Wednesday, September 3, 2008

22.3 ဆရာကန်တော့ပွဲ စတိတ်ရှိုး

ပူဇော်ပွဲနေ့မှာ ဆရာတွေကို အရင်ကန်တော့ကြတယ်..။ နောက်.. ၀ါးတီးပေးကြတယ်..။ ၀ါးတီးပြီးတော့ စတိတ်ရှိုး.. ။ ကျွန်တော်တို့ တခန်းရပ်ပြဇာတ်က နောက်ဆုံး။ စတိတ်ရှိုးက အတော်ကြာတယ်..။ ကျောင်းသူတွေရော ကျောင်းသားတွေရော ဆိုလိုက်တာ မနည်းဘူး..။

ဒီကြားထဲ.. မန္တလေးမြို့ပေါ်က ကျောင်းသားတစ်ယောက်က အဆိုတော်ပေါက်စ..။ စီးရီး တစ်ခွေ ထွက်ထားပြီးပြီ..။ ပိုးဒါလီသိန်းတန် နဲ့လည်း တီဗွီမှာ စုံတွဲသီချင်း နှစ်ကြိမ်သုံးကြိမ်လောက် လွှင့်ပြီးပြီ..။ စတိုင်ကလည်း အတော်တင်းတယ်..။ သူလိုငါလို ကျောင်းသားမျိုးမဟုတ်ဘဲ.. အဆိုတော်ကျောင်းသား ဆိုတော့ မြို့မေတ္တာလည်း နည်းနည်းတော့ သူခံယူရရှာတယ်..။ (ဂျေအယ်လ်တို့ ဘော်ဒါကြီးပေါ့ )

သူက စတိတ်ရှိုးမှာ သူ့စီးရီးခေါင်းစဉ်သီချင်း ကိုဆိုတယ်..။ သီချင်းက '' စိတ်ကူးများနှင့် မီးညှိခြင်း '' လို့ ထင်တာပဲ ..ကောင်းကောင်းတော့မမှတ်မိတော့ဘူး..။ ဒါတောင် အဲဒီသီချင်းထွက်စက ကျောင်းသားတွေက နားထောင်ကြည့်ပြီး '' ပိုက်ဆံများကို မီးညှိခြင်း '' သီချင်းပဲ လို့ .. ပြောင်ပြောင်နောက်နောက် မှတ်ချက်ချတာလေး မှတ်မိနေလို့ မှန်းနိုင်တာ..။

တက္ကသိုလ်ကျောင်းသားဘ၀ရဲ့ ပထမဦးဆုံး အတွေ့အကြုံဆိုတော့.. အားလုံး.. တစ်ယောက်တစ်မျိုး အမှတ်ရစရာချည်းပါပဲ..။ တချို့ကျတော့ သီချင်းဆို အရမ်းကောင်းတယ်..။ တချို့ကျတော့လည်း တသက်မမေ့နိုင်တဲ့ သီဆိုမှုမျိုးနဲ့ ပရိတ်သတ်ကို ဖျော်ဖြေသွားခဲ့ကြတယ်..။

ကျောင်းသူတစ်ယောက်ဆို.. ပိုးဒါလီသိန်းတန်ရဲ့ သီချင်းကို ပိုးဒါလီသိန်းတန်တောင် ထိုင်ငိုလောက်အောင် အစွမ်းပြသွားတယ်..။

သီချင်းတစ်ပုဒ်ကို ကီး ခုနှစ်မျိုးနဲ့ ဆိုပြနိုင်တဲ့သူ ဆိုပြီး အားလုံးက အသိအမှတ်ပြုရတယ်..။ အတီးသမားတွေဆိုတာ သူဆိုတဲ့ ကီးလိုက်မတီးနိုင်လို့ လက်မှိုင်ချရတဲ့ အထိပဲ..။

လိုက်တီးနိုင်စရာလည်း မရှိဘူး..။ ကီးက တက်သွားလိုက် နိမ့်လာလိုက် နဲ့ကိုး..။ သီချင်းတစ်ပုဒ် ကီးခုနှစ်မျိုးနဲ့ ဆိုပစ်လိုက်တယ်..။

အတီးဆိုလိုပိုဒ် ရောက်ရင်လည်း သူက မိုက်ခရိုဖုန်း ဘေးချပြီး ပါးစပ်က အော်ကြီးဟစ်ကျယ် လိုက်ဆိုသေးတယ်..။ မိုက်နဲ့ ဆိုတာ မဟုတ်တော့ .. ပရိတ်သတ်ထဲအထိတော့ အသံမရောက်ပါဘူး..။ ဒါပေမယ့် သူ့ပါးစပ်ကြီး ပွစိပွစိနဲ့ အာခေါင်ဖြဲ အော်နေတာတော့ ပရိတ်သတ်က မြင်နေရတယ်..။

အတီးဆုံးတဲ့အချိန် .. သူပြန်ပြီး သီချင်းဆိုရမယ့်အချိန်ရောက်မှ.. အဆိုမပျက်ဘဲ မိုက်ကို သူ့ပါးစပ်ရှေ့ ကပ်လိုက်တာပဲ..။ သူ့မမြင်ဘဲ နားထောင်ရရင်တော့ ဒီကောင်မလေး အ၀င်အထွက်မှန်သားပဲ လို့ ထင်စရာပေါ့..။ အခုတော့ ပရိတ်သတ်က အားလုံးမြင်နေရတော့ အူတက်နေကြရတယ်..။

တချို့ကျောင်းသူတွေ သီချင်းဆိုတာကတော့ ပရော်ဖက်ရှင်နယ်တွေပဲ..။ တစ်ယောက်ဆို ကော်နီရဲ့ '' အတွင်းကြေ '' သီချင်း ဆိုတယ်..။ အတော်ကောင်းသကိုး..။ လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ အားပေးခံရတဲ့ အထိပဲ..။

အရေးထဲ .. အပေါ်က ကောင်မလေးက အတွင်းကြေ၊ အတွင်းကြေ နဲ့ သီချင်းဆိုနေတာကို စင်အောက်ကနေပြီး '' အဲဒါ..ငါ့အပြစ်တွေပါ .. ငါ မကောင်းတာပါ '' နဲ့ အသားယူနေတဲ့ ကောင်တွေလည်း ရှိသေးတယ်..။

လူပျက်လုပ်မယ့် ထဲက တစ်ယောက်လည်း သီချင်းဆိုသေးတယ်..။ မောင်မင်းကြီးသားက ဂျက်မြသောင်းရဲ့ '' တောင်းဆု '' ဆိုတဲ့ သီချင်းကိုဆိုတယ်..။ သူကြွေနေတဲ့ ကျောင်းသူက တခြားတယောက်နဲ့ အီစီကလီဖြစ်နေလေတော့ .. '' ဒီဘ၀မှာ မင်းနဲ့ အတူတူ မပေါင်းရရင်လည်း နောင်ဘ၀ဆိုတာ ရှိခဲ့ရင် တောင်းဆုပြု နေမယ်.. .. '' တကယ့်ဖီးလ်နဲ့ ဆိုတယ်..။ ဆိုရင်းတန်းလန်းကနေ မောင်မင်းကြီးသား ငိုပြီး စင်ပေါ်က ဆင်းလာတယ်..။

ဇာတ်ဆရာကျွန်တော့်မှာ.. ပွဲက လာတော့မယ်..။ ကမယ့် လူပျက်က ငိုကြီးချက်မနဲ့ လုပ်နေတုံး..။ အမယ် ငိုရင်းတန်းလန်း သူငယ်ချင်း ငါ့ကို မပူနဲ့ အသဲသာကွဲတာ.. ဇာတ်တိုက်ထားတာတော့ မမေ့ဘူးတဲ့..။

No comments: