Wednesday, September 10, 2008

23.1ဘွဲ့ရအလုပ်လက်မဲ့ ကျွန်တော်တို့ရဲ.ဘ၀များ


ဘရာဇီးက ဆင်းရဲသားတွေရဲ့ ထွက်ပေါက်က ဘောလုံးပဲ တဲ့..။ ငယ်စဉ်ဘ၀က ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ.. ဘောလုံးကန်တာ တော်ရင်.. ချမ်းသာဖို့က မြေကြီးလက်ခတ်မလွဲ ကိုး..။

သူတို့နိုင်ငံမှာ ပညာရေးက လူတွေရဲ့ ထွက်ပေါက် မဟုတ်နေဘူး..။

ကျွန်တော်လည်း တခါတခါ ပြန်တွေးမိတယ်..။ အသက်ငါးနှစ်မှာ ကျောင်းစနေတယ်..။ ကြက်ချေးတန်းပေါ့..။ ဘာရယ်ညာရယ်မဟုတ်.. ကျောင်းနေရမယ့်အရွယ်.. မိဘတွေကလည်း ကျောင်းထားတယ်.. အဲဒါကြောင့် ကျောင်းဆိုတာကြီး ရောက်လာခဲ့တယ်..။

ဝလုံးလေးတွေရေး.. ဆော့ချိန်တန်ဆော့.. စားချိန်တန်စား.. အိပ်ချိန်တန်အိပ် ပေါ့..။ “သားသားကြီးရင် ဘာလုပ်မယ်.. မေမေမေးရင်ကွယ်.. နွားရုပ်ကလေး သနားတယ်.. လယ်ထွန်စက်နဲ့ ထွန်ယက်မယ် ”. အင်ဂျင်နီယာကြီးလုပ်မယ်.. ဆရာဝန်ကြီးလုပ်မယ်.. လို့ တကြော်ကြော်အော်ဟစ်ရင်း.. မူလတန်းကနေ အလယ်တန်း..နောက် အထက်တန်း ရောက်လာခဲ့ကြတယ်..။

အဲဒီလိုနဲ့ပဲ ကိုယ်ဘာလိုချင်နေသလဲ ဆိုတာကိုတောင် သေသေချာချာ မသိဘဲ.. ခေတ်စနစ်အလိုက် .. ထွက်ပေါက်တစ်ခုလို့ လူပြောများတဲ့ အင်ဂျင်နီယာဘွဲ့တစ်ခု ၁၉၉၆ မှာ ရတယ်..။

ဘွဲ့ရပြီးတော့လည်း ကျွန်တော့်ခမျာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ..။

မျောက်အုံးသီးရတာကမှ ကျွန်တော့်ထက် သာအုံးမယ် ဆိုတာမျိုးပဲ..။

ကိုယ့်အနာဂါတ်ကို ထိန်းကျောင်းမောင်းနှင်ဖို့ ကိုယ့်ဦးနှောက်ထဲမှာ လုံလောက်တဲ့ ဒေတာအခြေအလက် ဗဟုသုတကလည်း နည်းလွန်းနေတော့ ဟိုယောင်ယောင်ဒီယောင်ယောင် ယောင်ခြောက်ဆယ်ပေါ့..။

ဘေးဘယ်ညာက ကိုယ့်လိုပဲ ဘွဲ့အတူ သူငယ်ချင်းများကတော့ စင်ကာပူထွက်မယ်..။ မလေးထွက်မယ်..။ အင်္ဂလန်သွားမယ်..။ ယူအက်စ်မှာ ဆွေမျိုးတွေရှိတယ်..။ အစိုးရအလုပ်ဝင်လုပ်မယ်..။ ကုမ္ပဏီဝန်ထမ်းက ပိုပြီးတက်လမ်းရှိတယ်..။ စသဖြင့်.. စသဖြင့်.. တစ်ယောက်တစ်ပေါက် အော်ဟစ်လှုပ်ရှားနေကြပေမယ့်.. ကျွန်တော်ကတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိ ဖြစ်နေခဲ့ရတယ်..။

သူငယ်ချင်းတချို့က အေးဂျင့်နဲ့ ချိတ်ဆက်ပြီး မလေးစင်ကာပူ အလုပ်ရရေး ကြိုးစားနေတာကို ၀င်ပါဖို့ အားထုတ်ခဲ့ပေမယ့် အေးဂျင့် ဖီး.. ခြောက်သောင်း တသိန်း ဆိုတဲ့ တောင်အောက်မှာ ကျွန်တော်ပိပြားကျန်ခဲ့ရတယ်..။

ဝင်ငွေမရှိရတဲ့ ကြားထဲ အဆောင်ငှားနေရတဲ့ စားရိတ်စက ကလည်း တမှောင့်..။ သူများတွေလို အိမ်ပြန် ငွေမှာဖို့ကလည်း ကျောက်ခဲရေညှစ်တာကမှ ထွက်အုံးမယ်ဆိုတာမျိုး ပဲ..။

အလုပ်မရခင်စပ်ကြား သူငယ်ချင်းများ ရန်ကုန်ရွှေမြို့တော်ကြီးမှာ တိုက်ခန်းငှားနေခဲ့စဉ် ကြုံရဆုံရပုံ လေးများကို အရင် ပြောအုံးမယ်..။

ပထမဦးဆုံး ငှားနေဖြစ်တာက တာမွှေ မလွှကုန်း လမ်းထဲက ကန်ထရိုက်တိုက် တစ်ခုရဲ့ ခြောက်လွှာမှာ..။ တစ်လ ၉၅၀၀ ကျပ်နှုန်းနဲ့ ခြောက်လ စာချုပ်တယ်..။ သူငယ်ချင်း ငါးယောက်စုပေါင်းနေတယ်..။ တစ်ယောက် တစ်သောင်းကျော်လောက် ကျတာပေါ့..။

အခု စင်ကာပူမှာ အိမ်ထောင်ကျနေတဲ့ သူငယ်ချင်း ကောင်မလေးတစ်ယောက်ဆီက ကျွန်တော် ပိုက်ဆံတစ်သောင်း ချေးရတယ်..။

အခန်းစာချုပ်တဲ့နေ့မှာပဲ ငွေကြေပေးရတာမို့ ချေးရလာတဲ့ ပိုက်ဆံကို လက်ပူအောင်တောင် မကိုင်လိုက်ရပါဘူး..။ အိမ်ရှင်လက်ထဲ ထည့်လိုက်ရတယ်..။

ဘွဲ့ရ အလုပ်လက်မဲ့.. ၀င်ငွေမရှိသူငယ်ချင်းများ စုပေါင်းနေကြတာဆိုတော့ ထမင်းဟင်းကို ချက်စားကြပြန်တယ်..။ ပျော်စရာတော့ အကောင်းသား..။ မနက်လင်း မလွှ့ကုန်းဘူတာ သံလမ်းဘေးနားက ဈေးကို သွား..။ ဟင်းသီးဟင်းရွက် အသားပေး ၀ယ်ခြမ်းပြီး အခန်းမှာ ချက်ကြပြုတ်ကြပေါ့..။

မနက်စာ စားသောက်ပြီးရင် အလုပ်ရှာ အသီးသီးအသသ အလျှိုအလျှို ထွက်ကြတယ်..။ ညနေ မိုးချုပ်တော့ အခန်းမှာ ပြန်ဆုံရင်း အတွေ့အကြုံလေးတွေ ဖောက်သည်ချကြရင်း ယမကာလေး မှီဝဲ.. ဂစ်တာလေးတီးပြီး ကျောင်းသားအရှိန် မသေချင် ကြပြန်ဘူး..။

No comments: