Thursday, September 11, 2008

24.1 ကျွန်တော် အလုပ်သမားခေါင်း

အဲဒီအခြေအနေတွေကြားထဲမှာပဲ ကျွန်တော့်ဘ၀ရဲ့ ပထမဦးဆုံး လခစားအလုပ် ရတယ်..။ လှိုင်သာယာ စက်မှုဇုံထဲက ဂျပန်ဖက်စပ် သွပ်ပြားစက်ရုံမှာ တစ်လရှစ်ထောင်နဲ့ ဖိုမင် ရာထူး အခန့်ခံရတယ်..။

အပွိုင့်မင့် စာထဲမှာ ဖိုမင်အဖြစ် စတင်ခန့်ထားလိုက်ပြီ ဆိုတဲ့ အကြောင်းကို ဖတ်ပြီး ဒစ်ရှင်နရီ မှာ ဖိုမင်ဆိုတာ ဘာလဲ လို့ ကျွန်တော်ရှာကြည့်တယ်..။

'' အလုပ်သမားခေါင်း '' လို့ ဘာသာပြန်ထားတာကို ကြည့်ပြီး အတော့်ကို စိတ်ကသိကအောက် ဖြစ်ခဲ့ရတယ်..။

မြန်မာပြည်ရဲ့ ထိပ်တန်းတက္ကသိုလ် ကျောင်းကြီးမှာ ခြောက်နှစ်လောက် တက်ရောက်သင်ကြားခဲ့ တဲ့ အင်ဂျင်နီယာတစ်ယောက်ရဲ့ ပထမဦးဆုံး အလုပ်အကိုင်ရာထူးက အလုပ်သမား ခေါင်းတဲ့လား.. လို့ မကြာခန တွေးရင်း ဒေါသထွက်ခဲ့ရတယ်..။

အလကား ရတဲ့ အခေါ်အဝေါ်လေးကိုတောင် ၀န်ထမ်းတွေ စိတ်ဓါတ်တက်ကြွအောင် မပေးတတ်တဲ့ လူကြီးတွေကိုလည်း အံ့သြမိတယ်..။ အဲဒီစက်ရုံကနေ မထွက်ခင်အထိ အင်ဂျင်နီယာတွေကို ဖိုမင်လို့ မခေါ် အောင် ကျွန်တော် တတ်နိုင်သမျ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး..။

အလုပ်လည်း ရပြီမို့ ပျော်စရာသိပ်မကောင်းတော့တဲ့ စမ်းချောင်းက အခန်းကို ကျွန်တော် သိပ်မနေဖြစ်တော့ဘူး..။ အလုပ်ထဲမှာပဲ အိပ်ဖြစ်တော့တယ်..။

ဒေါ်လာဈေးက အဲဒီတုံးက ကျပ် ၁၃၀၊ ၁၄၀ လောက်ပဲ ပေါက်တယ်..။ ရှစ်ထောင်ဆိုတော့ ဒေါ်လာနဲ့ တွက်ရင် ကျွန်တော့်လခက ဒေါ်လာငါးဆယ် သာသာပေါ့..။

စ အလုပ်ရခါစ မှာ စက်ရုံကမပြီးသေးဘူး..။ ဆောက်လက်စ ပေါ့..။ ဘုရင့်နောင်လမ်းမပေါ်မှာ ကျွန်တော်တို့ရဲ့ ယာယီရုံးခန်း ရှိတယ်..။ ညဖက်ဆို ရုံးခန်းထဲက စားပွဲတွေ ဆက်ပြီး ကျွန်တော်အိပ် ရတယ်..။ ရုံးစောင့်တဲ့ ကိုဝင်းမြင့်ဆိုတဲ့ လူနဲ့ ကျွန်တော်ပဲ ရှိတယ်..။

ရုံးမှာ အိပ်ရဖို့အရေးကိုတောင် လူကြီးကို မနည်းပြောယူရတယ်..။

အဲဒီလိုမျိုးနေရင်း ထိုင်ရင်း လုပ်ရင်းကိုင်ရင်း ဘန်ကောက်ကို သွားရတယ်..။ ( ဘန်ကောက်သွားတောလားကိုတော့ ရှေ့မှာ ရေးပြီးပြီမို့ ဒီနေရာမှာ မရေးတော့ပါဘူး )

ဘန်ကောက်ကအပြန်မှာတော့ စက်ရုံကလည်း ပြီးနေပြီမို့ ဘုရင့်နောင်ရုံးခန်းကို စက်ရုံဝင်းထဲ ပြောင်းလိုက် တယ်..။ ကျွန်တော်ကတော့ ထုံးစံအတိုင်း စက်ရုံရုံးခန်းမှာပဲ စတည်းချတယ်..။

ပြောရရင်.. ကျွန်တော်တို့စက်ရုံက.. လှိုင်သာယာစက်မှုဇုံရဲ့ အစအဦးဆုံး စက်ရုံလေးငါးရုံထဲမှာ ပါတယ်။

၁၉၉၇ နှစ်ဦးပိုင်းမှာ စက်ရုံက ကုန်ထုတ်လုပ်မှု စတင်တယ်..။ စက်ရုံကို သွားတဲ့ လမ်းကိုတောင် ယာယီဖောက်ထားရတဲ့ အခြေအနေပဲ ရှိသေးတယ်..။

လူတွေက အသစ်..စက်က အသစ်.. တက်ကနိုလော်ဂျီက အသစ် ဆိုတော့ ပြသာနာပေါင်း သောင်းခြောက်ထောင် ဆိုတာမျိုး လိုပဲ..။ ဒါတောင်မှ.. ဘန်ကောက်စက်ရုံက ထိုင်းအင်ဂျင်နီယာ ခြောက်ယောက်က ကျွန်တော်တို့ကို အနီးကပ်ကြီးကြပ်တဲ့အပြင် ဆရာကြီး ဂျပန်တစ်ယောက်လည်း အဆစ်ပါလိုက်သေးတယ်..။

No comments: