Tuesday, September 2, 2008

21.6 နွေးထွေးမှုများနဲ့အတူ

နောက်ရက်တွေမှာလည်း ထုံးစံအတိုင်းပေါ့..။ Galaxyပဲ ကျွန်တော်တို့ သွားကြတယ်..။ မျိုးမျိုး နဲ့လည်း ထပ်မတွေ့ဖြစ်တော့ မေ့သလိုတောင် ဖြစ်နေတုံး တစ်ည ဘီယာတစ်ခွက် လက်ကကိုင်ရင်း အကိုဆိုပြီး ကျွန်တော့်ကို သူလာနှုတ်ဆက်တယ်..။

ဟေး ..ဘယ်လိုလဲ အခြေအနေကောင်းရဲ့လား.. ဒီညတော့ ဆယ့်တစ်နာရီမထိုးခင်ပြန်နော်.. လို့ ကျွန်တော် အရွှန်းဖောက်တော့ .. အဲဒီအကောင်တွေ ကျက်သရေကိုတုံးတယ် မေတ္တာမဲ့တယ်လို့ ပြောရင်း ကျွန်တော့် ဘေးနား ၀င်ထိုင်တယ်..။

နောက်.. သူ့လက်ထဲက ဘီယာခွက်ကို ရော့ ဆိုပြီး ထိုးပေးတယ်..။ ဟဲ့ ငါက ၀ီစကီသောက်နေတာ .. နင့်ဖာသာသောက်လေ လို့ ပြန်ပြောတော့ .. အကိုသောက်ဖို့ ၀ယ်လာတာ.. ကျေးဇူးဆပ်တယ်လို့ သဘော ထားပေါ့ .. နဲ့ အတင်းထိုးပေးနေလို့ ယူလိုက်ရတယ်..။

နင်ပြောတော့ Galaxy က ဈေးကြီးလို့ မလာဘူးဆို.. အခုဘာလို့ လာတာလဲ.. ဆိုတဲ့ ကျွန်တော့်အမေး ကို '' အကို့ကို လွမ်းလို့ '' တဲ့.. မချိုမချဉ်မျက်နှာပေး နဲ့ သူပြန်ပြောတယ်..။ ပြီးမှ.. အလကား နောက်တာပါ အကိုရာ ဒီနေ့ Fridayလေ.. အလကား ၀င်ရတယ် ..ဒါကြောင့် လာတာ လို့ သူဆက်ပြောတယ်..။

အဲဒီမှ.. သတိရတော့တယ်..။ အပတ်စဉ် သောကြာနေ့ကို Lady free night လို့ ခေါ်တယ်..။ အမျိုးသမီးတွေ အဲဒီရက်မှာ ၀င်ကြေးပေးစရာ မလို..။ သကောင့်သားတွေပဲ ၀င်ကြေးပေးရတယ်..။ စနေ တနင်္ဂနွေက အလုပ်ပိတ်ရက်တွေမို့ သောကြာနေ့ညဆို ကျန်တဲ့ညတွေထက် လူပိုစည်တတ်တယ်..။ မိန်းမတွေ အဲဒီညဆို တအားလာတာကြောင့်လည်း ပါတာပေါ့လေ..။

( ကြက်ပျံ မကျ ဆိုတာ အဲဒီလိုညမျိုး ကို ခေါ်တယ်နဲ့တူတယ်..။ ကြက်တွေ ပျံသွားသည့်တိုင် ဒစ်စကိုရဲ့ စည်ကားမှုက လျော့ကျမသွား ပဲဟာကို ဗျနှော )

နှစ်ယောက်သား အတူထိုင်နေရင်း ခနကြာတော့ သွားကရအောင် အကိုရာ လို့ ပြောလာတာနဲ့ ကျွန်တော်တို့ နှစ်ယောက် ဒီဂျေရဲ့ တီးလုံးနဲ့ အတူ ၀င်ကကြတယ်..။ ကိုယ်နဲ့ ရင်းနှီးနေတဲ့ သူငယ်ချင်းနဲ့ တွဲကနေရသလို တောင် ကျွန်တော်ခံစားမိတယ်..။ ကရင်းတန်းလန်း စိတ်ထဲမှာ ပျော်လာတယ်..။

ကနေတာကို ရုတ်တရက် ကျွန်တော်ရပ်ပစ်လိုက်တယ်..။ လက်နှစ်ဖက်ကို ပူးပြီးညာဖက်ပေါင်နားကပ် လိုက်တယ်..။ ခါးကို ကိုင်းလိုက်ပြီး လက်နှစ်ဖက်ကို အောက်တွန်းလိုက် ပြန်ပင့်လိုက်.. သုံးလေးခါလောက် လုပ်လိုက်တယ်..။

မျိုးမျိုးက တခစ်ခစ်နဲ့ ရယ်ရင်း အကိုအဲဒါ ဘာအက လဲ လို့ မေးတယ်..။ မိုက်ကယ် ဂျက်ဆင် .. သူ့စက်ဘီးကို လေထိုး နေတာ .. လို့ ကျွန်တော်ပြန်ပြောလိုက်တယ်..။ အဲဒီနောက်.. တရုတ်သရဲတွေလို လက်နှစ်ဖက် ရှေ့ဆန့်ပြီး ခုန်ဆွခုန်ဆွ နဲ့ သူ့ဆီ ကျွန်တော်သွားတယ်..။

အကိုက အရမ်းရယ်ရတာပဲ လို့ ပြောရင်း တရုတ်သရဲ ကို သူ ဆီးဖက်တယ်..။ သူမကို ဖက်ထားရင်း ညည်းတရုတ်သရဲ မကြောက်ဘူးလား လို့ မေးမိတယ်..။ မကြောက်ပေါင်.. လို့ မျက်လုံးဒေါင့်ကပ်ပြီး သူမပြန်ဖြေတယ်..။

'' အေး .. အဲဒါဆို ဒီနေ့ည ငါမပြန်တော့ဘူး ''

ကရတာ မောလာတော့ ထိုင်လက်စ ခုံမှာ ပြန်ထိုင်ကြတယ်..။ သူငယ်ချင်းတွေက ကပ္ပတိန် ဒီနေ့ည သည သလား လို့ ပြုံးစိစိနဲ့ လှမ်းမေးကြတယ်..။ မျိုးမျိုးကို လှည့်ကြည့်ပြီး.. ဘယ်လိုလဲ လို့ ပုခုံးနှစ်ဖက်တွန့်ပြပြီး အမူအရာနဲ့ မေးလိုက်တယ်..။

အကို့သဘော သွားလေ လို့ လှစ်ကနဲ တစ်ချက်ပြုံးပြီး သူမပြန်ဖြေတယ်..။ ပုံမှန်ဆိုရင်တော့ ဈေးစကား ကြေးစကား ပြောဖို့ပဲ..။ ဒါပေမယ့် သူ့ကို ဘယ်လောက်ပေးရမလဲ လို့ ပြောမထွက်ဘူး..။ ပေါက်ဈေးတော့ သိပြီးသားပေါ့..။ အက်ဖ်အီးစီ လေးဆယ်လောက် ရှိတယ်..။

အဲဒါဆိုလည်း သွားကြမယ်လေ.. လို့ပြောပြီး ကျွန်တော်တို့နှစ်ယောက် ထထွက်တယ်..။ အကို့ နေရာရှိလား..။ ညီမတို့ သွားနေကျ ဟိုတယ် သွားမလား လို့ သူမက ထိုင်ခုံက ထရင်း မေးတယ်..။ ဘယ်ဟိုတယ်လဲ လို့ ကျွန်တော်ပြန်မေးတော့ ဟယ်ပင်က ဆမ်းမား ဟိုတယ်လို့ သူပြန်ဖြေတယ်..။

မသွားချင်ပါဘူး.. ငါတို့ သွားနေကျဟိုတယ် ရှိတယ်..။ လိုက်မှာသာ လိုက်ခဲ့ပါ.. ဆိုပြီး ရှေ့ကနေ ကျွန်တော်ထွက်ခဲ့တယ်..။ သူငယ်ချင်းတွေက ဟေး.. ငါတို့လည်း လိုက်မယ်ဆိုပြီး.. ဆိုင်ရာ ဆိုင်ရာလေး တွေကို လက်စွဲပြီး နောက်က တပြုံကြီး လိုက်လာကြတယ်..။

ကားကို သိမ်ကြီးဈေးကနေ မောင်းထွက်လာတာ.. တဖြည်းဖြည်းနဲ့ ရှစ်မိုင်လမ်းဆုံနား ရောက်လာခဲ့တယ်..။ ဟင်.. အကိုတို့က ပဲခူးသွားအိပ်ကြမှာလားလို့ သူမက စပ်စုတဲ့ လေသံနဲ့ မေးတယ်..။ ရောက်တော့ သိလိမ့်မပေါ့ လို့ ပြန်ဖြေရင်း တဖြည်းဖြည်းနဲ့ ကားက စော်ဘွားကြီးကုန်း ကို ကျော်လာခဲ့တယ်..။

အံ့သြပါရဲ့ မြို့ထဲနီးနီးနားနား မှာ ပေါလိုက်တဲ့ ဟိုတယ်တွေ.. သူတို့မို့ ဒီဖက်လာတယ်.. ကျမတို့ကို ကားတင်ပြေးလာတာတော့ မဟုတ်ပါဘူးနော် .. လို့ .. တစ်ယောက်က ရယ်ရယ်မောမော နဲ့ ထပြောတယ်..။

ဟုတ်တယ် နင်တို့ကို ခိုးပြေးလာတာဟေ့ လို့ ပြန်ပြောနေရင်းနဲ့ပဲ ကားက YCDC ဂေါက်ကွင်းရှေ့က Golden Hill ဆိုတဲ့ ဟိုတယ်ကို ရောက်လာတော့တယ်..။ အဲဒီ ဟိုတယ်က ဖွင့်ခါစ.. ကျွန်တော်တို့ သွားနေကျ..။

သိုင်းဝတ္ထုတွေထဲမှာတော့ စာရေးဆရာက အသေးစိတ်မရေးချင်ရင်ပဲဖြစ်ဖြစ် ဘယ်လိုရေးရမှန်း မသိတော့ ရင်ပဲဖြစ်ဖြစ် '' ဖုန်း.. အင့်.. ခွပ်.. အား.. စွပ် .. မည်သို့ လုပ်လိုက်သည်မသိ.. လေထဲတွင် သုံးလေးခါ ချဖြစ်ကြသည်.. တိုက်ပွဲ၏အခြေအနေအသေးစိတ်အား .. စာဖြင့် ဖော်ပြရန် မစွမ်းသာ '' စသဖြင့် ရေးလေ့ရှိပါတယ်..။

အခုလည်း အဲဒီလိုမျိုး လို့ ပြောရမှာပဲ.. ကွယ်.. အဲငှယ်..။ ( ကိုယ်ဖော့ပညာမတတ် တော့ လေထဲတော့ မရောက်ကြဘူးပေါ့ )

သို့သော် ကျွန်တော်တို့နှစ်ယောက်စလုံး နားလည်လိုက်တာကတော့ အလုပ်သဘောထက် ပိုတဲ့ နွေးထွေးမှု တချို့ ကျွန်တော်တို့ ကြားထဲမှာ ရှိနေခဲ့တယ် ဆိုတာပါပဲ..။ နောက်များမတော့ စွပ်ကယ်စွပ်ကယ် တွေ့ဖြစ်ကြတယ်..။

No comments: