Tuesday, September 2, 2008

21.7 သူတို့လေးတွေရဲ့ဘဝ

တဖြည်းဖြည်းနဲ့ ငွေရေးကြေးရေး အခန်းကဏ္ဍ တောင် ကျွန်တော်တို့ ကြားမှာ မှေးမှိန်သွားခဲ့တယ်..။ သိပ်သွားလေ့ သွားထမရှိတဲ့ သူရှိရာ အင်ပါယာကို မကြာခန ရောက်ဖြစ်တယ်..။ သူတို့ ဘ၀အကြောင်း ကိုလည်း ထဲထဲဝင်ဝင် ပိုသိလာရတယ်..။

သူတို့မှာ ဖယ်ရီရှိတယ်..။ စက်ရုံအလုပ်ရုံတွေက ဖယ်ရီလို ဘာ Industry Limited ညာ Industry Limited လို့ စာတန်းထိုးထားတဲ့ ဖယ်ရီမျိုးတော့ ဘယ်ဟုတ်မလဲ..။ ဆလွန်းကား တွေပါပဲ။ ဘလက်တက်စီ ဆန်ဆန်ပေါ့။

ကားဒရိုင်ဘာက ညနေဆို သူတို့နေတဲ့ နေရာအထိ လာပြီး ပစ်ကပ် လုပ်တယ်..။ သူတို့ ဒစ်စကို ၀င်သွားချိန်မှာတော့ အပြင်မှာ စောင့်နေရတယ်..။ သူ့ဖယ်ရီစီးတဲ့ ကောင်မလေးတစ်ယောက် ကာစတန်မာ ရလာရင် သူတို့အလိုရှိရာကို လိုက်ပို့ရတယ်..။

Customer သီးသန့်သွားချင်တဲ့ ဟိုတယ်ရယ်လို့ မရှိရင် သူတို့နဲ့ ချိတ်ဆက်ထားတဲ့ ဟိုတယ်ကို ခေါ်သွားရုံပဲ။ အဲဒီလိုမျိုးခေါ်လာတဲ့ ဒရိုင်ဘာကို ဟိုတယ်က ကော်မရှင်ပေးသေးတယ်..။ ကျွန်တော်တို့လို ကိုယ့်ဟိုတယ်ကို သွားမယ့်ငနဲ တွေဆိုရင်တော့ ကောင်မလေးတွေက မနက်ဘယ်ဟိုတယ် လာကြိုလို့ ဒရိုင်ဘာကို မှာခဲ့ရတယ်..။

ကိုယ်ပိုင်ကားမပါတဲ့ ကာစတန်မာ ဆိုရင်တော့ နှစ်ယောက်စလုံးကို လိုက်ပို့ ပြန်ခေါ် လုပ်ပေးရတယ်..။ များသောအားဖြင့် အဲဒီလိုမျိုး ဖယ်ရီမောင်းစားတဲ့ ဒရိုင်ဘာတွေက နေ့ခင်းဆို အလုပ်မလုပ်တော့ဘူး..။ ညမှာပဲ အလုပ်လုပ်တယ်..။

သူတို့ဝင်ငွေက တစ်လတစ်လ သိန်းဂဏန်းရှိတယ်..။ ကားမောင်းရုံတင် မကဘူး..။ တခါတရံ Customer ရှာပေးတဲ့ အထိသူတို့ လုပ်တယ်ဆိုတော့ ၀င်ငွေက ကောင်းတော့တာပေါ့..။ နေ့တိုင်း Customer ရချင်မှတော့ ရပါတယ်..။

တခါတရံ ဒစ်စကိုဝင်ကြေး ရှုံးရတဲ့ ရက်တွေလည်း ရှိတယ်..။

ဝယ်သူရှိမှ ရောင်းရတာ ဆိုတော့ ၀ယ်သူမရှိတဲ့ည ဒီအတိုင်းပြန်ကြရုံပဲ ရှိတာပေါ့..။ ၀ယ်သူရှိမရှိကလည်း တခါတရံ ကလပ်ပိတ်ချိန်မှ သိရတတ်တယ်..။ စောစောစီးစီး ကာစတန်မာ ရသွားသူတွေကတော့ ကော့တော့ကော့တော့ နဲ့ စောစောထွက်သွားကြတာပေါ့..။ သူတို့အတွက် အချိန်က အဘိုးတန်သကိုး..။

တချို့ကျတော့လည်း ညရှစ်ခွဲကိုးနာရီလောက် ကလပ်ထဲ ရောက်တယ်..။ အိနြေ္ဒကြီး တခွဲသားနဲ့ မလှုပ်တလှုပ် ၀င်ကတယ်..။ ကာစတန်မာ မရလည်း အေးဆေးလေ..။ အချိန်တွေက အများကြီး ရှိသေးတာကိုး..။

ဒါပေမယ့် အဲဒီလိုမျိုး နေနေရင်းနဲ့ ကိုးနာရီကနေ ဆယ်နာရီ.. ဆယ့်တစ်နာရီ ဆယ့်နှစ်နာရီ ဖြစ်လာတဲ့ အထိ ၀ယ်သူကမရှိ..။ ၀ယ်သူရှိတော့လည်း ရောင်းသူဝယ်သူ အသံကမတူ..။ ပြာပြီပေါ့..။ ဒစ်စကို စည်းချက်ကမြူးမြူး မမြူးမြူး ကကွက်တွေမြူးကုန်တော့တာပဲ..။

ဖော်လို့ ရသလောက် အကုန်ဖော်.. ချဉ်ချဉ်တူးတူးမူးပြီးရော.. ဈေးပေါင်ကျိုးနှိုက်မဲ့ကောင် နဲ့ တွေ့လည်း သိပ်မူမနေနိုင်တော့တဲ့ အခြေအနေပဲ..။ အဲဒီလို လုပ်တာတောင် အဆင်မပြေရင် ၀င်ကြေးရှုံးတဲ့ အပြင် စားသောက်ထားတာလေးတွေကိုလည်း ရှင်းရပြန်တယ်..။

ဒီကြားထဲ ဘယ်သွားအိပ်ရမှန်း မသိ..။ အိမ်ပြန်ဖို့ အချိန်လည်း မဟုတ်..။ ပြန်မယ်ဆိုတောင် ဖယ်ရီသမားက လိုက်ပို့ဖို့ အဆင်ပြေမှာ မဟုတ်တော့ဘူးလေ..။ အဲဒီလို ညမျိုးမှာ သူတို့သွားနေကျ ဟိုတယ်ကိုပဲ သွားကြရတယ်..။ ဟိုတယ်မှာ အခန်းယူပြီး ဘယ်အိပ်နိုင်မလဲ..။

ဟိုတယ်အောက်မှာ ဖယ်ရီကားထိုး..။ အဲဒီဖယ်ရီကားထဲမှာပဲ.. အိပ်ပေတော့..။

လှံဖျားပုစင်းနား၊ ကျီးကန်းက ချီးပါ ဆိုတဲ့ စကားပုံထဲကလိုပါပဲ..။ ပုစင်းနေရာမှာ ကျီးကန်းက ၀င်ခံစားတော့ ကျီးကန်းခမျာ ကြောက်အားလန့်အား ဖြစ်ရရော..။ အခုလည်း သူတို့ဘ၀တွေကို သာမန်ထက်ပို အသေးစိတ်လေး သိရတော့ ကိုယ်တောင် ရောယောင်ရင်မောရပြန်တယ်..။

တခါက မျိုးမျိုးကို နည်းနည်းစပ်စုကြည့်တယ်..။ ကာစတန်မာတွေ အများကြီး နဲ့ ဆက်ဆံခဲ့ဖူးပြီ ဆိုတော့ ဆက်ဆံတိုင်း ကွန်ဒုံး သုံးဖြစ်ကြသလား ပေါ့..။ တတ်နိုင်သလောက်တော့ ပြောရတာပေါ့ အကိုရယ် တဲ့..။ ဒါပေမယ့် တချို့လည်း ကြိုတင်စီစဉ်မှု မရှိဘဲ ကလပ်ထဲရောက်မှ.. စိတ်ပါပြီး ခေါ်တာမျိုး ဆိုတော့ ကွန်ဒုံးက နဂိုရ်ကတည်းက ပါမလာတော့ ဘယ်လိုလုပ်မလဲ.. တဲ့..။

နောက်.. ကလပ်မှာကတည်းက သူလည်းမူး ကိုယ်လည်းမူး.. မူးမူးရူးရူးနဲ့ ဟိုတယ်ရောက်ပြီး ဆက်ဆံ ဆိုတော့ ကွန်ဒုံးသုံးမသုံးတောင် တခါတရံ သတိမထားမိလိုက်တဲ့ အခိုက်အတန့်တွေလည်း ရှိပြန်သတဲ့..။

ကာစတန်မာ မှာ ကွန်ဒုံး မပါလာခဲ့တာမျိုးကို ဖြေရှင်းဖို့ ကိုယ့်မှာဆောင်ထားရအောင်ကလည်း အဆင်ကမပြေ..။ ကလပ်က အထွက် .. ရဲက ဖမ်းစစ်လို့ ကိုယ့်ဆီမှာ ကွန်ဒုံးတွေ့ရင် အာမခံတောင် မပေးဘူး တဲ့..။ (အမှန်က ကွန်ဒုံးမပါမှ ဖမ်းသင့်တယ် )

အို..ဖြစ်ကာမှ ဖြစ်ရော.. ကံတရားအတိုင်းပေါ့ အကိုရယ်.. ဆိုပဲ။ ကျွန်တော့်မှာသာ အတော်ကြီးကို မောကျန်ခဲ့ရတယ်..။

ကိုယ့်လူမျိုးက ကျန်းမာရေး ဗဟုသုတ နည်းလို့ အဲဒီလိုမျိုး ဖြစ်နေလား ဆိုပြန်တော့ မဟုတ်ပြန်ဘူး..။ သူငယ်ချင်းတစ်ယောက်နဲ့ အလုပ်အတူတူလုပ်တဲ့ ပြင်သစ်ကြီးတစ်ယောက်လည်း ကြေးစားတွေနဲ့ ဆက်ဆံတိုင်း ဘယ်တော့မှ ကွန်ဒုံးမသုံးဘူး တဲ့..။ အင်းလျားလိပ် ဟိုတယ်မှာ အသတ်ခံလိုက်ရတဲ့ဂျပန်ကြီးလည်း ထိုနည်းလည်းကောင်းပါပဲ..။ အကာအကွယ်မဲ့ လိင်ဆက်ဆံတိုင်းသာ အိပ်ခ်ျအိုင်ဗွီ ပိုးကူးနေခဲ့ရင်တော့ အတော့်ကို ရင်လေးစရာ အခြေအနေ ပေါ့..။

No comments: