်တွေ ဆုံမိတော့လည်း ထုံးစံအတိုင်း ဗျစ်ရည်ဆိုင် ဖက် ရောက်ကြတာပေါ့..။ ဗျစ်ရည်ဆိုင်မှာ သောက်စားမူးယစ်ပြီး သကာလ အခန်းပြန်ကြတယ်..။

ကန်ထရိုက်တိုက် ဆိုတော့ လှေကား က ခပ်ကျဉ်းကျဉ်း .. အလင်းရောင်က မှုန်ပြပြ.. အခန်းရောက်ရေး တစ်ယောက်စီ ရှေ့နောက် တန်းစီ တက်ကြရတယ်..။

ရှေ့က တက်တဲ့ကောင်ရဲ့ ဖင်ကို နောက်ကကောင်က တို့ကနိဆိတ်ကနန်း လုပ်တယ်..။ မူးကလည်း မူး မှောင်ကလည်း မှောင်ဆိုတော့ လူလုံး ဘယ်ကွဲမလဲ..။ အဲဒီမှာ လာလည်တဲ့ ငနဲက မူးမူးနဲ့ အိမ်ရှင်အဒေါ်ကြီးရဲ့ ဖင်ကို သွားနှိုက်မိရဲ့သား ဖြစ်ပါရောလား..။

သူငယ်ချင်းတွေ စရင်းပြောင်ရင်း မတော်လို့ နှိုက်မိတာပါ လို့ .. ဘယ်လိုပြောပြော .. လက်မခံဘဲ ကျွန်တော်တို့ အဖွဲ့ကို နှစ်ရက်အတွင်း အပြီးဆင်းလို့ ရာဇသံထုတ်လိုက်တာနဲ့ ထွက်တော်မူလို့ နန်းက ခွါတယ် လုပ်ခဲ့ကြရတယ်..။

အဲဒီကနေ သူငယ်ချင်းတချို့ ကွဲသွားကြတယ်..။ ရတဲ့အချိန်က နှစ်ရက်တစ်ပိုင်းဆိုတော့ လူခံရှိတဲ့ တခြား အဆောင်တွေဆီ ပြောင်းကြရတယ်..။ ကျွန်တော်နဲ့ မုံရွာသားရယ်.. ကလေး ရယ်ကတော့ စမ်းချောင်း မင်းလမ်းထဲက သူငယ်ချင်းတွေ ငှားနေတဲ့ အခန်းမှာ သွားနေကြတယ်..။

အဲဒီအခန်းမှာ ရေဦး ဖက်က ဖိုးထိန်လို့ ခေါ်တဲ့ သူငယ်ချင်းရယ်.. သဲတောဝမ်းတွင်းဖက်က သူဌေးသား ထွန်းလင်း ဆိုတဲ့ကောင်ရယ်.. အခုစင်ကာပူမှာ အဆင်ပြေနေတဲ့ နတ်မောက်သား တစ်ယောက်က ရှိနှင့်ပြီးသား..။

နောက်မကြာခင် သင်္ဘောတက်မယ့် ဘမျိုး ဆိုတဲ့ ရွှေဘိုသားပါ ကျွန်တော်တို့နဲ့ လာပူးပေါင်းတော့ စုစုပေါင်း ခုနှစ်ယောက် ဖြစ်သွားတယ်..။

နတ်မောက်သားကို ကျွန်တော်တို့က နတ်မျောက်လို့ ခေါ်တယ်..။ စိန်မျောက်မျောက်လို့လဲ ခေါ်ကြတယ်..။ စလို့ အင်မတန်ကောင်းတဲ့ ကောင်ပေါ့..။

နိုင်ငံခြားထွက်မယ်ဆိုပြီး ပတ်စ်ပို့လုပ်တော့ ရွှေဘိုသား သူကြီးက နတ်မောက်ကို ဟေ့ကောင် မင်းက ပတ်စ်ပို့ လိုလို့လား..။ မင်းအတွက်က မျောစာပါရင် ရပြီ..။ မျောက်ဆိုတာ သစ်တောထွက်ပစ္စည်း.. မျောစာပဲ လိုတယ်..လို့ အမြဲစတယ်..။

သဲတောဝမ်းတွင်းသား ထွန်းလင်းဆိုတဲ့ကောင်ကတော့ နတ်မောက်ကို '' ဆရာနတ် '' တဲ့..။ သူက အခေါ်အပြောလေးတွေ ညက်တယ်..။ သူငယ်ချင်းတွေထဲမှာ စစ်ကိုင်းသား တစ်ယောက်ရှိသေးတယ်..။ ဂေါ်လီ လို့ တကျောင်းလုံးက ခေါ်ကြတယ်..။ ဂေါ်လီလို့ ခေါ်ရင် စိတ်တအားဆိုးမှန်းသိတော့ ထွန်းလင်းက သူ့ကို '' ကိုဂေါ်'' လို့ ခေါ်တယ်..။

ဂေါ်လီလို့ ခေါ်တာလဲ မဟုတ်..နာမည်ရင်းလဲ မဟုတ်.. ဟိုမရောက်မရောက် ကိုဂေါ် ဆိုတော့ အခေါ်ခံရတဲ့ သူက စိတ်ဆိုးရအခက် ငြိမ်နေရအခက်ပေါ့..။

ဂေါ်လီက အီးပီက..။ ထွန်းလင်းက ကျွန်တော်နဲ့ မေဂျာတူ တယ်..။ အီးစီ ပေါ့..။ မန္တလေးက နေ ရန်ကုန် နှစ်နှစ်လာတက်ရတဲ့ သူတွေပဲ..။ ရန်ကုန် မိန်းဘလောက်ထဲက အဆောင်မှာ နေကြရတယ်..။ ကျွန်တော်တို့နေတဲ့ ယောက်ျာလေး ဆောင်နားမှာ အလေးမ ရုံ ရှိတယ်..။

ဂေါ်လီက ၀ိတ်တာ..။ ညနေဆို အမြဲ အလေးမ တယ်..။ ဘော်ဒီကလည်း အတော်ထွားတယ်..။ ထွန်းလင်းက ဂေါ်လီရဲ့ လက်မောင်းကို ကိုင်ကြည့်ပြီး ကိုဂေါ် လက်မောင်းကြွက်သားတွေက လှလိုက်တာဗျာ လို့ လောကွတ်ချော်တယ်..။

ဂေါ်လီက အတည်ပြောတယ်ထင်ပြီး ကိုထွန်းလင်း ၀ိတ်မတာကို ၀ါသနာပါလား လို့ ပြန်မေးတယ်..။ ထွန်းလင်းကလည်း အလိုက်သင့် '' ဟာ..သိပ်ဝါသနာပါတာပေါ့ ''လို့ ပြန်ပြောတယ်..။ အဲဒါဆို မနက်စော ကျွန်တော်လာနှိုးမယ်.. ခင်ဗျား ကို ကျွန်တော်သေချာသင်ပေးမယ် လို့ ဂေါ်လီ ကပြောတယ်..။

ထွန်းလင်းလဲ ပြီးပြီးရော.. အိုကေ လေ.. လုပ်စမ်းပါဗျာ.. ခင်ဗျား ကျေးဇူးမမေ့ပါဘူး နဲ့ဆက်ဖောတယ်..။ စိတ်ထဲမှာတော့ နောက်နေ့မနက် တကယ်မလာလောက်ဘူး ထင်နေတာပေါ့..။ ဒါပေမယ့် မနက် ငါးနာရီလောက် ဂေါ်လီက တကယ် လာနှိုးတယ်..။

ပထမတစ်ရက်တော့ စကားက ကျွံထားပြီမို့ ထွန်းလင်း အိပ်ချင်မူးတူးနဲ့ လိုက်သွားရတယ်..။ ၀ိတ်ရုံ ရောက်တော့ ဂေါ်လီက ထွန်းလင်းကို ကောင်းကောင်း မောင်းတာပေါ့..။ ထွန်းလင်းခမျာ အလေ့အကျင့်က မရှိတော့ အဆောင်ကို လေးဘက်မထောက်ရုံတမယ် ပြန်လာခဲ့ရတယ်..။

တစ်ရက်ကနေ နှစ်ရက် သုံးရက်မှာ.. ထွန်းလင်း ဒဏ်မခံနိုင်တော့ဘူး..။ နောက်ရက်တွေမှာ.. ဂေါ်လီ လာနှိုးမှာကြောက်ပြီး သူများအခန်း သွားသွားအိပ်ရတော့တယ်..။

ထွန်းလင်းက အဲဒီလိုလူမျိုး..။ သူငယ်ချင်းတစ်ယောက်က ကိုထွန်းလင်း အရက်သွားသောက်ရအောင် ဆိုရင်လဲ.. သွားလေ ပဲ..။ ဆော် ဆီ သွားမလို့ အဖော်လိုက်ခဲ့စမ်းပါ ဆိုရင်လဲ ထွန်းလင်း နောက်က ပါပြီးသား..။

အခုသင်္ဘောသားဖြစ်နေတဲ့ ဘမျိုးကျတော့ တမျိုး..။ လူက ပိန်ပိန်သေးသေး အသားဖြူဖြူ..။ ပိန်တာမှ လွန်ရောကျွံရော ရှိ ပေါင် တစ်ရာပဲ..။ စိတ်ရင်းအင်မတန်ကောင်းတယ်..။ သွားလေးတော့ နည်းနည်းခေါတယ်..။

သူသွားခေါတာကို ရွှေဘိုသား သူကြီးက အမြဲစတယ်..။ သူကြီးက ကျွန်တော်တို့အဖွဲ့ထဲမှာ အစအနောက် အသန်ဆုံးကောင်..။ စကားပြောလဲ အင်မတန်ကောင်းတယ်..။ တစ်ရက် ရုပ်တည်ကြီးနဲ့ ''မင်းတို့ကောင် တွေနော်.. လျှို့ဝှက်အပ်တဲ့ ကိစ္စဆို ဘမျိုး သွားမပြောနဲ့ .. '' လို့ ပြောလာတယ်..။

ရုပ်တည်နဲ့ ဆိုတော့ ကျန်တဲ့ သူငယ်ချင်းတွေလဲ.. ဘာလို့များ အဲသလို ပြောတာလဲ.. သူများ ခံထားရတာ ရှိလို့လား ဆိုပြီး ဇဝေဇ၀ါနဲ့ သူကြီးကို ပြန်မေးကြတယ်..။

သူကြီး က '' လျှို့ဝှက်အပ်တဲ့ ကိစ္စ ဘမျိုးကို မပြောနဲ့ .. ဘမျိုးက နှုတ်မလုံဘူး '' လို့ ပြန်ပြောတော့မှ အားလုံးက သဘောပေါက်တော့တယ်..။

သွားခေါနေတာကို နှုတ်မလုံဘူး လို့ သူမို့ ကြံကြံဖန်ဖန် ပြောတတ်တယ်..။

ဘမျိုးက မိန်းမရတော့ ကံကောင်းတယ်..။ ရည်ရည်မွန်မွန် ချောတောမောတော ကောင်မလေးတစ်ယောက်နဲ့ ညားပြီး အခုတော့ သမီးလေး တစ်ယောက် တောင် ရနေပါပြီ..။ လွယ်လွယ်နဲ့ ရလိုက်တာတော့ မဟုတ်ပါဘူး..။

အရက်အင်မတန်ကြိုက်တဲ့ ဘမျိုးခမျာ.. အရက်ကို ရာသက်ပန် ဖြတ်ပါ့မယ် ဆိုတဲ့ ကတိနဲ့ ယူလိုက်ရတာ..။ ကောင်မလေးနဲ့ စေ့စပ်ပွဲမှာ ကျွန်တော်တို့ကို အရက်တစ်ဝိုင်းနဲ့သူ ဧည့်ခံတယ်..။ သူ့ကို ကျွန်တော်တို့က အရက်တစ်ခွက်ငှဲ့ပြီး ၀ိုင်းတိုက်တော့ သူပေးလိုက်ရတဲ့ ကတိကို မျက်နှာငယ်နဲ့ ပြောရှာတယ်..။

ကျွန်တော်တို့ကတော့ '' ဘမျိုး.. ဘာမှ မပူနဲ့ .. အရက်ကို ဂလူးကို့စ် ပုလင်းထဲ ထည့်ပြီး လူနာ စလိုင်းသွင်းသလိုမျိုး သွင်းပေါ့ .. ကတိဖျက်ရာမရောက်ဘဲ မူးတဲ့ နည်း ကွ '' လို့ ဟာသလုပ်ကြတယ်..။

တစ်ယောက်ကတော့ အရက်ကို ပလတ်စတစ်အိပ်ထဲ ထည့်ပြီး ရေခဲချောင်းလို ခဲအောင်လုပ်ပြီးမှ ကိုက်စား ပေါ့.. သောက်တာမဟုတ်ရင် ရတယ်မဟုတ်လားလို့ ၀င်ပြောသေးတယ်..။

ဘမျိုးကတော့ သိပ်ဖြီးစရာမလိုပေမယ့် စပ်ဖြီးဖြီး လုပ်နေတယ်..။

အခုတော့ ပြန်သောက်နေပါပြီ..။ လွန်ခဲ့တဲ့ လထဲက သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာဆောင်မှာ ကတိတောင်းခဲ့တဲ့ သူ့မိန်းမ ကိုယ်တိုင် မနိုင့်တနိုင် တွဲပြီး ပြန်သွားကြလေရဲ့..။

( စာကြွင်း..။ မိန်းမတွေ ကတိတောင်းလိုကတော့ ပေးသာပေးလိုက်.. နောက်မှ လုပ်ချင်ရာလုပ်ကြ .. ဘာမှ မဖြစ်ဘူး.. လို့.. ဘမျိုးက ပြောကြောင်းပါ )

သူငယ်ချင်း ခုနှစ်ယောက် အတူနေကြတာဆိုတော့ ပျော်စရာလေးတွေ ရှိသလို မောစရာလေးတွေကလဲ မနည်းပြန်ဘူး..။ အသောက်အစားကလည်း မကင်းကြတာမို့ မကြာခန ပဋိပက္ခ ဖြစ်ကြရတယ်..။ ထွန်းလင်းက အိမ်ရှင်သဘောမျိုး ဖြစ်နေတော့ ပဋိပက္ခအားလုံးက သူ့ကို ဦးတည်လေ့ရှိတယ်..။

ဖိုးထိန်လို့ ခေါ်တဲ့ ရေဦးသားက စိတ်ရင်းမဆိုးလှပေမယ့် မူးရင် သွေးနည်းနည်းဆိုးတယ်..။ နောက်မှ ရောက်လာတဲ့ ကျွန်တော်တို့ကိုလည်း သိပ်ကြည်ဟန်မတူဘူး..။ သူ့အပေါင်းအရောင်း တချို့လည်း အခန်းကို မကြာမကြာလာလေ့ရှိတယ်..။

တကျောင်းထဲ အတူတက်ခဲ့ကြတယ်ဆိုပေမယ့် အတွင်းသိအစင်းသိ လောက်အထိ မပေါင်းခဲ့သူတွေ.. တခန်းထဲ အတူနေကြရတော့ အဆင်မပြေတာလေးတွေ က ဟိုတစ်စဒီတစ်စ ပေါ်လာတယ်..။ အထူးသဖြင့်တော့ နတ်မောက်သားကို ဖိုးထိန်က မူးတိုင်း ရန်ရှာတာပဲ..။

တခါတခါ အသားလွတ်ထိုးတဲ့ ကြိတ်တဲ့ အထိ ဖြစ်တယ်..။ နတ်မောက်သားကတော့ အံ့သြလောက်အောင် သည်းခံတယ်..။ ဒါပေမယ့် သိပ်တရားလွန်လာတယ်..။ ကာယကံရှင်က သည်းခံနိုင်ပေမယ့် ဘေးက ကျွန်တော်တို့က မနေနိုင်တော့ဘူး..။ မဖြစ်သင့်တဲ့ အကြောင်း ပြောရင်း ၀င်တားတော့ တားတဲ့သူတွေဆီ မြှားဦးက လှည့်လာတော့တယ်..။

အဲဒီနေ့ညက ဓါးတစ်လက် လက်ထဲမှာကိုင်ပြီး ဖိုးထိန်က အခန်းရှိလူကုန်ကို တစ်ယောက်ချင်း စိန်ခေါ်တယ်။ နောက်ဆုံးတော့ ထွန်းလင်းက''ဟေ့ကောင်ဖိုးထိန် မင်းနဲ့ငါနဲ့ ချမလား '' လို့ ပြောပြီး အတင်းဝင်လုံးတော့တာပဲ..။

တရပ်ကွက်လုံး သိတဲ့ အထိ ရန်ပွဲက ၀ုန်းဒိုင်းကြဲ အုတ်အော်သောင်းနင်း ပဲ..။ နောက်ရက်ကျတော့လည်း မူးလို့ ဖြစ်ကြတာပဲ ဆိုတာမျိုး ဖော့တွေးပြီး သူငယ်ချင်းတွေ အခင်အမင်မပျက် ဆက်နေကြတယ်..။ ဒါပေမယ့် ဖိုးထိန်ကတော့ အကျင့်သိပ်မပျောက်ချင်ဘူး..။

မူးလာတိုင်း အခန်းကြမ်းပြင်ကို တဒုန်းဒုန်းနဲ့ ခုန်တယ်..။ အောက်ထပ်ကို မကျေနပ်လို့ .. လို့ အကြောင်းပြတယ်..။ ဘာကြောင့်မကျေနပ်တာလဲ ဆိုတာကိုတော့ ကျွန်တော်တို့ သေချာမသိပေမယ့် အတော်မျက်နှာပူခဲ့ရတယ်..။

4 comments:

Unknown said...

ဖိုးထိန်လိုသူငယ်ချင်းမျိုးကတော့ဗျာ..
ဘယ်ကောင်းမလည်း..မူးရင်သွေးဆိုးတဲ့ သူတွေနဲ့ ကျွန်တော်ဆိုမပေါင်းဖြစ်ဘူးဗျာ

tin min htet said...

သိတဲ့သူ တယောက်ယောက် ပါမလားဆိုပြီး ဖတ်နေတာ။ ဝမ်းတွင်းက ထွန်းလင်းတော့သိသား။ အပြောညက်တာလဲ အမှန်ပဲ။ ကျွန်တော်နဲ့ အလုပ်အတူတူ လုပ်ဖူးလိုက်သေးတယ်။ ၉၈ လောက်က။

tin min htet said...
This comment has been removed by the author.
tin min htet said...
This comment has been removed by the author.