Wednesday, September 10, 2008

23.3 မေ့ရက်နိုင်စရာ မရှိတဲ့ သူငယ်ချင်းတွေ



အဲသလိုမျိုး အဖမ်းခံရပြီးနောက်မှာတော့ ကျွန်တော်တို့အဖွဲ့ နည်းနည်း ပုံစံကျသွားခဲ့တယ်..။ အတူနေ သူငယ်ချင်းတချို့ အလုပ်ရသွားတာကြောင့်လည်း ပါပါတယ်..။ အခန်းမှာ လူစုံတဲ့အချိန်ကလည်း နည်းသွား တယ်..။

ကျွန်တော်တို့အဖွဲ့ထဲက အလုပ်အစောဆုံးရတာက အက်ဖ်အီးစီ ရတယ်ဆိုတဲ့ တစ်ယောက်..။ သူ့ကို နာမည်ပြောင်အနေနဲ့ ကျွန်တော်တို့က လိပ်ထောလို့ ခေါ်တယ်..။ သူ့ဆံပင်က တွန့်လိမ်ကောက်ကွေး ထောင်းလမောင်းထနေတယ်..။ ( ဂျေအယ်လိုမျိုး ..သို့သော် ဂျေအယ်ကရှည်တယ်..သူကတိုတယ်.. ဆံပင်ကိုပြောတာပါ )

လိပ်ထောက လေးဖြူသီချင်း သိပ်ကြိုက်တယ်..။ သီချင်းဆိုလည်း ကောင်းတယ်..။ လေးဖြူအသံနဲ့ မတူတူအောင် ရေချိုးတုံးလုံးချွတ် ၀ရံတာထွက်အိပ်ပြီး နှာသံမထွက်ထွက်အောင် ကျင့်တဲ့ကောင်ပေါ့..။

သူ့နောက်မှာ အလုပ်ရသွားတာက အခုဆောက်လုပ်ရေးမှာ အီးအီး ဖြစ်လုဖြစ်ခင် တစ်ယောက်..။ လှိုင်သာယာ စက်မှုဇုံထဲက စက်ရုံတစ်ရုံမှာ မော်တော်ယာဉ်မှုး အနေနဲ့ အလုပ်စ၀င်ရတယ်..။ တစ်လ တစ်သောင်း ရတယ်မှတ်တာပဲ..။

သူ့ကိုတော့ အားလုံးက ဂွတိုလို့ ခေါ်တယ်..။ ခန္ဓာကိုယ် အချိုးအစားက အောက်ပိုင်းနည်းနည်းလေး တိုနေလို့ ခေါ်ကြတာပဲ..။ ဂွတိုလို့ ခေါ်ရမှာကို အားနာတဲ့ တချို့သူငယ်ချင်းတွေကတော့ ဂျီတီ တဲ့..။ ဂျီဆိုတာ Gwa ရဲ့ ရှေ့စာလုံး.. တီ ဆိုတာက To ရဲ့ အတိုကောက်..။ မထူးတော့ မထူးပါဘူး.. သို့သော် နည်းနည်းတော့ ဘိုဆန်သွားတာပေါ့..။

ခန္ဓာကိုယ်ကသာ အဲဒီလိုမျိုးဖြစ်နေတာ.. ပုဆိုးခါးတောင်းကျိုက်ပြီး အခန်းထဲမှာ မော်ဒယ်လျှောက်သလိုမျိုး မကြာခန သူက ဟန်ရေးပြသေးတယ်..။ ပုံမကျပန်းမကျ သူ့ပေါင်ကြီးကို လှန်လှန်ပြီး ''ဟေ့ကောင်တွေ .. ငါ့ပေါင်က ဖီုဘီကိတ်ပေါင်နဲ့ တူတယ်နော် '' လို့ မကြာခဏ ပြောရင်း ပေါ့..။

အခုသင်္ဘောတက်နေတဲ့ သူကြီးလို့ခေါ်တဲ့ ရွှေဘိုသားကတော့ '' လခွီး ဖိုဘီကိတ် ပါလား.. မင်းပေါင်ကဓါးခုတ်ကောင် ပေါင် ပဲ '' လို့ ထထဆဲတယ်..။ သူတို့နှစ်ယောက်က ကျောင်းမှာကတည်းက မေဂျာတူ အခန်းဖော်တွေ။

ဂျီတီကို့ သူ့အလုပ်ရှင်က ဆိုင်ကယ်တစ်စီး ပေးထားတယ်..။ မန္တလေးမှာ နေလာခဲ့ကြတာဆိုတော့ ရန်ကုန်လမ်းတွေ သူမကျွမ်းဘူး..။ တစ်ရက် ငါအလုပ်ထွက်တော့မယ် လို့ သူပြောလာတော့ ကျန်တဲ့သူငယ်ချင်းတွေ ဟ..ဘာဖြစ်လို့လဲ.. တစ်လတစ်သောင်း နည်းသလား လို့ ၀ိုင်းမေးကြတယ်..။

'' ငါ့လခွီးတဲ့မှပဲ.. ရတဲ့ လခက ငါတစ်ဝက် မော်တော်ပီကယ် တစ်ဝက် ခွဲခွဲယူနေရတယ် '' လို့ သူပြန်ဖြေတော့ ကျွန်တော်တို့ ၀ိုင်းရယ်ကြတယ်..။ တကယ်လည်း သိပ်မကြာလိုက်ဘူး .. ဆောက်လုပ်ရေးမှာ လက်ထောက်အင်ဂျင်နီယာ ရတာနဲ့ သူအလုပ်ထွက်သွားတယ်..။

အခုတော့ အရာရှိပေါ့..။ နေ့ခင်း ရုံးတက်.. ညနေဆို ဂေါက်ရိုက်နဲ့ အတော် စတိုင်မိသွားပြီ..။ သူ ဂေါက်ရိုက်တတ်စက မန္တလေးကနေ ရန်ကုန် တက်လာတယ်..။ ညနေလည်း ရောက်ရော.. ရွှေဘိုသား သူကြီးကို ''ဟေ့ကောင် ဂေါက်ကွင်းလိုက်ခဲ့.. ဂေါက်ဘယ်လို ရိုက်ရတယ်ဆိုတာ မင်းကိုပြမယ် '' ဆိုပြီး ခေါ်သွားတယ်..။

ဂေါက်ကွင်းရောက်တော့ သူကြီးက ဂရင်းပေါ် ( မြက်ခင်းပေါ် ) လိုက်တက်တယ်..။ ဂျီတီက '' ဟေ့ကောင် မင်းလိုမျိုး ဖိနပ်နဲ့ ဂရင်းပေါ် မတက်ရဘူးကွ.. ငါ့လိုမျိုး ဂေါက်ရိုက်ဖိနပ်နဲ့မှ တက်ရတယ် '' လို့ နောက် ပြောပြောတယ်..။ သူကြီးက နည်းနည်းတော့ တင်းသွားတယ်..။

တဆက်တည်း '' သေချာကြည့်ထား .. ခန္ဓာကိုယ်ကိုဒီလိုမျိုး ယိမ်းပြီး ဒီလိုမျိုး လွှဲရိုက်ရတယ် '' ဆိုပြီးဂျီတီ အားကုန်လွှဲရိုက်ပြတယ်..။ ဖြစ်ချင်တော့ ဂေါက်သီးက နေရာမရွေ့ဘဲ ဂေါက်တံထိပ်က ဖုလုံးကြီးက ကျိုးပြီး အပေါ်ကို ၀ီးကနဲ တက်သွားတယ်..။

ဘာပြောကောင်းမလဲ..။ သူ့ကို မတက်နဲ့ လို့ ပြောထားတဲ့ မြက်ခင်းပေါ်ကို ၀မ်းလျားထိုးပြီး သူကြီးက '' ဟေ့ကောင် ဂွတို ငါက ဂေါက်သာမရိုက်တတ်တာ.. မင်းရိုက်လိုက်တာ ဂေါက်သီးမဟုတ်မှန်းတော့ သိတယ် ကွ '' လို့ ပြောပြော ရယ်ရယ် .. ရီသတဲ့..။

ပွဲက အဲသလောက် နဲ့ မပြီးသေးဘူး..။

အဲဒီကျိုးသွားတဲ့ ဂေါက်တံကို မြေနီကုန်းသွားရောင်းကြပြန်တယ်..။ မကျိုးခင်တုံးကတော့ ငါ့ဂေါက်တံက တစ်ချောင်း တစ်သိန်းလောက်တန်တယ်ကွ လို့ ပြောထားပေမယ့် ဂေါက်တံအကျိုးဝယ်တဲ့ ကုလားက သုံးထောင်ပဲ ပေးတယ်..။

ကုလားက သုံးထောင်နဲ့ ဈေးလည်း ဖြတ်ရော..သူကြီးက ဂျီတီရာ.. သုံးထောင်နဲ့ တော့ မရောင်းပါနဲ့..။ ငါ တစ်သောင်းပေးပါ့မယ်.. ငါ့ရောင်းပါလို့ ရုပ်တည်နဲ့ ၀င်ပြောတယ်..။ အံမာ..မင်းက ဘာလုပ်ဖို့ ငါ့ဂေါက်တံအကျိုးကို တစ်သောင်းပေးဝယ်တာလဲ လို့ ဂွတိုလည်း မယုံရဲယုံရဲ နဲ့ ပြန်မေးတယ်..။

''ဘာရယ်တော့မဟုတ်ပါဘူးကွာ.. ငါ့အခန်းက အိမ်သာပိတ်နေလို့ .. မင်းဂေါက်တံအကျိုးက ပိတ်နေတဲ့ အီးတွေ ထိုးချဖို့ အတော်ပဲကွ '' လို့ သူကြီးကပြန်ပြောတော့ ဂျီတီ မိုးမွှန်အောင် ကလော်တုတ်တော့တာပဲ..။

သူကြီး .. ဂျီတီ.. လိပ်ထော တို့လိုမျိုး ကျွန်တော့်မှာလည်း နာမည်ပြောင်ရှိတယ်..။ ရွာနာမည် ဆီမီးခုံ ကို အစွဲပြုပြီး သူငယ်ချင်းတွေက.. '' ခုံ ခုံ '' တဲ့..။ ချစ်စရာလေးနော် အဟက်ဟက်..။

အဲဒီလိုမျိုး နယ်စွဲ မြို့စွဲ ရွာစွဲနဲ့ နာမည်တွင်သွား တဲ့ သူငယ်ချင်းတွေ မနည်းဘူး..။

ကလေး မြို့က သန်းဝင်းနိုင်ဆိုတဲ့ သူငယ်ချင်းကို ကျွန်တော်တို့အားလုံးက ''ကလေး '' လို့ပဲ ခေါ်တော့တယ်..။ ကလေးမြို့ကပဲ လာတဲ့ ဆန်ဂျုး ဆိုတဲ့ ဟိန္ဒူ ကုလားကိုကျတော့ '' ကလေးကုလား '' တဲ့..။

ခေါ်ရင်းခေါ်ရင်းနဲ့ နာမည်ပြောင်တွေက နာမည်ရင်းတွေလို ဖြစ်ကုန်တယ်..။

နာမည်ပြောင် အပေးကောင်း လို့ မဒမ်နဲ့တောင် ပြသာနာတက်မလို ဖြစ်ရသေးတယ်..။ တစ်ရက် ကျွန်တော် ရေချိုးခန်းဝင်နေတုံး ကလေး ဆိုတဲ့ကောင် ဖုံးဆက်တယ်..။

ကျွန်တော်မအားလို့ မဒမ်က ဖုံး ကိုင်ဖို့ လုပ်ရင်း ခေါ်တဲ့သူ နာမည်ကို ကြည့်ပြီး နည်းနည်း နှာကစ်သလို ဖြစ်သွားတယ်..။

တယ်လီဖုံး မင်မိုရီမှာ ကျွန်တော်က kalay လို့ ထည့်ထားတာကိုး..။ ရေချိုးခန်း တံခါးလာခေါက်ပြီး အောင့်သက်သက် အသံနဲ့ '' ယောက်ျားရေ..တော့်ဖုံး.. ခလေး တဲ့ တော် '' လို့ အော်တယ်..။

ဟေ့.. အဲဒါ သန်းဝင်းနိုင်ပဲ.. ရေချိုးနေတယ် ပြန်ဆက်မယ်လို့ပြောလိုက်..ဆိုမှ ဓါတ်ပေါက်သွားတယ်..။

နောက်တစ်ခါ နားလည်မှု လွဲတာက အရင်အလုပ်က အထက်လူကြီး..။ သူက ကျွန်တော့်အီမေးတွေကို ခိုးခိုးဖတ်တယ်..။ ကုမ္ပဏီ ရဲ့ အင်တာနက်အီမေး ပေါ်လစီအရ ကျွန်တော့်အီမေးတွေကို သူကြည့်လို့ ရအောင် လုပ်ပေးထားတယ်..။

စင်ကာပူမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းက အီမေးပို့တိုင်း ကျွန်တော့်နာမည်ရင်း အစား khon khon လို့ ပဲ သုံးတယ်..။ ခုံခုံ ပေါ့..။

ဒါပေမယ့် ကျွန်တော့်လူကြီးက ခုံခုံ လို့ မထင်ဘဲ ကုံးကုံး လို့ ထင်နေတယ်..။ ကျွန်တော့်မေးလ် တွေ သူဖတ်နေတာ.. အစက ကျွန်တော်မသိဘူး..။

တစ်ရက် စကြ နောက်ကြ ရင်းနဲ့ .. အရင်းမရှိ အဖျားမရှိ ကျွန်တော့်ကို ''ကုံးကုံး ''လို့ ခေါ်တယ်..။ စိတ်ထဲမှာ တမျိုးတော့ တမျိုးပဲ ပေါ့..။

နောက်မှ ဇာတ်ရေ ကလည်တယ်..။ khon khon ကို ခုံခုံ လို့ အသံမထွက်ဘဲ ကုံးကုံးလို့ သူက ထင်နေတာကိုး..။

သူလုပ်တာနဲ့ လူတောင် နည်းနည်း အူကြောင်ကြောင်ဖြစ်သွားခဲ့ရတယ်..။ ငါများ အနေအထိုင်မတတ်လို့ ကုံးကုံးထင်နေသလား ဆိုပြီး အမွှေးမှန်သမျှ မရိတ်ဘဲ နှစ်ပတ်လောက် ပစ်ထားလိုက်ရသေးတယ်..။



2 comments:

Summer Field said...

"ကုံးကုံး"ဆိုတာ တရုတ်လို "ဖိုးဖိုး"လို့ ခေါ်တာလည်း ဖြစ်နိုင်တာပဲ..။

Unknown said...

ကုံး ကုံး ကြီး
အမ်...အဲဒါလည်းမဟန်သေးပါဘူး
ဘယ်လိုခေါ်ရပါ့