Wednesday, September 10, 2008

23.2 အချုပ်ထဲကဖြစ်ရပ်မှန် ငိုအားထက် ရယ်အားသန်


တက္ကသိုလ်အဆောင်မှာလိုမျိုး မဟုတ်တော့ ညည့်နက်သန်းခေါင် ဂစ်တာတီးတာ ပြဿနာတက်တော့တယ်..။ ကျွန်တော်တို့ရဲ့ ဂီတကို နားလည်မပေးနိုင်တဲ့ လူရိုင်းသူရိုင်းတွေက ရပ်ကွက်ရုံးကို သွားတိုင်တယ်..။

ဂစ်တာတီးတာကို တားဖို့ ရပ်ကွက်လူကြီးတွေနဲ့ ရဲတချို့ ကျွန်တော်တို့အခန်းရောက်လာတယ်..။ ဖြစ်ချင်တော့ ၀ရံတာမှာ ဂစ်တာတီးနေတာက နှစ်ယောက်ထဲ..။ ကျန်တဲ့သူငယ်ချင်းတွေက အခန်းထဲမှာ ဖဲရိုက်နေကြတာ..။

ရဲတွေဝင်လာတာ တွေ့တော့ ဂစ်တာတီးနေတဲ့ သူငယ်ချင်းက မျက်စိမျက်နှာပျက်ပြီး လှမ်းအော်တယ်..။ ''ဟေ့ အထဲကကောင်တွေ ရဲတွေလာပြီ '' လို့..။ အထဲမှာ ဖဲရိုက်နေတဲ့ ကျွန်တော်တို့က နောက်နေတယ်ထင်ပြီး '' အတော်ပဲ တအိမ်လိုနေလို့ ပုလိပ်စုတ်တွေ လွှတ်လိုက်စမ်း '' လို့ ပြန်အော်တယ်..။

နောက်မှ တကယ့်ရဲတွေဖြစ်နေမှန်းသိရတယ်..။ အခန်းရှိလူကုန် အဖမ်းခံရတော့တယ်..။ အမြည်းသွားဝယ်နေတဲ့ ကောင်တစ်ကောင်ပဲ ကံကောင်းပြီး လွတ်တယ်..။ လာဖမ်းတာက ဂစ်တာတီးတာကို တိုင်လို့..။ မိသွားတာက ဖဲဝိုင်း..။

ရှာဖွေပုံစံနဲ့ သက်သေခံပစ္စည်းဘာညာသိမ်းပြီး ကျွန်တော်တို့ဖဲသမား လေးယောက်ကို ရဲစခန်းခေါ်သွားတယ်..။ စက်မှုတက္ကသိုလ်ကျောင်းသားတွေ ဘာညာနဲ့ပြောလို့ လက်ထိပ်တော့ အခတ်မခံရပါဘူး..။

ကျွန်တော်တို့လေးယောက်ကို ရဲတွေကခေါ်ထုတ်လာတော့ ဂစ်တာတီးနေတဲ့ နှစ်ယောက်က..သူငယ်ချင်းတို့ ဘာမှမပူနဲ့ ငါတို့ မနက်ဖန်မနက်လာတွေ့မယ်လို့ အားပေးတယ်..။ သူတို့အဲသလိုမျိုး အားပေးတာကို သတိပြုမိသွားတဲ့ ရဲက မင်းတို့ကရော ဘာတွေလဲ လို့ မေးတယ်..။

မောင်မင်းကြီးသားတွေက ကျွန်တော်တို့က အေးအေးဆေးဆေး ဂစ်တာတီးနေတာပါဗျာ.. ဖဲရိုက်တဲ့အထဲမပါပါဘူး .. လို့ ပြန်ပြောတော့ .. ရဲသားက ''အေး မင်းတို့ပါလိုက်ခဲ့.. အဓိက တိုင်တာက မင်းတို့ပဲ.. '' လို့ ပြောတာနဲ့ အဲဒီသကောင့်သားနှစ်ကောင်ပါ ယက်ကန်ယက်ကန်နဲ့ ပါလာတယ်..။

ဇာတ်များ နာချင်တော့ အဖမ်းခံရတဲ့နေ့မှာပဲ ဂျပန်ကုမ္ပဏီတစ်ခုရဲ့ ပါစင်နယ်အင်တာဗျုး အောင်ပြီး တစ်လ အက်ဖ်အီးစီ ရှစ်ဆယ် နဲ့ နောက်တစ်နေ့မနက် အလုပ်စ၀င်ရမယ့် လူက ပါသေးတယ်..။ တစ်လ အက်ဖ်အီးစီ ရှစ်ဆယ်ဆိုတာ ကျွန်တော်တို့ ကြားထဲမှာတော့ အတော်မက်လောက်တဲ့ လစာပဲ..။

အသစ်စက်စက် အင်ဂျင်နီယာလေးများရဲ့ အဲဒီအချိန် လစာက မြန်မာငွေ ရှစ်ထောင် တစ်သောင်းထက် မပိုဘူး..။

အင်တာဗျုးအောင်လာခဲ့ပြီကွလို့ ညနေပိုင်းမှာ ရင်ကော့ကြွေးကြော်ပြီး အခန်းနေ ကျန်သူငယ်ချင်းတွေရဲ့ ကွန်ကရက်ကျုလေးရှင်း တပုံကြီး ရထားတဲ့ ငတ .. ညရောက်တော့ ဖဲမှုနဲ့ အချုပ်ထဲရောက်ရတော့ .. ကျန်တဲ့သူတွေထက် ခြေမကိုင်မိလက်မကိုင်မိ ပိုဖြစ်ရရှာတယ်..။

နောက်တစ်ယောက်ကျတော့ တမျိုး..။ နောက်တနေ့မနက်မှာ စာမေးပွဲဖြေမယ့် ရည်းစားကို အင်းစိန်ဂုံးကျော်တံတားအောက်မှာ ချိန်းထားတယ်..။ ကောင်မလေး ကို စာမေးပွဲခန်းအထိ ကိုကိုလိုက်ပို့မယ် ပေါ့..။

အချုပ်ထဲကနေ တာဝန်ကျ ဒု ရဲအုပ်ကို အကူအညီတောင်းပြီး ချိန်းထားတဲ့နေရာကို သူမလာနိုင်တော့တဲ့ အကြောင်း ပြောခိုင်းတယ်..။ ဒုရဲအုပ်ကလည်း တယ်လီဖုန်းဆက်ပြီး ပြောပေးရှာတယ်..။ ဒါပေမယ့် ကောင်မလေးက မယုံဘူး..။

''ကိုကိုက ဘယ်တုံးကမှ.. ချိန်းထားရင် ကတိမဖျက်ဘူး.. ကိုကိုနဲ့ တိုက်ရိုက်ပြောမယ် .. '' လို့ လုပ်တယ်..။

အခုဆက်နေတာ ဘယ်သူလဲ.. ဘယ်ကဆက်နေတာလဲ.. လို့ ကောင်မလေးက မေးတော့ .. ဒုရဲအုပ်က လက်တဖက်နဲ့ တယ်လီဖုံးကို အုပ်ရင်း ပြောလိုက်ရမလားလို့ အချုပ်ထဲကို လှမ်းအော်မေးတယ်..။ သံတိုင်တွေ အပြင်ဖက်ကို လက်ကြီးနှစ်ဖက် အတင်းထုတ်ပြီး .. '' မပြော နဲ့.. မပြော နဲ့ '' လို့ အဲဒီကောင်က လှမ်းတားတယ်..။

အချုပ်ထဲရောက်နေရပေမယ့် အဲဒီကောင်ဖြစ်ပျက်နေတာကို ကြည့်ပြီး ကျွန်တော်တို့ ပြုံးကြရတယ်..။

နောက်တနေ့မနက်မှာ အဖမ်းမခံရဘဲ ကျန်နေခဲ့တဲ့ တစ်ယောက်.. ကျွန်တော်တို့ဆီကို အီကြာကွေး ကျွတ်ကျွတ်အိပ်တစ်လုံးနဲ့ လက်ဖက်ရည် ပါဆယ်တွေဆွဲပြီး လာတွေ့တယ်..။ သံတိုင်တွေနောက်မှာ လဒမှိုင်မှိုင်နေတဲ့ ကျွန်တော်တို့ကို မချိုမချဉ်ကြည့်ပြီး '' ဂွတ်မောနင်း သူငယ်ချင်းတို့ မနေ့ညက အိပ်ပျော်ကြရဲ့လား '' လို့ နှုတ်ဆက်တယ်..။

'' အိပ်ပျော်ချက်ကတော့ .. ညကအိပ်မက်ထဲမှာ မင်းနှမ ငါ့ကို မတော်တရော်လုပ် တာတောင် မနိုးဘူး ဟေ့ '' လို့ အခု ဆောက်လုပ်ရေးမှာ ရာထူးကြီးကြီးနဲ့ အကောင်ဖြစ်နေတဲ့ တစ်ယောက်က ထဆဲတယ်..။ တဆက် တည်း သူကပဲ ယူလာတဲ့အစားအသောက်တွေ မစားချင်ဘူး အချုပ်ထဲကသာ မြန်မြန်ထွက်ရအောင် လုပ်ပေး လို့ ပြောတယ်..။

အကျဉ်းချုံးပြောရရင်တော့ ချီဗတ်ရီဂယ် ၀ီစကီ တစ်ပုလင်းနဲ့ သံတိုင်တွေကို ကျွန်တော်တို့ ရိုက်ချိုးနိုင်ခဲ့ကြတယ်..။ သူငယ်ချင်းတွေ စုံတိုင်း အဲဒီအကြောင်းကို ပြန်ပြောရင်း ကျွန်တော်တို့မှာ အခုအချိန်ထိ ရယ်ပွဲဖွဲ့ရတုံးပေါ့..။

No comments: