Wednesday, September 3, 2008

22.4 တစ်ခန်းရပ်ပြဇာတ်

သီချင်းဆိုတဲ့သူ နှစ်ယောက်သုံးယောက်လောက်ပဲ ကျန်တဲ့အချိန်မှာတော့ ကျွန်တော်တို့ ပြင်ကြဆင်ကြရတယ်..။ ကိုယ့်အလှည့်က လာတော့မှာကိုး..။ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ရာခင်းစောင် ကြောင်တောင်ကြားတား ကို ၀တ်လဲတောင်ပုဆိုးလုပ်တယ်..။ ခေါင်းမှာက.. အခွန်အတက် အစွပ်နဲ့ ..။ နှုတ်ခမ်းမွှေး တဖက်ထဲ စွဲ.. ဂျုဒို ခုံဖိနပ်ကြီး စီးလို့ပေါ့..။

ဒိဿပါမောက္ခ ဆရာကြီးဆိုတော့ မော်တော်ကားက လိုသေးတယ်မဟုတ်လား..။ အုံးလက် မြင်းကို ကားလုပ်ပြီး အုံးလက်မြင်းနှာကျားမှာ ပါမောက္ခချုပ်.. မာဇဒါဂျစ် နံပါတ်ကို ထုံးနဲ့ ရေးထားလိုက်တယ်..။ နံပါတ်ကလည်း တော်တော်ထူးထူးဆန်းဆန်းဗျ..။ လ- ၁ ။ လ အက္ခရာ .. နံပါတ်က တစ်..။ လတစ်ပေါ့..။

အခန်းအနားမှုးက ယခုတဖန် ဖျော်ဖြေတင်ဆက်ဖို့ အလှည့်ကျတာကတော့.. ကျောင်းသားလေးများရဲ့ တခန်းရပ်ဟာသဖျော်ဖြေမှု ဖြစ်ပါတယ်.. လို့ ကြေငြာပြီးတာနဲ့.. အုံးလက်မြင်းကြီးစီးပြီး စင်ပေါ် ဒိဿာပါမောက္ခ ဆရာကြီး တက်လာတယ်..။

ဘာမှတောင် မပြောရသေးဘူး.. အောက်ကပရိတ်သတ်က ဓါတ်ပေါက်ပြီး တအားရယ်နေကြပြီ..။ ပါမောက္ခချုပ်ကို ရည်ရွယ်စောင်းမြောင်းထားတယ်ဆိုတာ သိသာနေတာကိုး..။

စကားတခွန်းမှ မပြောသေးဘဲ စင်ပေါ်မှာ နှစ်ခေါက်လောက် မြင်းရေး ပြလိုက်တယ်..။ ပြီးမှ.. မိုက်နားကပ်ပြီး

'' အဟမ်း.. အဟမ်း.. ဒီတောဒီတောင်၊ ရန်ကင်းချောင်မှာ ၊ အနယ်နယ်အရပ်ရပ်၊ အတိုင်းတိုင်းအပြည်အပြည်က မင်းညီမင်းသားတွေကို၊ ယောက်ျားတို့တတ်အပ်တဲ့ ဖဲရိုက်အရက်သောက် အုတ်ကြားမျက်ပေါက် ဓါတ်တိုင်သေးပန်း ပလက်ဖောင်းခေါင်းအုံး ကန်သင်းရိုးဘေးအီးပါ .. အစရှိတဲ့ အဌာရဿ ပညာရပ်များကို.. သင်ကြားပေးလာတာဟာဖြင့် .. နှစ်ကာလ အတော်ကြာရှည်ခဲ့ပြီ .. ပဲ.. ''

'' အင်း.. ကာလ ကြာရှည်တော့လည်း ဌာနက ဆရာတွေလို.. အချိန်ရသမျ ဇိမ်ကျ နေပါလား.. ပလို့ဂျိ.. ''

( ပလို့ဂျိ ဆိုလို ဆိုင်းဝိုင်းကြီး ပါတယ်မထင်နဲ့အုံး.. ပါးစပ်ဆိုင်း.. ကိုယ့်ဖာသာ တီးလိုက်တယ်.. ပလို့ဂျိ )

'' ကဲကဲ.. ဌာနက ဆရာတွေလို အချိန်ရသမျ ဇိမ်ကျနေလို့ တော့ မဖြစ်သေးဘူး.. အချိန်လေးရတုံး လက်သုံးတော် စိတ်ပုတီးကို မှိတ်ပြီး စိတ်လိုက်အုံးမှ..''

အိပ်ထောင်ထဲက စိတ်ပုတီးဆွဲထုတ်လိုက်တယ်..။ အာလူးသီးဆယ်လုံးလောက် နဲ့ ဘဲဥတစ်လုံး ပြုတ်ပြီး ဂုန်လျော်ကြိုးနဲ့ တွဲထားတဲ့ စိတ်ပုတီး..။

မျက်စိကို အသာမှိတ်ပြီး

'' အာလူး.. အာလူး.. အာလူး.. .. .. .. .. ဘဲဥ .. ဟ.. တစ်ပတ်သာ ပြည့်သွားတယ်.. ဘဲဥက တစ်လုံးပဲ ပါပါ့လား.. အမယ်လေး ကိုကိုချစ် ရဲ့ '' နဲ့ ကုန်းအော်ပစ်လိုက်တယ်..။

ကိုကိုချစ်ဆိုတာ.. အဆောင်မှုး ဦးချစ်သောင်းကို ကွယ်ရာမှာ ခေါ်တဲ့ နာမည်..။ အဆောင်ထမင်းဟင်းက အာလူးသီးနဲ့ ဘဲဥတခြမ်း ကျွေးတဲ့ရက်က ခပ်များများ ဆိုတော့.. အားလုံးက ရယ်ကြတော့တယ်..။ ပရိတ်သတ်အားလုံးက ကျောင်းအ၀န်းအ၀ိုင်းထဲက လူတွေချည်းဆိုတော့ နည်းနည်းလောက် ပျက်လိုက်ရင်ကိုပဲ အထာပေါက်နေကြပြီ..။ ( အပြင်လူတွေအတွက်တော့ သိပ်ရယ်စရာကောင်းချင်မှ ကောင်းမှာပဲ )

'' ကလင် ကလင် ကလင် '' ( စက်ဘီးဘဲလ် တစ်လုံးဖြုတ်ပြီး စင်အောက်ကနေ တစ်ယောက်က တီးပေးတယ်.. ဖုံးလာနေတယ်ပေါ့ )

'' ကိုကိုချစ်ဂုဏ်တော်စိတ်ပုတီး နဲ့ ဘုရားတည်မလို့ လုပ်နေတာ.. အရေးထဲ ဒီဖုန်းက တမှောင့် '' လို့ ပြောရင်း စီးထားတဲ့ ဂျပန်ခုံဖိနပ်တဖက်ကို ချွတ်ပြီး တယ်လီဖုန်းသဏ္ဍာန် ဟန်လုပ်ပြောရတယ်..။ မပြောခင်.. ခုံဖိနပ်သဲကြိုးကြားထဲ ကြိုတင်ထည့်ညှပ်ထားတဲ့ တံမျက်စည်း အရိုးကို စွဲထုတ်လိုက်သေးတယ်..။ အန်တန်နာ ပေါ့..။

'' ဟယ်လို .. ဟယ်လို မကြားရဘူး..ကျယ်ကျယ် ပြောပါ.. ခွေးချေးစော် နံတယ် ဒိဿာပါမောက္ခ ဆရာကြီးပါ... ခွေးချေးစော်နံတယ် ..ဆရာကြီးပါ.. ခွေးချေးစော်နံတယ်.. '' ပြောလိုက်.. ခုံဖိနပ်ကြီးကို နှာခေါင်းရှုံ့ပြီး နမ်းသလို လုပ်လိုက် နဲ့ ဖင်ပိတ်အော်နေ လိုက်တယ်..။

ဖုံးပြောကောင်းနေတုံး '' အမယ်လေး ကျားကျား ဆရာကြီးရေ ကျား ကျား ..ကယ်ပါအုံး '' လို့ ဒရောသောပါး အော်ပြီး လူပျက်တစ်ယောက်က ပြေးဝင်လာတယ်..။ ဆရာတပည့်နှစ်ယောက် ဖက်ပြီး ဘယ်မလဲ ကျား ဘယ်မလဲ ကျား နဲ့ ဟာသလုပ်နေကြတယ်..။

နောက်မှ..

'' မင်းတွေ့ခဲ့တာ ကျားရော ဟုတ်ရဲ့လားကွာ ''

'' နဖူးမောက်မောက် နှာရောင် ကောက်ကောက်နဲ့ ကျားမှ ကျားအစစ်ဗျ ''

'' ဟ.. နဖူးမောက်မောက် နှာရောင်ကောက်ကောက် နဲ့က ကျားဖြစ်မလားကွ.. အဲဒါဖွတ်ကြီးကွ.. ကိုယ်တွေ့ခဲ့တဲ့ အကောင်တောင် ဘာကောင်မှန်းမသိဘူး.. သောက်သုံးမကျတဲ့ ကောင် ''

'' ဆရာကြီးရယ် ကျားမလုပ်ချင်တောင် ဘီလူးတော့ လုပ်လိုက်ပါ .. ဖွတ်ဖြစ်အောင်တော့ မလုပ်လိုက်ပါနဲ့''

'' ငါသိပါတယ်.. ဆရာလုပ်ချင်လို့ ဆရာလုပ်နေတာကွ .. ဆရာ့ကို ဆရာလာမလုပ်နဲ့ .. ဆရာ့ဆရာတွေကိုတောင် ဆရာ ဆရာမလုပ်ခဲ့ဘူးကွ.. ဆရာ့ကိုဆရာလုပ်ရင် ဆရာအားကြီးစိတ်ဆိုးတယ် ''

'' ဟုတ်ပါတယ် ဆရာရဲ့ ဆရာကဆရာပါပဲ ဆရာရဲ့ ''

တကယ့်ပွဲမှာက အပြောနဲ့အမူအရာနဲ့ တွဲလျက်ဆိုတော့ ပရိတ်သတ်တွေ ပါးစပ်တောင်မစေ့နိုင်ဘူး..။ နောက် ကျောင်းသူတွေထဲမှာ ကျားခင်စိန်လို့ နာမည်ပြောင်ပေးခံထိထားသူကလည်း ရှိနေတော့ ကျားကျား ဆိုတာ သူ့ကို ညွှ့န်းမှန်း လူတိုင်းသိတယ်လေ..။

'' ကဲ.. ဆရာ့ကို ဆရာမှန်းသိရင် ဆရာကျေနပ်သလို ဆရာကတော်လည်း ကျေနပ်လောက်ပြီ လာရင်းကိစ္စပြော '' ( ပါမောက္ခချုပ်က လင်ကိုမယားနှစ်ယောက်ထဲ.. သားသမီးမထွန်းကားဘူး .. ပါမောက္ခချုပ်ကြီးက သူ့မိန်းမကို အရမ်းချစ်တယ် )

'' ဆရာကြီးထံမှာ ဂီတနဲ့ ပါတ်သက်တဲ့ ပညာရပ်တွေကို သင်ယူလေ့လာရန်အလို့ငှာ ကျွန်တော်မျိုးကြီး အရောက်လာခဲ့ခြင်းဖြစ်ပါတယ် ဆရာကြီးခင်ဗျား ''

'' အိမ်း.. ရည်ရွယ်ချက်ကတော့ ကောင်းမွန်သကိုး.. သို့သော်.. မောင်မင်းမှာ အခံပါရမီ ဘယ်လောက် ရှိသလဲ ဆိုတာတော့ စမ်းစစ်ဖို့ လိုသေးတယ်.. ဟိုဖက်လှည့် ''

'' ခင်ဗျာ ''

'' တမျိုးမတွေးနဲ့ .. ဂီတမှာ ဒိုရေမီဖာဆိုလာတီတို ဆိုတဲ့ အသံခုနှစ်ပါးက အရေးအကြီးဆုံးပဲ.. ဟိုဖက်လှည့်ဆိုတာ.. ပရိတ်သတ်ဖက်လှည့်ပြီး .. အဲဒီအသံခုနှစ်ပါး စစ်ဆေးမလို့ပဲ ''

( ကြောက်ကြောက်ရွံ့ရွံ့ မျက်နှာငယ်ငယ်နဲ့ လူပျက် တဖက်လှည့်စေ )

'' ကဲ.. ငါ့တပည့်.. ဟိဟိဟိဟိ ညင်းညင်းညင်းညင်း လို့ ပရိတ်သတ်ကို ရယ်ပြလိုက်စမ်း ''

( လူပျက်က ဆရာကြီးခိုင်းတဲ့အတိုင်း အမူပိုပိုညုတုတုနဲ့ ရယ်ပြတယ် )

'' အဲဒါ ဘာသံလဲ သိလား ငါ့တပည့် ''

'' ကျွန်တော်မျိုး မသိကြောင်းပါ ''

'' အိမ်း..ငါ့တပည့်.. မသေမချင်းမှတ်ထား.. အဲဒါ ဖာ သံလို့ ခေါ်တယ်.. ဆရာကြီးအကြိုက်ဆုံး အသံပဲ ကွဲ့ ''

'' အော် ဆရာကြီးက ဖာသံကို အကြိုက်ဆုံးကိုး ''

( ဆရာတပည့် နှစ်ယောက် ရုပ်တည်ကြီးတွေနဲ့ ခေါင်းတငြိမ့်ငြိမ့် လုပ်နေကြ တယ် )

'' ကဲ.. ဒါဆို ငါ့တပည့် ဒိုရေမီဖာ ထဲက ဖာသံတော့ သိသွားပြီ.. ဒီတစ်ခါ ရေ သံအကြောင်း သင်မယ်.. ရေ သံ သိလား ''

'' မသိပါဘူး ဆရာကြီး အဆောင်မှာ ရေမလာတာကြာလို့ ရေသံ မသိကြောင်းပါ ''

'' ဟားဟားဟားဟား.. မင်းအဲသလိုပြောတော့ ငါရှက်တယ် ကွာ.. ဟားဟားဟား ''

( ရှက်ရယ်ရယ်ရင်း မျက်နှာပွတ်ဖို့ အိပ်ထောင်ထဲကလက်ကိုင်ပုဝါ နှိုက်တယ်.. လက်ပြန်ထုတ်တော့ ငှားထားတဲ့ ဘရာစီယာ ပြန်ပါလာတယ်.. အမှုမဲ့အမှတ်မဲ့ ပုံစံနဲ့ မျက်နှာကို နှစ်ချက်လောက် ပွတ်လိုက်တယ်..ပြီးမှ သတိထားမိဟန်နဲ့ ဆရာတပည့်နှစ်ယောက် ဘရာစီယာကို တစ်ယောက် တစ်ဖက်ကိုင်.. မျက်လုံးကြီးတွေပြူး ပြီး ရွှေမန်းတောင်ဆေး ကြော်ငြာသီချင်းကို သံပြိုင်ဆိုတယ် )

'' ရွှေမန်းတောင် ဆေးဟာ အကောင်းဆုံးပါ .. ရွှေမန်းတောင်ဆေးကို သုံးစွဲပါ .. မောရင် ရှု.. မူးရင် နမ်း ''

(မောရင်ရှု လို့ ပြောပြီးတာနဲ့ တကယ်ရှုပြလိုက်.. နမ်းဆို တကယ်နမ်းပြလိုက် ..လုပ်ရတယ် .. အဲဒီလို လုပ်ပြီးတာနဲ့ ဘရာစီယာကို စုံကိုင်ပြီး မျက်မှန်တပ်သလိုမျိုး အားရပါးရ သရုပ်ပေါ်အောင် လုပ်ရင်း )

'' ရဲ မျက်မှန် .. ရဲ မျက်မှန် '' .. လို့ လုပ်ပြတယ်..။

ပရိတ်သတ်ထဲက ပါမောက္ခချုပ်ကြီးကတော့ မျက်နှာကြီးကို မည်းလို့ ..။ ဆရာသောင်းကတော့ တခွိခွိနဲ့ သဘောအကျကြီး ကျနေလေရဲ့..။ ကျောင်းသားတွေကတော့ ဘာပြောကောင်းမလဲ..။ လက်ခုပ်တဖြောင်းဖြောင်း နဲ့ပေါ့..။

တော့ပစ်ကြွလာ မိတ်သဟာများ
စင်ပေါ်မှာ တကယ်ကခဲ့တုံးက ချက်အောက်ပိုင်း ပျက်လုံးတချို့ ပါပါတယ်..။

အငြိမ့်ခွေထိုင်ကြည့်နေရင် သိပ်မသိသာပေမယ့်.. ပျက်လုံးကို စာနဲ့ ပြန်ရေးပြရတဲ့ အခါမှာတော့.. နည်းနည်းခက်ပါတယ်..။

သို့သော်.. တကယ်ကခဲ့တဲ့အတိုင်း ပြန်လည်မျဝေချင်တာမို့ .. တတ်နိုင်သလောက် မူရင်းပျက်လုံးအတိုင်း ရေးကြည့်ပါ့မယ်..။

ပျော်စေပျက်စေ ဘ၀အမောပြေ လို့သာ သဘောထားပြီး ဖတ်ရှုခံစားပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါတယ်။

အဆိုတော်တပိုင်း အခွေထုတ်ထားတဲ့ ကျောင်းသားကလည်း ကျွန်တော်တို့ ပြဇာတ်ကို အောက်ကနေ ဗွီဒီယို ရိုက်နေသေးတယ်။ ဒါပေမယ့် တပိုင်းတစနဲ့ ဆက်မရိုက်တော့ဘူး..။ သူ့အကြောင်းကို ကျွန်တော်တို့က အသားကုန် သမတော့.. စိတ်ကောက်သွားခဲ့တယ်။

ဆရာတပည့်နှစ်ယောက် ရဲမျက်မှန် ရဲမျက်မှန်နဲ့ ကုန်းအော်ပြီး သကာလ..

'' ငါ့တပည့်က အခံပါရမီ အတော်ကောင်းတဲ့ သူငယ်ပဲ.. တက်လမ်းရှိတယ်.. ဆရာကြီး မင်းကို ထုတ်ပေးမယ် ''

'' ရွာပြင်လား ဆရာကြီး ''

'' သယ်.. စကားအကောင်းပြောနေတာကို.. စီးရီးထုတ်ပေးမယ်လို့ ပြောတာကွ ''

'' ဟာ.. ကျေးဇူးပါပဲ ဆရာကြီးရယ်.. လိုနေတာရှိရင် အားမနာတမ်း..သင်ကြားပြသပေးပါ.. တပည့်ကြီး အစွမ်းကုန်ကြိုးစားပါ့မယ် .. ''

'' အိမ်း အဲဒါဆို ခွေးလို အူစမ်း ''

'' ဗျာ ''

'' ငါပြောတဲ့အတိုင်း လုပ်စမ်းပါ.. ခွေးလို အူစမ်း အားရပါးရ အူလိုက်စမ်း ''

( ခွေးလို အူပြတယ်.. မကြိုက်သေးဘူး ပြန်အူ ဆိုပြီး နှစ်ကြိမ်လောက် ထပ်အူခိုင်းလိုက်တယ် .. ပြီးမှ )

'' ဂလောက်ဆို ပိုက်ဆံများကိုမီးညှိခြင်း .. ဆိုတဲ့ စီးရီးထုတ်လို့ရပြီ ''

'' တကယ်လား ဆရာကြီး .. ၀မ်းသာလိုက်တာ ဆရာကြီးရယ် ''

'' ဟ.. မင်းကို နောက်မလားကွ.. စီးရီးတခွေတောင် မဟုတ်ဘူး.. သုံးခွေဆက်တိုက်ထုတ်ပေးမယ် ''

'' အမယ်လေး ၀မ်းသာလိုက်တာ ဆရာကြီးရယ်.. ပိုက်ဆံများကို မီးညှိခြင်း အခွေပြီးရင် ဘာအခွေဆက်ထုတ်မှာလဲ ''

'' နောက်တခွေက - ဇရပ်ပေါ်က မာတာပီတ ''

'' မိုက်လိုက်တဲ့ စီးရီးခေါင်းစဉ်ဗျာ ခိုက်တယ် ''

'' ခိုက်ဆို.. ပထမအခွေပြီးကတည်းက မင်းမိဘနှစ်ပါးလုံးက ဇရပ်ပေါ် ရောက်သွားပြီလေ.. ဒီထက် ခိုက်တာတော့ မရှိတော့ဘူး ''

'' ဆရာကြီး အဲလိုမနောက်နဲ့နော်.. ဆရာကြီးပဲ အခုနက ဒီသူငယ်အခံပါရမီ အတော်ရှိတဲ့သူငယ်ဆို ''

'' ဟဲဟဲဟဲ.. မင်းရဲ့ အခံပါရမီ ကိုယုံကြည်လို့ပဲ သုံးခွေ ဆက်တိုက် ထုတ်ပေးမယ်လို့ အာမခံရဲတာပေါ့.. မင်းကလဲ ''

'' အဲဒါဆို နောက်တခွေက ဘာတဲ့လဲ ''

'' အဖေကယ်ပါ၊ အမေကယ်ပါ ''

'' ဟာ..ဒီ ခေါင်းစဉ်လည်း ရေရေလယ်လယ် ထိတယ် ဆရာကြီးရာ.. မိဘကို သားသမီးက ကယ်ခိုင်းတဲ့ မိဘမေတ္တာဘွဲ့ သီချင်းတွေလား ဆရာကြီး ''

'' မဟုတ်ဘူး.. သုံးခွေမြောက်ထုတ်လည်းပြီးရော မင်းအဖေနဲ့မင်းအမေ.. ကယ်ပါ အဖြစ်နဲ့ တောင်းစားရတော့မယ့်အကြောင်း ခံစားသီကုံးထားတဲ့ သီချင်းတွေပေါ့ ''

စိတ်ကူးများကိုမီးညှိခြင်း တကိုယ်တော်စီးရီးထုတ်ထားတဲ့ ကျောင်းသားက ရိုက်လက်စ ဗွီဒီယိုကို အဲဒီမှာပဲ ရပ်ပစ်လိုက်ပါတော့တယ်..။ ကျန်တဲ့ကျောင်းသားတွေကလည်း အဲဒီကောင်ကို လက်ညှိုးထိုးပြီး ဟားနေကြတော့ ခမျာမလည်း ရှက်သွားဟန်ရှိတယ်..။

ဆရာတပည့်နှစ်ယောက် အဲဒီလိုမျိုး ပျက်လုံးထုတ်နေတုံး နောက်ထပ် လူပျက်တစ်ယောက် လွယ်အိတ်ကြီးတစ်လုံး နဲ့ ၀င်လာတယ်..။

'' ကဲ.. ဆိုစမ်းပါအုံး.. မောင်ရင်ကရော ဘာပညာတွေများ သင်ကြားချင်လို့ ဒီကျောင်းတော်ကြီး လာခဲ့ရတာလဲ ''

'' လူသားတွေရဲ့ အသက်တွေကိုကယ်တင်ဖို့ရန်အတွက်.. ဆေးပညာ သင်ယူချင်လို့ပါ ဆရာကြီးခင်ဗျား ''

'' အိမ်း.. ကောင်းလေစွ.. ကောင်းလေစွတကား ''

( မရှိတဲ့ မုတ်ဆိတ်ကို လက်နဲ့သပ်ပြီး ပြောရတယ် )

'' အိမ်း.. ဒါပေသည့်.. ဆရာကြီးတို့ ဆေးပညာမှာ.. ဆေးဖော်ဆေးပေးတဲ့ပညာနဲ့ ဆေးစပ်တဲ့ ပညာရယ်လို့ နှစ်မျိုးရှိတယ်ကွဲ့.. မောင်ရင်က ဘယ်ပညာကို အဓိကထား သင်ချင်တာလဲ .. ''

'' လောဘကြီးတယ်လို့ ဆိုချင်ဆိုပါ ဆရာကြီးခင်ဗျား.. ကျွန်တော်ကတော့ ဆေးပေးတာရော ဆေးစပ်တာရော ပါတဲ့ ဆေးပေးစပ် ပညာသင်ချင်ပါတယ် .. ''

'' အော..ငါ့တပည့်က ဆေးပေးစပ် ပညာသင်ချင်တာကိုး.. အဲဒါဆိုရင်တော့ လွယ်သဗျား ရေတပုံးသာ ခပ်ခဲ့ပေတော့.. ''

'' ခင်ဗျာ ''

'' ဟဲဟဲဟဲ.. တလွဲမတွေးနဲ့.. ဆေးဖော်ဆေးစပ်ဖို့ဆိုတာ ရေလိုသကွဲ့.. ဒါပြောတာ.. ခေတ်ကလေးတွေများ တယ်လည်း အတွေးချော်ချင်တာကိုး ''

( ရေတပုံး ပြေးခတ်ချင်ယောင်ဆောင်ပြီး )

'' ရေ ရပြီ ဆရာကြီး ''

'' အိမ်း .. ရှေ့မျက်နှာနောက်ထားပြီး ပြောရမှာပဲ.. ဆရာကြီးတို့ကျောင်းမှာ.. သင်ထောက်ကူ ပစ္စည်းကလည်း မပြည့်စုံပြန်ဘူး.. ဆေးဖော်ဆေးစပ်တဲ့ပညာမှာ.. အစေ့အဆံ ထောင်းတာက အရေးကြီးပြန်သကွဲ့.. ကျောင်းမှာပစ္စည်း မစုံလို့ ဆရာကြီးတောင် အစေ့အဆံ ထောင်းချင်ရင် မြို့ထဲသွားသွား ထောင်းရတယ် ငါ့တပည့် ရဲ့.. ပြောရတာ ရှက်သကွာ ''

( ထုံးစံအတိုင်း.. အိပ်ထောင်ထဲက ဘရာစီယာထုတ်ပြီး မျက်နှာသုတ်လိုက်သေးတယ် )

'' ဟာ.. ဆရာကြီး အဲဒါတော့ မပူနဲ့.. ဒီလိုကျောင်းမျိုးမှာ ဒီလိုဆရာကြီးအုပ်ချုပ်နေတယ် ဆိုကတည်းက .. ဒါမျိုးတွေ ကြုံရမယ်ဆိုတာ သိလို့ တပည့်ကြီး လိုအပ်တာမှန်သမျ ကိုယ်ထူကိုယ်ထ ယူလာခဲ့တယ် .. ဒီမှာကြည့် ''

(ပါမောက္ခချုပ်ကတော့ အတော့်ကို မျက်နှာပျက်နေပြီ )

ဆေးပညာသင်မယ့် တပည့်က သူ့လွယ်အိပ်ထဲက.. ငရုတ်ဆုံကြီးထုတ် ပြတယ်..။ အဲဒီငရုတ်ဆုံကြီးကို အားပါးတရကိုင်ပြီး..

'' ဟာ.. ငါ့ကျောင်းက ဓါတုဗေဒ ဌာနမှာတောင် ဒီလောက် ကြီးတဲ့ဆုံ မရှိသေးဘူး.. အားရသကွာ ''

( မရှိတဲ့မုတ်ဆိတ်ကို ဆွဲပြီး ပြောရတယ်.. အောက်ကကြည့်နေတဲ့ ဓါတုဗေဒ ဌာနက ခန္ဓာကိုယ်ကြီးကြီးနဲ့ ဆရာမအပျိုကြီးကတော့ မျက်နှာပျက် နေပြီ.. သူ့ကို ကျောင်းသားတွေက ကွယ်ရာမှာ ရှင်ဂွမ်းဂွိလို့ ခေါ်ကြတယ် )


'' ကဲ..ငါ့တပည့်ကိုလည်း ထုံးစံအတိုင်း အခံပါရမီ ဘယ်လောက်ရှိသလဲ စမ်းအုံးမယ်..ဟိုဖက်လှည့် ''

( တပည့်လုပ်သူ ပရိတ်သတ်ဖက် လှည့်စေ )

'' ကဲ .. မင်းကိုတော့.. ဆေးပညာအခြေခံ မေးခွန်းလေးတွေပဲ မေးမယ် ''

'' မေးပါ ဆရာကြီး ''

'' အမျိုးသား တစ်ယောက် အပူရှပ် နေရင် မင်းဘာလုပ်မလဲ ''

'' ဟဲဟဲဟဲ.. ကျွန်တော်ကလည်း အဲဒီလိုမျိုး အပူရှပ် နေတဲ့သူကို ကြည့်ချင်နေတာဗျ ဟဲဟဲဟဲ ''

'' ဟေ့ကောင်.. မင်းဘာလုပ်မလဲ လို့ မေးနေတာ.. မေးတာပဲ ဖြေ.. မဆိုင်တာတွေ လျောက်ပြောမနေနဲ့.. နာအုံးမယ် ''

'' ဟဲဟဲဟဲ.. ဆရာကြီးကလည်း.. အပူရှပ်နေတဲ့ကောင်ကို ကျွန်တော်ကဘာလုပ်ဖို့ လိုလို့လဲ.. ဒီအတိုင်း ထိုင်ကြည့်နေယုံပဲ ပေါ့.. ဟဲဟဲဟဲ ''

'' ဒီကောင်နဲ့တော့ ခက်ပြီ.. ကဲ..နောက်မေးခွန်းမေးမယ်.. အမျိုးသမီးတယောက် အထက်လှန်အောက်လျော ဖြစ်နေရရင် ရောကွာ.. ''

'' ဟဲဟဲဟဲ.. ဆရာကြီးမေးခွန်းတွေကလည်း ရှယ်တွေချည်းပါပဲ လား.. အောက်ပိုင်းကကို မတက်တော့ဘူး.. ''

'' ဟဲဟဲဟဲ.. အောက်ပိုင်းကမတက်ဆို.. ငါက အောက်သက်ကြေတယ်ကွ ဟဲဟဲဟဲ ''

( လက်ညှိုးတချောင်းနဲ့တချောင်း ချိတ်ပြီး ကလေးတွေ ရှက်နေသလိုမျိုး လုပ်နေလိုက်တယ် )


'' အထက်လှန်အောက်လျော ဖြစ်နေတဲ့ မိန်းမကိုတော့ .. ဂုန်နီအိတ်တလုံးလောက်နဲ့ အုပ်ထားလိုက်ရင် ရပါပြီ ပါမောက္ခကြီး ခင်ဗျား ''

'' ဟေ့ကောင်.. ဒိဿာပါမောက္ခကြီး လို့ ခေါ်ကွ.. ဘာပါမောက္ခကြီးလဲ ''

'' ချစ်စနိုးနဲ့ အဖျားဆွတ်ခေါ်လိုက်တာပါ.. တကတည်း အဖြစ်သည်းလိုက်တာ ''

( အဲဒီအချိန်မှာ နောက်လူပျက်တစ်ယောက် စင်ပေါ်တက်လာ ခဲ့တယ်..သူက ဗေဒင်ပညာ သင်မယ့်သူ )

( သူ့ကိုလည်း ထုံးစံအတိုင်း ဘာလို့လာလဲ..ဘာသင်ချင်လဲ မေးရတယ် )

'' လူတွေ အနာဂါတ်မှာ ဘာဖြစ်မယ် ညာဖြစ်မယ် ရှေ့ဖြစ်ဟောချင်လို့.. ဗေဒင်ပညာသင်ချင်တာပါ ဆရာကြီး ''

'' အိမ်း.. ရည်ရွယ်ချက်ကတော့ မင်းလည်း အတော်ကောင်းမွန်သကိုး .. ဒါပေမယ့် ရှက်ရှက်နဲ့ပဲ မင်းကို ပြောရအုံးမယ်.. ငါတောင်.. ဒီကျောင်းပြောင်းရမယ်ဆိုတာ ကြိုမသိခဲ့ဘူး ဟေ့.. အော်ဒါထွက်ပြီးမှ သိရလို့ မလာချင်ပေမယ့် လာခဲ့ရတဲ့ တောကျောင်းအစုတ်ပလုတ် .. ဟဲဟဲဟဲ ''

( ဒီတစ်ခါတော့ ပါမောက္ခချုပ်ကြီးပါ ရယ်တယ် )

'' အလကား စတာပါကွာ.. ဒီလိုမျိုး တောရိပ်တောင်ရိပ် မှာ နေရတာ အေးချမ်းပါသေးတယ်.. ကဲကဲ.. မင်းကို ဗေဒင်ဆရာတစ်ယေက်ရဲ့ အရေးအကြီးဆုံး ကျင့်ဝတ်ကို ပြောပြမယ်.. သေချာနားထောင် ''

'' ဗေဒင်ဆရာတယောက်ရဲ့ အရေးအကြီးဆုံး ကျင့်ဝတ်က.. ဟောတိုင်း မှန်ဖို့ပဲ ငါတပည့် ''

'' သိပ်ကို ကောင်းမွန်တဲ့ ကျင့်ဝတ်ပဲ ဆရာကြီး .. ''

'' အိမ်း..ဒါကြောင့်.. အသက်ဘယ်လောက်မှာ အိမ်ထောင်ကျမယ်လို့ ဟောထားပြီး .. ဟောတဲ့အတိုင်း အိမ်ထောင်မကျသေးရင် ငါ့တပည့်.. သူ့ကို ရအောင်ကြံပြီး ယူပစ်ရမယ် ကြားလား ''

'' ဗေဒင်တော့ အမှားမခံဘူး ဆိုတဲ့ သဘောပေါ့နော် ဆရာကြီး ''

'' ဒါပေါ့ကွ ''

'' ဆရာကတော်နဲ့တုံးကလည်း အဲဒီလိုမျိုး လုပ်ခဲ့တာလား ဆရာကြီး ''

'' မင်းဆရာကတော်နဲ့တုံးက သူဟောတာကွ.. ဟဲဟဲဟဲ ''

( ဒီတစ်ခါလည်း ပါမောက္ခချုပ်ကြီး ပြုံးတော်မူတယ် )

နောက်ဆုံး လူပျက်တက်လာတော့ ကျွန်တော်စင်အောက်ဆင်းသွားရတယ်..။ စင်အောက် ဆင်းခါနီးမှ စီးတော်မြင်း မေ့လို့ ပေစောင်းပေစောင်းနဲ့ ပြန်လာပြီး '' ငါ့ လ တစ် ရော ငါ့ လ တစ်ရော '' ( လက်တစ်ရော့ လို့ မထင်ကြနဲ့အုံး.. လ ( ၁ ) ကို ပြောတာ ) လို့ အော်.. အုံးလက်မြင်းကြီး ခွစီးပြီး ကော့တော့်ကော့တော့်နဲ့ စင်ပေါ်က ဆင်းတယ်..။

ကျောင်းသားတွေက ဆရာကြီး မရှိတော့ဘူး .. လူစုံတော့ ဖဲရိုက်ကြမယ် ဆိုပြီး စင်ပေါ်မှာ ၀ိုင်း တယ်..။ လူပျက်ထဲက တစ်ယောက်က

'' ဟေ့ကောင်တွေ ၀ိုင်းမစနဲ့အုံး ဆရာကြီး တကယ်အိပ်မအိပ် ငါသွားကြည့်မယ် '' လို့ ပြောပြီး ခြေဖော့နင်းပြီး ဆရာကြီးအိပ်ဆောင်ကို ချောင်းဟန်လုပ်တယ်..။ ပြီးမှ..

'' ဟေ့ကောင်တွေ ဆရာကြီး မအိပ်သေးဘူးဗျ.. ထမင်းစားမလို့နဲ့ တူတယ်.. ခူး ခူး .. လို့ ကြားတယ်''

'' ဟ.. မအေပေး.. ခူးခူး ဆိုတာ ဟောက်နေတာကွ '' ဆိုပြီး ကျန်တဲ့ကောင်တွေက နရင်း ၀ိုင်းတီးတယ်..။ နောက် ဖဲရိုက်ကြတယ်..။

ဖဲရိုက်ရင်း တစ်ယောက်က စိပ်ထား စိပ်ထား နဲ့ အော်တယ်..။ ကျန်တဲ့ကောင်တွေက အော်တဲ့ကောင်ကို ၀ိုင်း ဆွဲစိတ်ကြတယ်..။ နောက်တစ်ယောက်က ချွန်းထောက်ချွန်းထောက် နဲ့ ပြောတော့.. အဲဒီကောင် နောက်စေ့မှာ မတ်တပ်သွားရပ်ကြတယ်..။

ဒီကြားထဲ.. တစ်ယောက်က ဖင်ပိတ်ပြီး '' အမယ်လေးဗျ '' လို့ ထအော်တယ်..။ ဘာဖြစ်တာလဲ လို့ ၀ိုင်းမေးတော့ ''ကုလား တက်လို့ '' လို့ ပြန်ဖြေတယ်..။

တိုက်တိုက်ဆိုင်ဆိုင် ပွဲမတိုင်ခင်လေးမှာပဲ.. မြန်မာစာဌာနက ဆရာမတစ်ယောက်က ကုလားဆရာတစ်ယောက်နဲ့ လက်ထပ်လိုက်တော့ ပရိတ်က အထာပေါက်ပြီး ရယ်ကြတယ်..။

အဲဒီအချိန် အုံးလက်မြင်းကြီး နဲ့ ကျွန်တော် စင်ပေါ် ပြန်တက်လာတယ်..။

ဖဲထုတ်ကို ၀ှက်.. လက်ကလေးတွေ နောက်ပစ်ပြီး '' ဟာ.. ဆရာကြီး '' လို့ အားလုံးက ၀ိုင်းနှုတ်ဆက်တယ်..။

'' မင်းတို့တွေ ဘာလုပ်နေကြတာလဲ.. မနက်လည်း စာသင်ရအုံးမယ်.. အခုဘယ်အချိန်ရှိပြီလဲ '' လို့ မျက်နှာထားတင်းတင်းနဲ့ ကျွန်တော်မေးရတယ်..။

'' အခုလို တောကြိုအုံကြားမှာ.. လင်းကြက်ကလည်း မတွန်တော့ ဘယ်အချိန်ရှိပြီလဲ လို့ မှန်းဖို့တောင် တပည့်တို့ အခက်အခဲ ဖြစ်ရပါတယ် '' လို့ အားလုံးက ပြန်ပြောတယ်..။

'' အိမ်း.. ဒါလည်း ဟုတ်ပေသကိုး.. လင်းကြက်မတွန်တာတော့ အပြစ်မတင်ကြနဲ့ဟေ့.. ကြက်က ငါ့အခန်းထဲ ရောက်နေတာ ကွ'' လို့ မုတ်ဆိတ်သပ်ပြီး ရုပ်တည်ကြီး နဲ့ ကျွန်တော်ပြန်ပြောတယ်..။

အဲဒီနောက်တော့.. ပျက်လုံးစီစစ်ရေး တာဝန်ခံ ဆရာသောင်းက.. ဇာတ်ခုံနောက်ကနေပြီး.. ပါမောက္ခချုပ်က တော်ခိုင်းနေပြီ လာပြောတာနဲ့.. ကျွန်တော်တို့ရဲ့ မဟာ့မဟာ တခန်းရပ် ပြဇာတ်ကြီး တကယ်ရပ်လိုက်ရတော့တယ်..။

အစီအစဉ်ဆွဲထားပြီး ဖြစ်ပေမယ့် မကလိုက်ရတဲ့ ပျက်လုံးတချို့ကို ဒီမှာပဲ မျဝေလိုက်ပါ့မယ်..။

နောက်ဆုံးအခန်းက.. တပည့်တွေကို အရည်အချင်းစစ်ပြီး .. အောင်လက်မှတ်ပေးမယ့် ဇာတ်ကွက်..။

ဆေးပညာသင်ထားတဲ့ တပည့်ကို စိတ်ကြိုက် ဆေးတခွက် ဖော်စပ်ပြစမ်း လို့ မေးရတယ်..။ တပည့်လုပ်သူက

'' ဒါများ အလွယ်လေး.. တွေ့ကရာ သစ်ရွက်က တစ်တောင်း၊ ရေ တစ်ပေပါ၊ ဆားပါလေကာ၊ ဆီနည်းနည်း ကို သုံးခွက်တစ်ခွက်တင် ကျိုလိုက် .. '' လို့ ပြောတယ်..။

'' ဟ.. အဲဒါ ဘာရောဂါ ပျောက်စေတဲ့ ဆေးလဲ '' လို့ ပြန်မေးရတယ်..။

'' ရောဂါ ပျောက်မပျောက်တော့ မသိဘူး.. အဲဒါ.. အဆောင် ဟင်းချို ပဲ '' လို့ သူပြန်ပြောရတယ်..။

ဒါပေမယ့်.. အဲဒါကို ပျက်ခွင့်တော့ မရခဲ့တော့ပါဘူး..။

အဲဒီလိုနဲ့ မန္တလေးစက်မှု တက္ကသိုလ် ပထမဦးဆုံး ကျောင်းသားများရဲ့ တခန်းရပ်ပြဇာတ်ဟာ.. သမိုင်းမှာ အိပ်စက် နေထိုင်ခွင့် ရခဲ့ပါကြောင်း..။

1 comment:

Thet Htoo@Myat Lone said...

အားပေးဖတ်ရှုသွားပါတယ်ခင်ဗျာ။ ပြောင်မြောက်ပါပေတယ်ဗျို့။