Monday, September 1, 2008

20.5 အမနဲ့အကို

ကျွန်တော့်အမကို ကျွန်တော်မကြောက်ပေမယ့် အမနဲ့ကျွန်တော်နဲ့က သိပ်တည့်တာမဟုတ်ဘူး..။ အမအပြစ်တော့ မဟုတ်ပါဘူး..။ ကျွန်တော့်အပြစ်က များပါတယ်..။ မှတ်မှတ်ရရ အမတက္ကသိုလ်ကျောင်းပိတ်လို့ အိမ်ပြန်လာတော့ ရေမွှေးပုလင်းလေး တစ်လုံး ပါလာခဲ့တယ်..။ နှင်းဆီရနံ့နဲ့ အတော်လေးမွှေးတဲ့ ရေမွှေးပဲ..။

ချိုင်းချွေးနံ့ပျောက်ဖို့အရေး ထုံးတို့နေတဲ့ကောင်တွေ ဆိုတော့ အမရေမွှေးကို ခိုးခိုးသမကြတယ်..။ သူခိုးတကာ သူခိုးထဲမှာ မဟန်ဆုံးကတော့ ရေမွှေးခိုးဆွတ်တဲ့ သူခိုးပဲ..။ ဆွတ်တုန်းသာ ပိုင်ရှင်မသိတာ.. ခိုးဆွတ်ထားတဲ့ အနံ့က ငြင်းမရဘူး..။

တစ်ရက်အမ လစ်ပြီအထင်နဲ့ သူ့ရေမွှေးကို သမနေတုံး အမက ရောက်လာတယ်..။ အမက သူ့ပစ္စည်းတွေကို သိပ်တန်ဘိုးထားတာ..။ ကျွန်တော်သာ သူ့ရေမွှေးကို ခိုးသုံးနေတာ မိလိုကတော့ မိုးမီးလောင်သွားနိုင်တယ်..။

ဒါပေမယ့် ဆွတ်ပြီးမှတော့ ဘယ်လိုလုပ် အနံ့ဖျောက်လို့ ရတော့မှာလဲ..။ နောက်ဆုံး မထူးဘူး ဆိုပြီး ရေမွှေးနံ့ပတ်ဝန်းကျင်မရောက်အောင် ခုတင်ပေါ်က စောင်တစ်ထည်ကောက်ခြုံထားလိုက်ရတယ်..။

စောင် ဘယ်လောက်လုံအောင် ခြုံခြုံ လေထုထဲက အနံ့က မပျောက်တော့ အမ ရိပ်မိသွားတယ်..။ အဲဒီနေ့က ဘာပြောကောင်းမလဲ..။ ကျွန်တော့်ကို ဆော်တော့တာပဲ..။ အမကျွန်တော့်ကို ဆော်တဲ့ မှတ်မှတ်ရရ အဖြစ်အပျက်လေးတွေ ရှိသေးတယ်..။

တက္ကသိုလ်ကျောင်းသူကြီးဖြစ်စ မှာ အမ ဒိုင်ယာယီရေးတယ်..။ သူ့ဒိုင်ယာယီကို ကျွန်တော်တို့ ညီအကိုတတွေ ခိုးဖတ်ကြတယ်..။ နောက်ပြီး .. အမရေးထားသမျကို ပေါက်တတ်ကရတွေ လိုက်ရေးကြတယ်..။

သူ့ဒိုင်ယာယီရဲ့ အဖွင့်စာမျက်နှာမှာ.. '' ငါ့အနေနဲ့ ဒိုင်ယာယီ ရေးသင့်တယ်ထင်လို့ ရေးတယ် '' လို့ အမက အစချီထားတယ်..။ ကျွန်တော်တို့က အဲဒီစာကြောင်းအောက်မှာ.. '' စိတ်ပညာ ဆိုတာ တကယ်တော့ အရူးတွေ လေ့လာတဲ့ ဘာသာပဲ '' လို့ ရေးလိုက်တယ်..။ အမက စိတ်ပညာ အဓိက ကျောင်းသူ..။

နောက် စာမျက်နှာမှာကျတော့ '' လူတွေက သိပ်ခက်တယ်.. အားနာလို့ လိုက်လျောတာကို အတယ် ထင်နေတယ် '' လို့ အမက ရေးထားတယ်..။ အဲဒါကို ကျွန်တော်က.. '' အားနာလို့ လိုက်လျောတာကို အတယ်လို့ထင်တာဟာ မှားတာပေါ့.. တကယ်က အ လို့ လိုက်လျောတာကို အားနာတယ်လို့ ဆိုချင်တာ '' .. လို့ ကဖျက်ယဖျက်ရေးတယ်..။

အဲဒီဒိုင်ယာယီ ကိစ္စမှာတော့ မွေးသဖခင်ကပါ ဆော်ပလော်တီးတယ်..။

ဒိုင်ယာယီ ဆိုလို့ ကျွန်တော့်အကို ဒိုင်ယာယီအကြောင်း ပြောရအုံးမယ်..။ သူက တမျိုး..။ အကို မန္တလေး ပထမနှစ်ကျောင်းသွားတက်ပြီး ကျောင်းပိတ်ရက် ရွာပြန်လာတယ်..။ ကိုယ်တော်ချောမှာလည်း ဒိုင်ယာယီ ရှိတယ်..။ သူ့ဒိုင်ယာယီကို အ၀တ်သေတ္တာရှင်းတဲ့ အမေ တွေ့သွားတယ်..။

ဘာရယ်တော့မဟုတ်ဘူးပေါ့..။ အမေလည်း သူ့သားရွှေသွေးရဲ့ ဒိုင်ယာယီ ဆိုတော့ ဟိုလှန်ဒီလျော လုပ်မိတယ်..။ သားတော်မောင်ရဲ့ ဒိုင်ယာယီကို အမေပြီးအောင်တောင် မဖတ်လိုက်နိုင်ဘူး..။ ဒေါသတကြီး နဲ့ တုတ်တချောင်းဆွဲပြီး ကျွန်တော့်အကို ကို ရိုက်တော့တာပဲ..။

အမေရိုက်မယ်ဆိုလည်း ရိုက်ချင်စရာပဲ..။ အကို ဒိုင်ယာယီထဲမှာ.. တစ်ခုမှ ကောင်းတာမပါဘူး..။ ကိုယ့်ပေါင်ကို လှန်ထောင်းထားတာကလည်း ရစရာကို မရှိဘူး..။

'' ဒီနေ့.. ဖဲရှုံး၊ စိတ်ညစ် ရွှေလိမ္မာ် ( အရက် ) သွားသောက် '' ဆိုတာလည်း ပါတယ်.။ ''ဈေးချိုသွား၊ ပလာစာအုပ်နှစ်ဒါဇင် သွားရောင်း ၊ အပြန်ခါ ဘီးအီးတစ်ပိုင်း ၀င်ဆွဲ '' ဆိုတဲ့ ကိုယ့်လည်ပင်းကို ကိုယ့်ဖာသာ ကြိုးကွင်းစွပ်တဲ့ နေ့တွေကလည်း မနည်းပြန်ဘူး..။

အကိုက အဲဒီလိုမျိုး ဆိုးပေမယ့် အမေက သူ့ကိုတော့ အတော်ချစ်တယ်..။ ကျွန်တော်တို့ မောင်နှမအားလုံး လက်ခံထားတဲ့ အချက်တစ်ချက်ရှိတယ်..။ အဲဒါက အမေ့အချစ်ဆုံးသားက အကိုဆိုတာပဲ..။ အကိုဘယ်လောက် ဆိုးဆိုး အမေရိုက်လည်း ခနပဲ..။ စိတ်ဆိုးလည်း ခနပဲ..။

အကိုကလည်း လည်တယ်..။ အမေ့အကြိုက်ကို သူသိတယ်..။ တခါတရံ ညကြီးမိုးချုပ် အကိုအိမ်လည်တယ်..။ အမေက ပြန်ချိန်တန်ပြန်မရောက်လို့ စိတ်တိုနေပြီ..။ အကိုပြန်လာတာနဲ့ ဆူပူကြိမ်းမောင်းဖို့ မောင်းတင်ပြီး အမေစောင့်နေတယ်..။ အကိုက ပြန်လာတာနဲ့ အမေသူ့ကို မငေါက်ခင် '' ဟ.. အမေရာ.. ဘုရားရှေ့မှာ ကားကြိတ်သွားတာ ပွဲချင်းပြီးပဲ.. ပြားချပ်သွားတာ ကြည့်ရက်စရာတောင်မရှိဘူး '' လို့ မှင်သေသေနဲ့ ပြောတယ်..။ ရွာမှာက အဲဒီလိုမျိုး လူသေတဲ့ ကိစ္စဆိုရင် အတော်ကြီးကျယ်သွားပြီ ဆိုတော့ အမေလည်း သူ့သားကို ငေါက်ဖို့ထက် အံ့သြတကြီးနဲ့ .. '' ဟောတော်.. ဘယ်သူလည်း .. သနားပါတယ် '' နဲ့ စုတ်သပ်တယ်..။

'' ဘယ်သူမှ မဟုတ်ပါဘူး အမေရာ နွားချေးပုံကြီး ကားနင်းသွားတာပါ '' လို့ အကိုပြောတော့မှ အမေလည်း နောက်မှန်းသိပြီး ခွေးကောင် ဆိုပြီး ရယ်ရယ်မောမော နဲ့ ပြီးသွားရော..။

အကိုက တက္ကသိုလ်မှာလည်း နာမည်ကြီး..။ ဖဲရိုက်တယ်.. မူးတယ်.. ရန်ဖြစ်တယ်..။ နောက်ဆုံးနှစ် ကျောင်းပြီးလို့ အိမ်ပြန်လာတော့ အ၀တ်တစ်ထည် ကိုယ်တစ်ခုပဲ ပြန်ပါလာတယ်..။ ရှိရှိသမျ အ၀တ်အစားကအစ သေတ္တာအဆုံး ဖဲရှုံးပစ်ခဲ့လိုက်တယ်..။

ဒါပေမယ့် အကို့မှာ ကျွန်တော်သဘောကျတဲ့ အရည်အချင်းတစ်ရပ်တော့ ရှိတယ်..။ ရွတ်တာပဲ..။ ရွတ်တွတ်တွတ် သိပ်နိုင်တယ်..။ အခုအချိန်အထိ ညီအကိုတတွေပြန်တွေ့တိုင်း အစဖော်ပြီး ရယ်ရတဲ့ အကို့ရဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိတယ်..။

အကိုက ရူပဗေဒအဓိကနဲ့ တက္ကသိုလ်တက်တယ်..။ သူ့အတန်းထဲက Queen ကို အကိုကြိုက်တယ်..။ ဒါပေမယ့်.. အဲဒီအမျိုးသမီးက အရမ်းမာနကြီးတယ်..။ ချမ်းလည်း အတော်ချမ်းသာတယ်လို့ ပြောတာပဲ..။ ရုပ်ရည်လေး ကလည်း ကွင်းဖြစ်လောက်တဲ့အထိ ချောဆိုတော့ မာနက ကြီးမှာပေါ့..။

ကျွန်တော့်အကိုလို လူမျိုးကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့ ဘယ်ထင်မလဲ..။ ဒါပေမယ့် ကျွန်တော့်အကို ကို နည်းနည်းတော့ သူလျော့တွက်ခဲ့တယ်..။ တစ်ရက် အကိုရည်းစားစကားလိုက်ပြောတော့ '' ရှင့်မှာ ကားပါလာရင် ရှင့်အချစ်ကိုလက်ခံမယ် '' လို့ လူကြားထဲမှာ မချိုမချဉ်နဲ့ ခပ်ဖိဖိလေး သူပြောလွှတ်လိုက်တယ်..။

နောက်တစ်ရက်ကျ ဈေးထဲသွားပြီး အကို ကားတစ်စီးဝယ်တယ်..။ ကလေးတွေ ဆော့တဲ့ ပလတ်စတစ်ကား..။ အတန်းထဲ လူစုံလောက်တဲ့အချိန်မှာ အဲဒီကားကြီးကို အခန်းရှေ့ အကိုကြိုးနဲ့ ဆွဲချလာတယ်..။ နောက် ..အတန်းရှေ့ကနေ အော်ကြီးဟစ်ကျယ်နဲ့ သူ့နာမည်ခေါ်ပြီး '' ဟေ့ ကိုယ့်မှာကားပါလာပြီ.. မင်းပဲ ကိုယ့်မှာကားပါလာရင် ကိုယ့်အချစ်ကိုလက်ခံမယ်ဆို.. '' နဲ့ လုပ်တော့တာပဲ..။

အဲဒီအဖြစ်အပျက်က အကိုတို့ခေတ်တက္ကသိုလ်အသိုင်းအ၀ိုင်းမှာ အတော်ကြာတဲ့အထိ ပြောမပြီးတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားခဲ့ရတယ်..။

No comments: